ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, March 5, 2011

အမေ့ခံ လူသား



     စိတ်ကူးထဲမှာ နေရာယူထားတာတော့ ကြာခဲ့ပြီ ၊ အဆင်ပြေပြေမပြေပြေ ချရေးလိုက်တော့မယ် ။
လောလောဆယ်စဉ်းစားထားတာ (၃) မျိုးရှိတယ် ။

(၁) ဖက်နဲ့ထုပ်ထားတဲ့ အသက်

     အရပ်ထဲမှာ ကိုယ့်ဆွေမျိုးသားချင်းမောင်နှမတွေ လိုက်ပြီးအရိုက်ခံနေရတယ်ဆိုရင် ငုံ့ခံမယ့်လူ
အတော်နည်းမယ် ထင်ပါတယ် ။

     ဒါပေမယ့် သိန်းကဏန်းမရှိရင်တောင် သောင်းနဲ့ချီတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေဟာ ပိုင်ဆိုင်တာတွေကိုအသာထားလို့ အသက်အတွက် တောတောင်တွေထဲမှာ မျှော်လင့်ချက်မဲ့ ပြေးလွှား
နေကြရတယ် ။ မသိကြသူတွေရှိသလို သိလျက်နဲ့ ဥပေက္ခောပြုနေကြသူတွေလည်းရှိမယ် ။ စိတ်မ
ကောင်းပေမယ့် ဘာမှမတတ်နိုင်ဖူးလို့ လက်လျှော့ထားသူတွေရှိသလို တကယ်မရှိတဲ့အဖြစ် ဒါမှမ
ဟုတ် သဘောထားအကြောင်းတစ်ခုခုကြောင့် ဖြစ်ချင်ရာဖြစ်ကြပါစေလို့ စိတ်ထားသူတွေလည်း ရှိ
မှာသေချာတယ် ။

     ခိုလှုံရာစခန်းတွေမှာလည်း လူတွေက သိန်းကဏန်းရှိနေတယ် ။ ညီအစ်ကိုမောင်နှမချင်း စာနာ
ကူညီပေးဖို့နေနေသာသာ လိုက်သတ်နေလို့ မဆီမဆိုင်တဲ့သူတွေက နေရာပေးစောင့်ရှောက်ကျွေး
မွေးထားရတာ အင်မတန်မသင့်မလျှော်ကိစ္စကြီးပါ ။ လူဦးရေသောင်းနဲ့ချီတဲ့စခန်းတွေကို လည်ပတ်
တဲ့စီးပွားရေးမရှိပဲ နေရာချစီမံထောက်ပံ့ပေးဖို့ဆိုတာ ဘယ်လောက်အထိခက်ခဲမလဲ ။ ပြေးလွှားနေ
ရသူတွေနဲ့ စခန်းကလူတွေအားလုံးလိုလို သာမန်လူတစ်ယောက်အတွက် အခြေခံအခွင့်အရေးဖြစ်
တဲ့ ကိုယ့်ဝမ်းစာကိုယ်ရှာစားခွင့် ၊ ကျန်းမာရေး ၊ ပညာရေးနဲ့ အေးအေးချမ်းချမ်းနေခွင့်တွေပျောက်ပြီး
ပြင်ပလောကအကြောင်းမသိသူ ၊ ကိုယ့်ဝမ်းစာ ကိုယ်ရှာမစားတတ်တော့သူ ၊ အဓိပ္ပါယ်မရှိတဲ့ဘဝနဲ့
ကြီးပြင်းလာကြရပြီး မိရိုးဖလာလယ်ယာလုပ်ခဲ့ရာက စပါးကိုဘယ်ကရမှန်းတောင်မသိကြတော့တဲ့သူ
အဖြစ် ရောက်နေကြရတာ ရင်နာတတ်ရင် ဖြေဆယ်လို့ရမယ်မထင်ဘူး ။

