ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, December 3, 2012

တင်ပါး မီးလာမြှိုက်သူများ


    ထိုင်ပါများရင်တော့ တင်ပါးပူမှာပဲ ၊ သို့သော် ခံနိုင်ပါတယ် ။


   တင်ပါးကို မီးလာမြှိုက်သူ ၊ တစ်နည်းအားဖြင့် မခံမရပ်နိုင်လောက်အောင် လာလာဆွသူများကျ
တော့ အတိုင်းတာ နည်းနည်းရှိလာပါတယ် ။ တစ်ခါခါလည်း အခံရခက်တော့ ထအော်မိတာပေါ့ဗျာ ။
ဒီလိုအခါမှာ မနှဲလေးတစ်ယောက် ထခုန်ပြီး အော်တာကိုသာမြင်ရလို့ ဘာများဖြစ်နေတာပါလိမ့်လို့
ဇဝေဇဝါ မဖြစ်ရလေအောင် ၊ အောက်ကနေ ကဏန်းညှပ်လို့ပါ ဆိုတာကိုလည်း ထည့်အော်ရသေး
သကိုး ။


   ခုနောက်ဆုံး အမြှိုက်ခံရတဲ့မီးကတော့ လက်ပန်တောင်းတောင် သံဃာမီးပူဇော်ပွဲပေါ့ ။
   မေးခွန်းအချို့ ရှိလာတာက -
-  ဘာကြောင့် ညအချိန်မှ ဝင်ရှင်းရတာလဲ ၊
-  မီးကျည်လို့ ယုံကြည်ရတဲ့ အရာတွေကို ဘာလို့ သုံးရတာလဲ ၊
-  ဒေါ်စုမလာခင်တစ်ရက်ကျမှ ဘာလို့ လုပ်ရတာလဲ ၊
-  ဒီထက်ကောင်းမယ့် ဖြေရှင်းနည်းတွေ ရွေးချယ်စရာ ရှိခဲ့သလား စသည်ဖြင့်ပေါ့ ။

   ဒီမေးခွန်းတွေရဲ့ အဖြေကို ထုတ်နိုင်ဖို့ရာမှာ ၊ သိက္ခာရှိရှိ ရပ်တည်သင့်တဲ့ သမ္မတရုံးတောင်မှ
သူတို့ရဲ့ ထုတ်ပြန်ချက်ကို ပြန်ရုပ်သိမ်းသွားတယ်ဆိုလေတော့ ကြားသမျှ လေဖမ်းဒန်းစီးရရင်
မကောင်းမကောင်း ဖြစ်သွားနိုင်တယ် ။ ဘယ်လိုဖြစ်ဖြစ် အနည်းဆုံး ဓါတ်ပုံတွေကပြောတဲ့ စ
ကားတွေနဲ့ အရင်ကတည်းက တင်ပြခဲ့ကြတဲ့ သတင်းတွေကိုတော့ ငြင်းဖို့ခက်မှာ သေချာပါ
တယ် ။

   အဲသည်ထဲက အချို့က -
-  ဒဏ်ရာရသူတွေကို ကြည့်ခြင်းအားဖြင့် သာမန်မီးဟပ်ခံရတာ မဟုတ်ပဲ ၊ မီးလောင်စေတဲ့ အရာ
   နဲ့ ထိတွေ့တဲ့ အရာနဲ့ အသားရေတွေကိုသာ သက်ရောက်မှုတွေရှိတာ တွေ့နိုင်တယ် ၊
- လက်ရှိလုပ်နေတဲ့ တရုတ်ကုပ္မဏီဟာ တရုတ်အစိုးရ ချုပ်ကိုင်ထားပြီး လက်နက်ထုတ်လုပ်ရောင်း
   ချတဲ့ အမည်းစက်တွေနဲ့ ကုပ္မဏီတစ်ခု ဖြစ်ပါတယ် ။

   အဲဒီကမှ ဆက်ပြောရရင် လက်ရှိအစိုးရနဲ့ အုပ်ချုပ်ရေးယန္တယားဟာ စိတ်ဓါတ်အဟောင်းတွေ
အမြစ်တွယ်နေသေးတုံးဖြစ်ပြီး အကြမ်းဖက်ဖို့ ဝန်မလေးတာနဲ့ လူစု ထိန်းချုပ်ဖြိုခွဲရေးတွေမှာ လေ့
ကျင့်မှု ပြင်ဆင်မှု အားနည်းနေသေးတယ်လို့ သတ်မှတ်လို့ ရနေတုံးပါ ။ သပိတ်ကို ဖြိုခွဲဖို့ လို
ကောင်းလိုမှာ ဖြစ်ပေမယ့် ၊ ဖြိုခွဲတဲ့နည်းလမ်းနဲ့ ရလာဒ်တွေက အင်မတန် ရုပ်ဆိုးလှတာတော့
အမှန်ပဲ ။

   ဒီလို အင်မတန် အရုပ်ဆိုးလှတာကြောင့် ဘယ်လိုများ ပြောရပါ့မလဲလို့ တွေးလို့မထွက်သေးခင်
မှာပဲ ၊ မမျှော်လင့်ပဲ မီးရှို့လာသူတစ်ယောက်ကြောင့် မနေနိုင်မထိုင်နိုင် ထငေါ့မိပါတော့တယ် ။
ဖန်တီးရှင်ကတော့ လူသိများပြီးသား ကွန်ပြူတာဘလော့ဂါ ညီလင်းဆက်ပါ ။

