Friday, February 25, 2011
စကားစမြည် ~ အွန်လိုင်းပေါ်က ခြေချော်သမျှ
ကိုယ့်ဘာသာ စဉ်းစားကြည့်တယ် ၊ critical thinking အကြောင်းတွေရေးတဲ့သူတစ်ယောက် တောင်
ရောက်မြောက်ရောက် လျှောက်ရေးနေတာ သင့်မှသင့်တော်ရဲ့လား ၊ အပြောနဲ့အလုပ် ကိုက်မှကိုက်ညီရဲ့
လား ၊ စံနမူနာဆိုးတွေများ ဖြစ်နေမလားလို့ပါ ။
ဘလော့ဆိုတာ မှတ်တမ်းသဘောလို့ စိတ်ထဲထားနိုင်ရင်တော့ အမှန်ဖက် တစ်မှတ်ပေးလို့ရမယ်ထင်
တယ် ။ နောက်တစ်ခုက အရင်ပို့စ်တွေမှာပြောဖူးသလို ကျနော်ဟာ သာမန်လူတစ်ယောက်ပါဆိုတာနဲ့ ပြန်
ညှိရင်တော့လည်း သိပ်မလွန်လှသေးဖူးလို့ ဖေါ့ဖေါ့လေးတွေးမိတယ် ။ ဒီလိုပြောတော့ ကိုယ့်ပေါင်ကျ ဖြည်း
ဖြည်းလေး လှန်ထောင်းတယ်လို့ ဆိုကြမယ် ။ ဟုတ်တယ်လို့ ဝန်ခံလိုက်တာပိုကောင်းမယ် ထင်ပါရဲ့ ၊ ဒါမှ
ဖတ်မိသူတွေ ကိုယ့်အပေါ်အမြင် နည်းနည်းကြည်လာနိုင်မယ် ။ ခပ်စောင်းစောင်းလေး ဝေဖန်ချင်သူက
တော့ ဒါဟာ ရိုးသားပုံပေါ်အောင်ဟန်ပြပြီး ကိုယ့်ဖက်ကိုဂရုဏာနဲ့ မဲတင်းအောင်လုပ်တဲ့အကွက်လို့ ဆိုနိုင်
ကြတယ် ။ တကယ်တော့ ကိုယ်ပိုင်ဘလော့ဆိုတာဟာ ကိုယ်ပိုင်ကမ္ဘာ မဟုတ်ရင်လည်း ကိုယ်ပိုင်စိတ်
ကြိုက်ဖွဲ့စည်းထားတဲ့ ဝင်္ကဘာပါပဲ ။ ဒီစိတ်တံလျှပ်စက်ကွင်း (ခ) ကိုယ်ပိုင်ဥခွံလေးထဲကနေ လွတ်နိုင်
အောင်ဆိုရင်တော့ ပျစ်ပျစ်နှစ်နှစ် အချက်ကျကျဝေဖန်တဲ့သူ ပေါ်လာမှပဲ ဖြစ်နိုင်မယ်ထင်ပါရဲ့ ။ ဒါပေမယ့်
ဒီလိုဝေဖန်တာကိုကော ခံနိုင်ပါ့မလား ။
ထားတော့ ၊ မနေ့က စီဘောက်မှာ လာပွားသွားတဲ့ကွန်မန့်ကြောင့် ဘလော့သက်တမ်း ၁၀ လအတွင်း
အကြောင်းစုဆုံ လာခဲ့တဲ့ ကိစ္စလေးအချို့ကို သတိပြန်လည်လာတယ် ။
(၁) မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်တဲ့အခါ လွန်ခဲ့တဲ့လလောက်က စီဘောက်မှာ လာအော်သွား
တဲ့ ရုရှက ကောင်လေးတစ်ယောက်ရဲ့ “ရိ”ချက်ကို ရောက်သွားတယ် ။ မန်းကိုကိုဘလော့က ပန်းရောင်
တွေသုံးထားလို့ အခြောက်ကြီးလားပေါ့ ။ အမှန်က ကိုယ်ကလူကြီးဖြစ်ပြီး စိတ်မထားတတ်ပဲ မှတ်ချက်ကို
ဖျက်လိုက်မိပြီးမှ လက်လွန်သွားပြီလို့ နားလည်လိုက်တယ် ။ သတိရအောင်ပြောတဲ့မိတ်ဆွေကိုလည်း ကျေး
ဇူးတင်တယ် ။
တကယ်တော့ ကိုယ်က စိတ်အေးအေးထားပြီး ချက်ကျလက်ကျ ပြန်ပြောခဲ့ရမှာ ။ ပြန်တွေးရင်း ပထမ