     ကမ္ဘာပေါ်မှာ အလှဆုံး အယဉ်ကျေးဆုံးတိုင်းပြည်ရယ်လို့ အတော်များများက ဂုဏ်ယူနေကြတဲ့
တိုင်းပြည် ၊ စုစည်းချစ်ခင်ကြပါတယ်ဆိုပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်ရယ်လို့ နာမည်ပေးခဲ့တဲ့
တိုင်းပြည်မှာ ဒီလိုတွေရှိနေဖြစ်နေတာဟာ ဘာလို့လဲ ။ အိပ်မက်ကမ္ဘာထဲမှာပျော်မွေ့ပြီး ဘီလူးမကို
နတ်သမီး ၊ သွေးသားရင်းကို မိစ္ဆာလို့ထင်နေကြသလား ။ မဟုတ်ရင်လည်း ကိုယ်တိုင်မိစ္ဆာဝါဒီတွေ
ဖြစ်မှန်းမသိ ဖြစ်နေကြပြီလား ။

     ဒီအနေအထားမှာ ဒုက္ခဝေဒနာတွေက သက်သာရာရအောင် လူမျိုးဘာသာမတူတဲ့သူတွေကနေ
ဦးဆောင်ကမကထလုပ်နေကြတယ် ။ ကိုယ့်အချင်းချင်း အားမလိုအားမရဖြစ်စရာ ။ ဒီကြားထဲ ဒုက္ခ
ရောက်ပါတယ်ဆိုမှ ရေနစ်ရာမှာ စကားနဲ့ဝါးကူထိုးမယ့်သူတွေကလည်း မရှား ။ ငါးခုံးမတစ်ကောင်
ကြောင့် တစ်လှေလုံးပုပ်တတ်သလို နေရာတိုင်း ၊ အဖွဲ့အစည်းတိုင်းတင်မက ဒုက္ခရောက်သူတွေနဲ့
ရောပြီး အခွင့်အရေးယူသူတွေရှိပေမယ့် အသက်ရှင်ရပ်တည်ရေးက အဓိကဖြစ်နေသူတွေကိုတော့
မြေနိမ့်ရာလှံစိုက် မလုပ်သင့်ပါဘူး ။

     ဒီအမေ့ခံတွေကို ကူညီဖို့တနိုင်တပိုင်ကြိုးစားနေတဲ့ Free Burma Ranger အဖွဲ့အကြောင်းကို
တလောက Asia Times Online မှာပါလာတယ် ။ (link) ။ အချို့ကတော့ လက်နက်ကိုင်အဖွဲ့တွေ
နဲ့ ပတ်သက်နေတယ်ကစပြီး ထောက်ချင်ကြမယ် ။ တစ်ဖက်မှာလည်း လူတွေကိုအတိုင်းအတာတစ်
ခုအထိ ကူညီဖြေသိမ့်ပေးနိုင်တာနဲ့ စစ်တပ်ကိုယ်တိုင်က အစိုးရမဟုတ်တဲ့အဖွဲ့လို့ အသိအမှတ်ပြု
သတိထားတဲ့အပိုင်းတွေကို တွေ့ရမှာပါ ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ ၊ သတိတရ ဓါတ်ပြားဟောင်းလေး
ဖွင့်ပြတာပါ ။ ခင်ဗျားတို့အိမ်နားကလူတွေ ထမင်းကို ငါးပိတို့စရာလောက်နဲ့ စားနေရချိန်မှာ ပိန်းဥ
ပြုတ်တောင်စားဖို့အခက်အခဲရှိသူတွေ ၊ ငွေမရှိလို့ ဆေးခန်းမသွားနိုင်ပဲ ကွမ်းယာဆိုင်က ဆေးဝယ်
သောက်ရချိန်မှာ အနာကပ်ဖို့ကွမ်းရွက်တောင်မရှိသူတွေ အများကြီးဆိုတာ မမေ့လိုက်ကြပါနဲ့ ။

(၂) ထမင်းရှင်

     ဒီအစုကတော့ မဝေးလှဘူး ၊ ခင်ဗျားကိုယ်တိုင်ပဲ ဖြစ်နေနိုင်တယ် ။ ကိုယ့်နိုင်ငံကထွက်ပြီး ဝမ်း
စာရှာအလုပ်လုပ်နေကြသူတွေကို ဆိုလိုတာပါ ။ အရေအတွက်အားဖြင့် သန်းကဏန်းရှိမှာကတော့
မြေခတ်မလွဲဘူး ။