(၁)
Nyi Lynn Seck · 2,166 subscribers
Thursday at 8:40pm near Yangon, Myanmar ·
  မုံရွာတဝိုက်ဆိုတာ ဗမာတိုင်းရင်းသားတွေ အများဆုံး နေတာပေါ့။ အို အခြားသော တိုင်းရင်းသားများ လက်နက်မရှိသော ဗမာများ ခံရချိန်တွင်တော့ သင်တို့အသံ ငြိမ်သက်လှပါတကား။
  မငြိမ်ပါဘူးဗျာ မငြိမ်ပါဘူး ၊ ပြောစရာ စကားလုံး ရှာလို့မရလောက်အောင်ကို ဖြစ်နေလို့ အချိန်လေး
နည်းနည်းတော့ ပေးပေါ့ဗျာ နော ... ။

  ဘယ်လိုပြောပြော ကိုညီလင်းဆက် ပြောတာကို လက်လှမ်းမီသမျှ တိုင်းရင်းသူ တိုင်းရင်းသားတွေကို
သတိပေးလိုက်မယ်လို့ ကတိပြုပါတယ် ။

(၁)   ခုနေမှာ တိုင်းရင်းသား အတော်များများ တောထဲက သစ်ပင် ဝါးပင်အောက်မှာ ပုန်းရှောင်နေကြရလို့
အင်တာနက် အသုံးပြုဖို့ရာ နည်းနည်း နှောင့်နှေးနေပါတယ် ။ သူတို့တွေ မသေဖြစ်ရင် အင်တာနက်ပေါ်
တက်ပြောနိုင်ကြအောင် သတိပေးလိုက်ပါ့မယ် ။

(၂)  ပေါ်တာလိုက်ရလို့ ခရီးလွန်နေသူများကိုလည်း မကျိုးမကန်း ပြန်လာနိုင်ကြရင် အင်တာနက် အသုံး
ပြုနိုင်ကြဖို့ လမ်းညွှန်ပြောကြားပြီး ၊ မလိုအပ်ပေမယ့် စေတနာအပြည့်နဲ့ ကာမကိစ္စကို ဖြည့်ဆည်းပေး
တာ ခံခဲ့ကြရတဲ့ အမျိုးသမီးမျာကိုလည်း တစ်လက်စထဲ အသတ်မခံခဲ့ကြရရင် ငြိမ်မနေကြဖို့ တိုက်တွန်း
ပေးလိုက်ပါ့မယ် ။

(၃)   မြေသိမ်းခံရလို့ ဆန္ဒမပြပဲ ၊ သတ်ပြစ်မယ်လို့ ကျီစားရုံလေးနဲ့ ထွက်ပြေးသွားကြတဲ့ ငထုံငအ တိုင်း
ရင်းသားတွေကိုလည်း ရွာပြန်လာကြဖို့ ၊ အင်တာနက် အင်တာတိမ်တွေ မတတ်နိုင်ရင်လည်း မုံရွာကိစ္စ
အတွက် မတရားလုပ်သူတွေကို ရှုံ့ချဖို့ ၊ ဖိနှိပ်ခံရသူတွေအတွက် ထောက်ခံဆန္ဒပြဖို့တွေကိုလည်း မှတ်
မှတ်ရရ သတိပေးလိုက်ပါ့မယ် ။ ကိုယ့်ရွာ ကိုယ်ပြန်လာလို့ အသတ်ခံရရင်တောင် ရန်ကုန်မြို့မှာ နာရေး
ကူညီမှုအသင်းကြီးဆိုတာရှိကြောင်း အားပေးလိုက်ပါမယ် ။

(၄)  ဒါ့ပြင် ကြုံသမျှ တိုင်းရင်းသားတွေကိုလည်း သူတို့အလှည့်တုန်းမှာ ရက်ရက်စက်စက် မီးနဲ့အရှို့မခံ
ရပဲ ၊ နူးနူးညံ့ညံ့ ရိုက်နှက်ပြီး အခန့်သင့်ရင်လည်း သေးငယ်လှတဲ့ ကျည်ဆံများနဲ့ ဒုက္ခများမြောင် လူတို့
ဘောင်ကနေ ကျွတ်အောင်လို့ ကူညီပေးတာကိုပဲ ခံကြရတာဟာ အများကြီးတော်တယ်ဆိုတာ ပြေပြ
ရှင်းလင်းပေးပါအုံးမယ် ။ အခုထိ သောင်းကဏန်း သိန်းကဏန်းလောက်ပဲ အသက်စွန့်ခဲ့ကြရတာဟာ
မီးလောင်ခံရတာနဲ့စာရင် ကုသိုလ်ကြီးလှပါတယ် ။ ဒီလို ဘဝမျိုးမှာ ကိုယ်ချင်းစာတရားကို မမေ့မလျော့နဲ့
မုံရွာ လက်ပတောင်းကိစ္စအတွက် ဝိုင်းဝန်း တိုက်ပွဲဝင် တောင်းဆိုပေးကြသင့်တာလည်း အမှန်ပါပဲ ။

   အမှန်တော့ တိုင်းရင်းသားတွေ နှစ် ၆၀ လောက် ခံခဲ့ကြရတာ ပမွှားတွေပါဗျာ ၊ အမြင်ကျဉ်းကြတာပါ ။
ခုကြည့် ကိုညီလင်းဆက်လို မြို့နေဗမာတွေဆို ဘယ်လောက်"ထက်"သလဲဗျာ .. တစ်ခုဆိုရင် တစ်ခု
ဆိုသလောက် တိုင်းရင်းသား ညီအစ်ကိုတွေကို သတိတန်းရတာကလား ... ။