ဆုံး “ဖို” ဝါဒ စိတ်ထဲနက်နက်ရှိုင်းရှိုင်းအမြစ်တွယ်နေတတ်တဲ့ မြန်မာပြည်သားတွေရဲ့ သဘာဝကို အရင်ဆုံး
တွေးမိတယ် ။ ဒီကောင်လေးဟာလည်း နိုင်ငံရပ်ခြားရောက်နေပေမယ့် ဒီစက်ကွင်းက မလွှတ်နိုင်သေးဘူး
ဆိုတာ နားလည်လာတော့ စိတ်ထဲသိပ်ကသိကအောက် မရှိလှတော့ဘူး ။ ဆက်တွေးမိတာက သူသာ
ကိုယ်ဆွေးနွေးမှာတွေကို နိုင်ငံရဲ့ မျိုးဆက်သစ်အနာဂါတ်ခေါင်းဆောင်တစ်ယောက်ဆန်ဆန် စိတ်ပါလက်
ပါ ရှိမယ်ဆိုရင်တော့ ဒီခေတ်မှာ မိန်းမစိတ်ဝင်နေသူ ၊ ယောင်္ကျားစိတ်ဝင်နေသူတွေဟာ သဘာဝရဲ့အစိတ်
အပိုင်းတစ်ရပ်ဖြစ်တယ်ဆိုတာ စိတ်ရှည်လက်ရှည်ပြောပြမိမှာပါပဲ ။ တဖက်မှာလည်း ပြန်စဉ်းစားကြည့်
တော့ အကယ်၍များ သူသာအတွေးတိမ်သူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ကိုယ့်ကိုအခြောက်ကြီးထင်တော့
ဘာဖြစ်သတုံး ။ အရင်ကဆိုရင်တော့ အသင့်အတင့် ခံရခက်ခဲ့ဖူးမှာမှန်ပေမယ့် ခုနေချိန်မှာတော့ လူသား
အားလုံးကို လူသားတွေလို့ လက်ခံမြင်တွေ့လာနိုင်ပြီမို့ ဒီအမြင်စောင်းတွေဟာ အရေးမကြီးလှတော့ပါဘူး။
မကြာခင်နှစ်ပိုင်းတွေမှာ အရွယ်ရောက်လာကြတော့မယ့် ကိုယ့်ရင်သွေးတွေကို ထိန်းကျောင်းရာမှာ ဒိထက်
တောင် ဆိုးနိုင်စရာတွေ ကြုံလာနိုင်တာမို့ ကြိုတင်ပြင်ဆင်နိုင်အောင် ကံကောင်းထောက်မစွာ ရလိုက်တဲ့
သတိပေးချက်လို့ သဘောထားလိုက်နိုင်ရင်တော့လည်း အင်း .. အကျိုးမယုတ်လှပါဘူးလေ ။
(၂) နောက်တစ်ကြိမ်မှာလည်း ရုရှက ကောင်လေးတစ်ယောက်ပဲ ။
ဖေ့ဘွတ်မှာ သူတို့ထဲက ကျိုးကြောင်းသင့်စကားတွေ လက်ခံနိုင်မယ့်သူတစ်ယောက်ကို အကြံပေးမိတာ
မှာ ကြားကမခံနိုင်ပဲ ဝင် “ရိ” တာပါ ။ ခင်ဗျားကြီးက လူဘယ်နှစ်ယောက်လောက် အုပ်ချုပ်ဖူးလို့တုန်းလို့
အဓိပ္ပါယ်ရတဲ့ စကားတွေကို ကြိုးစားပမ်းစားလှလှပပ ဖွဲ့နွဲ့သွားရှာပါတယ် ။ ဘာမှတော့ ပြန်မပြောလိုက်ပါ
ဘူး ။ အဓိကကတော့ အချိန်မပေးချင်လို့ပါ ၊ ပြောပြီးအကျိုးမဖြစ်ရင် နှစ်ဖက်လုံးအတွက်အချိန်ပုပ်ပြီး စာ
တွေပဲလေးပြီးကျန်ခဲ့မှာမို့ပါ ။ အရပ်ဖက်ကုပ္မဏီမှာ ဦးဆောင်ရတာနဲ့ စစ်ဖက်မှာအုပ်ချုပ်ရတာ ၊ အောင်
မြင်အောင် ဝေဖန်ပိုင်းခြားစီမံခန့်ခွဲရတာနဲ့ ဖျက်ဆီးသတ်ဖြတ်ဖို့ အမိန့်အတိုင်းတသွေမတိမ်း လိုက်လျှောက်
ရတဲ့ဘဝတွေ ဘယ်လိုကွာတယ်ဆိုတာ ပန်းသီးမစားဖူးတဲ့သူကို လက်ညှိုးထိုးပြပြီး ချိုတယ်လို့ သွားပြော
