ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, February 21, 2011

စကားစမြည် ~ ဟိုဟိုသည်သည်



     မနေ့က လစ်ဗျားအကြောင်းပြောနေရာက သတင်းတွေဆက်တိုက်ဝင်နေတော့တာ လိုက်လို့မမှီတော့
လောက်အောင်ပါပဲ ။ အချုပ်ကတော့ တော်လှန်ရေးတစ်ခု အရှိန်အဟုန်ရလာပြီလို့ ပြောရမယ် ။ နိုင်ငံ့
ခေါင်းဆောင်ရဲ့ ဦးဆောင်မှုကို ခံယူသူတွေက ထုံးစံအစဉ်အလာအတိုင်း သာမန်ပြည်သူတွေကို ဖက်ရွက်
လောက်မှတန်ဖိုးမထားပဲ ပဒူအုံကိုတုတ်နဲ့သွားထိုးသလို လူတွေသတ်မိပြီ ။ အနည်းဆုံး မြို့တစ်မြို့ကတော့
ဆန္ဒပြသူတွေလက်ထဲရောက်ပြီး စစ်တပ်တစ်စိတ်တစ်ပိုင်းကလည်း ပူးပေါင်းလာကြပြီ ။ အဲဒီမြို့မှာ အရင်က
ဆန္ဒပြသူတွေကို သတ်ဖြတ်ခဲ့သူတွေနဲ့ အထင်လွဲခံရမယ့်သူတွေလည်း ဗရုပ်သုက္ခထဲမှာ အမဲလိုက်ခံရသလို
ဖြစ်နေကြပါပြီ ။ ခံစားမှုတွေ ရှေ့တန်းရောက်ပြီဆိုရင်တော့လည်း ဘာမှတားဆီးလို့ မရနိုင်တော့တာမို့ နကို
ကတည်းက တစ်ဖက်နဲ့တစ်ဖက်ညှိနှိုင်းလုပ်ဆောင်ဖို့လိုတာ သိသာအရေးကြီးတဲ့ သင်္ခန်းစာတစ်ခုပါ ။

     ဒီလောက်နဲ့မပြီးပါဘူး အီရန်ကနေစပြီး တရုတ်ဖက်တောင် တော်လှန်တဲ့စိတ်ဓါတ်တွေက ကူးလာချင်
ချင်ဖြစ်နေတော့ တစ်ကမ္ဘာလုံးအပေါ် သက်ရောက်လာမှာတွေဟာ အင်မတန်ကို စိတ်ဝင်စားစရာကောင်း
လာနေပါပြီ ။ ကျနော်တို့ဟာ ဘယ်တုန်းကမှနဲ့မတူတဲ့ နိုင်ငံရေးခေတ်သစ်တစ်ခေတ်ကို စပြီးဖြတ်
သန်းနေပြီလားလို့ စိတ်ထဲဝင်မိတယ် ။ ဘယ်သူမှတော့ အဆင်သင့်ဖြစ်တယ်ရယ်လို့ မဟုတ်ပေမယ့်
ရေစီးကြောင်းမှာ အလိုက်သင့် မျှောပါသွားကြရမှာပါပဲ ။ ဒီလိုအချိန်မှာ တစ်ဦးချင်းပုဂ္ဂလိကအရေးဟာ
သမုဒ္ဓရာထဲက ရေစက်လေးတွေသာသာ မဟုတ်လား ။

