ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, February 17, 2011

ကောက်နေတဲ့သမိုင်းနဲ့ ဖြောင့်တန်းရဲဖို့သတ္တိ



     ၂၀၁၀ အတွင်းမှာ လူအတော်များများသတိထားမိနိုင်မယ့် ကိစ္စတစ်ခုကတော့ ပုဂံဘုရားတွေထဲက နံရံ
ကပ်ပန်းချီတွေကို ထုံးသုတ်ဖုံးအုပ်တဲ့ကိစ္စပါ။ အောက်မှာထုံးတွေဖုံးသွားတဲ့ ပန်းချီအလွှာဟောင်းတွေက နှစ်
ထပ်၊ သုံးထပ်လောက်ရှိတယ်လို့ သိရပါတယ်။ မြန်မာပြည်မှာ သိရက်နဲ့ကော မသိရက်နဲ့ပါ ဒီလိုရှေးဟောင်း
အမွေအနှစ်တွေကို ဖျက်ဆီးပစ်တာ၊ သမိုင်းကြောင်းနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို စနစ်တကျလေ့လာ
ဖေါ်ထုတ်ဖို့နေနေသာသာ ရှိပြီးသားတွေကိုတောင် ယုန်ထင်ကြောင်ထင်ဖြစ်အောင် ပြန်ပြင်နေတာတွေများ
လွန်းလို့ ဘယ်ဟာတွေကမှားလို့ ဘယ်ဒင်းတွေကအမှန်ဆိုတာ သာမန်မြန်မာပြည်သူပြည်သားတွေအတွက်
ဝေခွဲနိုင်ဖို့ရာ ကြာလေခက်လေ ဖြစ်လာနေပါတယ်။

     မနှစ်က ဈေးကွက်ဂျာနယ်မှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ကိုကြည့်လိုက်ရင် သထုံပြည်ပျက်တာဟာ ပုဂံက
သွားတိုက်လို့မဟုတ်ပဲ ကပ်ဘေးတွေကျလို့ မနူဟာဘုရင်တို့တတွေ ပုဂံကိုလာရောက်ခိုလှုံကြတာပါဆိုပြီး
ရေးထားပါတယ်။ အဆုံးသတ်မှာ ကိုးကားကျမ်းစာရင်းတွေပါ ပါလိုက်ပါသေးတယ်။ လူငယ်တွေဖတ်မိရင်
တော့ သမိုင်းကိုဘယ်လိုနားလည်သွားမလဲဆိုတာ တွေးပြီးပူပင်စရာပါ ။ ဒီလိုသိက္ခာရှိရှိ ရပ်တည်သင့်တဲ့
အများသိသတင်းနဲ့စာနယ်ဇင်းထဲမှာ သမိုင်းကို လက်လွတ်စပယ်ကောက်ချက်ဆွဲတာကတော့ အတော်ရုပ်
ဆိုးပါတယ်။ မနူဟာဘုရင့်မိသားစု သထုံကနေပုဂံအထိ ဘုရားကျွန်သွားခံမယ်ဆိုတာမျိုးကတော့ ဘယ်လို
မှ မဖြစ်နိုင်သလို နောက်လိုက် ၄၀ နဲ့ ကရင့်ပေပုရပိုဒ်တွေတင်ပြီး စစ်ဘေးရှောင်တိမ်းခဲ့တဲ့ ကရင်အမတ်ဖူ့
ဒိုက်ကော်ရဲ့ ဖြစ်ရပ်ဟာလည်း သက်သေရှိပါတယ်။ ဒီနေရာမှာ မွန်တွေရဲ့တင်ပြချက်တွေကို မြန်မာပြည်မ
သားတွေ ကြားဖူးကြမယ်တော့ မထင်ပါ။ မသိခြင်းတွေဟာ ထပ်ဆင့်မသိခြင်းတွေနဲ့ နားမလည်ခြင်းတွေ
ကို ဦးဆောင်သွားနိုင်သလို ပြည့်စုံတဲ့နောက်ခံတွေကို အခြေမခံပဲ တည်ဆောက်ထားတဲ့သမိုင်းဟာလည်း
စိတ်ကူးယဉ်သမိုင်းပဲ ဖြစ်ပါလိမ့်မယ်။

     တစ်ဆက်ထဲမှာပဲ မြန်မာပြည်မှာ တိုင်းရင်းသားပေါင်းစုံရဲ့ မတူကွဲပြားတဲ့သမိုင်းတွေနဲ့ တင်ပြချက်တွေရှိ
ကြတာကိုတော့ အတော်များများ သိကြကြားဖူကြမယ်လို့ ယုံကြည်ပါတယ်။ ဒါနဲ့ပါတ်သက်လို့ ကြုံရတာတစ်
ခုကိုကြည့်ရင် မနှစ်က သတင်းဋ္ဌာနတစ်ခုရဲ့ အင်တာဗျူးတစ်ခုမှာ (တိုင်းရင်းသား) ပညာရှင်အချို့ကနေ
တိုင်းရင်းသားတွေရဲ့သမိုင်းကို ကျောင်းသင်ရိုးညွှန်းတန်းထဲထည့်ဖို့ အဆိုပြုတဲ့ကိစ္စ ပါလာခဲ့ပါတယ်။ ဒီမှာ
တင် နိုင်ငံခြားရောက် ဗမာပညာတတ်အချို့က အကြောက်အကန်ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ပုဂ္ဂိုလ်
ရေးအရကော အခြားဘယ်အကြောင်းနဲ့မှ မဝေဖန်လိုပေမယ့် သိပ္ပံစက္ကူလို့ခေါ်ကြတဲ့ litmus paper အလုပ်
လုပ်ပုံကို သွားသတိရမိပါတယ်။ သူတို့ရဲ့တုန့်ပြန်ပုံဟာ ဒီကနေ့ မြန်မာပြည်သူပြည်သား (ဗမာ) တွေရဲ့ စိတ်
နေစိတ်ထားကို တစ်စိတ်တစ်ပိုင်း ဖေါ်ကျူးပေးတယ်လို့ မြင်ပါတယ်။ လူတိုင်းရှိကြတဲ့အတ္တစွဲနဲ့ တုန့်ပြန်တာ
ကို မှားတယ်လို့မဆိုချင်ပါဘူး။ ဒါပေမယ့် အခြားတစ်ဖက်က သူတို့သိမထားခဲ့တဲ့ သမိုင်းရဲ့အစိတ်အပိုင်းတွေ
ကို မြင်နိုင်ဖို့အခွင့်အရေးတစ်ခု လက်လွတ်လိုက်ကြသလို ဖြစ်သွားတယ်လို့ မြင်ပါတယ်။ ဒီကနေ့ မြန်မာ
ပြည်ကျောင်းတွေမှာ သင်နေရတာနဲ့ အပြင်မှာရှိတဲ့ မှတ်တမ်းမှတ်ရာအများစုဟာ ဗမာတွေရဲ့သမိုင်းကို ဗဟို
ပြုထားသလို အခြားတိုင်းရင်းသားတွေနဲ့ ပတ်သက်တာတွေမှာတော့ အကန့်အသတ်နဲ့သာ စာအဖြစ်တင်
ထားတာ (အချို့ကတော့ လုံးဝပျောက်နေတာ) ကို လူအများစုကနေ သတိပြုကြမိလိမ့်မယ်လို့ ယုံကြည်ပါ
တယ်။

     ကျနော့်အမြင်မှာကတော့ တိုင်းရင်းသားတွေရဲ့သမိုင်းကို ကျောင်းပြဋ္ဌာန်းစာအုပ်ထဲ ထည့်တာမထည့်
တာက နောက်တစ်ဆင့်မှပါ။ ပထမအဆင့်အနေနဲ့ မြန်မာပြည်မှာရှိတဲ့ လူမျိုးနွယ်စုတွေဆီမှာ မတူညီတဲ့
သီးခြားသမိုင်းကိုယ်စီ ရှိခဲ့ကြပြီး ရှေးဘိုးဘေးများရဲ့ (ကောင်းကောင်း မကောင်းကောင်း) လုပ်ဆောင်ချက်
တွေကြောင့် ဒီကနေ့အတူတကွ စုစည်းနေထိုင်နေကြရတဲ့အနေအထားကို ရောက်ရှိလာခဲ့တယ်ဆိုတာကို
ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ဖေါ်ထုတ်တင်ပြခွင့်ရှိကြဖို့ အခြေခံအားဖြင့်လိုပါတယ်။ ဒီလိုပြောလို့
အကန့်အသတ်မရှိ လုပ်ချင်ရာလုပ်ဖို့ ၊ ထင်ရာမြင်ရာအဆိုပြုကြဖို့ ပြောတာမဟုတ်ပါဘူး။ မှန်ကန်တဲ့သ
မိုင်းကြောင်းတွေကို စေတနာသန့်သန့်နဲ့ တတ်စွမ်းသမျှ လက်လှမ်းမှီသမျှ အတတ်ပညာနည်းပညာတွေကို
သုံးစွဲဖေါ်ထုတ် သင်္ခန်းစာတွေယူပြီး မြန်မာပြည်သူပြည်သား အားလုံးအတွက် အကျိုးရှိနိုင်မယ့် အနာဂါတ်
ကို ဦးတည်လျှောက်လှမ်းနိုင်အောင်၊ လမ်းကြောင်းရှာနိုင်အောင်ရယ်ပါ။ ဒီနေရာမှာ အမေရိကန်နိုင်ငံရဲ့
ပုံပမာနဲ့ နည်းနည်းခိုင်းနှိုင်းချင်ပါတယ်။ မျက်နှာဖြူတွေလည်း အရင်ကသူတို့ဖက်သူတို့ယက်ပြီး သူတို့ပဲ
အလွန်ကောင်းခဲ့လေဟန် (လူများစုက) လုပ်ခဲ့ပေမယ့် မျက်မှောက်ကာလမှာတော့ သမိုင်းထဲက သူတို့ရဲ့
လုပ်ရပ်အမှားတွေကို အမှန်အတိုင်းထုတ်ဖေါ်ဝန်ခံပြီး ဋ္ဌာနေလူနီ (သို့မဟုတ်) အခြားဒေသခံတွေနဲ့ အမြင်
ရှင်းရှင်းလက်တွဲနေထိုင်နိုင်ဖို့ ဆုံးဖြတ်လျှောက်လှမ်းခဲ့ကြပါတယ်။ ဒီကနေ့ အမေရိကန်ဟာ ယဉ်ကျေးမှု
ပေါင်းစုံ ဆုံစည်းရောနှော ပျော်ဝင်ရာ (the melting pot) လို့ တင်စားခေါ်ဝေါ်တာခံရပြီး လူသားအားလုံး
အတွက် အခွင့်အလမ်း တန်းတူ (နီးပါး) ရှိတဲ့ ဒေသ (နိုင်ငံ) အဖြစ်နဲ့ရပ်တည်နေတာဟာ အတုယူချင်ရင်
နမူနာကောင်းတစ်ခုပါ။ (ချွင်းချက်နဲ့ အခက်အခဲတွေကိုတော့ ကောင်းကျိုးနဲ့စာရင်နည်းတာမို့ သီးသန့်မ
ပြောတော့ပါဘူး)။ ဒီလိုဆင်တူရိုးမှားပုံစံကို သြစတြေးလျနိုင်ငံမှာလည်း တွေ့ရနိုင်ပါတယ်။ အနောက်နိုင်ငံ
သားတွေဟာ မကောင်းတာလုပ်သူတွေ အများကြီးရှိသလို မတရားတာကိုလက်မခံပဲ ရဲရဲဝံ့ဝံ့ရင်ဆိုင်မယ့်
သူတွေ၊ အမှန်တရားဖက်က ဝိုင်းဝန်းရပ် တည်ပေးမယ့်သူတွေ ဘယ်တုန်းကမှ မလျော့နည်းခဲ့တာဟာ
အတုယူသင့်တဲ့ ကိစ္စတစ်ခုပါ။