လည်းမထူးသလို ဖြစ်နေမယ်ထင်လို့ပါ ။ ဒီလိုပြောလို့ သူလိုလူကို သုံးစားမရတဲ့လူဆိုးကြီးစာရင်းထဲ ထည့်
တာတော့ မဟုတ်ပါဘူး ။ ဆွေးနွေးပြောဆိုတာတွေကို လက်မခံရင်တောင် အလေးထားနားထောင်ချင်
သူတစ်ယောက်ဖြစ်တာ သေချာတဲ့တစ်နေ့မှာတော့ ကြိုးစားပြီးအချက်အလက်တွေနဲ့ ပြောပြ ဆွေးနွေး
ဖလှယ်သွားချင်ပါတယ် ။
(၃) နောက်တစ်ခုသတိရတာက စင်္ကာပူကအောင်မြင်နေတဲ့ဘလော့တစ်ခုရဲ့ c-box မှာ အလ္လာပသလ္လာပ
သွားပြောရင်း ဘလော့ဂါအမျိုးသမီးတစ်ယောက်က “ကကျိုးကကြောင် နိုင်ငံရေးဘလော့က လူ” လို့ နာ
မည်တပ်တာ ခံလိုက်ရသဗျာ ။ ကံများလည်းဆိုးချင်တော့ စိတ်မှတ်မထားပဲ သူ့ဘလော့မှာ ပေါ့ပေါ့ပါးပါး
မှတ်ချက်တစ်ခုသွားပေးမိကာမှ သူ့နဲ့အဆင်မပြေတဲ့ ကိုယ့်ဖေ့ဘွတ်ထဲက မိတ်ဆွေတစ်ယောက်က ကိုယ့်
ကိုကန်ထုတ်လိုက်ပါလေရော ။ ဒီတင်မပြီးသေးဖူး ၊ ကိုယ့်ကိုလာ add ခဲ့တဲ့နောက်တစ်ယောက်ပါ ဖေ့ဘွတ်
ကနေ ပျောက်သွားပြန်တယ် ။ သိပ်တော့ နားမလည်နိုင်တော့ပါဘူး ။ နားလည်ဖို့လည်း မကြိုးစားတော့ပါ
ဘူး ။ ကိုယ်ကတော့ အင်တာနက်ပေါ် ရွက်လွင့်နေခဲ့သမျှ ကာလပတ်လုံး အတတ်နိုင်ဆုံး စိတ်ကိုရှင်းရှင်း
ထားပြီး ရိုးသားဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ် ၊ ဒါပေမယ့် ငယ်သူငယ်ချင်းတစ်ယောက် ပြောဖူးသလိုပဲ
“မင်း သေသင့်တယ်” လို့သာ ကိုယ့်ကိုယ်ကို အရင်းမရှိ အဖျားမရှိ ထပြောရတော့မယ်ထင်ရဲ့ ။
(၄) ဒီနှစ်ဦးလောက်မှာတော့ သြစတြေးလျက ဘလော့တစ်ခုကို ဗဟုသုတလေးတွေ အသင့်အတင့်ရလို့
သွားသွားဖတ်မိပါတယ် ။ ဒီဆရာသမားက သူခဏနေခဲ့တဲ့ နိုင်ငံလေးတစ်နိုင်ငံကို စိတ်အတော်ခုနေပုံရ
ပါတယ် ။ တစ်ကြိမ်မှာတော့ မနေနိုင်မထိုင်နိုင် ပေါ့ပေါ့ပါးပါး မှတ်ချက်ကလေးတစ်ခုသွားပေးမိလိုက်တာ
မမျှော်လင့်ပါပဲနဲ့ (လူကြီးဆန်ဆန်) ပြန်ရန်တွေ့တာ ခံရပါလေရော ။ ဒီတစ်ခါလည်း မှားပြန်ပြီကွဆိုပြီး
ဖြေရှင်းချက်ကွန်မန့်တစ်ခုထပ်ရေးပြီး ပါးစပ် (လက်) ကို ဇစ်ဆွဲပိတ်ထားလိုက်ရတယ် ။ ကိုယ်ဘာရေးမှန်း
ကိုယ့်ဘာသာတောင် အသေအချာမသိသူကိုမှ ရှည်ပြီးမှတ်ချက်သွားပေးမိတာ ကိုယ့်အမှား ။ သေသင့်
တယ်လေ .. နော ။
(၅) အပေါ်မှာတုန်းက စကားခံခဲ့တဲ့ “အွန်လိုင်းဖိုရမ်ယောင်ယောင်” ဆိုသူရဲ့ စီဘောက်ထဲလာရေးထားတဲ့
ကွန်မန့်ဖက် ပြန်လှည့်ပါဦးမယ် ။ (ဆက်ရေးမှာတွေက ကရင်တိုင်းရင်းသားချင်း ပြောတာတွေမို့ အချို့အ