     ပထမ အရေအတွက်နဲ့ပတ်သက်ပြီးကြည့်ရင် ထိုင်းနိုင်ငံတစ်နိုင်ငံထဲတင် တစ်သန်းကနေသုံးသန်း
ကြားရှိနေနိုင်တယ် ။ (ဘယ်သူမှလည်း အရေးလုပ် ရေတွက်မနေကြပါဘူး) ။ မလေးရှား ၊ စင်္ကာပူ ၊
အမေရိကန် ၊ အရှေ့အလယ်ပိုင်းနဲ့ သင်္ဘောသား တွေအပါအဝင် အားလုံးတွက်လိုက်ရင် မြန်မာပြည်
လူဦးရေရဲ့ ၅% ဝန်းကျင်လောက်တော့ ရှိနိုင်တယ် ။ အဲဒီထဲကတစ်ယောက်ကို တစ်လဘတ်တစ်
ထောင် (ဒေါ်လာ ၄၀) နှုန်းနဲ့ မြန်မာပြည်ကို ငွေပြန်ပို့တယ်လို့ယေဘုယျတွက်ရင်ပဲ တစ်လကို ထိုင်း
ဘတ်သန်းပေါင်းထောင်နဲ့ချီပြီး မြန်မာပြည်ထဲကို စီးဝင်နေမယ်ဆိုတာ ခန့်မှန်းကြည့်လို့ရတယ် ။ ဒီ
ငွေတွေဟာ နိုင်ငံတွင်းထုတ်လုပ်လိုက်တဲ့ကုန် ပစ္စည်းတွေမဟုတ်ဘူး ။ သယံဇာတတွေကြောင့်မဟုတ်
သလို အုပ်ချုပ်သူတွေရဲ့ကျေးဇူးကြောင့် ဝင်လာတာလည်းမဟုတ်ဘူး ။ လူသားလုပ်အားတွေသက်
သက်နဲ့ရလာတဲ့ ချွေးနည်းစာတွေပါ ။

     ဒီငွေတွေဟာ မြန်မာပြည်စီးပွားလုပ်ငန်းတွေ ပိုပြီးချောချောမွေ့မွေ့လည်ပတ်နိုင်ဖို့ အားဖြည့်
ပေးသလို လူနေမှုအဆင့်အတန်းနဲ့ ဒုက္ခတွေကို ကျားကန်ပေးထားနေခဲ့တာပါ ။ ဒီတော့ မြန်မာပြည်
ရဲ့ စီးပွားရေးဒေါက်တိုင်တစ်ခုလို့တောင် ခေါ်လို့ရနိုင်တယ် ။

     အများစုက နည်းလမ်းမျိုးစုံနဲ့ရှာကြံပြီး ဝင်ငွေသွားရှာကြတဲ့သူတွေ ။ အပြန်အလှန်အားဖြင့် သူ
တို့ဘာပြန်ရသလဲ ။ ဘာကြေး ညာကြေးပိုထည့်ရတာ ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ရုံးကန္နားကိစ္စတွေမှာ
အခက်အခဲအမျိုးမျိုးကြုံရတာ ၊ ဘာမှအကူအညီနဲ့ဝန်ဆောင်မှုမပေးပဲ အခွန်တွေကောက်တာ ၊
ကိုယ်ဖြစ်ကိုယ်ခံဘဝနဲ့ စွန့်စားသွားရာက ပြောပြလို့မကုန်နိုင်တဲ့ဒုက္ခအမျိုးမျိုးရောက်တာကိုတောင်
နိုင်ငံမချစ်သလိုလို သစ္စာဖောက်လိုလိုတွေအခေါ်ခံရတာဟာ ကျေးဇူးအဆပ်ခံရတာလို့ သဘော
ထားနိုင်ကြဖို့တော့ ခက်လိမ့်မယ် ။ ဒီအုပ်စုထဲကလူတွေရဲ့ တွေ့ကြုံရတဲ့အခက်အခဲတွေကတော့
ငွေချေးရတာကအစ ရုပ်အလောင်းတောင်မိဘဆွေမျိုးတွေ မတွေ့ရတော့တဲ့အထိ အမျိုးမျိုးရှိတာ
သိကြတဲ့အတိုင်းပါ ။ ဒီလူတွေဟာ တစ်စိတ်တစ်ပိုင်းအားဖြင့် မြန်မာပြည်ရဲ့ထမင်းရှင်တွေပါ ။ မမေ့
လိုက်ကြပါနဲ့ ။ ဖြစ်နိုင်ရင် တစ်ခုခုလုပ်ပေးကြဖို့ မမေ့ကြပါနဲ့ ။

