ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, February 5, 2011

ထိန်းထားခဲ့တဲ့ မှတ်ချက်လေးတချို့


     အချို့လည်း မေးချင်ကြမယ်။
     မန်းကိုကိုဟာ ကရင်တစ်ယောက်မဟုတ်ဖူးလား၊ ဘာလို့ ခုနောက်ပိုင်းမှာ ရေပန်းစားနေတဲ့
DKBA အကြောင်းတွေ ဘာလို့မရေးတာလဲ၊ တိုက်ပွဲသတင်းတွေ သုံးသပ်ချက်တွေ တင်ပါ့လား
စသည်ဖြင့်ပေါ့လေ။

     တကယ်တန်းမှာ စိတ်ထဲရှိပေမယ့်၊ သိထားတာ အနည်းအကျဉ်းရှိပေမယ့် စာအဖြစ်ချရေးဖို့ကျ
တော့ အတော်လက်တွန့်နေမိခဲ့တယ်။ ကောင်းတာတွေကိုရွေးပြောရင် ဆိုးတာတွေကိုလည်း သိ
တန်သလောက်သိနေတော့ အမွန်းတင်ဖို့ စိတ်ကမလုံဖူးဖြစ်နေတယ်လို့ ဆိုကြပါစို့။ DKBA တစ်ဖွဲ့
ထဲလားဆိုတော့လည်း မဟုတ်ပါဘူး၊ အခြား ကရင်အဖွဲ့အစည်းကြီးငယ်တွေနဲ့ပတ်သက်လို့လည်း
ပြောချင်စရာနဲ့မေးခွန်းတွေက အများကြီးပါ။

     ဘွင်းဘွင်းပြောရရင်တော့ မရေးဖြစ်ရခြင်းရဲ့ ပထမဆုံးအကြောင်းရင်းခံက ကျုပ်တို့ကရင်တွေမှာ
ဗိုလ်စောက်ရမ်းတွေများလို့ပါ။ ကဲ .. များတော့ ဘာဖြစ်သတုံး။ များတော့ နေရင်းထိုင်ရင်း ရေးမိပြော
မိလို့ အခန့်မသင့်ရင် ကိုယ့်ကျင်းကိုယ်တူးမိသလို အသက်ကိုဖက်နဲ့ထုပ်ထားရသလို ဖြစ်သွားနိုင်တယ်
လေ။ ဒီတော့ ခင်ဗျားတို့လိုပဲ အသက်ရှင်လျက် နေချင်သေးတဲ့ကျုပ်မှာ ခင်မောင်တိုးသီချင်းထဲက
မဟာဆန်သူလိုမျိုး ထိန်းသိမ်းရတော့တာပဲ။ လုပ်ချင်တာတွေရှိနေသေးတဲ့ဘဝကို ဦးနှောက်ဘေး
ဖယ်ထားသူတွေက တန်ဖိုးမဲ့ အလဟဿအပုပ်ကောင်ဘဝအဖြစ် အသွင်ပြောင်းပေးခံရမယ့် အနေ
အထားကိုတော့ စက်ဆုပ်တယ်ဗျာ။

     နောက်တစ်ချက်ကလည်း ရှေ့ကပြောခဲ့တာနဲ့ ဆက်စပ်နေတာပါပဲ။ ဘာလဲဆိုတော့ ကျနော့်
ကိုယ်ပိုင်အမြင်အရ ကရင်လူမျိုးတွေဟာ တိုးတက်ပြောင်းလဲမှုကို လက်ခံဖို့အဆင့်သင့် မရှိသေးဖူး
လို့ မြင်မိလို့ပါ။ ဒါဆို ခင်ဗျားအခုလုပ်နေတာတွေကကော ကရင်တွေ တိုးတက်ပြောင်းလဲလာစေဖို့
ရည်ရွယ်ချက်တွေ ပါနေတာပဲမဟုတ်လားလို့ မေးစရာရှိပါတယ်။ ဟုတ်ပါတယ်၊ ကျနော်ဟာ ကိုယ်
တိုင်မအောင်မြင်နိုင်ဖူးလို့ သိမြင်နားလည်ထားတဲ့လမ်းကို လျှောက်နေတာပါ။ ကိုယ့်ထမင်းကိုယ်
စားပြီး ကြီးတော်နွားကျောင်းနေတာပါ။ ကျေးဇူးမတင် ဖင်အလှန်ပြခံရမယ့် လမ်းပါ။