     ဒီကနေ့မြန်မာပြည်ရဲ့ အနေအထားတစ်ခုကိုပဲ ကြည့်ကြရအောင်။ အာဏာပိုင်တွေရဲ့အလိုအရ မြန်မာ
ပြည်ရဲ့ တိုင်းရင်းသားမျိုးနွယ်စုပေါင်းဟာ အရင် ၁၃၅ မျိုးကနေ အခုဆို လိုသလိုဖေါ်ထုတ်ရင်း ၁၄၀ မက
ဖြစ်နေလောက်ပါပြီ ။ ဒါပေမယ့် ဘယ်လိုခွဲခြားရေတွက်ကြသလဲဆိုတာ ဘယ်တော့မှ ထင်သာမြင်သာ
အောင် အသေးစိတ်ရှင်းရှင်းလင်းလင်း မပြောကြတာကို အခြေခံအားဖြင့်တွေ့ရပါတယ်။ သာမန်မြန်မာ
ပြည်သားတစ်ဦးကိုမေးရင် ဗမာ၊ မွန်၊ ရှမ်း၊ ချင်း၊ ကချင်၊ ရခိုင်၊ ကယား၊ ကရင်ဆိုတဲ့ အဓိကလူမျိုးနွယ်တွေ
ရဲ့နောက် ပအို့ဝ်၊ ပလောင်၊ ဝ၊ လီဆူး၊ ပဒေါင်၊ ဓနု၊ ထားဝယ်၊ လားဟူတွေလောက်ပြီးရင် ဆက်ရွတ်ဖို့အ
တော်လေး နှေးကွေးလာပါလိမ့်မယ်။ လူမျိုးနွယ်စု ၁၀၀ ကျော်လို့ ပြောတဲ့အထဲမှာ ချင်းတစ်မျိုးထဲတင် ၆၂
မျိုး ပြန်ခွဲထည့်ထားတာကျတော့ ရှင်းမပြနိုင်ကြတော့ပါဘူး။ တွေးစရာက သက်ဆိုင်ရာသမိုင်းတွေကို
ဖျောက်ဖျက်တဲ့အပြင် မျိုးနွယ်စုတွေ အသေးစိတ်တွေထပ်ခွဲပြီး သွေးခွဲစနစ်ကိုကျင့်သုံးဖို့ ကြိုးစားနေကြ
သလား၊ မဟုတ်ရင်လည်း အတင်းလွမ်းမိုးချုပ်ကိုင်နိုင်ဖို့ အကြောင်းပြကောင်းအောင် တမင်ဆင်ထားတာ
လားဆိုတာကိုပါ။

     တကယ်ဖြစ်ပျက်ခဲ့တဲ့သမိုင်းဆိုတာ ပြင်လို့ရကောင်းတဲ့အရာတွေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပြင်နေ
ကြပါတယ်။ အမှန်ကတော့ ဖြစ်ပြီးတာကို ဘယ်လိုမှပြင်လို့မရတာ အားလုံးအသိပါ။ သက်ဆိုင်ရာလူတွေရဲ့
အမြင်အသိကိုသာ ပြင်ဖို့ကြိုးစားနေကြတာပါ။ (ဦးအောင်ခင်ရေး ထားတဲ့ “အရပ်သားအမြင်နဲ့ စစ်သားအ
ထင်” ဆိုတဲ့ဆောင်းပါးနဲ့ နှိုင်းယှဉ်ချိန်ထိုးပြီး တွေးလို့ရမယ်ထင်ပါတယ်။) သတိပြုစရာက ဗမာတွေဟာ
ကိုယ့်သမိုင်းကိုယ်စိတ်ကြိုက်ရေးရင်း ကိုယ်ဖြစ်စေချင်တာတွေကို အမှန်ထင်နစ်မျောနေမိကြသလားဆိုတာ
ပြန်မဆန်းစစ်ကြရင် ရေရှည်မှာအခက်ကြုံစရာတွေ အများကြီးရှိလာနိုင်ပါတယ်။ ဒီနေရာမှာ တစ်ခုသတိ
ပေးချင်တာက (ဆရာ) ဒေါက်တာသန်းထွန်းဟာ လူအများလေးစားခံရတာ သိကြမှာပါ။ ဒါပေမယ့် မြန်မာ
ပြည်နိုင်ငံရေး အခြေအနေအရ သူအပါအဝင် နိုင်ငံရေးသမား၊ သမိုင်းဆရာတွေဟာ သူတို့သိသမျှ အပြည့်
အစုံကို မှန်မှန်ကန်ကန်ပြောနိုင် ရေးနိုင်ခဲ့ကြရဲ့လားဆိုတာ သံသယရှိစရာပါ။ တစ်ခုရှိတာက သူတို့ရဲ့အသိ
ပညာနဲ့ရိုးသားမှုကို မေးခွန်းထုတ်တာမဟုတ်ဖူးဆိုတာတော့ နားလည်စေချင်ပါတယ်။ ခုချိန်မှာ သက်ရှိသ
မိုင်းအချို့ ကျန်ရစ်နေကြတုန်းပါ။ သူတို့သိသမျှ အမှန်တွေကို စာအက္ခရာပြည့်ပြည့်စုံစုံ တင်နိုင်ကြရင်တော့
ဖြင့် ၂၀ ရာစုမှာ လိုနေခဲ့တဲ့ကွက်လပ်အချို့ကိုဖြည့်ဖို့နဲ့ လိုရာဆွဲဝါဒဖြန့်ခဲ့တာအချို့ကို တန်ပြန်ခြေဖျက်နိုင်
ကောင်းပါတယ်။

     သမိုင်းမှာပြန်ကြည့်ရင် မြန်မာပြည်ကို မွန်ဂိုတွေလာတိုက်စဉ်အခါက မွန်ဂိုစစ်သူကြီးကို စီးချင်းထိုးပြီး
အနိုင်ယူပေးခဲ့သူဟာ မွန်သူရဲကောင်းသမိန်ဗရမ်းပါ။ ဗမာဘုရင်ကို မသတ်ခဲ့တာ၊ ဗမာအမတ်တွေကို မသေ
အောင် သတိပေးခဲ့သူဟာ (လူ ၁၀၀ နဲ့ ၄၀၀ မတန်တဆအတိုက်ခံရပြီး ကျဆုံးခဲ့တဲ့) မွန်သူရဲကောင်း
လဂွန်းအိမ်ပါ။ ဒီအဖြစ်တွေနဲ့တင် မြန်မာ့သမိုင်းကို ပြောင်းပြန်မလှန်နိုင်ရင်တောင် ဒီကနေ့ကျနော်တို့သိတဲ့
မြန်မာနိုင်ငံကြီးဆိုတာနဲ့မတူတဲ့ ပြောင်းလဲမှုတွေကို ပေးနိုင်ခဲ့မှာသေချာပါတယ်။ ဒါပေမယ့်တကယ်တန်း
ကျတော့ မွန်တွေမှာ အပြန်အလှန်အသိအမှတ်ပြုတာကို မခံကြရတဲ့အပြင် လူမျိုးနဲ့ယဉ်ကျေးမှုကိုပါ ဝါးမျို
ခံနေရပါတယ်။

     သမိုင်းမှာ ဗမာတွေကံကောင်းတာ တစ်ခုရှိပါသေးတယ်။ ဘုရင့်နောင်လက်ထက်မှာ နန်းတွင်းကို ဓါးစာ
ခံအဖြစ်ခေါ်ထားခဲ့တဲ့ နာရက်စူဝမ်မင်းသားဟာ သူဘုရင် (King Naresuan the Great) ဖြစ်လာတဲ့အခါမှာ
စီယံ (Siam) လို့ခေါ်တဲ့ ကနေ့ထိုင်းနိုင်ငံကို ပြန်စုစည်းပြီး အင်းဝကို စစ်သည် ၁ သိန်းနဲ့ချီခဲ့ရာမှာ လမ်းတစ်
ဝက်မှာ နတ်ရွာစံခဲ့တာကြောင့် သမိုင်းတစ်ပတ်မလည်ခဲ့တာ ဖြစ်ပါတယ်။

     ကျနော်တစ်ယောက်ထဲအမြင်အနေနဲ့ အဓိကအဆိုတစ်ခုပြုချင်တာက “ဗမာ” တွေမှာ အခြေခံကျတဲ့
စိန်ခေါ်မှုတစ်ရပ် ရှိနေပါတယ်။ အဲဒါကတော့ “ဗမာဆိုတာဘာလဲ ၊ ဘယ်လို အနက်အဓိပ္ပါယ်ဖွင့်ဆိုခံ
ယူပြီး သတ်မှတ်ရပ်တည်ကြမလဲ” ဆိုတာပါ ။ ထူးဆန်းကောင်းထူးဆန်းပါလိမ့်မယ်။ ဒါပေမယ့် ဗမာတွေရဲ့
ဆင်းသက်လာပုံ အဦးအစကို ပြန်ကောက်ကြည့်ရင် အစောပိုင်းဟာ အတော်အသင့်ဝေဝါးနေပြီး သွေးနှော
မှုတွေလည်း ရှိနေနိုင်တာတွေကို သတိထားမိကြရင်တော့ ဒီမေးခွန်းကို ပိုပြီးအမြင်ကြည်နိုင်ကြမယ်လို့ ယုံ
ကြည်ပါတယ်။

     ဗမာတွေနဲ့ပတ်သက်လို့ အများသိတဲ့အချက်အချို့ကို ယေဘုယျ စီကြည့်ရအောင်။

** ဗမာတွေရဲ့ မူလအစကို အားလုံးလက်ခံနိုင်ကြမယ့် နောက်ခံသမိုင်းကို ရေရေရာရာစနစ်တကျ သုတေ
သနပြု တည်ဆောက်အဆိုပြုထားချက်တွေ ခုထိမရှိသေးဘူးလို့ ယေဘုယျပြောလို့ရပါတယ်။ အိန္ဒိယ
နောက်ခံနဲ့ သာကီနွယ်လိုလို၊ တိဘက်ကဆင်းလာတဲ့ အနွယ်လိုလိုနဲ့ ဗမာအစ တကောင်းက၊ ဗမာအစ
ကျောက်ဆည်ကအပြင် လူသားအစ ပုံတောင်ပုံညာကဆိုပြီး အဆက်အစပ်သက်သေပြမှုဝေဝါးဝါးတွေရဲ့
ရောသမမွှေချက်တွေဟာ နားလည်ရပိုခက်လာစရာတွေပဲ ဖြစ်နေပါတယ်။ ဗမာလူမျိုးကို တိဘက်-မြန်မာ
စကားအုပ်စုထဲ ထည့်သွင်းခံထားရပေမယ့် စကားမှာလည်း ခုထိဆက်စပ်သက်သေပြလို့ မရကြသေးပါဘူး။

** ပုဂံမတိုင်ခင် ပျူလူမျိုးတွေအပြင် ကမ်းယံနဲ့ သက်လူမျိုးတွေ ရှိခဲ့ကြတယ်လို့ဆိုတယ်။ ပျူပြည်ပျက်တယ်
လို့ သိကြရပြန်ပါတယ်။ ပျူ၊ ကမ်းယံ၊ သက်တွေဟာ ဒီကနေ့ဘာလူမျိုးလဲ၊ ဘယ်ကိုပြောင်းသွားကြလဲ၊ မျိုး
ပြုတ်သွားလား၊ ဗမာတွေကမျိုးဖြုတ်လိုက်တာလား၊ ဗမာတွေကိုယ်တိုင်က အဲဒီလူမျိုးတွေရဲ့ အဆက်အနွယ်
သို့မဟုတ် သွေးနှောသူတွေလား။ မေးစရာမေးခွန်းတွေအများကြီးရှိပေမယ့် မှတ်တမ်းသက်သေတွေမရှိ သို့
မဟုတ် ရှာမတွေ့သေးတာကြောင့် အတူနေခဲ့တာသော်လည်းကောင်း၊ သွေးနှော ရောထွေးသွားတာသော်
လည်းကောင်း ယူဆလို့ရနိုင်ပြန်ပါတယ်။