   တိုင်းရင်းသားနဲ့ ဗမာ ကွာတယ်ဆိုတာ ဒါပဲလေ ။
   တစ်ခါခါ ကိုယ့်ကိုယ်ကို တိုင်းရင်းသားဖြစ်ရတာ ရှက်ချင်လှသဗျာ ။
   ဒါပေမယ့် မကြာခင် တိုင်းရင်းသားတွေဟာ မျိုးပြုတ်ကောင်း ပြုတ်သွားကြမှာပါပဲဆိုပြီး စိတ်ချမ်းသာအောင် ဖြေတွေးတွေးရသပေါ့ဗျာ ။

   ခုလိုငေါ့တာဟာ စိတ်ဆိုးလို့ ပြောတာတော့ မဟုတ်ပါဘူး ။ လူသိများသူတစ်ယောက်ရဲ့ ဖေါ်
ထုတ်ပြတဲ့အမြင်ဟာ သက်ရောက်မှုတွေ အများကြီးရှိနိုင်တာမို့ တစ်ချက် ဝင်ထောက်ရုံပါ ။ သူ့
ရဲ့ အခြားထပ်ရေးထားတာတွေနဲ့ အချို့သော လူတွေရဲ့ တစ်ဖက်သတ် အမြင်တွေကိုတော့ လစ်
လျူရှုလိုက်ပါတယ် ။

   တစ်လက်စထဲ မြေယာသိမ်းမှုတွေနဲ့ ဆက်စပ်ပြီး ဘလော့ဂါ “ဒူဝါကချင်” ပြောသွားတာလေး
တစ်ချို့ကို ကောက်နှုတ်ပေးလိုက်ပါတယ် ။

“မြန်မာ နိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာတိုင်းမှာ … စကတည်းကကို Negotiation အလုပ်
မခံခဲ့တဲ့လူတွေဟာ ပုံစံမျိုးစုံနဲ့ ဝေ့လည်ကြောင်ပတ် လုပ်နေခဲ့လို့ မပြီးနိုင်၊ မပြတ်နိုင် ဖြစ်
နေတာပါ … လက်ပံတောင်းတောင် လူထုရဲ့ တိုက်လှန်မှုဟာ တခြားတိုင်းရင်းသား
လက်နက်ကိုင် တော်လှန်ရေးသမားများ နဲ့ ပုံစံခြင်းမတူပေမယ့် အဓိပ္ပါယ်ခြင်း တူပါ
တယ် … ကိုယ့်ရဲ့ဌာနေမှာ ကိုယ်နဲ့ သက်ဆိုင်တဲ့ ပိုင်ဆိုင်မှု နဲ့ လူမှုအဖွဲ့အစည်းအတွက်
လုပ်ပိုင်ခွင့်တွေ၊ ဆုံးဖြတ်ပိုင်ခွင့်တွေဆုံးရှုံးနေလို့ ဖြစ်လာခဲ့ရတဲ့ ပြဿနာတွေပါ။ … နယ်
မြေခံ အစိုးရ အာဏာပိုင်များ နဲ့ နယ်ခံ ပြည်သူများကြား နားလည်မှုကို အရင်တည်
ဆောက်မယ်... အကျိုးစီးပွါးရယူသုံးစွဲမှုကို ထင်သာ မြင်သာ ဖြစ်အောင်လုပ်မယ်... နိုင်
ငံတော်အတွက် ဆိုတဲ့ နာမ အစား နယ်ခံပြည်သူများအတွက် ဆိုတဲ့ အကျိုးခံစားခွင့်ကို
ဦးစားပေးလာမယ်... ဆိုရင်... တောင်ပြုန်းသွားရင်တောင် ပြည်သူတွေ ဘာမှ အတွန့်
တက်တော့မှာ မဟုတ်။... အဓိက ကတော့ နယ်ခံပြည်သူများကို ဆုံးဖြတ်ပိုင်ခွင့် ပေးဖို့ပါ။”

မန်းကိုကို
၀၁ ၊ ၁၂ ၊ ၂၀၁၂
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
(၂)

  လက်ပံတောင်းကိစ္စနဲ့ ပတ်သက်လို့ ကိုယ့်ရေဒါထဲဝင်လာတဲ့ စာတစ်စုကို မှတ်ချက် ပြန်ပေး
မိခဲ့ပြန်ပါတယ် ။


မဟာကြောင် · 4,900 like this
တကယ်က.. အခုဖြစ်စဉ်မှာ တာဝန်အရှိဆုံးက.. သပိတ်ခေါင်းဆောင်တွေပဲ..။ သူတို့ကြောင့် အခုလောက် ဆိုးဝါးကုန်တာ..။ အစိုးရဖက်က သပိတ်ဖြိုခွဲတာမှာ.. လိုအပ်တာထက် ပိုကောင်းပိုမယ်..။

သို့သော်.. မီးမလောင်လဲ.. ဖြိုခွဲပါတယ်ဆိုမှ အနှိပ်ခန်းက ပြန်လာသလိုမျိုးတော့.. အညောင်းအညာတွေပြေပြီး ပြန်လာနိုင်စရာအကြောင်းမရှိဘူး..။