     လစ်ဗျားကိစ္စ ပြန်ကောက်မယ်ဗျာ ။ လစ်ဗျားခေါင်းဆောင် ကဒါဖီရဲ့သားက ရုပ်မြင်သံကြားကနေ ပြည်
တွင်း စစ်ဖြစ်နိုင်တယ်လို့ ပြောသွားတာ ဖတ်လိုက်ရပါတယ် ။ နောက်ဆုံး လူတစ်ယောက် ကျဉ်ဆံတစ်
တောင့်ပဲကျန်တဲ့အထိ အရှူံးပေးမှာမဟုတ်ဖူးလို့လည်း တွေ့လိုက်သေးသဗျ ။ ဟုတ်ကဲ့ အရှူံးပေးရင် ကဒါဖီ
ကော သူ့ကိုနောက်ခံထားတဲ့ စစ်တပ်အထက်ပိုင်းဟာလည်း ရထားသမျှအခွင့်အရေးနဲ့ ဥစ္စာဓနတွေအား
လုံး ဆုံးနိုင်တာကိုး ။ အာဏာရှင် အပြည့်အဝ ၊ တဝက်တပျက်နဲ့ စစ်တပ် သို့မဟုတ် လက်နက်ကိုင်ကျော
ထောက်နောက်ခံနဲ့ ရပ်တည်နေခဲ့ကြပြီး သာမန်လူထုအပေါ် မတူမတန်သလို ခွဲခြားနေခဲ့ကြသူတွေမှာ ဒီ
အပြောင်းအလဲလှိုင်းကြီးကိုတားဆီးဖို့ အကြောက်အကန် ကမောက်ကမလုပ်နေကြတာဟာလည်း နေရာ
အတော်များများမှာ မတူရင်တောင် တစ်တန်းစာထဲထည့်လို့ရတဲ့ အနေအထားမျိုးရှိတာသွားတွေ့မိတယ် ။
မကြာခင်မှာ ဆီးရီးယားလို ရှုပ်ထွေးတဲ့ ဘာသာ လူမျိုးနဲ့ လူ ၂၀,၀၀၀ လောက်ကို ကြက်ကလေး ဌက်က
လေးတွေလို (လက်နက်ကြီးမျိုးစုံနဲ့အပါအဝင်) သတ်ဖြတ်ခဲ့တဲ့ လုံခြုံရေးတပ်တွေရှိတဲ့ နိုင်ငံမျိုးမှာတောင်
ရိုက်ခတ်မှုမရှိနိုင်ဖူးလို့ ပြောလို့မလွယ်တော့ပါဘူး ။

     သတိရမိတာက ၈၈ မှာ ဦးနေဝင်းပြောခဲ့သလို မိုးပေါ်ထောင်မပစ်ဖူး ဆိုတာမျိုး ၊ ခေါင်းဆောင်ပိုင်းကို
အလှည့်ကျနှုတ်ထွက်နေရာလှည့်ယူကြတာမျိုး စတဲ့မတူပေမယ့် ကမောက်ကမဖြစ်ရပ်တွေကို လိုက်ရှာ
ကြည့်မိတယ် ။ အီဂျစ်မှာ မူဘာရက်က သူ့ရာထူးကမထွက်ပဲ အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်တာ ၊ သမ္မတ
သက်တမ်းကုန်အောင်နေပြီးမှ ရာထူးကနေ ဆင်းပေးမယ်လို့ ကို့ယိုးကားယားညှိဖို့ ကြိုးစားတာ ၊ ခုလည်း
လစ်ဗျားမှာ ကဒါဖီမိသားစုက လစ်ဗျားမြေမှာပဲ အသေခံမယ်ဆိုပြီးပြောတာ ၊ ခေါင်းဆောင်ကြီးကဒါဖီဘေး
မှာဝန်းရံကြဆိုပြီး ဆောင်ပုဒ်ဆန်ဆန်စကားတွေနဲ့ လက်ဝါးကြီးအုပ်ထားတဲ့ ရုပ်မြင်သံကြားအပါအဝင် မီဒီ
ယာမှာ တဖက်သတ်အော်နေတာတွေ ၊ တာတွေ .. တာတွေ .. ကို လိုက်ရှာပြောရရင်တော့ မျက်စိမူးမှာ
စိုးလို့ ဒီလောက်ပဲထားလိုက်ရအောင် ။ (တွေ့တယ်မဟုတ်လား .. လုံးချလိုက်တာ ။)

     ပြဿနာတွေကြားထဲ ရယ်စရာတစ်ခု တွေ့မိတယ်ဗျ ။
     လစ်ဗျားခေါင်းဆောင် ကဒါဖီရဲ့သားက ဝါသနာအရ သူ့သဘောထားကို တွစ်တာမှာ “တွိ” လိုက်တယ်
ဆိုလားပါပဲ ။ အားရစရာကောင်းလောက်အောင် နောက်လိုက် ၁၀၀ ကျော်တောင် ရလိုက်တယ်တဲ့ဗျား ။
တော်သေးတာပေါ့ “မန်းကိုကို” ထက် သာပေလို့သာပဲ ။

     စိတ်ရှုပ်စရာတွေ မေ့ထားရအောင်ဗျာ ။ ကိုယ့်အကြောင်း ကိုယ်ပြောတာပဲ ကောင်းပါတယ် ။
     မဆီမဆိုင် ကဒါဖီသားအကြောင်းကနေ ဘားအံအကြောင်း ပြောင်းပြီးတွေးမိပြန်တယ် ။
     ဘားအံမြို့ရဲ့ ဆောင်းတွင်းမှာ ကိုင်းလုပ်ငန်းတွေ အုတ်ဖုတ်လုပ်ငန်းတွေရှိတဲ့ မြောက်ဖက်ကကွင်းပြောင်
ကြီးနဲ့ ပတ်ဝန်းကျင်တဝိုက်ဟာ မိုးတွင်းမှာတော့ ရေတဖွေးဖွေးပေါ့ ။ အဲဒီရဲ့တစ်ဖက်ကရွာတွေကို စာသွား
သင်တဲ့ ဆရာဆရာမတွေဟာ မြို့အရှေ့ဖက်က ကားလမ်းနဲ့အဝေးကြီးကွေ့ပတ်သွားပြီး ရေတတန်ကုန်း
တတန် သွားကြရတဲ့ခရီးအစား လှေနဲ့ဖြတ်ကြတာကိုး ။ ရွာတွေကလည်း ကိုယ့်ရွာအတွက်ဆိုတော့ အခမဲ့
ဝန်ဆောင်မှု ပေးကြရှာပါတယ် ။