** ပုဂံခေတ်ကတည်းကစပြီး မွန်တွေနဲ့ကူးလူးဆက်ဆံမှု အတော်များများတွေ့ရတာကြောင့် မွန်-ဗမာသွေး
နှောမှုတွေ အတော်ရှိခဲ့တယ်လို့လည်း ကောက်ချက်ဆွဲအဆိုပြုလို့ ရနိုင်ပြန်ပါတယ်။ အင်းဝခေတ် မွန်-ဗမာ
နှစ်လေးဆယ်စစ်ပွဲလိုမျိုး အကြိတ်အနယ်တိုက်ခိုက်နိုင်ခဲ့ကြတဲ့ မွန်လူမျိုးတွေဟာ ကနေ့အချိန်မှာ ဗမာတွေ
ထက် လူဦးရေအဆမတန်နည်းနေတာ၊ မွန်ဒေသတွေဖြစ်တဲ့ မြန်မာပြည်အောက်ပိုင်းတစ်ခုလုံး ကနေ့မြန်
မာပြည်ထဲ ပါဝင်ဖွဲ့စည်းထားတာဟာလည်း ထည့်တွက်စရာပါ။ ယေဘုယျအားဖြင့်တော့ သွေးနှောသွား
တယ်လို့ပဲ ဆိုလို့ရနိုင်ပါတယ်။ (မွန်ပြည်နယ်သတ်မှတ်ဖို့လုပ်စဉ်တုံးက ဖွဲ့စည်းပေးခဲ့တဲ့ စုံစမ်းရေးကော်မရှင်
ကလည်း ဒါကိုအတည်ပြုပေးခဲ့ပြီးပါပြီ) ။ အထူးသဖြင့် အောက်ပြည်ဖက်မှာဆိုရင် တစ်ခါတစ်ရံ ဆုံလာသူ
တွေထဲက မွန်၊ ကရင်တိုင်းရင်းသားပုံတွေ ပေါက်နေပေမယ့် သူတို့ကိုယ်ကို ဗမာလို့ပဲ ပြောနေကြသူတွေကို
တွေ့ဖူးမြင်ဖူးကြမှာပါ။ (နောက်တစ်မျိုးကတော့ ကပြားမှန်းသေချာပေမယ့် လူမျိုးတစ်ဖက်ကိုပဲ ခံယူထားတဲ့
သူတွေပါ။ ကိုယ်ပိုင်မြင်မိတာကတော့ ယေဘုယျအားဖြင့် ရခိုင်ကလေးတစ်ယောက်ကို ကျနော်မွေးစားလို့
သူကရင်စကားပြောပြီး သူ့ကိုယ်သူ ကရင်လို့ခံယူရင် သူဟာကရင်ပါပဲ။ ကျနော့်သားသမီးဖြစ်ပေမယ့် အ
ကြောင်းတစ်စုံတစ်ရာကြောင့် ချင်းမိသားစုထဲရောက်ပြီး ချင်းစကားပြော၊ သူ့ကိုယ်သူ ချင်းပါဆိုရင် ကျနော်
လက်ခံရမှာပါပဲ)။

** အစောပိုင်းခေတ်မှာ ရှမ်းတွေအထက်ဗမာပြည်ကို အောင်နိုင်ပြီး နှစ်ပေါင်းများစွာ (ကြီးစိုး) အုပ်ချုပ်ခဲ့
တာဟာလည်း သမိုင်းမှာအထင်အရှားပါနေတာမို့ ကူးလူးဆက်ဆံမှု၊ သွေးနှောမှုတွေကတော့ အထူးထပ်
ပြောစရာကိုလိုမယ်မထင်ပါဘူး။

** ဘန်ကောက်ပို့စ်သတင်းစာမှာ ယိုးဒယားပညာရှင်တစ်ဦး တင်ပြချက်ကိုမြင်ဖူးပါတယ်။ သူ့အဆိုအရ
ပုဂံခေတ် (နှောင်း) ဝန်းကျင်ယိုးဒယားနိုင်ငံနယ်နိမိတ်ဟာ ပုဂံအောက်နားအထိအောင်ရောက်နေခဲ့ပါတယ်။
ဒီနေရာမှာ သတိပြုစရာက မြန်မာပြည်သူပြည်သားတွေ မသိသေးတဲ့ (အချို့လည်း မသိချင်တဲ့) ရှည်လျား
ရှုပ်ထွေးတဲ့သမိုင်းနဲ့ ရှေးအရင်ရောက်ရှိနေထိုင်ခဲ့သူတွေကို ထည့်မတွက်ပဲ မဖြစ်ပါဘူး။ မြန်မာ့သမိုင်းမှာ
အသေးစိတ်မပါပဲ လစ်ဟာနေတဲ့ဒေသ အချိန်တွေကို အသေအချာလေ့လာရင်မြင်နိုင်ကြပါတယ်။ ဒါ့ပြင်
နယ်နိမိတ်ဆိုတာဟာလည်း အနောက်နိုင်ငံတွေ နယ်ချဲ့ပြီးနောက်ပိုင်းမှ ဖြစ်လာတာ ပညာရှင်တိုင်းလက်ခံ
ထားကြတဲ့အချက်ပါ။ အလွယ်ဆုံးနမူနာအနေနဲ့ပြောရရင် ကရင်ပြည်နယ် ဖာပွန်မြို့တစ်ဝိုက်ကဥယျာဉ်ခြံ
တွေဟာ ကနေ့ထိုင်းနိုင်ငံမှာရှိတဲ့ မြေရှင်တွေကပိုင်ဆိုင်ခဲ့တာကြောင့် ဒုတိယကမ္ဘာစစ်မပြီးခင်အထိ သူတို့
ပိုင်တဲ့ ဥယျာဉ်ခြံမြေတွေအတွက် အဌားခ (သီးစားခ) လာကောက်နေခဲ့ကြတာကို နယ်ခံလူကြီးများအဆို
အရ သိရပါတယ်။ စစ်ပြီးနောက် နယ်နိမိတ်တွေ အတိအကျလုပ်ကြတဲ့အခါမှာတော့ သူတို့မြေတွေကိုဆုံးရှူံး
သွားကြရပြီး သီးစားခကောက်ခံတာတွေလည်း ရပ်ဆိုင်းသွားခဲ့ရပါတယ်။ ဆိုချင်တာက မြန်မာ့သမိုင်းဟာ
အခြားတိုင်းရင်းသားတွေနဲ့ အိမ်နီးချင်းလူမျိုးတွေရဲ့ သမိုင်းတွေနဲ့ တိုက်ဆိုင်ရှာဖွေဖေါ်ထုတ် လေ့လာမှတ်
တမ်းတင်ဖို့ လိုနေသေးတာကိုပါ။

** တဆက်ထဲမှာ တရုပ်တွေဝင်တိုက်ခဲ့တာတွေ၊ ယိုးဒယား ရခိုင် စစ်တကောင်းစစ်ပွဲတွေကအစ ခေတ်
အဆက်ဆက် စစ်ချီစစ်တက်ခဲ့တာတွေဟာလည်း သွေးနှောစရာအကြောင်းတွေပါ။ အရင်ခေတ်တွေက
စစ်တို့ရဲ့ထုံးစံဖြစ်တဲ့ စစ်နိုင်သူတွေက ရှူံးသူရဲ့နယ်ထဲမှာ သူတို့လူတွေကို အခြေစိုက်နေရစ်စေခဲ့တာ (ဥပမာ
- အလောင်းစည်သူထားခဲ့တဲ့ ကနေ့ထားဝယ်တွေ၊ ဘုရင့်နောင်ထားခဲ့တဲ့ ကနေ့ယိုးဒယားကရင်အချို့၊
တနင်္သာရီဖက်က အချို့ရှမ်းရွာတွေ)၊ စစ်နိုင်တဲ့အခါ ရှူံးသူရဲ့ လက်မှု အနုပညာသည်တွေနဲ့ အသုံးဝင်မယ့်
သူတွေကို ထောင်သောင်းနဲ့ချီပြီး ပြန်ခေါ်လာတာ၊ ရွှေသမင် မင်းကြီးတာကလွတ်သလို ဘုရင်များရဲ့ လူမျိုး
ခြားမင်းသမီးတွေနဲ့ လက်ဆက်ခဲ့တာတွေကတော့ ရေတွက်လို့ ကုန်မယ်မထင်ပါဘူး။ ဒါဟာလည်း သွေး
နှောစေတဲ့ ပြယုဂ်တွေပါ။ သွေးစပ်သူ (ကပြား) တွေကို ခေတ်အဆက်ဆက်မှာ မျိုးအပြုတ် သုတ်သင်ခဲ့ကြ
တယ်လို့ မှတ်တမ်းမှတ်ရာတွေ မရှိတဲ့အပြင် ပညာရှင်တွေရဲ့ ရှာဖွေ တွေ့ရှိချက်တွေအရ လူမျိုးတိုင်းသွေး
နှောနေကြတယ်ဆိုတာဟာလည်း ထည့်တွက်စရာပါ။ ချုပ်ရရင်တော့ ဒီကနေ့ ဗမာတွေဆိုတာဟာ ကိုယ့်
ကိုယ်ကိုဗမာလို့ နားလည်သတ်မှတ်နေလို့ ဗမာဆိုပြီးဖြစ်နေတာပါ။ ယဉ်ကျေးမှုနဲ့ ဓလေ့တွေမှာလည်း ဋ္ဌာ
နေခြံပေါက်ဆိုတာထက် အိန္ဒိယ၊ မွန်နဲ့ ယိုးဒယားတို့ဆီက ရလာတာတွေကို ရှိထားတာတွေနဲ့ ပေါင်းစပ်မွမ်း
မံပြီး အသုံးတည့်အောင် လုပ်ထားတာတွေဆိုတာ စိတ်ရှင်းရှင်းထားရင် မြင်နိုင်ကြပါတယ်။

     ဒါတွေ ထုတ်နှုတ်ပြနေတာဟာ ဗမာလူမျိုးကို တိုက်ခိုက်ချိုးဖဲ့ဖို့ ကြိုးစားဖို့မဟုတ်ပါဘူး။ အမှန်ကို ဝိုင်း
ဝန်းအဖြေရှာပြီး ကိုယ့်ကိုယ်ပိုင်လက္ခဏာ (identity) သတ်မှတ်ဖို့နဲ့ ရှေ့လျှောက်ဘယ်လို စိတ်ဓါတ်တွေ
ထားပြီး တွေးခေါ်လျှောက်လှမ်းကြမယ်ဆိုတာကို လမ်းကြောင်းဖေါ်နိုင်အောင် အခြေခံအုတ်မြစ်တွေကိုချ
နိုင်ဖို့ အဓိကထားထောက်ပြချင်တာပါ။