အနည်းဆုံး .. နံပါတ်တုတ်နဲ့ တော့ အရိုက်ခံရမှာပဲ.။ အခန့်မသင့် သေမှာပဲ..။

အပ်တိုတစ်ချောင်းတောင် မရှိတဲ့ သူတွေကို .. လူစွဲခွဲပါ-ခွဲပါနဲ့ သူတို့အကြိမ်ကြိမ်ပြောတာပဲ။ အပ်တိုမရှိတဲ့သူတွေက.. ခွဲမှ.. မခွဲဘဲ။ မခွဲ .. ဟိုက ဆော်မှာပေါ့..။

ဒါတောင် ပေးထားတဲ့ နောက်ဆုံးအချိန်က ၂၇ ရက်နေ့ ည။ ဖြိုခွဲတာက.. ၂၉ မနက်..။

တကယ်ဆို.. သပိတ်ကို ဦးဆောင်သူတွေမှာ.. Game Plan ရှိရမယ်..။ ငါတို့ လိုချင်တာ မရရင်.. ဘယ်ကွေ့မှာ ဘယ်တက်နဲ့လှော်မယ် ဆိုတဲ့ Plan A, Plan B တွေ ရှိရမယ်..။

သပိတ်-သပိတ် မှောက်မှောက်နဲ့.. ထိုင်ရာကမထ- ဖင်ကျောက်ချတိုင်း ပန်းတွေ ပွင့်ကြစတမ်းဆိုရင်.. မြန်မာပြည် တ၀ှမ်း ပန်းတွေနဲ့ ဝေတာ ကြာပြီပေါ့..။

အခုတော့.. ဇာတ်က သိပ်နာသွားပြီ..။ ဒီကြားထဲ ဘုန်းဘုန်းတွေက ဇာတ်လိုက်နေရာကနေ ကပြ အသုံးတော်ခံတော့ ပြည်သူမှာ ထွန့်ထွန့်ကိုလူးလို့..။

တချို့ ဆိုသွေးရူး သွေးတမ်းနဲ့ ဒေါ်စုကို ထိုင်ကန်တော့တဲ့ အထိ ဖြစ်ကုန်ပြီ..။ ဒေါ်စု ပြောခဲ့တာပဲ။ နိုင်ငံတကာနဲ့ မျက်နှာမပျက်ဖို့ လိုတယ်လို့..။

အဲဒီစကားကြ ဖင်ကြား မညှပ်ဘဲ.. အခုမှ ဖင်ကုန်းပြီး ကန်တော့-တော့ လွန်တာတွေက လွန်သွားပြီ..။ ဖြစ်တာတွေက ဖြစ်ပြီးသွားပြီ..

ဒေါ်စုလည်း ဖြစ်ပြီးတာတွေနဲ့ ပါတ်သက်ပြီး ဘာမှ မတတ်နိုင်ဘူး။ ဦးသိန်းစိန်လည်း ပျော်နေမယ်လို့ ထင်သလား..။ သူလည်း စိတ်မကောင်းဖြစ်နေမှာပဲ..။

မြစ်ဆုံကိစ္စ သူရပ်ပေးနိုင်တုံးက ရပ်ပေးခဲ့တာပဲ..။

အခုကိစ္စ ဦးအောင်မင်းလွှတ် တောင်းပန်ခိုင်း- အကြိမ်ကြိမ် သပိတ်လှန်ဖို့သတိပေး- ဒေါ်စုလည်းဝင်ပြော နေမှတော့ လိုချင်တာ မရနိုင်မှန်း သပိတ်ခေါင်းဆောင်တွေ သဘောပေါက်ရမှာပေါ့..။

အဲသလောက်မှ မသုံးသပ်နိုင်- အမျှော်အမြင်မရှိရင်လည်း.. ပြည်သူတွေရဲ့  ဘ၀နဲ့ ရင်းရတဲ့ ကိစ္စတွေမှာ.. ၀င်ပြီး ဦးမဆောင်နဲ့.။

သိပ် ခံယူချက် ပြင်းလွန်းရင်လည် အပြစ်မဲ့တဲ့ တောသူ တောင်သားတွေကို ဆွဲမထည့်နဲ့..။ '' ငါ သဘောမတူဘူးဟေ့ ဆိုပြီး ကိုယ့်ကိုယ်ကိုသာ ဓါတ်ဆီလောင်း မီးရှို့  လိုက် '' ..။

မီးလောင်ပြီး ခင်ဗျားတို့ သေသွားရင် ခင်ဗျားတို့ ဓါတ်ပုံဘုရားစင်ပေါ်တင်ပြီး တစ်ညတစ်ခါ ကျုပ်ရှိခိုးအိပ်မယ်။

(လူတော်တွေကို ပူဇော်ချင်တဲ့ကြောင်)
               ......................................