(၃) “စေ”တစ်လုံးပိုင်ရှင်

     နောက်ဆုံးပြောချင်တဲ့ “စေ”တစ်လုံးပိုင်ရှင်ကတော့ ခင်ဗျားပဲ ။ ဘာဖြစ်ချင်သလဲ ၊ စိတ်ရဲ့စေ
ရာအတိုင်း ကြိုးစားမှုအတိုင်း အကျိုးရလဒ်တွေရတယ် ။ ဝမ်းနည်းချင်လား ၊ ဝမ်းသာချင်လား ခင်
ဗျားပဲ လိုရာစေနေတာလေဗျာ ။ ဒီတော့ တင်စားတာလွန်လှမယ်မထင်ဘူး ။

     ထပ်မြင်တာတော့ ကျနော်တို့တစ်တွေဟာ အချိန်အတော်များများမှာ ကိုယ့်ကိုယ်ကိုမေ့ထားတတ်
ကြတယ် ။ (မှားရင်တော့ အီဖေကိုယ့်အပြစ်ပါ) ။ သတိကင်းတဲ့ဘဝဟာ တန်ဖိုးမရှိသလောက်ပဲလို့
ပြောတာကို ကြားဖူးလာတဲ့အခါမှာ လွန်ခဲ့တဲ့နှစ်ပေါင်းထောင်နဲ့ချီပြီး အတွေးအခေါ်ပညာရှင်တွေ
အများကြီးပေါ်လာခဲ့ကြတာ ၊ လူသားတွေရဲ့ ပညာ မြို့ပြနဲ့ လူနေမှု စနစ်တွေအဆင့်ဆင့်တိုးတက်
ဖြစ်ထွန်းလာတာနဲ့ မြန်မာပြည် (အပါအဝင် နိုင်ငံအတော်များများ) မှာတော့ လူတွေရဲ့ “တန့်”သလို
ဖြစ်နေတဲ့ တိုးတက်ပြောင်းလဲမှုဖြစ်စဉ်တွေကို ယှဉ်တွဲကြည့်ဖို့ အတွေးပေါက်လာတယ် ။ ရိုးသား
တယ် ၊ ရောင့်ရဲတတ်တယ်လို့ ဂုဏ်ယူတတ်ကြပေမယ့် ဘဝတွေကို ခပ်ပေါ့ပေါ့အချိန်ကုန်ခံနေခဲ့
ကြသလား ။ စားစရာ (ထမင်း) တစ်လုပ်အတွက် ခက်ခက်ခဲခဲရုန်း ကန်ကြရသူတွေအနေနဲ့ အလွယ်
တကူရနိုင်ကြသူတွေကြား တိုးတက်မှုကွာခြားနေတာကိုလည်း ယှဉ်တွေးမိတယ် ။ အငတ်ဘေးနဲ့
အခက်အခဲတွေကြုံခဲ့တဲ့ တရုတ်တို့လိုအပါဝင် အေးတဲ့ရာသီမှာ စိုက်ပျိုးစားလို့မရတဲ့ (ရေခဲဖုံးတတ်
တဲ့) ဒေသ နိုင်ငံအတော်များများရဲ့အောင်မြင်မှု ၊ မြန်မာပြည်ထဲမှာတောင်မှ ဘဝပိုကြမ်းခဲ့ကြတဲ့ဗမာ
တွေရဲ့ အတန်သင့်ကြိုးစားရုန်းကန်ခဲ့ကြလို့ အခြားတိုင်းရင်းသားတွေနဲ့စာရင် ခိုင်ခိုင်မာမာရပ်တည်
လာနိုင်ခဲ့ကြတာတွေကို သွားမြင်မိတယ် ။

