ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, January 2, 2015

ပယော ဟဲလီး




   စကောကရင် စကားပါ ။
   “ဗမာ လာပြီ” - လို့ အဓိပ္ပါယ် ရပါတယ် ။
ပိုးကရင်လိုလည်း ရှိပေမယ့် ၊ လိုရင်းတိုရှင်းအဖြစ်ဆုံး စကောကရင် အသုံးနှုန်းကိုသာ ဖေါ်ပြလိုက်တယ် ။

   ပယောဟဲလီး-ကို ဘယ်မှာ ကြားရသလဲ ။
ကရင်လူမျိုးတွေ အခြေချနေထိုင်ရာ နယ်ပယ်တွေဖက်မှာ အဓိက ကြားရပါလိမ့်မယ် ။
မြို့ပြတွေနဲ့ ဝေးကွာလာတာနဲ့အမျှ ၊ ဒီစကားရဲ့အဓိပ္ပါယ်ကလည်း ကွာခြားလာတာ တွေ့ရမယ် ။

 *  ထ္မင်းဟင်း အလကားစားမယ့်သူတွေ လာပြီ ။
 *  ပေါ်တာအတွက် ရှောင်ကြရှားကြတော့ ။
 *  ရိုင်းပြစော်ကား ရိုက်နှက်နှိပ်စက်မယ့်သူတွေ လာပြီ ။
 *  မိန်းမသူကြီးတွေ အခစား ဝင်ဖို့ပြင် ။
 *  အန္တရယ် နီးလာပြီ ။
 *  တစ်ရွာလုံး ရှောင်ကြတော့ ဟေ့ ။
 *  အသက်ဘေးအတွက် ပြေးကြတော့ ဟေ့ ။

  ဒါတွေကတော့ ၊ နမူနာ အနက်ယူပုံအချို့ပါ ။
မောင်မင်းကြီးသားများရဲ့ စေတနာစိတ် ယိုဖိတ်မှုကြောင့် ၊ အပေါ်မှာ ဆိုခဲ့တာတွေထက် သက်သက်သာသာ
ကြုံတွေ့မှုမျိုးလည်း ရှိကောင်းရှိမယ် ။
ကံဆိုးလို့ အမိခံရရာက ဗိုက်ခွဲ အူအသည်းတွေကိုထုတ်ပြီး ၊ ကြင်ကြင်နာနာ အကင်စားခံရသူ အညတရ
တွေလည်း ရှိခဲ့တယ် ။

   အင်းလေ ၊ သတ္တဝါတစ်ခု ကံတစ်ခုပေါ့ ။
သူတို့လို မခံစားရပေမယ့် ၊ ပြည်မမှာနေသူတွေအတွက် ဖိနှိပ်ခံရပြီး တဲကုပ်လေးနဲ့ နေရရုံနဲ့ ၊ သူတို့နဲ့
ထပ်တူထပ်မျှ ခံစားနေရပါတယ်လို့ ပုစ္ဆာတလွဲ အဖြေတခြား လွဲလွဲရွဲ့ရွဲ့ တွေးကြတာတွေဟာလည်း ၊
မလွှဲသာတဲ့ ဝိပတ်ကြမ္မာလို့ပဲ ပိုပိုလွန်ကဲ ဆွဲတွေးလိုက်ကြတာက သာလွန်ကောင်းမွန်လိမ့်မလား ။

   ဘယ်လိုပဲဆိုစေ ၊ ကျနော့်စိတ်ထဲမှာတော့ အဖြေက ထွက်မလာ ။

   တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားတယ်ဆိုတဲ့ မြန်မာ့ပြည်သူ့တပ်မတော်မှာ ၊ ကရင်အချို့လည်း
ပါပေမယ့် ၊ သူတို့တတွေ ကရင်စကား မပြောကြဘူးလား (သို့တည်းမဟုတ်) ကရင်စကား မပြောချင်
လောက်အောင် စိတ်အနာကြီးနာနေကြလို့လားဆိုတာ သေတော့မသေချာ ။
သေချာတာကတော့ ၊ စစ်တပ်လာရင် ကရင်ရွာသားတွေမှာ “ပယော ဟဲလီး” လို့ပဲ အော်ကြ ပြေးကြ
ရလေတယ် ။

   သိရသမျှ ၊ မြန်မာပြည်မှာ ပညာတတ် ပေါလေတယ် ။
တတ်သိခေါင်ထက်ပြီး ၊ ကဝိပညာ သင်ကြားပျိုးပေးနိုင်သူတွေ ကြွယ်ဝလေတယ် ။
ကျဉ်းမြောင်းတဲ့ အမြင်ရှိသူ တိုင်းရင်းသားနဲ့ လူနည်းစုတွေကို ထောက်ပြပြောဆို ဝေဘန်နိုင်သူတွေ
များလှလေတယ် ။
သြအံ့ မွမ်းချီးဘွယ်ရာတွေ အတောမသတ် များလှလေတကား-လို့ နှုတ်ကနေ ထွက်အံ့အံ့ အရေတွက်
ကြိမ်ပေါင်းလည်း မနည်းတော့ပြီပဲ ။

   ခါရံတစ်ဖန်များမှာတော့ လင့်မျှော်ကိုးစား အားပါးတရ ရှိတော့ရှိချင်ပါရဲ့ ။
မှားထင်မြင်ကျဉ်း စိတ်အလင်းမရသေးတဲ့ ၊ တောသူတောင်သား ကြားကြိုနားက နလကန်းများကို ၊ နည်းကောင်းသိဥာဏ် တွေးပညာမှန်တွေကို ဝေမျှဆင့်ကမ်းပေးဖို့လည်း ခေါ်ဖိတ်ချင်လွန်းလှတော့
တယ် ။