   အပေါ်က စာစုရဲ့ အနှစ်ချုပ်အဆိုကို ထုတ်ကြည့်တဲ့အခါ -

(၁)  ငြိမ်းချမ်းစွာ ဆန္ဒပြတာဟာ သေနိုင်တဲ့အလုပ် ၊
(၂)  အာဏာပိုင်တွေ ပြောတဲ့အတိုင်း လိုက်နာရမယ် ၊
(၃)  ဒီကြေးနီလုပ်ငန်းဟာ ရပ်လို့ မရနိုင် ၊
(၄)  ဆန္ဒပြခေါင်းဆောင်လုပ်ရင် အမျှော်မြင်ရှိ ပါးနပ်ရမယ် ၊ အသေခံရဲရမယ် ၊
**  သူ့ရဲ့ အနှစ်ချုပ်ကောက်ချက်က - “ဘာပဲဖြစ်ဖြစ် ဒီအကျည်းတန်သွားတဲ့ ကိစ္စမှာ သပိတ်ခေါင်းဆောင်တွေသာ တာဝန်အရှိဆုံး” ဖြစ်ပါတယ် ။

   “မပြောတတ်လို့ မဆွေးနွေးချင်တာ မဟုတ်ဘူး”လို့ ကျနော့်ကိုပြောဖူးတဲ့ ဒီစာရေးသူဟာ ဆွေးနွေး
ငြင်းခုံမှု(argument) တစ်ခုမှာ ခိုင်မာတဲ့ အခြေခံအချက်လက် (သို့) အကြောင်းပြချက်(premise) တွေ
ရှိရတဲ့သဘောကို သိမယ်လို့ ယူဆမိတယ် ။ တစ်လက်စထဲ အဲသည် အခြေခံအကြောင်းပြချက်တွေ
မခိုင်မာရင် အဆုံးသတ်ကောက်ချက်(conclusion) တွေဟာ ရွှံ့ပေါ်မှာဆောက်မိတဲ့အိမ်လို ကိုယ်က
ခိုင်တယ်ထင်ပေမယ့် လက်တွေ့ဘဝနဲ့ ကင်းကွာတတ်ပါတယ် ။

   ဒါကိုမှီပြီးပြောရင် အပေါ်က ထုတ်နှုတ်ပြထားတဲ့ အချက် (၄) ချက်ဟာ -

(၁)  ကြမ်းကြမ်းတမ်းတမ်း နှိမ်နင်းမှုတွေ သေချာပေါက်လုပ်မယ် ၊ သေဖို့အထိ မျှော်လင့်ထားပါ ၊
(၂)  အရင်နဲ့ အခုအာဏာပိုင်တွေဟာ ထပ်တူပဲ ၊ ပြောတာနားထောင် ၊ ခံမပြောနဲ့ ၊
(၃)  လုပ်ငန်းရပ်တန့်ဖို့ အစီစဉ်မရှိ ၊ ညှိနှိုင်းလို့ မရနိုင် ၊
(၄)  ခပ်တုံးတုံး ဆန္ဒပြ ခေါင်းဆောင်တွေနဲ့ အလုပ်မဖြစ်နိုင် ၊
**  အနှစ်ချုပ်ကောက်ချက်အနေနဲ့ - “လျှော့ပေးလို့မရတဲ့ ဒီကိစ္စမှာ အာဏာပိုင်တွေဘာလုပ်လုပ် ဆန္ဒပြခေါင်းဆောင်တွေရဲ့ အပြစ်အရှိဆုံး” - လို့ အဓိပ္ပါယ် သက်ရောက်ပါတယ် ။

   ကျနော့်အနေနဲ့ အဆုံးသတ် မှတ်ချက်ချရရင် အပေါ်က မဟာကြောင်ဆိုသူ ရေးထားတာတွေဟာ
ဖိနှိပ်သူ အာဏာရှင်တွေဖက်က အမြင်မျိုးကို ထောက်ခံပြီး ပါးပါးလေးမြင်ပြတဲ့ တစ်ဖက်သတ် လိုရာ
ဆွဲ ငြင်းခုံမှု တစ်ခုသာ ဖြစ်တယ်လို့ ပြောချင်ပါတယ် ။

   ဒီမှတ်ချက်မပေးခင် သတိပြုမိတာ အချို့ ရှိပါတယ် ။
   အထူးသဖြင့် ဒီနာမည်နဲ့ ရုပ်ပုံတောင် မပါတဲ့သူကို ကြိုက်နှစ်သက်သူတွေ အများကြီးရှိပြီး Like လုပ်
သူ ၅ ထောင်တောင် ကျော်တယ်ဆိုတာကိုပါ ။ ဒါဟာ လူကြိုက်များအောင် လုပ်နိုင်တဲ့ အရည်ချင်းရှိ
တယ်လို့ အဓိပ္ပါယ်ထွက်သလို ၊ တကယ်မရှိတဲ့ စိတ်ကူးယဉ် အရာတစ်ခုကို မဆန်းစစ်ပဲ မက်မော
တတ်ကြသူတွေလည်း အများကြီးဆိုတာကို ညွှန်းဆိုနေပါတယ် ။

   အခု ဒီမှတ်ချက်ရေးရခြင်းဟာ အိပ်မက်မက်နေသူတွေနဲ့ ရန်ဖြစ်ဖို့ မဟုတ်ပါဘူး ။ ဒါပေမယ့် မတူတဲ့
အမြင်နဲ့ ဆန်းစစ်ချင်တဲ့ စိတ်ထားမျိုးရှိသူအချို့ကိုတော့ လှုပ်နှိုးမိကောင်း လှုပ်နှိုးမိနိုင်ပါလိမ့်မယ် ။

“တံလျှပ်”ဟာ “ရေ”မဟုတ်ပါ ။

၀၁ ၊ ၁၂ ၊ ၂၀၁၂
======================================   

(၃)  မရဘူး မရဘူး … ဂျူလီယာဂေးလပ်မှ ဂျူလီယာဂေးလပ်ပဲ ….