     ဒီနေရာမှာမြင်မိတာက လူကျင့်ဝတ်တွေနဲ့ ဖီလာဆန့်ကျင်တဲ့ မျိုးမစစ်တွေလို့နှိမ့်ချတွေးတောမယ့် အ
တွေးအမြင် စိတ်ဓါတ်တွေအစား အင်္ဂလိပ်တွေလို သွေးနှောပေမယ့် နိုင်ငံကြီး လူမျိုးကြီးတစ်ရပ်အနေနဲ့
ကမ္ဘာမှာ သိက္ခာရှိရှိ ရပ်တည်နိုင်ခဲ့တာမျိုးကို အားကျအတုယူကြလို့ရပါတယ်။ နှိုင်းယှဉ်ကြည့်ရင် ဗမာနဲ့
အင်္ဂလိပ်တွေရဲ့နောက်ကြောင်းပုံစံဟာ ဒီတစ်နေရာတော့ ဆင်တူယိုးမှာလို့တောင် ယေဘုယျဆိုလို့ရနိုင်ပါ
တယ်။ လူမျိုးအရ သွေးနှောမှုတွေရှိနိုင်သလို အိန္ဒိယ၊ မွန်၊ ယိုးဒယားတွေဆီက စာပေ၊ ယဉ်ကျေးမှုနဲ့ ပ
ညာတွေကိုယူဆောင်လာခဲ့ပြီး ကိုယ့်နဲ့ကိုက်ညီမယ့်အနေအထားကို ပေါင်းစပ်ပေးနိုင်ခဲ့လို့ ဒီကနေ့မြန်မာ
ပြည်မှာ အဓိကလူမျိုးစုအနေနဲ့ ရပ်တည်နေနိုင်တာဟာ အောင်မြင်တယ်လို့ ခေါ်လို့ရပါတယ်။ ဘယ်လူမျိုး
မဆို နှိမ့်ချအပြောခံရလို့ လူအဖြစ်ကနေ နိမ့်မလျှောသွားနိုင်ပါဘူး။ လက်ရှိပကတိကိုနားလည်လက်ခံပြီး
ဆက်လျှောက်သွားတာဟာသာ လက်တွေ့ကျတဲ့နည်းလမ်းပါ။ မြန်မာပြည် (နဲ့ အာရှ) ရဲ့ သဘောသဘာ
ဝအရ နိမ့်ကျနေတဲ့စိတ်ဓါတ်တွေကိုတော့ ကြီးကြီးမြင့်မြင့်ထားတတ်အောင် ပျိုးထောင်ဖို့လိုပါလိမ့်မယ်။

     မြန်မာပြည်မှာ ကနေ့အထိ အားနည်းနေတဲ့အဓိကတစ်ချက်ကတော့ ခေတ်မှီသမိုင်းပညာရှင်နဲ့ နည်း
ပညာ ကရိယာတွေအသုံးပြုတဲ့ လေ့လာမှုတွေပဲဆိုတာ ငြင်းလို့ရမယ်မထင်ပါဘူး။ ခေတ်ပြောင်းလဲနေ
သလို သမိုင်းကိုလေ့လာရာမှာလည်း အသေးစိတ်ဘာသာရပ်ခွဲတွေ၊ ဘာသာရပ်ကူးယှက်လေ့လာမှုတွေ
(cross displine) အပြင် စက်ကရိယာနဲ့ နည်းပညာအသစ်တွေကိုပါ တွဲစပ်သုံးပြီး လူသားမျိုးနွယ်တွေရဲ့
သမိုင်းဇစ်မြစ်ကို ပိုပြီးတိတိကျကျ ပုံဖေါ်လာနေကြတဲ့ အနေအထားကို ရောက်နေပါပြီ။ ချွင်းချက်တစ်ခု
တော့ ရှိပါတယ်။ ကိုယ့်သမိုင်းကိုယ် အတိအကျသိရရင် လက်ရှိတည်ဆောက်ထားပြီးတဲ့ အိပ်မက်နဲ့ စိတ်
ကူးတွေ ပြိုကွဲပြောင်းလဲသွားမှာ စိုးရိမ်နေရင်တော့လည်း ကိုယ်ပိုင်ရွေးချယ်မှုပါပဲ။

     ဒီလိုပြောနေတာတွေဟာ မနိုင်တဲ့ဇာတ်ကို ကဖို့ ကြိုးစားတယ်လို့ ပြောနိုင်ကြပါတယ်။ ဒီတော့ အပေါ်
ကရေးခဲ့သမျှတွေနဲ့ပတ်သက်လို့ မှတ်ချက်တစ်ခုပြုချင်တာကတော့ ဒီစာဟာ တွေးစရာအချို့ကို မျိုးစေ့ချ
ပေးရုံ ခြုံငုံတင်ပြဆွေးနွေးချက်တစ်ခုသာဖြစ်ပြီး သမိုင်းအပြည့်အစုံခင်းပြီးတင်ဆက်တဲ့ စာတမ်းတစ်စောင်
မဟုတ်တဲ့အတွက် ဖတ်သူရဲ့နောက်ခံနဲ့ သိမြင်နားလည်မှုအပေါ်တည်မှီပြီး အမြင်အတွေးတော့ အများကြီး
ကွာသွားနိုင်တဲ့ကိစ္စပါ။ ကျနော်ဟာ ဗမာပညာရေးစနစ်နဲ့ကြီးပြင်းလာတာမို့ သာမန်ဗမာတစ်ဦး နားလည်
ထားသလောက် တင်ပြထားတာဖြစ်ပါတယ်။ အကယ်၍ မြန်မာပြည်သမိုင်းအကြောင်းကို ပိုပြီးကျယ်ကျယ်
ပြန့်ပြန့် လေ့လာနားလည်ထားတဲ့ ဆွေးနွေးတင်ပြလိုသူများရှိရင်လည်း ကြိုဆိုပါတယ်။ ဒါပေမယ့် ကျနော်
ဟာ သာမန်ဗမာတစ်ယောက်ရဲ့ အခြေပြဇယား (meter) လို ကိုယ်စားပြုနေတာကြောင့် ကျနော်မှားတယ်
ဆိုတာ ထောက်ပြနိုင်သူအနေနဲ့ မြန်မာတစ်ပြည်လုံးက လူတွေပါသိအောင်၊ လက်ခံလာအောင် နောက်တစ်
ဆင့်လုပ်ဖို့လည်း လိုမှာသေချာပါတယ်။

     ထို့နည်းတူစွာပဲ တစ်ဖက်မှာ ပြောင်းပြန် ပြန်တွေးရင် မြန်မာပြည်ကလူမျိုးစုအတော်များများဟာလည်း
ဗမာနဲ့သော်လည်းကောင်း၊ အခြားမျိုးနွယ်စုများနဲ့သော်လည်းကောင်းး သွေးနှောနေနိုင်တာကို သတိပြုကြ
ရမှာဖြစ်ပါတယ်။ ယဉ်ကျေးမှုနဲ့ ဓလေ့ထုံးတမ်းတွေမှာလည်း ရောနှောသွားတာတွေရှိသလို ဗမာတွေလို
ပေါင်းစပ်ဆန်းသစ်တီထွင်မှုတွေ အားနည်းခဲ့လို့ တဖြည်းဖြည်း နောက်ကျကျန်ရစ်မယ့်အနေအထားကို ဦး
တည်နေကြတာလည်း ရှိပါတယ်။ ဒီလို နောက်ကြောင်းပြန်လှည့်လို့ မရနိုင်တဲ့အခြေအနေတွေဟာလည်း
မြန်မာပြည်မှာ လူမျိုးရေးခွဲခြားတဲ့ ဘယ်လိုအပြုအမူမျိုးကိုမှ လက်မခံသင့် မကျင့်သုံးသင့်တဲ့ အကြောင်းရင်း
ခံကြီးတွေလို့ မြင်မိပါတယ်။

    အချုပ်ဆိုရရင်တော့ ဗမာတွေကော အခြားတိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေအနေနဲ့ နောက်ပြန်
လှည့်လို့မရတော့တဲ့ ခါးသီးတဲ့အမှန်တရားတွေကို ရင်ဆိုင်လိုက်ပါ၊ ဆွေးနွေးတိုင်ပင်နှီးနှောကြပြီး ရှေ့
လျှောက်မယ့်လမ်းကို စုပေါင်းအုတ်မြစ်ချလိုက်ကြပါ၊ ယှဉ်တွဲနေထိုင်နေကြတဲ့ ဘယ်လူမျိုး ဘာသာ ဝါဒ
အဆင့်အတန်းမျိုးနဲ့မဆို အတူရင်ပေါင်တန်းပြီး အကျိုးရှိမယ့်အနာဂါတ်ဆီကို စာမျက်နှာသစ်တစ်ခု ရဲရဲဝံ့ဝံ့
ဖွင့်လိုက်ကြစမ်းပါလို့သာ စေတနာရှင်းရှင်းနဲ့ တိုက်တွန်းလိုက်ချင်ပါတယ်။


မန်းကိုကို
၁၅၊ ၀၂၊ ၂၀၁၁

မှတ်ချက် - မြန်မာ့သမိုင်း ကျောင်းသုံးသင်ရိုး၊ မန်းသင့်နောင်(ကော့ကရိတ်)ရဲ့ ကရင်ပြည်နယ်သမိုင်း၊ အီးအန်စီထုတ် စာအုပ်တွေ၊
              နိုင်ဖေသိန်းဇြာရဲ့ ဥက္ကဌကြီးနိုင်ရွှေကျင်နှင့် တော်လှန်ရေးသမားလိုစာအုပ်တွေအပြင် မှတ်တမ်းမရှိပဲကျော်ဖြတ်ခဲ့ဖူးတဲ့
              စာအုပ်စာပေတွေနဲ့ အင်တာနက်ထဲကခြုံငုံမိတာတွေကို သင့်တော်သလိုဆွဲယူသုံးစွဲတင်ပြထားတာဖြစ်ပြီး reference လို
              တိုက်ရိုက်ညွှန်းဆိုမှုတွေမဟုတ်ပဲ bibliography ဆန်ဆန် ယူငင်သုံးသပ်ထားတာမို့လို့ အမှားအယွင်းများပါခဲ့ရင်လည်း
              မူရင်းရေးသူတွေထက် ကျနော့်အမှားဖြစ်ဖို့များတယ်လို့ စကားပလ္လင်ခံထားပါရစေ။

16 comments:

  1. တုတ်ထမ်းပြီး ငြင်းရလိမ့်မယ်... (လို့.. ပြောကို မပြောချင်တော့ပါဘူး) :P

    ReplyDelete
  2. မန်းကိုကို မြန်မာနိုင်ငံကသမိုင်းပညာ၇ှင်နဲ့  အခုလက်၇ှိဖော်လံဖားအချို့ သောစာနယ်၇ှင်းသမားတွေကို လက်၇ှိ အခြေနေနဲ့ အဖြစ်မှန်ကိုမတင်ပြ မေ၇းသား၇ဲ၇င် သမိုင်းပညာ၇ှင်နဲ့  စာေ၇းဆ၇ာမလုပ်ပါနဲ့  လို့ ...(စိတ်နာတယ်..)

    ReplyDelete
  3. @ An Asian Tour Operator - ပုဂံရာဇဝင် ကျဉ်းကျဉ်းကလေးကိုတောင် တုတ်ထမ်းငြင်းဖို့ ရှိတဲ့နောက် လက်ရှိတစ်နိုင်ငံလုံးစာကတော့ ဒုံးကျည် အမြောက်တွေနဲ့ချိန်ပြီး ပြောကြရတာ ဘယ်ဆန်းမလဲ Datuk ရယ် ။

    တစ်ခုရှိတာက သမိုင်းကိုစိတ်ပါဝင်စားပြီး တကယ်တန်းလိုက်စားသူတွေများလာရင် ၊ လွတ်လွတ်လပ်လပ် လေ့လာဖို့ အခွင့်အရေးတွေရလာရင် ၊ မြန်မာပြည်သူ ပြည်သားတွေ ခုထက် အမြင်ပိုကျယ်လာပြီး သဘောထားကြီးနိုင်ကြရင် ၊ ဥစ္စာဓန ပညာတွေ ပိုကြွယ်ဝလာကြလို့ အချိန်တွေ ပိုရလာကြရင် ၊ အဲဒါတွေအပေါ်အခြေခံပြီး အဆင့်အတန်းမြင့် ပညာရှင်တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနိုင်ခဲ့ရင်တော့ တုတ်ထမ်းပြီး “ငြင်းရမယ်” ဆိုတာတဲ့ အနေအထားကနေ အိနြေ္ဒသိက္ခာရှိရှိနဲ့ “အဆိုပြု ၊ ဆွေးနွေးငြင်းခုံမှုတွေ” ဆီကို ဦးတည်သွားနိုင်မယ်လို့တော့ ယုံကြည်ပါတယ် ။