 *  “ပယော ဟဲလီး” ဆိုသဟာဟာ ၊ ရွံ့ရှောင် ကြောက်လန့်စရာ မဟုတ်ပဲ ၊ ပြည်ထောင်စုတပ်မတော်
    သားများ ဝန်တာအမိန့်နဲ့ ချီတက်လာတာသာဖြစ်ကြောင်း ၊
 *  ကြောက်ပြေးပုန်းရှောင် မတွေ့မိအောင်လုပ်မှသာ ၊ သူတို့ရဲ့ မလွှဲမရှောင်သာ ရှာဖွေခြေမှုန်းခံ
    ရမှာဖြစ်ပြီး ၊ အသာတကြည် လက်ခံတွေ့ဆုံ လိုအင်တွေဖြည့်ပေးလျှင်တော့ ၊ စေတနာရှေ့ထား
    ပါးပုတ် တုတ်ရိုက် မီးပူဇော်မှုများနဲ့ သုံးစွဲအားထုတ်ပြီး ၊ တောသူတောင်သားများကို စိတ်ရောကိုယ်ပါ
    ခံနိုင်ရည်တွေရှိအောင်  လေ့ကျင့်ကြံဆောင်ပေးမှာဖြစ်ကြောင်း ၊
 *  နိုင်ငံတော်ရဲ့ စေတနာကို ရှင်းလင်းနားလည်ပြီး ၊ အမြင်မှန်တွေရကာ တိုင်းပြည်အကျိုးဖြစ်ထွန်းဖို့ရာ
    လယ် ခြံ အိမ်မွေးတိရိစ္ဆာန်နဲ့ ပိုင်ဆိုင်သမျှတွေသာမက မိသားစုရဲ့ အသက်အိုးအိမ်တွေကိုပါ စိတ်
    ထားမြင့်မြတ်စွာနဲ့ စွန့်လွှတ်အနစ်နာခံသင့်ပါကြောင်း - စသည်ဖြင့် နားဝိုင်းချပေးဖို့ရာ လက်ကမ်း
    နှိုးဆော်လိုက်ချင်ပါတယ် ။

  အေး ….. ရွဲ့ရေးနေတာ ဟေ့ ။
 •  တိုင်းရင်းသားတွေ ခံနေရသလို ကျုပ်တို့လည်း ခံနေရပါတယ် ။
 •  တိုင်းရင်းသားနဲ့ လူနည်းစုတွေကို (လေနဲ့တင်) စာနာသနားပါတယ် ။
 •  ကျနော်တို့အားလုံး ညီအစ်ကိုတွေပါ ။
 •  အမြင်မှန် အမှန်မြင်ပြီး တိုင်းပြည်အတွက် လက်တွဲသွားကြပါစို့-လို့ဆိုပြီး ၊ အရူး အထလွန်နေသူ
   တွေကို ပြောနေတာ ။

   အပေါ်က ခေါင်းစဉ်လိုပဲ ။
“ပယော ဟဲလီး” ဆိုတဲ့ စကားကိုပဲ ၊ နားလည်မှုပြောင်းလဲနိုင်အောင် အရင်သွားပြောကြ ဟေ့ ။
ငါလည်း ပြောဖို့စကားတွေက ဦးဏှောက်ထဲမှာ ခန်းခြောက်နေပြီ ။
 
 
မန်းကိုကို
၀၁ ၊ ၀၁ ၊ ၂၀၁၅
=========================================

မှတ်ချက် ။  ။
 
ǂǂ  ကချင် ၊ ရှမ်း ၊ ကယား ၊ ကရင် ၊ ပဲခူး ၊ တနင်္သာရီတွေက ထောင်နဲ့ချီတဲ့ ရွာတွေ ပျောက်ကွယ်
       သွားခဲ့ရတာမျိုးဟာ “စတေးသင့်တဲ့လုပ်ရပ်”လို့ ယူဆကြတဲ့ ၊
 
ǂǂ  လူသိန်းနဲ့ချီပြီး ပြေးရှောင်ပုန်းအောင် ဘေးဒုက္ခရောက်ရတာကို ၊ သူပုန်နဲ့ သူတို့မိသားစုတွေလို့
        လှေနံဒါးထစ်မှတ်ပြီး “တရားတယ်”ထင်တဲ့ ၊
 
ǂǂ  သူတပါး ချန်ထားရစ်ခဲ့ရတဲ့ ဘိုးဘွားအစဉ်အဆက် လယ် ယာ ခြံ မြေဧကသိန်းပေါင်းများစွာဟာ ၊
       နိုင်ငံတော်အတွက်/ကိုယ့်အမျိုးတွေအတွက်မို့ ဘယ်သူ့မျက်ရည်ကျကျ လစ်လျူရှုဖို့ ဝန်မလေးတဲ့ ၊
 
ǂǂ   မတရားမှုတွေကို ဗြောင်ကျကျ လက်တွေ့ကျင့်သုံးဖို့ မြွက်ဟနေသူတွေကော ၊ ဆိတ်ဆိတ်နေပြီး
         လက်သိပ်ထိုး “လက်ဝေခံ”အဖြစ် ကျင့်ကြံနေသူတွေကိုပါ အထူးတလည် ရည်ရွယ်ပါတယ် ။

No comments:

Post a Comment