     လက်ရှိဖြစ်နေတဲ့ DKBA ကိစ္စကို ကြည့်ရအောင်။
     ခုချိန်ထိ DKBA ဟာ စစ်ရေးအရ အောင်မြင်မှုအတော်အသင့်ရှိပြီး နိုင်ငံရေးအရလည်း အမြတ်
အတော်ထုတ်နိုင်ခဲ့တာ တွေ့ရမှာပါ။ ကရင်အတော်များများ ဝမ်းသာအားရ သတင်းတွေတင်ကြ၊ စ
ကားတွေဖေါင်ဖွဲ့ကြသပေါ့။ ကျနော်ကတော့ သတိထားပြီး စောင့်ကြည့်နေဆဲပါ။ အချိန်က စကား
ပြောကောင်းပြောလာပါလိမ့်မယ်။ ကရင်အတော်များများ မနှစ်က DKBA ကို အပုပ်ချနေကြရာက
ခုတော့ DKBA ဟာ သူတို့အတွက် သူရဲကောင်းတွေဖြစ်သွားကြပြန်ပါတယ်။ အရင်ကတည်းက
DKBA ကို အပုပ်ချတိုက်ခိုက်ရေးသားတာလိုမျိုးတွေကို နည်းနည်းဟန့်ပေးခဲ့သလို ခုချိန်မှာလည်း
DKBA ရဲ့ ဆုံးဖြတ်ရွေးချယ်မှုကို ကြိုဆိုပေမယ့် ကျနော့်ရဲ့သူရဲကောင်းတွေ ချင်ချင်းဖြစ်မလာနိုင်သေး
ပါဘူး။

     လက်နက်ကိုင် ၁,၀၀၀ ကျော်နဲ့ မိသားစုတွေကို စုစည်းကျွေးမွေး ထောက်ပံ့လည်ပတ်နိုင်တာဟာ
လွယ်လှတယ်မဟုတ်ပေမယ့် ဒီထက်ပိုကျယ်ပြန့်တဲ့ ကဏ္ဍနဲ့ အကောင်အထည်ဖေါ်မှုတွေ လိုနေပါ
သေးတယ်။ အနည်းဆုံးမြင်နိုင်တာက ပြည်သူ့ဆက်ဆံရေးအရာရှိလို့ ခေါ်နိုင်မယ့် အဖွဲ့အစည်းပြင်ပ
နဲ့ စနစ်တကျဆက်သွယ်ဆက်ဆံ စီမံပေးမယ့် public relation officer မျိုးမရှိပဲ စစ်ရေးခေါင်းဆောင်
တွေကသာ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးနဲ့ ဆက်သွယ်ရေးတာဝန်ခံတွေ ဖြစ်နေကြတဲ့အချက်ပါ။