     တစ်ကြိမ်မှာ လှေနဲ့သွားတုန်း လှေမှောက်ပါလေရော ။
     ဒီမှာတင် ပါလာတဲ့ဆရာမတစ်ယောက်ဟာ မဟာဇနက္ကထုံးနှလုံးမူပြီး အင်မတန်ကျယ်ပြောလှတဲ့ ရေ
ပြင်ကြီးကို ဖြတ်ကျော်နိုင်ဖို့ အားကြိုးမာန်တက် ကူးရလေတော့တာပေါ့ ။ ကူးရင်းခပ်ရင်း အော်သံများလို
လိုလည်း ကြားမိပါရဲ့ ၊ ဒါပေမယ့် ကိုယ့်အသက်က အရေးကြီးတာမို့ လှည့်များလည်းမကြည့်နိုင်တော့ပါဘူး ။

     ဒါပေမယ့် အတော်ကလေးကူးခပ်မိပြီးတဲ့နောက်မှာတော့ အပြောကျယ်လှတဲ့ ရေပြင်ကြီးကို အိမ်ဘေး
ကချောင်းထဲဆင်းပြီး အနည်းအကျဉ်းလောက်ပဲကူးဖူးတဲ့ ဆရာမလေးမှာ မယှဉ်နိုင်တော့ပါဘူး ။ ခြေလက်
တွေလည်း ညောင်းညာလွန်းလို့ နောက်ဆုံးမှာတော့ သေချင်လည်းသေပါစေတော့ဆိုပြီး ရေကူးတာကို
ရပ်လိုက်ပါတော့တယ် ။

     “အယ် ……. ”

     ဟုတ်ပါတယ် ၊ ဆရာမလေး ရေမမွန်းပဲ ထွက်နိုင်ခဲ့တဲ့အသံပါ ။
     ဘာလို့လည်းဆိုတော့ မီတာ ၂၀၀ လောက်ကူးပြီးကာမှ ချမိလိုက်တဲ့ခြေဟာ ကုန်းမာမာကြီးကို
ထောက်လိုက်မိလို့ပါပဲ ။ ထောက်မိမှာပေါ့ ရေက “ခါး” လောက်ပဲ ရှိတာကိုး ။ ခုနက ကြားမိသလိုလိုဖြစ်တဲ့
အသံတွေဟာလည်း တကယ့်အသံတွေပါ ။ “ဆရာမ ၊ ရေတိမ်တိမ်လေးပဲ ၊ ပြန်လာခဲ့ပါ ၊” စသည်ဖြင့် လှေ
သမားနဲ့ အခြားဆရာဆရာမတွေ ဝိုင်းအော်ခေါ်နေခဲ့ကြတဲ့ အသံတွေပေါ့ ။ ဆရာမ အပျိုမလေးမှာ ရှက်လို့
ဖြင့် မဆုံးနိုင်အောင်ပါပဲ ။ ဘားအံမြို့အတွက်လည်း ပြောစရာအမှတ်တရ အဖြစ်အပျက်ကလေးတစ်ခု
ဖြစ်လာတာပေါ့ဗျာ ။


မန်းကိုကို
၂၁၊ ၂၊ ၂၀၁၁

4 comments:

  1. တော်တော်ဆိုးတဲ့ဆရာမနော်

    ReplyDelete
  2. တူလဲ အတက်နဲ့ပဲလေ ၊ တေမာတော့ ကျောက်ချာမာပေါ့ ၊ :-)

    ReplyDelete
  3. ဆရာမလေး သနားပါတယ်။ သူ့ခမျာ မောသွားရှာမှာ။းဝ)

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  4. “နင်တနားဒါ နာတိဒယ်နော” .. တဲ့ ၊ ကုလားကြီးတစ်ယောက်ရဲ့ စကားပါ .. :-)
    တကူးတက လာသနားသွားတဲ့ master bloger ကြီးကို ကျေးဇူးတင်ပါတယ်ဗျာ ။

    ReplyDelete