   Blog ၊ Facebook နဲ့ ဒုတိယတန်းလောက်ကို တက်ဖို့ကြိုးစားနေတဲ့ Website တစ်ချို့မှာ ပါပါနေ
တာလေး တစ်ခုပါ ။ "သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂေးလပ်ရဲ့ ရဲရဲတောက်မိန့်ခွန်း" ဆို
တာကြီးကို ထပ်ထပ်ဆင့်ပြီး တင်နေကြတာ မမောသေးဘူးလားလို့တောင် မေးချင်တယ် ။ တစ်ကယ်
တော့ ကုလားမုန်း မွတ်ဆလင်မုန်းတဲ့ အိပ်မက်တွေကို အကောင်ထည်ဖေါ်ပေးမယ့်သူကို မျှော်လင့်
တမ်းတနေချိန်မှာ ကယ်တင်ရှင်တစ်ယောက် ပေါ်လာပြီဆိုပြီး အငမ်းမရ စင်ဝိုင်းတင်ပေးနေကြတာ
လို့ အမှန်အတိုင်းပြောရင် အချို့က စိတ်ဆိုးကြမယ် ထင်ပါတယ် ။

  အတိုဆုံး အရှင်းဆုံးနဲ့ အပွင့်လင်းဆုံး အချက်လက်အချို့ထုတ်ပြီး ပြောရရင် -

  ဂျူလီယာဂေးလပ်က မွတ်ဆလင်တွေ သြစတြေးလျနိုင်ငံမှာ မနေချင်ရင် ထွက်သွားကြလို့ မိန့်
ခွန်း မပြောခဲ့ပါဘူး ။ ဒီမိုကရေစီနည်းလမ်းနဲ့ သွားနေတဲ့ သိက္ခာရှိတဲ့နိုင်ငံနဲ့ ခေါင်းဆောင်တစ်ယောက်
အတွက် ဒါတွေကို ပြောလို့မရပါ ။

  မိန့်ခွန်းအတုဖြစ်ကြောင်း အလွယ်တကူ တွေ့နိုင်တာတွေကတော့ ဒီလင့်တွေပါ ။

  "သမိုင်းတင်သည့် ရဲရဲတောက်မိန့်ခွန်း" တကယ်မှန်ရင် မူရင်း Link တော့ ထည့်ပေးသင့်ပါတယ် ။
Martin Luther King Jr., Nehru တို့ရဲ့ ကြာခဲ့ပြီဖြစ်တဲ့ သမိုင်းဝင်မိန့်ခွန်းတွေတောင် အချိန်မရွေး
Google ထဲ တစ်ချက်နှစ်ချက် ခေါက်လိုက်ရုံနဲ့ ပေါ်လာပါတယ် ။ ဒီတော့ မနေ့တစ်နေ့ကမှ ဝန်ကြီး
ချုပ်တက်လုပ်တဲ့ Julia Gillard အတွက်တော့ မခက်ခဲလောက်ပါ ။

  ဂျူလီယာဂေးလပ်ဟာ Lalor လို့ခေါ်တဲ့ မဲဆန္ဒနယ်ကနေ ရွေးကောက်တင်မြှောက်ခံရပြီး ပါလီ
မန်ထဲ ရောက်နေတာ ဖြစ်ပါတယ် ။ ကျနော်ရောက်နေတဲ့ မဲဆန္ဒနယ် ဖြစ်ပါတယ် ။

  သူဝန်ကြီးချုပ်မဖြစ်ခင် နေခဲ့တဲ့အိမ်က လစ်ဗာတန် (Laverton) လို့ခေါ်တဲ့ ရပ်ကွက်မှာ ရှိပါ
တယ် ။ သာမန် လက်လုပ်လက်စားတွေရဲ့ အိမ်မျိုးပါ ။ ကျနော်တို့ဆီက ကားနဲ့မောင်းသွားရင် ဘယ်
လာက်မှ မကြာလှပါဘူး ။

  သူ့ရဲ့ ရုံးခန်းခွဲတစ်ခုကို ဝါရီဘီ (Werribee) လို့ခေါ်တဲ့ မြို့နယ်ဈေးတန်းထဲမှာ ဖွင့်ထားပါတယ် ။
ကျနော့်အနေနဲ့ အလွယ်တကူ အရောက်သွားလို့ရတဲ့ နေရာပါ ။ မဲဆန္ဒရှင်တွေအနေနဲ့ ရုံးဖွင့်ရက်
တွေမှာ သူ့အတွက် ရုံးထိုင်ပေးသူတွေကို ဖုန်းခေါ် ၊ အီးမေးလ်ရိုက် ၊ ဒါမှမဟုတ် ကြိုတင်ချိန်းချက်
appointment ယူပြီးလည်း ကိုယ်ပြောချင်တဲ့စကားတွေကို ဝင်ပြောတာ မေးတာ မကျေနပ်ချက်
တွေကို ဖွင့်အံထုတ်တာတွေ လုပ်လို့ရပါတယ် ။

  အချုပ်အနေနဲ့ တစ်ကယ်လိုအပ်မယ်ဆိုရင် ဂျူလီယာဂေးလပ်ဆီကို ကျနော်ကိုယ်တိုင်
တိုက်ရိုက်မေးပေးပါ့မယ် ။ အထူးသဖြင့် မြန်မာပြည်က တာဝန်ရှိသူတွေ ၊ လူသိများတဲ့ နိုင်ငံရေး
သမားတွေပါ အပေါ်ကပြောခဲ့တဲ့ မိန့်ခွန်းအတုကြီးကို သူတို့ပါးစပ်ထဲ ကောက်တပ်တဲ့အခါပေါ့ဗျာ ။
သူလည်း သူ့သိက္ခာအတွက် ခုခံကာကွယ်မှာပါ ။
 