    @ taunthumin - သာမန်ကြည့်ရင်တော့ စိတ်နာစရာတွေနဲ့ အပြည့်ပါပဲ ။
    ဒါပေမယ့် သိရက်နဲ့ ထုတ်ပြောဖို့ အခွင့်အရေး အခြေအနေ အနေအထား မရှိတဲ့သူတွေ ၊ ရွေးချယ်သင်ကြား ပေးတာတွေလောက်သိပြီး အမြင်ကျယ်ဖို့ အခွင့်အရေးမရှိသူတွေလည်း ရှိသေးတာမို့ အချို့ကိုတော့ သံသယရဲ့အကျိုးကို ခံစားခွင့်ပေးတဲ့အနေနဲ့ “ဖေါ့”ပြီး စဉ်းစားပေးရတာမျိုးတွေ ရှိပါတယ် ။

    တဖက်မှာလည်း အပြစ်တင်စိတ်နာနေရုံနဲ့ မပြီးတာမို့ ကိုယ့်နဲ့ဆိုင်တဲ့ ဝတ္တရားတွေလို သဘောထားပြီး ကိုယ်သိတာတွေကို လက်ဆင့်ကမ်းသွားပေးဖို့ ကြိုးစားရင်တော့ ရေရှည်မှာ လက်ရှိအနေအထားထက် တစ်ဦးနဲ့တစ်ဦး ပိုနားလည်လာနိုင်ကြဖို့ လမ်းပွင့်လာမှာပါ ။ နောက်တစ်ခုက အသိခြင်းဖလှယ်တာတို့ လက်ဆင့်ကမ်းတာတို့ဟာ အခုလို အေးအေးဆေးဆေးအချိန်မှာပဲ ပြောနိုင်ခွင့် မျိုးစေ့ချနိုင်ခွင့် ရှိပါတယ် ။ မီးကုန်ယမ်းကုန် တိုက်ခိုက်သတ်ဖြတ်နေတဲ့ အခါလိုမျိုးမှာ (ဥပမာ ၈၈ ဆန္ဒပြတုန်း ၊ အီဂျစ် ဆန္ဒပြတုန်း လိုတွေအပါအဝင်) ဒါတွေ သွားပြောလို့ ဘာမှ ထူးမလာနိုင်ပါဘူး ။

    တကယ် စိတ်နာတယ် ၊ မကြေနပ်ဖူး ၊ ကိုယ်ဖြစ်စေချင်တာတွေ ရှိမယ်ဆိုရင်တော့ လုပ်သင့်တာတွေကို (ခံစားမှုတွေ ရှေ့တန်းမတင်ပဲ) တတပ်တအား လုပ်ကိုင်သွားဖို့ အားပေးချင်ပါတယ် ။

    ReplyDelete
  4. ကျောက်ကိုကိုFebruary 18, 2011 at 1:11 AM

    သမိုင်းကို လက်လွတ်စပယ်ရေးပြီး စတင်ဖျက်ဆီးသွားတဲ့ ပုဂ္ဂိုလ်ကြီး....
    လက်ထက်ကစလို့ ..ဗမာသမိုင်းတွေ ဖြစ်ချင်သလိုဖြစ်ကုန်တာပဲ

    ReplyDelete
  5. ကိုမန်းသို့၊ ရှောက်ပွိုင့်က ရေးစရာနေရာ မတွေ့တာကြောင့် ကူးယူဖေါ်ပြထားကြောင်း အသိပေးခွင့်တောင်းသွားပါတယ်။ အချိန်ဆင်းရဲလွန်းလို့ ခွင့်ပြုချက်ကျသည်ထိ စောင့်ဆိုင်းမသွားနိုင်တာ အပေါ်လဲ နားလည်ခွင့်လွှတ်ပေးပါရန် ပန်ကြားအပ်ပါတယ်။
    ကျန်းမာရွှင်လန်းချမ်းမြေ့ပါစေ။

    ReplyDelete
  6. @ ကျောက်ကိုကို (ခ) ကျောက်ဟေကို - နာမည်လေး တပ်သွားပါဦးလား ခင်ဗျ ၊ ခုဟာက ပဟေဠိလုပ်သွားလေတော့ ဦးနေဝင်းများလား ၊ ဦးကုလားအတွက်လည်း မျက်ခုံးကခပ်လှုပ်လှုပ် ၊ မဟုတ်ရင်လည်း ရမ်းသမ်းပြောပါတယ်လို့ တခါတရံ အစွပ်စွဲခံရတဲ့ ဒေါက်တာလုစ်လိုလို ဖြစ်နေပါ့မယ်ဗျာ ၊ :-)


    @ Zaw Myo Lwin - ကူးပါဗျာ ၊ ကူးပါ ။ အသိအမှတ်ပြုသူတွေ ရှိရင်ပဲ ဝမ်းသာရမှာပါ ။

    ဘလော့ရဲ့ ညာဖက်အပေါ်ထောင့်မှာ ရေးထားသလိုပဲ ဒီဘလော့က စာတွေကို ဘယ်သူမဆို လွတ်လွတ်လပ်လပ် ယူသုံးနိုင်ပါတယ် ။ လွတ်လွတ်လပ်လပ် ဆိုတဲ့နေရာမှာ တဆင့်ခံ မှီးငြမ်းထားသူတွေကလွဲရင် ကျနော့်နာမည်ကို မထည့်ပဲ (credit မပေးပဲ) သုံးတဲ့အထိကို ခွင့်ပြုပါတယ် ။ အပြည့်သုံးသုံး ၊ တစ်ပိုင်းဖြတ်သုံးသုံး ၊ ပိုကောင်းအောင်ဖြည့်ပြီးသုံးသုံး စိတ်ကြိုက်လုပ်လို့လည်း ရပါတယ် ။

    တစ်ခုပဲ စကားလေး ခံထားချင်တာက - မူလရည်ရွယ်ချက်နဲ့ အဓိပ္ပါယ် လွဲသွား ပျောက်သွား သို့မဟုတ် လိုရာဆွဲပြီး အပျက်သဘောဆောင်အောင် လုပ်မှာတွေကိုတော့ မလိုလား မမျှော်လင့်ဖူး ဆိုတာပါ ။ စကားခံတယ် ဆိုတဲ့အတိုင်းပဲ လုပ်သူတွေရှိရင်လည်း ဘာမှတော့ မတတ်နိုင်ပါဘူး ။ ဖြစ်စရာရှိတာတွေကတော့ ဖြစ်လာမှာပါပဲ ။

    ဘယ်လိုပဲဖြစ်ဖြစ် ခွင့်တောင်းသွားတာရော တနိုင်တပိုင် ဝိုင်းတင်ပေးတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ်ဗျာ ။

    ReplyDelete
  7. Yes Mann ko ko,

    I agree about your article.I worked in Thanintharyi town in 1990 plus.
    I met shan national there alot.
    I had been visited the whole Chin Hill and several acient temples in central Burma.
    I worked for a scholar author from french for Burmese Murals Painting.So, Mural paintings are precious.
    My father is Arakan andmom is Mon.
    I can speak bamar,english, japanese . alittle arakan and alittle mon bc of I live in Rangoon.
    Thank you very much for your article.I really apreciate that.
    Keep in touch.
    Dr.MYL

    ReplyDelete
  8. လာဖတ်တာရော ၊ တန်ဖိုးထားတာရော ၊ ထောက်ခံပေးသွားတာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ် ခင်ဗျ ။ ကျနော်လည်း မဖြစ်ညစ်ကျယ်လောက်နဲ့ ကြိုးစားတင်ပြလိုက်တာ တုန့်ပြန်မှုတွေ သိပ်မတွေ့ရတော့ ကိုယ်ပဲလိုသွားသလား ၊ ထောက်ပြစရာ မရှိကြလို့လား ၊ လက်မခံနိုင်ကြလို့လား ၊ ရေးခဲ့သလိုပဲ တည်ဆောက်ထားပြီးသား အိပ်မက်တွေ ပျောက်သွားမှာပဲ စိုးသလား ၊ အမှန်ကို ရင်မဆိုင်ချင်ကြတာလားနဲ့ တွေးစရာတွေ များနေခဲ့တာပါ ။

    တကယ်တန်းမှာ နံရံကပ်ပန်းချီတွေအပါအဝင် သမိုင်း ၊ သမိုင်းဝင်ရုပ်ပစ္စည်းနဲ့ နေရာဒေသတွေကို ထိမ်းသိမ်းလေ့လာ ဖေါ်ထုတ်ဖို့တွေဟာ ကျနော်တို့အားလုံးရဲ့ လုပ်သင့်တဲ့ ဝတ္တရားတွေပါ ။ ခုတော့ ဘယ်အချိန်ပျက်စီးမလဲနဲ့ လာဖျက်ဆီးလေမလဲလို့ တစ်ပိုင်းတစ်စအသိတွေနဲ့ ထိုင်စောင့်နေကြရတဲ့ အနေအထားမှာ ရောက်နေတာဟာ အတော်မသင့်တော်တဲ့ စိတ်မကောင်းစရာ အခြေအနေပါ ။ ဒီကြားထဲ အတ္တအခြေခံ တလွဲဆံပင်ကောင်းပြီး ပြည်တွင်းစစ်အပါအဝင် အပျက်သဘော ဆောင်နေတာတွေကတော့ အထူးအပိုဆုလို့တောင် နာမည်တပ်ရမလိုပါပဲ ။

    တနင်္သာရီဖက်မှာ ယိုးဒယာရှမ်းရွာတွေရှိတာ ဟုတ်ပါတယ် ။ ကျနော်လည်း ထိုင်းနိုင်ငံထဲမှာနေမှ သိခဲ့ရပါတယ် ။ အချို့ရှမ်းရွာတွေမှာ မြန်မာပြည်ဖက်က မှတ်ပုံတင်တောင် လုပ်မပေးပဲ “ညစ်” ထားတာကြောင့် ထိုင်းနိုင်ငံက သူတို့ကို ခရီးသွားမှတ်ပုံတင်များ စီစဉ်ပေးနိုင်မလားလို့ အသနားခံတဲ့သတင်း ဖတ်ရလို့ သိခဲ့ရတာပါ ။ ကရင်ပြည်နယ်ဖက်မှာလည်း အချို့ရှိပေမယ့် ရမ်းသမ်းမပြောချင်လို့ ချန်ထားခဲ့တာပါ ။ သေချာတာတစ်ခုကတော့ အလွယ်တကူ တွေ့နိုင်တဲ့ ရှေးဟောင်းအမွေအနှစ်တွေဟာ ကုန်သလောက် ရှိနေပြီဆိုတာပါ ။ စိတ်မကောင်းပေမယ့် ခုထိတော့ လက်ပိုက်ကြည့်နေရတုန်းပါ ။

    လူမျိုးကိစ္စမှာလည်း ကျနော်ဟာ ကရင်သွေးများပြီး ကရင်လို့ ခံယူထားလို့ ကရင်ဖြစ်နေတာပါ ။ (ကျနော့် “ဘေး” တော်သူတစ်ဦးကတော့ မွန်စကားကိုတော့ မွတ်နေအောင်ပြောနိုင်သူလို့ သိရပါတယ် )။ အသေးစိတ်ကို နောင်မှ ပို့စ်တစ်ပုဒ်ရေးဦးမယ်လို့ စိတ်ကူးပါတယ် ။

    နောင်ကို လက်လှမ်းမီသမျှ သမိုင်းအကြောင်းအရာတွေကို လေ့လာသွားဖို့ စိတ်လည်းရှိပါတယ် ။ ကျနော်ဟာ ပညာရှင်မဟုတ်လို့လည်း တစ်ကြောင်းကြောင့် အားနည်းချက်တွေ အများကြီးရှိနေမှာ သေချာပါတယ် ။ ဒါကြောင့် အကြံပြုချင်တာ ၊ ညွှန်ချင်တာတွေ ရှိရင်လည်း အားမနာတမ်း ပြောနိုင်ပါတယ် ။ ကျေးဇူးတင်ပါတယ် ။