တွက်တော့ တစ်မျိုးဖြစ်ကောင်းဖြစ်နိုင်ပါတယ်) ။ သူရေးသွားတာတွေက -
• “လူမျိုးအတွက် ဆွေးနွေးဖို့လုပ်ထားတဲ့ ကိုယ့်ပေါင်ကိုယ်လှန်ထောင် စီဘောမှာ ပေါက်ကရပြောမှာစိုး
လို့ အဲ့ဒီလို လုပ်ခဲ့တာပါဗျာ”
• “လူမျိုးအတွက် ဆွေးနွေးမယ်ဆိုပြီး တချို့သူတွေက သူတို့က ဘယ်လိုဆွေမျိုးကြီးကြောင်း လာပြီးကြွား
နေတဲ့သူတွေရှိပြန်တော့လည်း စိတ်ပျက်မိတာပေါ့လေ”
• “အဲ့ဒီ ဖိုရမ်မှာဆွေးနွေးမယ်ဆိုပြီး ပါလာတဲ့ သူအများစုက မြန်မာနိုင်ငံသားတွေ များပါတယ်။ တခြားနိုင်ငံ
သားခံယူသွားသူတွေက နည်းတယ်။”
• “နအဖကို ကြောက်နေရင် ဒီလိုအလုပ်ကို ထည့်တောင်မစဉ်းစားဘူး။”
ဖတ်ပြီး ပထမတော့ ခပ်ဆတ်ဆတ်လေးပြန်ရေးဖို့ တွေးမိတယ် ။ ဒါပေမယ့် စာတစ်ကြောင်းစီကို ပြန်
ဖတ်ပြီး သိချင်တာလေးတစ်ခုကို အချိန်နည်းနည်းယူရှာလိုက်တော့ ဘယ်သူလာရေးလဲဆိုတာ ရုပ်လုံးနည်း
နည်းပေါ်လာလို့ ပုံစံပြောင်းပြီး ရေးလိုက်ပါတယ် ။
• ကျနော်ပြန်ပြောချင်တာကတော့ ဒီလိုပါ -
- “အွန်လိုင်းဖိုရမ်ယောင်ယောင်” ရေ ငါသတိရမိတာ တစ်ခုရှိတယ် ။ လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်တုန်း
လောက်က မလေးရှားမှာ အင်တာနက်ကို စတွေ့ဖူးချိန်ပေါ့ ၊ ၉-၁၀ နှစ်အရွယ် ကလေးလေးတစ်
ယောက် သွက်သွက်လက်လက်နဲ့ ကွန်ပြူတာတချောက်ချောက် တချက်ချက်နှိပ်နေတာကို ငေးကြည့်
နေခဲ့ဖူးတယ် ။ နောက်ပိုင်း ကွန်ပြူတာကို နည်းနည်းပါးပါးသိလာတော့လည်း ပညာရေးကိုစိတ်ဝင်စားလို့
webpage တစ်မျက်နှာကို ၅ မိနစ်လောက်စောင့်ပြီးကြည့်ရတဲ့ အင်တာနက်နဲ့ကျောင်းဝက်ဘ်ဆိုဒ်တွေကို
သွားကြည့်ခဲ့ဖူးတယ် ။ အဲဒီလိုသွားကြည့်နိုင်ဖို့တောင်မှ လုံခြုံရေးနဲ့ ခရီးအခက်အခဲတွေကို ကျော်ဖြတ်ပြီး
မှ လုပ်လို့ရခဲ့တာပါ ။ ဒါ့ပြင် ငါလုပ်ခဲ့တဲ့ အလုပ်တွေမှာလည်း အတူလက်တွဲလို့ရနိုင်မယ့် ဗဟုသုတရှာချင်
သူနဲ့ တိုးတက်လိုစိတ်ရှိသူတွေကို ရှာခဲ့ဖူးတယ် ။ ပြီးတော့ ငါ့ဘဝမှာလည်း လမ်းညွှန်ပြပေးမယ့်သူတွေကို
မျှော်လင့်ခဲ့မိဖူးတယ် ။ လိုရင်းကတော့ ငါ့ဆန္ဒတွေ မပြည့်ဝခဲ့ဖူးပေါ့ကွာ ။
ခုချိန်မှာတော့ သိခဲ့ကြုံခဲ့ မြင်ခဲ့တာလေးတွေ အနည်းအကျဉ်းရှိလာလို့ အခြားသူတွေနဲ့ ဝေမျှဖလှယ်