  ဒါတွေပြောနေတာ မွတ်ဆလင်တွေဖက်က ကာကွယ်ပေးဖို့ ကြိုးစားတာ မဟုတ်ပါ ။ မဟုတ်မ
မှန်တာတွေကို ရှေ့တန်းတင်ပြီး ပျော်ပျော်ကြီး ကိုယ့်သိက္ခာ ကိုယ်ချနေတာတွေကို အဟန့်လေး
လုပ်ပေးတဲ့သဘော လောက်ပါ ။ ကျနော့်မိခင်ဖြစ်သူတောင် အဲဒါကို တစ်ကယ်ထင်နေတာမို့ အ
ဝေးကလူတွေ တစ်လွဲထင်တာကို အပြစ်တော့ မတင်ပါ ။

  တစ်ခုရှိတာက လွန်ခဲ့တဲ့တစ်လကျော်လောက်ကတော့ တမန်တော်မိုဟာမက်ကို စော်ကားတဲ့
ရုပ်ရှင်ကားအတွက် ဆစ်ဒ်နီမြို့မှာ မွတ်ဆလင်တွေ ဆန္ဒပြကြပါတယ် ။ ဥပဒေအတိုင်း လိုက်နာ
မှုမရှိ ၊ အကြောင်းမကြားပဲ ဆန္ဒပြတာ ၊ ပြင်းထန်တဲ့ မုန်းတီးရေး စကားတွေပါတဲ့ ဆောင်ပုဒ်တွေ
ကိုင်တာ ၊ ကလေးငယ်တွေပါပါပြီး ကလေးအမေတစ်ယောက်က သူ့ကလေးကို သတ်ကြဖြတ်
ကြဆိုတဲ့ ဆောင်ပုဒ်ကို ပေးကိုင်ပြီး ဓါတ်ပုံရိုက်တာ ၊ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်တာတွေကြောင့်
ဝန်ကြီးချုပ်အပါအဝင် လူအတော်များများကနေ ရှုတ်ချခဲ့ကြပါတယ် ။ သြစတြေးလျ ယဉ်ကျေးမှု
နောက်ခံနဲ့ လူနေမှုစနစ်ကိုနားလည်တဲ့ မွတ်ဆလင် အဖွဲ့အစည်းအားလုံးလိုလိုကလည်း ဝိုင်းရှုတ်
ချခဲ့ကြပါတယ် ။

  ဒါကတော့ လက်တွေ့ဖြစ်ရပ် ၊ သက်သေသာဓကတွေနဲ့ပါ ။ ငြင်းလို့မရသလို အနေသိပ်မကြာ
သေးတဲ့ အရှေ့အလယ်ပိုင်းက လူသစ်တွေ ၊ လူဟောင်းတွေထဲက ပင်မရေစီးကြောင်းအပြင်
ဖက် ရောက်နေသူတွေ ၊ ရတဲ့အခွင့်အရေးတွေကို အသုံးချပြီး ကိုယ်နေတဲ့ လူမှုအသိုင်းဝိုင်းကို
ဆန့်ကျင်ဖက်အပြုအမူတွေ လုပ်ခဲ့တဲ့ မွတ်ဆလင်ဘာသာဝင် အချို့ရှိတယ်ဆိုတာတော့ ထင်ရှား
ပါတယ် ။

  ဒါပေမယ့် အဲဒါတွေကြောင့် ဂျူလီယာဂေးလပ်ကနေ အချို့အချို့သောလူတွေ ဖြစ်စေချင်တဲ့ အိပ်မက်အတိုင်း လိုက်မပြောပါဘူး ။ သတိလေး ကပ်ကြဖို့ပါ ။

၀၂ ၊ ၁၂ ၊ ၂၀၁၂

7 comments:

  1. လှိုင်ဘွားDecember 1, 2012 at 4:00 PM

    အစ်ကိုမန်းရေ အစ်ကို့ ရဲ့ ခံစားချက်တွေကိုနားလည်းပါတယ် ။
    ကျွန်တော်ဟာ မြန်မာတိုင်းရင်းသား တယောက်ပါ ။ ဘယ်သူတွေ ဘယ်လိုပဲ ပြောနေပြောနေ ဘယ်လိုအယူအဆတွေနဲ့ ပဲရပ်တည်နေကြပါစေ ကျွန်တော် မြန်မာပြည်သားတိုင်းကို ချစ်တယ် ငယ်ငယ်ထဲက အကြောင်းလေးတွေပြောပြရရင် အတန်းထဲမှာ ချင်း တယောက်တလေ ၊ ကရင် တယောက် တလေ ရှိနေရင်တောင် မှတ်မှတ်ရရ ရှိတတ်ကြတယ် နောက်ပြီး သူတို့ ကို ပိုခင်ကြတယ် ရိုးသားတဲ့ စကားပြောဆိုဟန်တွေ က သူတို့ ရဲ့ ထူးခြားချက်ပဲ ကျွန်တော်အပါအဝင် အတန်းထဲမှာ ဘယ်သူမှ နှိပ်ချဆက်ဆံတာ မတွေ့ ခဲ့မိပါဘူး။ လိုရင်းပြောချင်တာက တိုင်းရင်းသားတွေကို မြန်မာတိုင်းရင်းသားတွေတိုင်းမမုန်းဘူးဆိုတာ ယုံကြည်ပေးပါဗျာ။ကျွန်တော်က သီချင်းအိမ်(လှိုင်ဘွား)ပါ။