    ReplyDelete
  9. ဟဲဟဲ ကိုမန်းရယ်
    ဗမာသမိုင်းဆိုတာကြီးကို ကောက်နေတယ် ဖြောင့်ရအောင် ဆိုတာကတော့ ဂေါ်ဇီလာ အမြီးဆွဲသလိုပါဘဲ ။
    ဒီပြဿနာကြီးကိုမကိုင်ခင် အချက် က ၂ခုဗျ
    ကောက်နေတယ်ဆိုမှာ ဘယ်လောက်ထိကောက်နေတာလဲ ။ ကောက်နေတာကိုရော ဘယ်သူတွေက ဖြောင့်မလဲ ဒီလိုကိုး ။
    ကိုမန်းက ဟိုးပုဂံတွေ ဇလုံတွေနဲ့  ချီတော့ ပြောမဆုံပေါင် တော ၃ထောင် နှံ့ တော့မှာပေါ့ဗျာ ။
    အဲလို သမိုင်းတွေ ဘာတွေ လိမ်တာတွေ ချီလိုက်တာနဲ့  ထုလို့ လွယ်တဲ့  နေ၀င်းကြီး ဆော်ထည့်ပြီး ပြီးသွားရင်တော့ လောကကြီး တော်တော်လွယ်တာဘဲ :P
    ဗမာ့ သမိုင်းလို့ ဆိုလိုက်ရင် ခုထက်ထိကို နိုင်ငံတကာ စံတွေနဲ့  ညှိလို့  ရနိုင်တဲ့  သမိုင်းကျမ်းတစောင်ကိုမှ ဗမာပညာရှင်တွေ အတည်ပြုထားနိုင်တာ မရှိသေးလို့ သာ အဆိုပြုချင်ပါတယ် ။ အဲဒါကိုဘယ်သူ လုပ်မလဲ ဆိုတော့ ကျွန်တော်လဲ မပြောတတ်ပါခင်ဗျား
    ဒါပေမဲ့ အထောက်အထား ဆိုတာကိုတော့ သတိထားကြစေချင်တယ် ။
    ဒါကိုပြောရတာက ကိုယ်တိုင် ပါဝင်ခဲ့တဲ့ သူတွေရဲ့  သက်သေခံချက်ကိုတောင်အတည်ပြုမရနိုင်တာတွေ့ နေရလို့ ပါ
    သတိထားမိတဲ့ အထဲက အစလေး တချို့ ဆွဲပြရရင်
    101 ကျော်ဝင်းမောင်ရဲ့  အတွေ့ အကြုံများမှာ ဗိုလ်မှူးဗထူးကို ဗိုလ်မှူးကြီးဗထူးလို့  ဂျမ့်ပမိုးရှင်းပေးတယ်
    လျှပ်တပြက်ဂျာနယ်မှာ သခင်တင်မြက သဲကုန်းတိုက်ပွဲမှာ သခင်စိုးကြီးက ကျည် ၂၉တောင့်ပါတဲ့  စတင်းနဲ့  အားလုံးတက်လာတာမှ ထမင်းချက်ရော ဖိနပ်တိုက်ရော ၁၀ယောက်မပြည့်တဲ့ ဂျပန်တပ်ကိုပစ်တာ ၁၅ယောက်သေတယ် ။
    ခုထိ အထင်ကရဖြစ်တဲ့  အောင်ဆန်းသူရိယ ဗိုလ်အေးချိုဟာ အောင်ဆန်းသူရိယတွေထဲမှာ ရာထူးအကြီးဆုံးဖြစ်တယ် ဆိုတာတွေက မဝေးလှတဲ့ သမိုင်းအချက်အလက်တွေတောင် ပါဝင်ခဲ့တဲ့  သူတွေကိုယ်တိုင်ကိုက အမြင်မတူနိုင်တာကို ဘယ်လို ဖြေရှင်းမလဲ ။ tintoo

    ReplyDelete
  10. “မှတ်ချက်များ” ဆိုတဲ့ ဘေးက gadget နေရာမှာ “ဟဲဟဲ ကိုမန်းရယ်” လို့ တွေ့လိုက်တော့ ဟိုက် အချွန်တစ်ချွန်တော့လာပြီ ဆိုပြီး လန့်သွားတာပဲဗျာ .. :-)

    တစ်ခုချင်း ပြောကြည့်မယ်ဗျာ ။

    - ဂေါ်ဇီလာဖြစ်လည်း မတတ်နိုင်ပါဗျာ ၊ ကိုယ့်သမိုင်းမှ ကိုယ်မဖေါ်လည်း ကူမယ့်သူမျှော်ရမယ့် ခေတ်မဟုတ်လေတော့ ဒီနိုင်ငံမှာ လာမွေးမိတဲ့ ဆရာရော ကျနော်ပါ တာဝန်မရှိရင်တောင် ဝတ္တရားတော့ မကင်းဖူးလို့ ယူဆမိပါတယ် ခင်ဗျ ။ ဘယ်လောက် ကောက်သလဲဆိုတော့ “အမေဘုတ်ရဲ့ ချည်ခင်” ကနေ သမိန်ပေါသွပ် ကာတွန်းထဲကလို “မွေးမေလေ့” လို့ အော်သွားရနိုင်ပါတယ် ။ သို့ပေသိ ရွေးစရာက မရှိဖူးလေ ။

    - ဇလုံ ပုဂံကို ခုန်ပျံတာ နည်းသေးတာပေါ့ ဆရာရယ် ။ တကယ်တန်း ရှာဖွေလုပ်ကိုင်ကြပြီဆိုရင် အာဖရိက ကနေထွက်လာတယ်ဆိုတဲ့ လူသားတွေဟာ သြစတြေးလျအထိ (မည်းမည်းတူးတူး အနေအထားနဲ့) ရောက်သွားပြီး ကျနော်တို့ (ဝါဝါ ညိုညို ဖြူဖြူတွေ) က ဘာလို့ ဒီမှာရှိနေရတာလဲ ဆိုတာတွေအထိလိုက်ဖို့ လိုကောင်းလိုပါလိမ့်မယ် ။ တိုးတက်ပြီး နိုင်ငံတွေမှာ DNA ကိုစစ်ပြီး နည်းအမျိုးမျိုးနဲ့ ဇစ်မြစ်ရှာနေ တွေ့လာနေကြတဲ့အထိ တိုးတက်နေချိန်မှာ ကျနော်တို့မှာ ဝေဝါးဝါးနဲ့ မဖြစ်သင့်တော့ဖူးလို့ ယူဆမိတယ် ။ ဒီကမှ ကုလားမျိုးနွယ်ဆိုလည်း ကုလားမျိုးနွယ်လို့ သိလာ လက်ခံလာနိုင်ကြရင် လူမှုရေးဆိုင်ရာ အတ္တအစွဲတွေ လျော့နည်းလာပြီး ပြဿနာတွေနည်းလာတဲ့ ခေတ်နဲ့အညီ ကမ္ဘာ့ရွာသူရွာသားတွေ ဖြစ်လာနိုင်တာမျိုး စတဲ့ ကောင်းတဲ့အလားအလာတွေကို လမ်းကြောင်းလေးတွေ စပေါ်လာစေချင်တဲ့ စေတနာလည်း ပါပါတယ် ။

    - ဦးနေဝင်းနဲ့ပတ်သက်လို့ ဘလော့ဂါကိုဘကျောက်ရဲ့ မှတ်ချက်ကြောင့် ပေါ့ပေါ့ပါးပါး ပြန်ပြောတာကလွဲရင် တထစ်ချဘာမှ မပြောမိသေးပါခင်ဗျား ၊ ချမ်းသာပေးပါ ၊ အဆုတ်အတက်အတွက် ဦးကုလားနဲ့ ဒေါက်တာလုစ်တို့ပါ ဆွဲစိထားတာ တွေ့မှာပါ ။ ဘုရင်ခေတ်မှာကတည်းက “ရာဇဝင်” ပဲ ရှိခဲ့လေတော့ “သင့်မြတ်လျှော်ကန်လှကြောင်းပါဖျာ့” တွေနဲ့ ပြဿနာက စပြီးသားလို့ နားလည်မိပါတယ် ။ ဒါကြောင့်လည်း တိုက်ဆိုင်ဆန်းစစ်ရမယ့် သမိုင်းဝင် ရုပ်ဝတ္ထုပစ္စည်းတွေ ပျက်စီးတာကို ရင်လေးနေမိတာပါ ။

    - “ဗမာ့ သမိုင်းလို့ ဆိုလိုက်ရင် ခုထက်ထိကို နိုင်ငံတကာ စံတွေနဲ့  ညှိလို့  ရနိုင်တဲ့  သမိုင်းကျမ်းတစောင်ကိုမှ ဗမာပညာရှင်တွေ အတည်ပြုထားနိုင်တာ မရှိသေးလို့ သာ အဆိုပြုချင်ပါတယ် ။” ကိုတော့ ဝိုင်းဝန်းထောက်ခံ ပေးလိုက်ပါတယ် ။ ကိုယ်တိုင် အဆိုမပြုခဲ့သေးတာက အဲဒီလောက် ပက်ပက်စက်စက် အဆိုမပြုရက်လို့ပါ .. :-)

    - ညှိလို့မလွယ်တဲ့ သက်သေခံချက်တွေကိုတော့ စိတ်သိပ်မပူပါနဲ့ခင်ဗျ ။
    ပညာရှင်တွေ များလာတာနဲ့အမျှ သူတို့အလုပ် သူတို့လုပ်သွားပါလိမ့်မယ် ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာလိုပဲ ထောက်ခံသူ ၁၀၂% လို့ ပြောချင်သူတွေ ပြောပိုင်ခွင့် ရှိပါတယ် ။ အဖြေ သို့မဟုတ် ကောက်ချက်ကတော့ အခုတချို့ပေါ်သလို နောင်လည်း ပေါ်လာကြမှာပါ ။ အချို့နေရာတွေမှာ သမိုင်းကို ကောက်ချက်ပဲ ဆွဲလို့ရနိုင်ခြေ ရှိကောင်းရှိမှာပါ ။ ဒါပေမယ့် ပညာရှင်တွေ ဝိုင်းပြီးလက်ခံ လာနိုင်လောက်တဲ့ နေရာတွေမှာတော့ အတိကျမဖြစ်ပေမယ့် ရုပ်လုံးလောက်တော့ ပေါ်လာမှာသေချာပါတယ် ။

    လက်ရှိ ကျနော်တို့ လုပ်နိုင်တာကတော့ တတ်စွမ်းသမျှ ဆင်လုံး လှိမ့်လုံးတွေကို ခြေဖျက်သွားဖို့ပါ ။ သက်ကြီးသူတွေကလည်း မှတ်မိသိထားသမျှ အမှန်အတိုင်း စာအဖြစ်ဝိုင်းတင် ၊ တိုက်ဆိုင်စစ်ဆေးပြီး သုတေသနတွေနဲ့ ပေါင်းစပ်ရင် အတိုင်းအတာ တစ်ခုအထိတော့ တဖြည်းဖြည်းနဲ့ ရောက်လာလိမ့်မယ်လို့ ယုံကြည်ပါတယ် ။ စိတ်တွေကို ဖွင့်ထားကြဖို့တော့ လိုပါလိမ့်မယ် ။