နိုင်ကောင်းရဲ့ဆိုတဲ့ဆန္ဒဟာ ဒီဘလော့စပြီးဖန်တီးဖြစ်တဲ့ အကြောင်းရင်းတစ်ခုပါ ။ ဒီလိုပဲ ဖိုရမ်လို ဆွေး
နွေးဖို့လုပ်ပြန်တော့ ငါ့ရဲ့ရည်ရွယ်ချက်နဲ့စေတနာကို သိနားလည်မယ့်သူ နည်းမယ်ဆိုတာ မျှော်လင့်ခဲ့ပေ
မယ့် လုပ်သင့်တဲ့ကိစ္စမို့လို့ ရှေ့ဆက်တိုးခဲ့တာပါ ။ စတာနဲ့ ငါဘယ်သူဘယ်ဝါဘယ်လိုဆိုတာကို ရိုးရိုးသား
သားမိတ်ဆက်ခဲ့တာ မင်းလည်းမှတ်မိမှာပါ ။ ဒါကို ဘယ်သူမှန်းအသိမခံဝံ့သူတွေက ဘယ်လိုယုံရမလဲတို့
ဘယ်သူလဲတို့ဆိုတဲ့ မေးခွန်းတွေကြောင့် အသေးစိတ်ထပ်ပြီး မိတ်ဆက်ခဲ့တာကို ဘယ်လိုဆွေမျိုးကြီး
ကြောင်းကြွားတာနဲ့ မင်းတို့တတွေရောသွားခဲ့တယ်ဆိုရင်တော့ ငါညံ့ခဲ့တာပါပဲ ။ ဒီနေရာမှာ နားလည်မိ
တာက အချို့လူတွေဟာ အခြားသူတွေလည်း ကိုယ့်လိုပဲလည်တယ် ၊ ရိုးသားကြမှာမဟုတ်ဖူးလို့ ထင်
တတ်ကြတယ် ၊ အချို့ကျတော့လည်း ကံမကောင်းစွာပဲ ဒါမျိုးတွေကို ထိုးဖေါက်မြင်မိတဲ့အနေအထားမှာ
မရှိကြဘူး ။ ပထမအမျိုးအစားမှာ မင်းမပါဖူးလို့ ငါယုံကြည်ပါတယ် ။ (ဒုတိယအမျိုးအစားမှာ ပါတာဟာ
လည်း ဘာမှရှက်စရာမလိုပါဘူး) ။ နောက်ပြီး ဒီခေတ်ဟာ အလုပ်လုပ်တဲ့နေရာမှာ ဆွေမျိုးကျောထောက်
နောက်ခံထက် ပင်ကိုယ်အရည်အချင်းက ပိုပြီးအဓိကကျတယ်ဆိုတာ မင်းလိုပညာတတ်တစ် ယောက်
အနေနဲ့ မြင်သင့်တယ်လို့ ငါယူဆမိတယ် ။
နောက်တစ်ချက်က ဖိုရမ်မှာ မင်းမကြောက်ပေမယ့် ကြောက်တဲ့သူတွေရှိတယ်ဆိုတာလည်း အနေ
အထားကိုဆက်စပ်ပြီး ( context အပေါ်မူတည်ပြီး) နားလည်ပေးဖို့လိုပါလိမ့်မယ် ။ ငါပြောခဲ့တဲ့ စကား
တွေထဲမှာလည်း ကိုယ့်ပေါင်ကိုယ်လှန် ထောင်းတာတွေ ဗလပွဖြစ်နေမှာ ငါသိပါတယ် ။ ပေါက်ကရပြော
နေတယ်လို့ မင်းတို့စိတ်ထဲထားမယ့်အစား တို့ကရင်တိုင်းရင်းသားတွေဟာ ဒီအချိန်မှာမှ အပြုသဘော
ဝေဖန်ဆန်းစစ်တာကို မလိုချင် မခံနိုင်ကြသေးရင် ခက်ကြဖို့ရှိတယ်ဆိုတာကိုတော့ လေးလေးနက်နက်
ပြောချင်တယ် ။
အွန်လိုင်းမှာ ကိုယ့်တိုင်းရင်းသားတွေအချင်းချင်းစုရုံးပြီး အတင်းပြော ၊ ဆဲနေကြရုံနဲ့ ဘာမှဖြစ်လာမှာ
မဟုတ်ဖူးဆိုတာ မင်းလည်းသိမှာပါ ။ ပြီးရင် ကရင်တွေသာ ကိုယ့်ကိုယ်ကို ကရင်လို့သိလာကြတဲ့တစ်နေ့ ဘာဖြစ်နိုင်တယ် ညာဖြစ်နိုင်တယ်ဆိုတဲ့ ကလေးကလားစကားတွေဟာလည်း စိတ်ပျက်စရာအတော်
ကောင်းတယ်ကွ ။ ငါနားလည်တာကတော့ ကရင်တွေ ကိုယ့်ကိုယ်ကိုကရင်လို့သိလာတဲ့တစ်နေ့ ကရင်