     ဒီမှာ ဆက်စပ်ပြောချင်တာက စစ်ရေးပါ။ စစ်ရေးအကြောင်းပြောတော့ KNU အကြောင်းပါ ပါလာ
ရပါတော့မယ်။ ၂၀၀၈ နှစ်ဦးပိုင်းမှာ KNU က လူကြီးပိုင်းတစ်ဦးနဲ့ စကားဝိုင်းဖွဲ့နေချိန်မှာ အစီရင်ခံစာ
တစ်စောင် ရောက်လာတာတွေ့ခဲ့ရပါတယ်။ ၂၀၀၇ ခုနှစ် နှစ်ချုပ်စစ်ရေး အစီရင်ခံစာပါ။ မှတ်မိသမျှ
တော့ ရင်ဆိုင်တိုက်ပွဲကြီးငယ်ပေါင်း ၁,၀၀၀ ကျော်၊ ရန်သူ (နအဖ + DKBA) ၈၀၀ ဝန်းကျင်ကျဆုံး၊
၆၀၀ ကျော် ဒဏ်ရာရနဲ့ KNU (KNLA) ဖက်မှာတော့ ၁၃ ယောက် ကျဆုံးခဲ့ပါတယ်။ မြန်မာပြည်မက
လာသူတွေအတွက်တော့ အတော်ထူးဆန်းအံသြဘွယ်ရာမဟုတ်ရင်လည်း ဝါဒဖြန့်ချက်တစ်ခုလို့ ထင်
နိုင်ကြပါတယ်။ (စစ်တပ်ကသတ်ပစ်တိုင်း သူပုန်တွေမဟုတ်ဖူးဆိုတာ လက်ခံနိုင်ရင်တော့ ဒီစာရင်းကို
ယုံကြည်ဖို့ နည်းနည်းနီးစပ်လာနိုင်ပါတယ်)။ ဒီလိုသိရပြီး မကြာခင်မှာပဲ ဆုံဖြစ်တဲ့ KNU က အနားယူ
ထားပြီးဖြစ်တဲ့ ခင်မင်တဲ့ ရဲဘော်ဟောင်းကြီးတစ်ဦးနဲ့ထပ်တွေ့တော့ သူက ဒီလိုပြောပါတယ်။ “အဲဒီ
သေတဲ့ ၁၃ ယောက်မှာတောင် အရက်ကြောင့် မတော်တဆမှုကြောင့် သေတာတွေပါနိုင်သေးတယ်”
တဲ့။ ဆိုချင်တာကတော့ အရက်မူးပြီးရေနစ်သေတာမျိုးတွေကအစ သေစာရင်းမှာပါလို့ ၁၃ ယောက်
အထိ ဖြစ်သွားရတယ်လို့ပါ။

     ဒါပေမယ့် စစ်ရေးဟာ နိုင်ငံရေး စီးပွားရေးတွေနဲ့ ဆက်စပ်နေတဲ့ကဏ္ဍတစ်ခုပါ။ စစ်တိုက်တာဘယ်
လောက်ကောင်းကောင်း နှစ်စဉ် စစ်ဗိုလ်ချည်း ထောင်နဲ့ချီပြီး လေ့ကျင့်မွေးထုတ်နေတဲ့ သိန်းကဏာန်း
ရှိတဲ့ အမြဲတမ်းစစ်တပ်၊ ဒေါ်လာသန်းထောင်နဲ့ချီဝင်တဲ့သယံဇာတတွေသာမက နိုင်ငံရဲ့ကုန်ထုတ်ယန္တရား
နဲ့ စီးပွားရေးတွေ၊ လူအများစုဆီထိတွေ့နိုင်တဲ့ သတင်းဋ္ဌာနတွေကို ချုပ်ကိုင်ထားတဲ့ အာဏာလက်ကိုင်
ထားသူတွေကို ရင်ဆိုင်ဖို့ကတော့ လက်ရှိအနေအထားမျိုးမှာ ရင်လေးတယ်လို့ပြောရုံနဲ့တောင် မလုံ
လောက်တော့ပါဘူး။ ကဖျက်ကယက်ပြောတယ်ဆိုဆို ဘယ်လိုမှ မဖြစ်နိုင်ဖူးလို့ ပြတ်ပြတ်သားသား
ပြောရပါလိမ့်မယ်။