    ဘယ်လိုပဲဖြစ်ဖြစ် လာချွန် .. အဲ .. လာထောက်ပြတာ ကျေးဇူးအများကြီး တင်ပါတယ် ။

    ReplyDelete
  11. ၀တ္တရားကြီးနဲ့  ဖြဲမချောက်ပါနဲ့ ကိုမန်းရယ် ။
    ဘလော့ပေါ်လေပန်းတယ်ဆိုတာ ကျွန်တော်တို့ ခေတ် လဘက်ရည်ဆိုင်ထိုင်သလို ခုခေတ် ဘီယာဆိုင်မှာ ပန်းကုံးစွတ်သလောက်ပါဘဲဗျာ ။
    ဒီထက်မပိုပါဘူး.။ အားတော့လဲ လေလေးပန်းတာပေါ့
    မအားတော့လဲ ဒီလိုပါဘဲ ။ ( ဟီး လဘက်ရည်ဆိုင် အထိုင်ကောင်းလို့  မဏိကကွမ်းစားသွားတဲ့  သူငယ်ချင်းတွေနဲ့  ဘီယာဆိုင် အစွတ်ကောင်းလို့  နောက်မိန်းမရသွားတဲ့  ချစ်လှစွာသော ဆရာကြိးတို့ ကိုတော့ အလွမ်းသား)
    ခုလဲ ကိုယ်ဝှက်တဲ့  စကားထာ ခဏထားလိုက်ပါအုံးမယ် ။ ဘယ်သူဖေါ်မလဲလို့  ။
    အာဏာရတဲ့ သူ က သမိုင်းလိမ်တာက ၂မျိုးဗျ။
    အရင်ကောင်တွေမနိတ်ပါဘူး ။ ငါတက်မှအကုန်ဟန်တော့တာဘဲဆိုတဲ့  အပေါက်ကတော့ ဘယ်အုပ်ချုပ်သူမဆို လုပ်တာဘဲဗျ ။
    အဲ နောက်တခုကျတော့ အုပ်ချုပ်သူတိုင်းမလုပ်တတ်ဘူး ။
    ကိုယ့်ဟာကိုယ် self confidence ရှိတဲ့  သူတွေက ငါဘုရင်ကွ ။ အူကြောင်ကြောင်တော့လာမလုပ်နဲ့  ။ ဒါကြည့် ဆိုပြီး တည်တည်နဲ့ ဘုရင်တက်လုပ်တာဘဲ ။ အလောင်းဘုရား ဗညားနွဲ့  နဲ့  ဘုရင့်နောင်တို့ ကြည့်ပေါ့ ။
    နဲနဲ ကြောက်တတ်တဲ့  ကောင်ကျမှသာ ငါ့နှယ်နှယ်မမှတ်နဲ့  ဆွေကြီးမျိုးကြီးကွဆိုပြီး အမျိုးလိုက်စပ်တတ်တာကိုး ။ ထင်ရှားတာပြောရ ဘကြီးတော်က မှန်နန်းရာဇ၀င်ဆိုပြီး သူ့ မိန်းမကြီးကို မဟာသမတတို့  သာကီဝင်တို့ နဲ့  အမျိုးစပ်တာမျိုးပေါ့ဗျာ ။
    ကဲ လေပန်းကောင်းလို့ မဏိကွမ်းမစားခင် ကိုမန်းနဲ့  ငြိမ်းချမ်းစွာ သဘောကွဲလွဲရမဲ့ ကိစ္စတခုတော့ရှိသေးသဗျာ .။ ဆွေမျိုးတော်မှန်းသိရင် မဖိုက်တော့ဘူးဆိုတာလေးပါ ။ ဘုရားလက်ထက်တုန်းက ၀ိဋဋူပဆိုတာ သူ့ ဦးကြီးအရင်းသာကီတွေကိုဖြောင်ခဲ့ သေးသလို အဇာတသတ်ကလဲ အဖေအရင်းကြီး ကပ္ပိသေးတာဘဲ ။ အဲ အနောက်မှာလဲ ကိုင်ဇာနဲ့  George V တို့ ဟာ ကာဆင်ချင်း မီးပွင့်အောင်နှိပ်ခဲ့သေးပါကြောင်း။ ဒီတော့ လူမှန်ရင်တော့ အုပ်တာဘေတာ မကင်းနိုင်ပါဘူးဗျာ ။
    ( အုပ်မဲ့  ဘေမဲ့ လူမလာခင်လစ်မှ ထင်ပါရဲ့  ။

    ReplyDelete
  12. ဝတ္တရားမကင်းဖူးလို့ ဆိုထားပေမယ့် ဝတ္တရားရှိတယ်လို့ သဘောထားသူမှသာ ဝတ္တရားရှိလာနိုင်တာမို့ ဆရာ့ရွေးချယ်မှုသာ အဓိကပါဗျာ (ဟဲ ဟဲ ၊ ပြောလေကဲလေ မန်းလေပြဲလေနဲ့ နှက်တယ်လို့တော့လည်း မယူဆလိုက်ပါနဲ့အုံး) ။

    ဆရာက လေပန်းတယ်ဆိုပေမယ့် မသိတာတွေ ပါလာရင်တော့လည်း ဗဟုသုတပေါ့ဗျာ (ပါလည်းပါပါတယ်)၊ အခြားလာဖတ်သူတွေအတွက် အကျိုးဖြစ်ရင်လည်း ကောင်းသောလေပန်းခြင်းမို့ ကျနော်ဖက်ကတော့ တတ်နိုင်သလောက် အာရုံစိုက်ပြီး ညှစ်ထုတ်ရေးရတာပါပဲ ။ နောက်ပြီး ဒီဘလော့ကို ရောက်လာမှတော့ အလကားလည်း မဖြစ်အောင် သင့်တော်မယ်ထင်တဲ့ လင့်တွေကို ရှာတွေ့သမျှ ချိတ်ထားပေးတာဟာလည်း လ္ဘက်ရည်ဆိုင်ထက် သာစေမယ့် ဝန်ဆောင်မှုတွေအနေနဲ့ အဖြည့်ခံမယ်လို့ မျှော်လင့်မိတာပါပဲ ။

    ဒါနဲ့ စကားထာက “မဏိကွမ်းစား” ဆိုတာကို ပြောတာလားဗျ ။
    ဆရာ့စကားလုံးက ပါဠိလိုလို ဆိုတော့ ပါဠိအခြေခံ “သစ္စ အစ္စ အဂစ္စ” လောက်တောင် မြန်မာစာယူထားတဲ့ သူငယ်ချင်းတွေ နံရံမှာရေးထားလို့ တွေ့သာတွေ့ဖူးသူမို့ အကျွန်ုပ်မှာ နွှာရင်လည်းခံရမယ့် ဌက်ပျောသီး ၊ လှီးရင်လည်း စင်းပေးရမယ့် နွားအိုကြီးလိုသာ ဖြစ်နေရပါတော့တယ်ခင်ဗျ ။

    သမိုင်းလိမ်တယ် ဆိုတဲ့ကိစ္စကျတော့ ကျနော့်စိတ်ထဲ အစိတ်အပိုင်း ကလေးတွေခွဲပြီး ဝင်လာတယ် ။ အဲဒါတွေက ဗလာချီတီထွင်ပြီးလိမ်တဲ့ ဗြောင်လိမ် ၊ ရှိပြီးသားကို လိုရာဆွဲလိမ်နဲ့ နောက်ဆုံးတစ်ခုက အမှန်ရေးပေမယ့် အတ္တစွဲနဲ့ ကိုယ်ကချည်း အကောင်းလို့ ထင်ပြီးရေးရင်း (လိမ်တယ်လည်း ပြောရခက်ခက်) အဂတိသမိုင်းတွေဆိုပြီး တွေးမိတယ် ။ ကိုတင့်ဦး ပြောတဲ့နှစ်လိမ်က ကျနော့်ရဲ့ပထမနှစ်လိမ်နဲ့ သွားပြီးကိုက်ညီမယ် ထင်တယ် ။

    တခါ လိမ်တာနဲ့ပတ်သက်လို့ အရင်က ပညာရှင်တွေစာတင်တဲ့ သမိုင်းမျိုး မပေါ်သေးတဲ့ခေတ်မှာ (ဘာသာအပါအဝင်) ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာတွေရဲ့ ဖိအားနဲ့ ရိုက်ခတ်မှုတွေကလည်း အစစ်အမှန် ဖေါ်ထုတ်တဲ့အခါ ထည့်တွက်ရမယ့် အချက်တွေလို့ နားလည်ပါတယ် ။ ဒီနေရာမှာ ပုံပြင် ၊ ဒဏ္ဍာရီအကြောင်းတွေပါ စိတ်ထဲဝင်လာပြန်တယ် ။ ဥပမာ ကျနော်တို့ အားလုံးလိုလိုသိတဲ့ “မနှင်းဖြူ” snow white ပုံပြင်တောင်မှ အလယ်ခေတ်မှာ (ဖြစ်စေချင်တဲ့ အသွားအလာတွေ ဖြည့်ထားတဲ့) တကယ်ရှိခဲ့တဲ့ မြို့စားတစ်ယောက်ရဲ့ သမီးလို့ ဒီဖက်ခေတ်မှာ ရှာဖွေဖေါ်ထုတ် အဆိုပြုတာတွေ ရှိလေတော့ ပါးစပ်ရာဇဝင်တွေကို ဆက်စပ်စဉ်းစားတဲ့အခါ ထည့်တွက်စရာ လိုလာနိုင်တာလေးတွေပဲလို့ မြင်မိပါတယ် ။ ကိုတင့်ဦးတော့ ဘယ်လိုထင်သလဲ မသိဖူး ။ (ကျနော်လည်း ပြောရင်း နည်းနည်းတော့ လမ်းချော်လာနေပြီ) ။

    ကိုတင့်ဦးပြောတဲ့ ငြိမ်းချမ်းစွာ သဘောကွဲရမယ့်ကိစ္စက တကယ်တော့ သဘောကွဲစရာလို့ မထင်မိဖူးဗျ ။ ကျနော်ဆိုလိုတာက မြန်မာပြည်သူပြည်သားတွေ ကိုယ်ဇစ်မြစ်ကို တွေ့လာတာနဲ့အညီ တစ်ဖက်မှာလည်း ပညာ ဗဟုသုတ အမြင်တွေ ပိုကျယ်လာ သဘောထားကြီးကြီးတွေ ပိုထားတတ်လာပြီး အရင်နဲ့စာရင် ပြဿနာတွေ လျော့နည်းလာမယ်လို့ ယုံကြည်မျှော်လင့်တယ်ပေါ့ဗျာ ။ ပျောက်သွားအောင်တို့ ၊ လူသားတွေရဲ့ အတွင်းစိတ်ဆိုးတွေ လုံးဝမပေါ်လာနိုင်အောင် ဆိုတာတွေတော့ မရနိုင်မှန်း လက်ခံပါတယ် ။ ကိုတင့်ဦး ဥပမာတွေက နည်းနည်းများတောင် ဝေးနေကောင်း ဝေးနေပါဦးမယ် ။ မြန်မာပြည်မှာ တစ်မြို့နဲ့တစ်မြို့ ၊ မြို့ထဲတောင် ဟိုဖက်အပိုင်းနဲ့ ဒီဖက်အပိုင်း ၊ ဟို့ဖက်လမ်း ဒီဖက်လမ်း ၊ ဟို့ဖက် ဒီဖက်အိမ်စသည်ဖြင့် (အထူးသဖြင့် လူငယ်တွေ) စောင်နေကြပြီး အခွင့်အရေးရလေတိုင်း အသေအပျောက်အထိ ရှိသွားကြတာလည်း ဆင်တူယိုးမှားပါပဲ ။ ဒါကြောင့် ကျနော်ကတော့ ဘုရားမှာ ဆုတောင်းရင်တောင် ဒုက္ခသုက္ခတွေ လျော့နည်းအောင်ပဲ ဆုတောင်းတယ် ။ မဖြစ်နိုင်တာကို မမျှော်မိပါခင်ဗျား ။

    (ဟင် .. ပြောရင်းနဲ့ လိမ်တဲ့အကြောင်းက ဘယ်ရောက်သွားပါလိမ့် ) ။ :-)