    ReplyDelete
  2. မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ် ။
    ကျနော့်စာတွေမှာ ခံစားချက်တွေ ပါကောင်းပါမှာပါ ၊ သို့သော် အချက်လက်နဲ့ သဘာဝကျတာတွေကနေ သွေဖည်မသွားဖို့တော့ အမြဲသတိထားပါတယ် ။

    ဒါ့ပြင် ခံစားချက်လို့ ပြောရာမှာလည်း ကရင်ဖက်ကနေ နာတဲ့ခံစားချက်မျိုးမဟုတ်ပဲ ၊ Common Sense အပေါ် အခြေခံပြီး လူတိုင်းအတွက် မြင်ပြပေးတာမျိုးဖြစ်အောင် ကြိုးစားပါတယ် ။ ကျနော် ရေးခဲ့တာတွေထဲမှာ ချွတ်ချော်မှုတွေ ရှိကောင်းရှိမှာ ဖြစ်ပေမယ့် ၊ များသောအားဖြင့်တော့ မတူတဲ့ အမြင်တွေဟာ အခြားသူတွေရဲ့အမြင်မှာ တစ်မျိုးတစ်ဖုံ ဖြစ်နေတတ်မှာကိုလည်း မျှော်လင့်ထားပါတယ် ။

    ကိုလှိုင်ဘွား ပြောသလိုပါပဲ ၊ ဗမာအပါဝင် ဘယ်တိုင်းရင်းသား အားလုံးကမှ အခြား တိုင်းရင်းသား တစ်မျိုးမျိုးကို မမုန်းကြပါဘူး ။ ဒီကြားထဲမှာ အမုန်းနဲ့ အစွန်းရောက်တာတွေကို ထိန်းညှိပေးနိုင်ဖို့က ကျနော့်ရဲ့ ဝတ္တရားတစ်ရပ်လို့ ခံယူထားပါတယ် ။ ကျနော့်စာတွေ အားလုံးကို ခြုံငုံကြည့်ရင် မြင်သာမယ်လို့ ထင်ပါတယ် ။

    ဘယ်လိုပဲဖြစ်ဖြစ် မှတ်ချက်အတွက် ကျေးဇူးပါ ။

    ReplyDelete
  3. လှိုင်ဘွားDecember 3, 2012 at 2:17 PM

    ဟုတ်တာပေါ့ အစ်ကိုမန်းရေ အမုန်းနဲ့ အစွန်းရောက်တာတွေကို ထိန်းညှိပေးမယ့်လူတွေအများကြီးလိုအပ်တာပေါ့ ကျွန်တော် ရင်ထဲမှာရှိတာလေးက ကျွန်တော် တိုင်းရင်းသားတွေကိုချစ်သလို တိုင်းရင်းသားတွေ ကျွန်တော့်ကို မုန်းသွားမှာလည်းကြောက်တယ် အခုပဲကြည့်လေ အစ်ကိုနဲ့ကျွန်တော့်လိုပေါ့ တယောက်နဲ့ တယောက် မတွေ့ ဘူး မသိဘူးပေမယ့် ကျွန်တော့်မှာ ခင်မင်ချင်တဲ့ စိတ်ရှိနေတယ်ဆိုတာ ဟုတ်တယ်မှတ်လား :) လှိုင်ဘွား(သီချင်းအိမ်)

    ReplyDelete
  4. ဟေ့ကောင်လှိုင်ဘွား လာမဖားနဲ့

    ReplyDelete
  5. ကိုမန်း ဒီခေါင်းစဉ်နဲ့ ၂၀၁၂ ဒီဇင်ဘာ ၁ က တင်ထားသေးတယ်၊ စာတွေတော့ မတူတော့ဘူး။
    ဖေ့စ်ဘွတ်မှာ ကိုမန်းစာတွေ မြင်ချင် ရှယ်ချင်ပါတယ်။

    ReplyDelete
    Replies
    1. မှတ်ချက်ကို ဒီနေ့မှ ဘလော့ဖွင့်ရင်းတွေ့လို့ စာပြန်လိုက်တာပါ ။

      Facebook ပေါ်မှာတော့ mahn koko လို့ ရိုက်လိုက်ရင် ပေါ်လာလိမ့်မယ် ထင်ပါတယ် ။
      စိတ်နဲ့ကိုက်ညီတာရှိရင် စိတ်ကြိုက်ရှယ်နိုင်ပါတယ် ။ သို့သော် ဖေ့စ်ဘွတ်ပေါ် ရေးဖြစ်တာတွေက ၊ ဘလော့မှာထက် နည်းနည်းပိုပေါ့နေနိုင်ပါတယ် ။ ဘလော့ပေါ်တင်ဖို့ရာ ၃-၄ ခေါက်လောက် ပြန်စစ်ဖြစ်ပြီး ၊ ဖေ့စ်ဘွတ်ပေါ်တော့ ၁-၂ ခေါက်လောက်သာ ပြန်ဖတ်ဖြစ်တာကြောင့်လည်း ပါပါလိမ့်မယ် ။

      Delete