ဟာ ကရင်လူမျိုးဆိုပြီး မားမားမတ်မတ်ရပ်တည်နိုင်လိမ့်မယ် ၊ ဒါပဲ ၊ ဒါထက်လည်းမပိုဘူး ၊ ဒါထက်လည်း
မလျော့ဖူး ။
ငါလည်း ဝင်ဆွေးနွေးတဲ့လူတွေရဲ့ (စာရေးတာနဲ့ပတ်သက်တဲ့) အပြုအမူ ၊ ရေးထားတဲ့ စာတစ်ကြောင်း
စီရဲ့ အဓိပ္ပါယ်တွေကို စောင့်ကြည့်ခဲ့တယ် ။ အလုပ်မဖြစ်ပါဘူးဆိုပြီး ဝင်နှောက်တဲ့လူရဲ့ စကားကိုလည်း
အချိန်အတိုင်း အတာတစ်ခုအထိ လျစ်လျူရှူပေးခဲ့တယ် ။ ဒါပေမယ့် ဆွေးနွေးပွဲတစ်ပတ်လောက်ရှိတာနဲ့
ငါနားလည်သွားပါတယ် ၊ ငါအလကားအချိန်ကုန်ခံနေတာပဲ ဆိုတာကိုပေါ့ ။ ငါဟာလက်တွေ့သမားပါ ၊
ဖြစ်နိုင်တဲ့နေရာမှာ အလုပ်မဖြစ်ဖြစ်အောင် လုပ်ခဲ့ဖူးတဲ့အတွေ့အကြုံရှိခဲ့ဖူးသလို အလုပ်တစ်ခုလောက်
လည်း ဖြစ်သွားစေချင်တယ် ။ ဒါပေမယ့် အလုပ်မဖြစ်ရင်တော့ အချိန်ဆက်ဖြုန်းစရာ အကြောင်းမရှိဖူးလို့
ယူဆတယ် ။ ဒါကြောင့်လည်း ရည်ရွယ်ချက်ကောင်းပေမယ့် မင်းစီစဉ်ခဲ့တဲ့ဖိုရမ်ဟာ အကျိုးမဖြစ်နိုင်ဖူးလို့
နားလည်ဆုံးဖြတ်ပြီးတဲ့နောက် မင်းတို့အားလုံးဖတ်ပြီးတဲ့ ငါ့ရဲ့ဆွေးနွေးချက်တွေကအစ မင်းတို့ကို ထပ်ပြီး
အချိန်အကုန်မခံစေချင်လို့ ပြန်ဖျက်ပြီးမှ ထွက်ခဲ့လိုက်တာပါ ။
ဘယ်လိုပဲဆိုဆို မင်းအခုလုပ်နေတာတွေကတော့ အားရစရာမကောင်းရင်တောင် အောင်မြင်တယ်လို့
ပြောနိုင်ပြီးသားပါ ။ တို့တတွေ ပူးပေါင်းဆွေးနွေးလုပ်ကိုင်ဖို့ မအောင်မြင်ခဲ့ပေမယ့် မင်းလမ်းကိုမင်းဆက်
လျှောက်ရင်ပဲ မင်းရဲ့တာဝန်တွေကျေနေပါပြီ ။ အောင်မြင်ပါစေကွာ ။
----------------------------
တကယ်တော့ အင်တာနက်ပေါ်မှာ တွေ့ဆုံရတဲ့သူတွေအများစုဟာ အပြင်မှာ တစ်ယောက်နဲ့တစ်
ယောက် တွေ့ဖူးခဲကြပါတယ် ။ ဒီထဲမှာမှ အပြင်ကတကယ့်လူနဲ့ အင်တာနက်ပေါ်ကကိုယ်ခွဲဟာ မတူ
ကြပါဘူးလို့ ဆိုသူများလည်း ရှိပါတယ် ။ စိတ်ရဲ့ထွက်ပေါက်တစ်ခုအနေနဲ့ အသုံးပြုတဲ့နေရာ ၊ အချိန်ယူ
ပြင်ဆင်တင်ပြနိုင်တဲ့နေရာမို့ မူရင်းလူပုဂ္ဂိုလ်ရဲ့ တစ်စိတ်တစ်ဒေသလောက်ပဲ လှစ်ဟပြနိုင်တယ်ဆိုတာ
ယေဘုယျတော့ သဘောတူပါတယ် ။
ဒါပေမယ့် အသေချာကြည့်ရင်တော့ စာရေးသူတွေရဲ့စိတ်ထားဟာ ပိတ်မထားတဲ့ပြူတင်းပေါက်ကနေ
လှမ်းမြင်နေရသလိုပါပဲ ။ စိတ်ဆတ်တာ ၊ အပျက်မြင်တတ်တာတွေကအစ ထားရှိတဲ့စိတ်စေတနာတွေဟာ
ဖုံးဖိလို့မရနိုင်တာ တစ်ချိန်မဟုတ်တစ်ချိန်မှာ တွေ့ရစမြဲပါ ။ ဒါတွေနဲ့ထောက်ချင့်ရင် အခြားသူတွေနဲ့ မကြာ