    ReplyDelete
  13. ကျွန်တော်က ဗမာတစ်ယောက်ပါပဲ(မှတ်ပုံတင်မှာရေးထားတာ)။ မြန်မာပြည်က ပြည်နယ်အစုံ ကျွန်တော်ရောက်ဖူးပါတယ်။ တစ်ချို့တိုင်းရင်းသားတွေရဲ့ ဘုန်းတော်ကြီးကျောင်း၊ ဘုရားရှိခိုးကျောင်းတွေမှာ ဗမာမုန်းတီးရေးကို အနည်းငယ်ထည့်သွင်း သင်ကြားနေတာကို သတိထားမိပါတယ်။ တော်တော်စိတ်မကောင်းဖြစ်မိတယ်။ ကျွန်တော်လည်း ကျွန်တော့်လူမျိုးရဲ့အစကိုရှာဖူးတယ်။ ဗမာကရေးတဲ့ ဗမာ့သမိုင်းကို ဖတ်လာရတာကြာတော့ အင်္ဂလိပ်ကရေးတဲ့ ဗမာ့သမိုင်းစာအုပ်တစ်ခု ပြောင်းဖတ်ဖူးတယ်။ အင်္ဂလိပ်စာကလည်း သိပ်မကောင်းတော့ သေချာနားမလည်လိုက်ဘူး (အရုပ်ပါတဲ့ စာမျက်ကို ရှာကြည့်တာများတယ် :P)။ ခပ်ပါးပါးလေးတော့ နားလည်လိုက်တယ် စာပေးအရေးအသားနဲ့ အပြောအဆိုက သိပ်မကောင်းတော့ တခြားလူတွေလို သေချာပြန်မပြောတတ်ဘူး။ တကယ်တော့ ကျွန်တော် ပြောချင်တာက မန်းကိုကို တင်ပြထားသလိုပါပဲ။ ကျွန်တော့်ကိုယ်ထဲမှာ သွေးပေါင်းစုံ စီးဆင်းနေတယ်လို့ ခံစားရတယ်။ ကျွန်တော့်ရုပ်က ဗမာအစစ်နဲ့တော့မတူးဘူး။ ဗမာအစစ်ကိုလည်း ကျွန်တော် ဘယ်မှာရှာရမှန်းမသိဘူး။ ဒါပေမယ့် ကျွန်တော်က နှစ်ပေါင်းရာချီပြီး တူတူနေလာတဲ့သူတွေကို ချစ်တယ်။ သမိုင်းအမှန်ကို ပညာရှင်တွေ ရေးကြဖို့လည်း ထောက်ခံအားပေးပါတယ်။ ကောင်းတာကို ကောင်းတဲ့အတိုင်း (အတုယူစရာပေါ့)၊ မကောင်းတာကို မကောင်းတဲ့အတိုင်း (ဆင်ခြင်စရာပေါ့)၊ ဒါပေမယ့် အမုန်းတွေ အာဃာတတွေကို ငြိမ်းသတ်မယ်၊ ဆက်ပြီး ချစ်ချစ်ခင်ခင်နေသွားကြမယ် ဆိုတဲ့ စိတ်လေးတော့ မြန်မာတိုင်းရင်းသားတိုင်း ရှိသင့်ပါတယ်။

    ReplyDelete
  14. မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ် ကို Zaw Khine ။

    နေရာအတော်များများ ရောက်ဖူးတာ သိရလို့လည်း ဝမ်းသာပါတယ် ။ အများအားဖြင့် ဒီလိုရောက်ဖူးသူတွေဟာ ခြေငြိမ်သူတွေထက် ကိုယ့်စိတ်ကိုပိုပြီး ဖွင့်ထားတတ်ကြတယ်လို့ နားလည်မိပါတယ် ။

    သမိုင်းကို အင်္ဂလိပ်လို ဖတ်ဖို့ကြိုးစားတာလည်း ကောင်းပါတယ် ။ အများအားဖြင့် အပြင်လူတွေ မြန်မာပြည်အကြောင်း ရေးတဲ့အခါ ပိုပြီးပညာရှင်ဆန်တတ်ပါတယ် ။ စာအုပ်တိုင်းမဟုတ်ပေမယ့် ဘက်မလိုက်တာ ၊ ရှင်းရှင်းလင်းလင်း မြင်တတ်ကြတာ ၊ မြန်မာပြည်မှာ တွေ့ရခဲတဲ့ မတူတဲ့ပုံစံတွေနဲ့ ခြုံငုံသုံးသပ်ချက်တွေ ပါတတ်တာဟာ မျှော်လင့်လို့ရတဲ့ အားသာချက်တွေပါ ။

    ဗမာစစ်စစ်ကို ရှာဖို့တော့ အကြံမပေးတတ်ပါဘူး ။ တော်ရုံတန်ရုံကတော့ သွေးများတာ နည်းတာပဲကွာမယ်လို့ ယူဆပါတယ် ။ စစ်ပါတယ်လို့ ဆိုချင်ဆိုကြမယ့် မြေလတ်သားတွေတောင် မစစ်ဘူးလို့ ဖြစ်နိုင်ခြေသာဓကတွေ အများကြီးရှာလို့ ရနိုင်မှာပါ ။ ယှဉ်ကြည့်နိုင်အောင် တစ်ခုပြောပြချင်ပါတယ် ။ ဥပမာ သြစတြေးလျားက ဋ္ဌာနေခံ အဘောရီးဂျင်းတွေထဲမှာ နောက်ပိုင်းရောက်လာတဲ့ လူဖြူတွေနဲ့ သွေးနှောမှုအချို့ရှိခဲ့ပါတယ် ။ ဒါပေမယ့် ထူးခြားမှုတစ်ခုက အသားမည်းတဲ့ သူတို့တွေမှာ လူဖြူစပ်သူတိုင်း လူဖြူပုံစံမထွက်ပဲ နောင်မျိုးဆက် ၄-၅ ဆက်လောက်မှ မည်းမည်းနှစ်ယောက်ပေါင်းတာကို ကလေးမှာကျတော့ လူဖြူနီးပါးရုပ်ရည်နဲ့ မွေးလာတာမျိုးတွေ ရှိပါတယ် ။ ဗီဇငုပ်နေတာ ပြန်ပေါ်တယ်လို့ ပြောလို့ရပါလိမ့်မယ် ။ (အသားအရောင် ဆန့်ကျင်ဖက်ဖြစ်ကြသူတွေမို့ ထင်ရှားတဲ့ဥပမာအနေနဲ့ ပြောပြတာပါ ။) မြေလတ်သား အသားညိုသူတွေကြားမှာလည်း အသားခပ်လတ်လတ်တွေ မွေးလာတာမျိုး တွေ့ဖူးကောင်း တွေ့ဖူးမှာပါ ။ တစ်ထစ်ချ ဘာမှမပြောလိုပေမယ့် နောင်လေ့လာမှုတွေ များလာရင်တော့ အဖြေတွေ တဖြည်းဖြည်း ရုပ်လုံးပေါ်လာကြမယ်လို့ မျှော်လင့်ပါတယ် ။

    ကို Zaw Khine ပြောတဲ့ အတုယူစရာ ဆင်ခြင်စရာတွေကို အခြေခံပြီး အမုန်းတရား အာဃာတတွေ ငြိမ်းသတ်ဖို့ ၊ ဆက်ပြီးချစ်ချစ်ခင်ခင် နေသွားကြဖို့ကတော့ ဖြစ်သင့်တဲ့ကိစ္စတစ်ရပ်ပါ ။ တစ်ခုရှိတာကတော့ ဒီဖြစ်စဉ်ဟာ အချိန်တိုလေးအတွင်း ဖြစ်လာနိုင်ဖို့ ဘာမှမလုပ်ပဲ ထိုင်စောင့်နေလို့တော့ မရပါဘူး ။ စိတ်ထဲစွဲနေတဲ့ အသိဆိုးတွေကို ကျယ်ပြန့်တဲ့ အသိအမြင် နားလည်မှုတွေနဲ့ လျော့နည်းအောင်လုပ်ရမှာပါ ။

    ဒီလိုလုပ်နိုင်ဖို့ဆိုတာဟာ ရှိထားပြီးသား အဆိုးမြင်ထားတာတွေကို ထပ်ပြီးခိုင်လုံစေမယ့် သက်သေပြချက်တွေကို (အထူးသဖြင့် အင်အားပိုကြီးသူတွေကနေ) ဆက်မလုပ်ဖို့လည်း လိုပါလိမ့်မယ် ။ တစ်ဖက်မှာလည်း တပြိုင်တည်းမှာ အပြန်အလှန် ဝိုင်းတွန်းမှ ရွေ့မယ့်ကိစ္စမို့ ဘက်ပေါင်းစုံ (လူမျိုးပေါင်းစုံ) က လူတွေရဲ့ ပါဝင်မှုဟာလည်း အရေးကြီးတာပါပဲ ။ နောက်ပြီး ခုခေတ်ကာလမှာ နိုင်ငံရေး စီးပွားရေး လူမှုရေး တွေကစပြီး ဘက်ပေါင်းစုံနီးပါး ဦးဆောင်နေတဲ့ ဗမာတွေဖက်က ဦးဆောင်ပြီး စံပြလုပ်နိုင်ကြရင်တော့ သဘာဝပိုကျလိမ့်မယ် ထင်ပါတယ် ။ (အခြားတိုင်းရင်းသားတွေ ဦးမဆောင်ရဖူးလို့တော့ မဆိုလိုပါ ) ။

    လတ်တလောမှာတော့ ဗမာမုန်းတီးရေး အနည်းအကျဉ်း သင်ပေးနေကြတဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး သူတို့မှာလည်း အကြောင်းရင်းခံတွေ ရှိသင့်သလောက် ရှိကြတယ်ဆိုတာ နားလည်ပေးစေချင်ပါတယ် ။ ဒါလိုသင်တာကို မှန်တယ်လို့လည်း မဆိုလိုပါ ။ အတ္တစွဲအပေါ်အခြေခံတဲ့ အမျိုးသားရေးဟာ လူတိုင်းရဲ့အမြင်အတွေးကို စွေစောင်းစေတယ်လို့ ယုံကြည်ပါတယ် ။ အသေးစိတ်ပြောရင်တော့ ရှည်နိုင်ပါတယ် ။ သေချာတာကတော့ လိုချင်တဲ့ ရလဒ်ကောင်းတွေအတွက် လူများစုရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လိုတယ်ဆိုတာပါပဲ ။

    ReplyDelete
  15. သွေးနှောသည့်အယူအဆကိုလက်ခံပါတယ်။
    သမိုင်းကိုစိတ်ဝင်စားပါတယ်။မှန်မမှန်မသိပေမယ့်အင်တာနက်မှာရှာကြည့်ပါတယ်။
    ကျွန်မအဖွားကဓနုကျန်ဖိုးဖွား၃ယောက်ကဗမာပါ။
    ကျွန်မရုပ်ကတရုတ်နှင့်တူနေပါတယ်။
    Mongoloid မို့လားမသိပါ။

    ReplyDelete
    Replies
    1. သမိုင်းကို စိတ်ဝင်စားတယ်ဆိုလို့ အားပေးပါတယ် ။
      အင်တာနက်ပေါ်မှာ ရှာဖွေကြည့်တယ် ဆိုရင်တော့ မှန်မမှန် စိတ်ချရဖို့ကို "တက္ကသိုလ်ဝင်တန်း ပြင်ဆင်မှုများ (နောက်ဆက်တွဲ - ၂)" ခေါင်းစဉ်နဲ့ပို့စ်ထဲမှာ "အကဲဖြတ်၊ တန်ဖိုးဖြတ်ခြင်း (Evaluation)" ဆိုတဲ့ ခေါင်းစဉ်ငယ်အောက်ကအတိုင်း လက်လှမ်းမီသမျှ ကျင့်ကြံနိုင်ရင်တော့ ကောင်းမယ်လို့ အကြံပြုချင်ပါတယ် ။

      ဒါပေမယ့် ဘယ်သူမှ ရာနှုန်းပြည့်မှန်သူ ၊ ပြည့်စုံသူနဲ့ ပြည့်စုံတဲ့ စာပေစာတန်းတွေရယ်လို့တော့ အာမခံချက် မရှိပါဘူး ။ အမှားယွင်းနည်းပြီး ယုံကြည်ရလောက်တဲ့ စည်းစနစ်တကျ စုစည်းတင်ပြသူ ဟုတ်မဟုတ်သာ ပိုင်းခြားပြီး ရှာဖွေ ဖတ်ရှုရတာပါပဲ ။

      Delete