     ဒီအခြေအနေကို အဖတ်ဆည်နိုင်မယ့် စီးပွားရေး၊ နိုင်ငံရေးနဲ့ သတင်း ဆက်သွယ်ရေး အပိုင်းတွေကို
ကြည့်ရအောင်။ ပထမ ထင်သာမြင်သာ လက်ခံနိုင်စရာ စီးပွားရေးဆိုင်ရာ မဟာဗျူဟာ နည်းဗျူဟာနဲ့
လုပ်ဆောင်ချက်တွေရှိသလား၊ လက်တွေ့မှာ ကရင်တွေအနေနဲ့ မြန်မာပြည်အာဏာစက်နဲ့လွတ်ကင်း
တဲ့ လူအင်အားတွေအများကြီးရှိရာမှာ စည်းရုံးရေးမှာနိုင်နင်းရင် တစ်ဆင့်အောင်ပြီလို့ ဆိုနိုင်တာမို့
လုပ်ဆောင်မှု အောင်မြင်မှုတွေ ရှိသလားလို့ ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ စီးပွားရေးအပိုင်းမှာ ကရင်
အဖွဲ့တွေအတွက် လက်ဆုပ်လက်ကိုင်ပြစရာ ဘာမှမမြင်သလို စည်းရုံးရေးမှာလည်း ဘာမှထင်ထင်
ရှားရှား မရှိပါဘူး။ လူထုသာ အခရာ၊ စည်းရုံးရေးဟာ မဏ္ဍိုင်ပါလို့ဆိုနိုင်ပေမယ့် ပြည်သူတွေကြား
ထဲမှာ ဘယ်ခေါင်းဆောင်ဆိုသူတွေမှ မတွေ့ရပါဘူး။ သတင်းနဲ့ ဆက်သွယ်ပြန်ကြားရေးဋ္ဌာနအပိုင်းမှာ
လည်း လောက်လောက်လားလားညွှန်စရာမရှိရုံမက ယုတ်စွဆုံး လက်ကမ်းစာစောင်လေးတစ်စောင်
လောက်တောင် လူထုကြားထဲရောက်လာတာ မတွေ့မိပါဘူး။ ဒီတော့ ပြတ်ပြတ်သားသား မေးစရာ
တစ်ခွန်းထဲရှိတာက “ဘာတွေများ မျှော်လင့်နေချင်သေးလဲ” လို့ပါ။

     ဒါနဲ့ နေပါအုံး၊ ဒီလောက်စိတ်ပျက်အားလျော့စရာဖြစ်နေတာ ပြောင်းပြန်လှန်ပစ်လို့ ရနိုင်ပါ့အုံးမလား
လို့ မေးချင်စရာတော့ ရှိကြအုံးမှာပါပဲ။ ကျနော့်တစ်ယောက်ထဲသဘောအနေနဲ့ကတော့ လွယ်လွယ်
ရှင်းရှင်းလေးပါ၊ ဖြစ်နိုင် ရနိုင်ပါတယ်။

     တွေးမိသမျှနည်းလမ်းတွေကို အတိုချုပ်ပြောရရင် ပထမဆုံး ကရင်တွေ တစ်ယောက်နဲ့တစ်ယောက်
အတ္တတွေလျှော့ပြီး စစုဝေးကြပါ၊ မူးယစ်သောက်စားတာမပါတဲ့ တွေ့ဆုံစကားပြောတာတွေ စလုပ်ကြပါ။
(လက်ရှိတွေအပါအဝင်) လူကြီးလုပ်ချင်သူတွေ လူထုကြားလမ်းလျှောက်ပါ၊ မေးပါ၊ ဖလှယ်ပါ။ မျှမျှတတ
ရေးထားတဲ့ စာပေ၊ သမိုင်း၊ ဗဟုသုတတွေကို စာဖြစ်အောင်တင်ပြီး လူတိုင်းလက်ထဲရောက်အောင်လုပ်
ကြပါ။ ငွေကြေးအတွက် မဟာဗျူဟာ နည်းဗျူဟာတွေ ရှာကြံစုဆောင်းအကောင်အထည်ဖေါ်ပါ။ (လက်
ရှိထိုင်းနိုင်ငံတောင်ပိုင်းက သူပုန်၊ တမီလ်တိုင်းဂါးစသည်ဖြင့် ဒီလိုပဲ ရံပုံငွေတွေ ရှာကြံခဲ့ကြတာပါပဲ)။