     ဒီကနေ့မှာတော့ အချို့(နိုင်ငံနဲ့) လူတွေ အာကာသကိုဓါတ်လှေကားထောင်ဖို့ (လွန်ခဲ့တဲ့ ဆယ်စု
နှစ်တွေကတည်းက စပြီး) စဉ်းစားနေကြချိန်မှာ ကိုယ်တွေကတော့ ကျောက်ခေတ်မဟုတ်ပေမယ့်
လယ်ယာအခြေခံတဲ့ (နှစ်ရာနဲ့ချီပြီး နောက်ကျနေတဲ့) လူမှုအသိုင်းအဝိုင်းကိုထူထောင်ဖို့ အားသန်
နေကြတုန်းဖြစ်နေတော့ ကိုယ့်ဘာသာရာထူးယူထားသူတွေအပါအဝင် ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်
ကြဖို့ လိုများလိုနေပြီလား ။ ခုခေတ်ဟာ ပြောင်းလဲမှုအင်မတန်မြန်ပြီး အသစ်အသစ်တွေဟာ ခဏ
တာအတွင်းပေါ်လာလိုက်တိမ်ကောသွားလိုက် ဖြစ်နေကြတာကိုတွေ့မှာပါ ။ ကိုယ်တွေဆီမှာတော့
အာဏာပိုင်တွေဟာ မိုးကျရွှေကိုယ်တွေမဖြစ်ရုံတမယ် ခေတ်ဟောင်းစိတ်ထားတွေ ၊ လူတွေကိုအ
ကြောက်တရားနဲ့ ချုပ်ကိုင်ရမယ်လို့ယုံကြည်နေဆဲ အရိုးစွဲစိတ်ဓါတ်တွေ ၊ ဒါတွေအားလုံးကို ပြုပြင်နိုင်
တာ လိုရာကို “စေ” နိုင်သူတွေဟာ ကျနော်တို့ကိုယ်တိုင်ပဲဆိုတာ မေ့များထားကြသလား ၊ ပြောင်းလဲ
ဖို့အချိန်ရောက်ပြီများ မထင်မိကြဖူးလား ။ ကမ္ဘာအနှံ့ စိတ်စွမ်းအားမြင့်မားရေး ၊ တစ်ကိုယ်ရည်တိုး
တက်ရေး ၊ ပညာရေးမြှင့်တင်ဖို့နဲ့ လူ့အဖွဲ့အစည်းရေရှည်တည်တံ့ဖို့တွေကို အလုအယက်အပြိုင်အ
ဆိုင်လုပ်နေကြချိန်မှာ ကိုယ်မပါဖူး ၊ ပါလည်းမပါချင်ဖူးလို့များ စိတ်ထဲအတွေးဝင်နေကြသလား ။ အ
ချင်းချင်းစုပေါင်းဖေးမကြဖို့ ၊ ရှာဖွေသင်ယူကြဖို့ ၊ လက်လှမ်းမီသလောက် ဝေမျှဖလှယ်သွားကြဖို့ အ
ချိန်ရောက်နေပြီလား ။ စဉ်းစားကြည့်တာပါ ။

     အထူးသဖြင့် နိုင်ငံရပ်ခြားရောက်နေကြသူတွေမှာ ပြည်တွင်းအနေအထားနဲ့မတူတဲ့ ယစ်မူးစရာ
ရုပ်လောကအလယ်မှာနေရင်း ရှေ့လာမယ့်ဆယ်စုနှစ်တွေနဲ့ ဘဝရှေ့ရေးအတွက် သတိလျော့နေ
တတ်ကြပါတယ် ။ ဒါပေမယ့် မမေ့ပါဘူး ၊ အေးအေးဆေးဆေးပေါ့ ၊ အချိန်တန်ရင် အဆင်ပြေသွား
မှာပါဆိုရင်လည်း ပြောမိတဲ့ကျွန်တော်မျိုးရဲ့ အမှားဖြစ်ပါတယ်လို့သာ …



မန်းကိုကို
၀၅၊ ၀၃၊ ၂၀၁၁

No comments:

Post a Comment