ခဏရန်လုပ်တတ်သူတစ်ယောက်ဟာ ကိုယ့်မိတ်ဆွေလို့ထင်ရပေမယ့် အချိန်တန်ရင် ကိုယ့်အလှည့်ရောက်
လာတတ်တာ မျှော်လင့်ထားလို့ ရနိုင်ပါတယ် ။ ကိုယ်က ရိုးသားပွင့်လင်းတာပဲ ၊ ကောင်းတာကိုဦးတည်တဲ့
စိတ်စေတနာတွေရှိတာပဲဆိုပြီး အဆိုးအားလုံးနဲ့ကင်းလွတ်ဖို့ ဘယ်လိုမှမျှော်လင့်လို့မရနိုင်တာ အတော်
များများက သိပြီးသားဖြစ်မယ်ထင်ပါတယ် ။
ဘယ်လိုပြောပြော အင်တာနက်ပေါ်ရောက်မှတော့ ကိုယ်ပိုင်ရွေးစရာလမ်းတွေက အများကြီးပါ ။ အ
ပျော်လေပန်းတာကအစ လေးလေးနက်နက်နဲ့ ဘဝတိုးတက်ဖို့လမ်းစရှာတာအဆုံးပေါ့ ။ ဒါ့ပြင် ရွေးထား
တဲ့လမ်းမှာလျှောက်ရင်း အပင်မြင့်လို့လေတိုက်ခံရတာကအစ အပင်နိမ့်လို့ သေးနဲ့အပန်းခံရတယ်ပြော
ပြော ကြုံလာကြရမှာတွေကတော့ အနဂ္ဂပါ ။ ဒီတော့ ခင်ဗျားကောဘယ်လိုလဲ ။ ကောင်းတဲ့ဖက် ၊ အကျိုး
ရှိတဲ့ဖက်ကို ဦးတည်တဲ့လမ်းမျိုး အတူတူရွေးလျှောက်ရအောင်ဗျာ ။
မန်းကိုကို
၂၅၊ ၀၂၊ ၂၀၁၁
- လေဖြန်းတာလဲများနေပြီး ၊ နောက်ရက်ပိုင်းကို critical thinking ဒုတိယပိုင်းပြီးအောင် ရေးလိုက်ပါဦးမယ် ။
- နောက်တစ်ပတ်ဆို ကျောင်းပြန်ဖွင့်ပြီ ၊ ပို့စ်ခပ်ကျဲကျဲနဲ့ အကျိုးများမှာတွေကိုပဲ ရေးဖို့ကြိုးစားဦးမှ ။
Labels:
Conversation
Subscribe to:
Post Comments (Atom)
ဘာပဲဖြစ်ဖြစ် တွေ့ကြုံလာခဲ့သမျှ အတွေ့ အကြုံပေါ့ဗျာ... အပင်မြင့်လို့ လေတိုက်ခံ၇တာဖြစ်မှာပါ.. လူအမျိုးမျိုးစိတ်အထွေထွေ ပါဝင် ကူးခတ်နေတဲ့ ဘလော့ဂ်ရေစီးကြောင်းထဲ အောင်မြင်စွာ ဆက်လက် ကူးခတ်နိုင်ပါစေဗျာ။
ReplyDeleteတောင်းပေးတဲ့ဆုအတွက် ကျေးဇူးပါကွာ ၊
ReplyDeleteအားလုံးဟာ နောင်ကိုပိုကောင်းတဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့ အထောက်အကူပြုတဲ့ အတွေ့အကြုံတွေလို့ သဘောထားပြီး ကျေးဇူးတောင် တင်သင့်ပါတယ် ။
ဒါပေမယ့် မမြှောက်ပါနဲ့ကွာ ၊ အပင်နိမ့်လို့ သေးပန်းခံရတာ သိပြီးသားပါ .. :-)
ဘာအခု မှ ကြောက်ပါပြီလဲ။ မရတော့ ဘူး ဟွန်း။ :P
ReplyDeleteဟာ .. စစ်ကူများရမလားမှတ်ပါတယ် သေးဝိုင်းပန်းမယ့်ဟာတွေက မနည်းပါလား .. :-)
ReplyDeleteကိုယ်ကောင်းအောငါနေရင် လုံလောက်ပါတယ်...
ReplyDeleteသူများပြောတာ လောက်ကတော့ ခင်လှိုင် ပြောသလိုပဲ “လွှတ်ထားလိုက် သံပတ်ကုန်ရင် ရပ်သွားလိမ့်မယ်..