     ကူးရေး၍ဖြန့်ဝေလျင် ထီပေါက်မည်ဆိုတဲ့ စာမျိုးတွေတောင် ထပ်ဆင့်ဖြန့်ကြသေးတာ အကျိုးရှိမယ့်
စာတွေကို တပိုင်တနိုင်ကူးကြဖြန့်ကြ မလုပ်နိုင်ဖူးလား။ အရင်က ထိုင်းနိုင်ငံမှာ လက်ချည်ပွဲ နှစ်သစ်ကူး
စသည်ဖြင့် OKRSO ကြီးမှူးပြီးလုပ်ခဲ့ရာမှာ လူဦးရေ သောင်းကဏန်းလောက်စုလာနိုင်ခဲ့တာပဲ၊ ဒီလောက်
လူဦးရေကို တစ်ယောက်စီမှာ ကွတ်တယိုတစ်ပွဲစာမရှိတဲ့ ဘတ် ၂၀ စီလောက် လှူချင်အောင်ပြောပြ
နိုင်ရင် တော်ရုံအဖွဲ့အစည်းတစ်ခု ရပ်တည်လှုပ်ရှားနိုင်ဖို့ ပူစရာမလိုဘူး။ တော်လှန်ရေးသမားတွေဟာ
ပြည်သူတွေကြားထဲမှာ ပင်လယ်ထဲငါးတွေလူးလာကူးခပ်လုပ်နိုင်သလို ပြုကျင့်နိုင်ရမယ်လို့ မော်စီတုန်း
ပြောခဲ့တဲ့စကားဟာ လူကြီးဆိုသူများ ခေါင်းဆောင်ဆိုသူများအတွက် အကြံပြုချက်ကောင်းတစ်ရပ်
ဖြစ်နိုင်ပါတယ်။ စိတ်ဆန္ဒတွေများ ရှိမယ်ဆိုရင်ပေါ့နော။

     အသေးစိတ်လျှောက်ရေးရင် ရှည်ရုံမက ဖတ်ရတဲ့သူတွေကိုလည်း ဘာမှမသိသူတွေလို ဆက်ဆံရာ
ကျနေပါလိမ့်မယ်။ ဥာဏ်ကွန့်ရင်ကွန့်သလို ပွားများလာနိုင်တာမို့လည်း ကဏ္ဍအတော်တော်များများ
မှာ ခေါင်းတစ်လုံးထဲရှိတဲ့ကျနော်ကတောင် ပြန်ပြီးရယူရမယ့်နေရာ ရောက်သွားဖို့များတာမို့ ထင်မြင်
ချက်နဲ့ အကြံပေးချက်တွေကိုလည်း မျှော်လင့်ပါတယ်။ တစ်ဆင့်တက်ပြီးပြောချင်တာက ရေးခဲ့တာတွေ
ဟာ ကရင်လူမျိုးအတွက် ရည်စူးတယ်ဆိုပေမယ့် အခြားသူတွေအနေနဲ့လည်း သင့်တော်ရာတွေကို လို
သလိုပြောင်းလဲဆွဲယူ နားလည်အသုံးချနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။

     အဆုံးသတ်ပြောချင်တာက လွန်ခဲ့တဲ့နှစ်အတွင်းမှာ ကိုယ့်လူတွေကို မချင့်မရဲဖြစ်လွန်းလို့ ဘယ်သူ့
ကိုမှ ပေးမဖတ်ဖြစ်ခဲ့တဲ့ “နစ်နေတဲ့သင်္ဘော” ဆိုတဲ့ခေါင်းစဉ်နဲ့ ကိုယ့်ပေါင်ကိုယ်နာနာထောင်းတဲ့ စာ
တစ်စု ရေးဖြစ်ခဲ့ပါတယ်။ အခုပို့စ်မှာတော့ တစ်ဝက်တစ်ပျက်ပဲ ထောင်းလိုက်ပါတယ်ဗျာ။ ကောင်းသော
နာခြင်း အကျိုးရှိသောနာခြင်းမျိုးတွေနဲ့ နာနိုင်ကြပါစေ။


မန်းကိုကို
၀၅၊ ၀၂၊ ၂၀၁၁

6 comments:

  1. ဖတ်သွားပါတယ် အစ်ကိုမန်းရေ
်အစ်ကိုမန်းရဲ့ ခံစားချက်ကို နားလည်ပါတယ်
    နစ်နေတဲ့သင်္ဘောလိုပဲ ကျွန်တော်တို့ အားလုံးဟာ လှော်ရင်းနစ်နေကြခဲ့ကြတာပဲလေ
    အပြောင်းအလဲတစ်ခုကိုတော့ လိုချင်ပါရဲ့ ဗျာ . . .
    လှိုင်ဘွား(သီချင်းအိမ်)

    ReplyDelete
  2. ဖတ်သွားပါတယ်ဗျာ...

    ReplyDelete
  3. မှတ်ချက်လာပေးသွားကြတာ ကျေးဇူးတင်ပါတယ် ။

    အားလုံးဝိုင်းလှော်ကြလို့ မနစ်နိုင်တဲ့ သင်္ဘောကိုများ စီးနေကြရရင်တော့ သိပ်ကောင်းမှာပါပဲ ။

    ReplyDelete
  4. good ideal dose not matter but we have to wait and see because,we have a lot of a good karen leader may be one day they will be compare their values.So do not gave too many of pressure,when we are karen communities had organized around the world some of the word look like ??????? ha! cause i want to be win and back to home soon.i miss my kaw thoo lei so long see you later okay.

    ReplyDelete
  5. ရန်ကုန်စက်မှုတက္ကသိုလ်February 10, 2011 at 4:14 PM

    ယနေ့ကာလရဲ့ ပြောင်းလဲမှုများဟာ ကြီးမားပြီး အလွန်မြန်ရုံမက ခက်ခဲရှုပ်ထွေးမုလဲရှိပါတယ် အဲဒီစိန်ခေါ်မှူုတွေကို လူငယ်တွေက အဖြေမပေးနိုင်ဘူးဆိုရင် အခုအောင်မြင်မူုတွေဟာ ပြတိုက်ထဲက ရှေ့ဟောင်းပစ္စည်းတွေဖြစ်သွားမယ် ။

    (from c-box)

    ReplyDelete
  6. @ ရန်ကုန်စက်မှုတက္ကသိုလ် - ဟုတ်ပါတယ်၊ အောင်မြင်မှုဆိုတာဟာ လူသုံးပစ္စည်းတွေလိုပါပဲ၊ အမြဲတမ်း အသစ်တွေ ထပ်ဖြည့်ပေးဖို့ လိုနေတဲ့အရာတစ်ခုပါ။ မှတ်ချက်အတွက် ကျေးဇူးပါ။

    @ aye - မှတ်ချက်ကို ရှင်းရှင်းလင်းလင်း နားမလည်လို့ ပြန်ပြောဖို့တော့ အခက်အခဲ နည်းနည်းရှိပါတယ် ။

    “ဖိအားသိပ်မပေးဖို့” ဆိုတာတစ်ခုတော့ နားလည်မိပါတယ် ။ အပေါ်မှာ “ရန်ကုန်စက်မှုတက္ကသိုလ်” ပြောသွားခဲ့သလိုပါပဲ ၊ အခြေအနေတွေဟာ မြန်မြန်ဆန်ဆန် ပြောင်းလဲနေပါတယ် ။ “လ” ပေါ်ကို လူတွေသွားခဲ့တဲ့ခေတ်တောင် ရာစုနှစ်တစ်ဝက်ဝန်းကျင် ကျော်ခဲ့ပါပြီ ။ မျက်တောင်တစ်ချက်ခတ်မိရင်တောင် နောက်ကျကျန်ခဲ့နိုင်တာမို့ လုပ်စရာရှိတာတွေကို နေ့ရွှေ့ညရွှေ့လုပ်နေလို့ မရတော့တာ သေချာပါတယ် ။ ဖိအားပေးတယ်ဆိုတာထက် အချို့လူတွေ မေ့နေတတ်တာလေးတွေကို နည်းနည်းပြောပြကြည့်တာပါ ။

    ReplyDelete