ခင်မင်စွာဖြင့်
@ ကိုထွဋ် - ဝင်လာအားပေးသွားတာ ကျေးဇူးတင်ပါတယ် ။
ReplyDeleteအခက်အခဲ တစ်ခုပဲရှိတာက ကောင်းအောင်ကြိုးစားနေရင်းနဲ့ ကိုယ်သာသံပတ် ကုန်သွားမှာစိုးတာကိုပါ .. :-)
အွန်လိုင်းဆိုတာ လမ်းရှည်ကြီးတစ်ခုလိုပါဘဲ။ ပြေပြစ်တဲ့ တစ်နေရာရှိမယ်။ ချိုင့်ပေါတဲ့ တစ်နေရာရှိတယ်။ ညီညာတဲ့ တစ်နေရာရှိမယ်။ ချောကျိကျိ နွံတွေ ရှိမယ်။
ReplyDeleteဒါကြောင့် များများ လျှောက်သူတွေ ဒါမှ မဟုတ် မြန်မြန်လျှောက်သူတွေ မကြာခဏ ခြေချော် လက်ချော် ဖြစ်ဖူးကြမှာ သေချာပါတယ်။ ကျနော်ကိုယ်တိုင် ခြေချော်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဘာကြောင့် ချော်ခဲ့လဲ မသိခဲ့ဘူး။
အတွေးလေးတွေ အများကြီးပေးတဲ့ ဘလော့လေးမို့ ထပ်ပြီး လာအားပေးပါဦးမယ်။ လင့်ခ် တစ်ခါထဲ ယူသွားလိုက်ပါတယ်။
အားလုံး အဆင်ပြေပါစေဗျာ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
အရောက် လာအားပေးတဲ့အတွက်ရော မှတ်ချက်နဲ့အားပေးသွားတာအတွက်ပါ ကျေးဇူးတင်ပါတယ်ဗျာ ။
ReplyDeleteသူတစ်ပါးကို ပြင်ဖို့ဆိုတာ လွယ်ကူတာမဟုတ်လို့ ကိုယ့်ကိုယ်ကိုပဲ ပြင်ဖို့ကြိုးစားရင်း အတွေ့အကြုံယူရင်း ဆက်လျှောက်သွားမှာပါ ။
လင့်ယူသွားတာ ဝမ်းသာသလို အတွေးတွေ ဖလှယ်သွားပေးနိုင်ရင်လည်း အတိုင်းထက်အလွန် ဖြစ်မိမှာပါပဲ ။ ဆန္ဒပြုပေးသလိုလည်း ဆထက်တစ်ပိုး တူညီသောအကျိုး ပြန်ရနိုင်ပါစေဗျာ .. (ပြောရင်းနဲ့ အဖိုးကြီး လေသံတွေ ဖြစ်ကုန်ပြီ) .. :-)
မန်းရေ
ReplyDeleteတကြိမ်မရရင်နောက်တကြိမ်ကြိုးစားကြည့်ပါအုံး
မန်းစေတနာနဲ.ဆန္ဒတွေသူတို.မြင်လာ သိတတ်မှာပါ
အခက်အခဲ တစ်ခုပဲရှိတာက ကောင်းအောင်ကြိုးစားနေရင်းနဲ့ ကိုယ်သာသံပတ် ကုန်သွားမှာစိုးတာကိုပါ လို.ပြောသလိုပေါ့
ကောင်းအောင်ကြိုးစားနေသူတယောက်ပဲ သံပတ်ကုန်သွားလဲ
ဘာဖြစ်လဲ ကောင်းဖို.အတွက်ကြိုးစားနေတဲ့လူလေ တနေ.တော့ ကောင်းဖို.အတွက်ကြိုးစားမူ.တွေဟာအထောက်အကူပြု အသိမှတ်ပြုလာမှာပါ ဒါကိုယုံကြည်ဖို.တော့လိုမယ်နော်
မန်းနဲလဲ စကားတွေ အသိတွေအမြင်တွေဆွေးနွေးချင်ပါသေးတယ် ကျတော်မကြာခဏ လာလာလည်ပြီး မန်းရေးသားချက်တွေဖတ်ပါတယ် မန်းရေ အချိန်လေးများရရင် ဒီထက်ဆက်ရေးပါလို. မန်.ခဲ့တယ်နော်
ညီငယ်
ဆုတောင်း
@ sutoung - လာအားပေးတာ ကျေးဇူးပါ ။
ReplyDeleteကြိုးစားတာကတော့ ရပ်မှာမဟုတ်ပါဘူး ၊ တစ်ကြိမ်နဲ့တစ်ကြိမ် ဘယ်လောက်ခြားမလဲဆိုတာပဲ ကွာပါလိမ့်မယ် ။
ဆွေးနွေးချင်တာတွေကိုလည်း မှတ်ချက်နဲ့ဖြစ်စေ အီးမေးလ်နဲ့ဖြစ်စေ ချန်ထားပေးလို့ ရပါတယ် ။ ကျောင်းတစ်ဖက် ဖြစ်နေပြီမို့ အချိန်တော့ နည်းနည်းကြပ်လာလို့ စာပြန်နောက်ကျမှာမျိုးတွေ ရှိနိုင်ပါတယ် ။