ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, February 6, 2011

ပင်လုံနဲ့ယှဉ်တဲ့ အလွတ်သဘော အဖြေရှာချက်တချို့ (၁)

မြန်မာပြည်မှာ အားလုံးထင်ထားတဲ့အတိုင်း စစ်ဦးထုပ်ချွတ်ပြီး ခေါင်းပေါင်းစွပ်ထားသူက
သမ္မတနေရာ ယူလိုက်ပါပြီ။ ဒုတိယသမ္မတကျပြန်တော့ တိုင်းရင်းသားတစ်ဦးက မမျှော်လင့်ပဲ နေရာအပေးခံရပြန်ပါတယ်။ တစ်ဖက်မှာလည်း ဒုတိယပင်လုံဟာ အပေါစား နိုင်ငံရေးစတန့်ထက်
မပိုဘူးလို့ အဆိုပြုခံထားရပြန်ပါတယ်။

ရှေ့လျှောက်ရမယ့်ခရီးလမ်းကို ရေရေရာရာပီပီပြင်ပြင် မမြင်နိုင်မသိနိုင်ပေမယ့်
ပင်လုံနဲ့ပတ်သက်ပြီး တနိုင်တပိုင်စာ ဆွေးနွေးထားတာတွေနဲ့ အပြန်အလှန် ဝင်ရောက်
ဆွေးနွေးထောက်ပြ အဆိုပြုထားတာလေးအချို့ကို တစ်ကျော့ပြန် အပိုင်းကလေးတွေခွဲပြီး
ပြန်တင်လိုက်ပါတယ်။ ထပ်ဆင့်ဖြည့်စွက်လိုရင်၊ ဆွေးနွေး အဆိုပြုလိုတာတွေကိုလည်း
ကြိုဆိုပါတယ်။

(မန်းကိုကို)



သိသမျှ၊ မြင်သမျှ - ပင်လုံ ၁.၁

ရှေ့ပို့စ်မှာ ကိုကျော်ထင် လာတွန်းထားတဲ့ ဒုတိယပင်လုံညီလာခံကိစ္စ ပြောကြည့်မယ်ဗျာ။ မစခင်
ဆက်စပ်ပြီး အတွေးထဲဝင်လာတာက ၂၀၁၀ မှာ ကြုံခဲ့တာလေးတစ်ခု။ ကျနော့်အီးမေးလ်ထဲ စာတစ်
စောင်ဝင်လာတယ်ဗျ။ လိုရင်းကတော့ ကျနော်ဟာ အခွင့်အရေးသမား တစ်ယောက်ဖြစ်တယ်ဆိုတာ
သူသိတယ်ဆိုတာနဲ့ “ဒင်းလိုလူစား သတိထားဟေ့” ဆိုတဲ့ ဆောင်းပါးလင့်ပါ ထည့်ပေးထားပြီး ကျနော့်
ကို “ဂဠုန်ဦးစော” နဲ့ပါ နှိုင်းသဗျား။

     ပထမဦးဆုံး ဘယ်လိုခံစားရသလဲလို့ အင်တာဗျူးလုပ်သလိုမေးရင်တော့ … ဟုတ်ကဲ့၊ စိတ်နည်း
နည်း အနှောင့်အယှက်ဖြစ်ပါတယ်။ ပြီးတော့ ဂုဏ်လည်းယူမိပါတယ်၊ လို့ပြောရပါမယ်။

     ဗိုလ်ချုပ်အောင်ဆန်းတို့တတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့လူနဲ့ အနှိုင်းခံရတာများ ဂုဏ်ယူစရာလား
ဆိုပြီး ဒေါသထွက်မယ့်သူများ ခဏနေကြပါအုံး။ ဦးစော ဘယ်လောက်ဆိုးသလဲ ကျနော်မသိပါဘူး။
(သိကြသူများ ဖြည့်ပေးရင်တော့ ဝမ်းသာရမှာပါ)။ ကျနော်သိတာက သူနန်းရင်းဝန်ဖြစ်ခဲ့ဖူးတယ်။
ဆရာစံတို့ လယ်သမားသူပုန်တွေဖက်က ရှေ့နေလိုက်ပေးခဲ့ဖူးတယ်။ အချို့က သူ့အကျိုးအတွက်
မျှော်မှန်းပြီးလုပ်တာလို့ ပြောကြပါတယ်။ ကျနော်ကတော့ တစ်မျိုးတွေးတယ်။ အကျိုးကို မြင်နိုင်တာ
ကိုက မညံ့ဖူးလို့ထင်တယ်၊ နောက်တစ်ချက်က သူပုန်တွေဖက်က ခြူးတစ်ပြားမှမရပဲ ဒုက္ခပါရောက်
သွားနိုင်တဲ့ စွန့်စားရမှုကို လုပ်ရဲတာ။ နောက်ဆုံးမှာ ဗမာလူမျိုးတွေထဲက ရခဲလှတဲ့ရာထူးအထိ တက်
ယူသွားနိုင်တယ်။ ပါချီပါချက်အဆင့်တောင် မတက်နိုင်သေးတဲ့ ကိုယ့်လိုလူကို ဒီလိုပုဂ္ဂိုလ်မျိုးနဲ့ လာ
နှိုင်းတော့ ကျနော်ဂုဏ်ယူမိတာ မှားများသွားမလား။ ကိုယ့်နဲ့ နှိုင်းယှဉ်လို့မရတဲ့ အရည်အသွေးတွေ
အပြင် အာဇာနည်လုပ်ကြံမှုမှာ ဦးစောဟာ ကြားကဓါးစာခံပါဆိုတဲ့ အငြင်းအခုံတွေကိုတော့ အရှည်
မချဲ့ချင်ပါဘူးဗျာ။

     ခုမှ အပေါ်ကပြောတဲ့ ကိုကျော်ထင်ကိစ္စနဲ့ နည်းနည်းနီးစပ်လာပြီ။ ပင်လုံစာချုပ်မချုပ်ခင်မှာ မိုင်း
ပွန်စော်ဘွားကြီးပြောခဲ့တဲ့ “အင်္ဂလိပ်ကျွန်ကနေ ဗမာကျွန်အဖြစ် လက်ပြောင်းခံရတာမျိုးတော့ မဖြစ်
ချင်ဖူး” ဆိုကာမှ ခုတော့ တကယ်ကိုလာဖြစ်နေတယ်လို့ တိုင်းရင်းသားအတော်များများက ပြောကြ
တာတော့ အမှန်ပဲဗျ။ (သူတို့တာဝန်အရေး ၃ ပါးကြားထဲမှာ ကြီးပြင်းလာသူတွေအတွက်တော့ ချွင်း
ချက်ပေါ့လေ)။

     အလွယ်တကူမြင်တဲ့အထဲက ထည့်တွက်စရာလေးတွေးတော့ ရှိပါတယ်။ ပထမတစ်ချက်က ဒီ
ပင်လုံစာချုပ်လက်မှတ်ထိုးတော့ အနည်းဆုံး ရခိုင်၊ မွန် နဲ့ ကရင်တို့ မပါခဲ့ဖူးဆိုတဲ့အချက်ပါ။ အဲဒီ
တစ်ချက်နဲ့တင် အတော်လေး ဝိဝါဒကွဲစရာ၊ ငြင်းခုံစရာတွေ ဖြစ်နေပါပြီ။ နောက်တစ်ချက်ကတော့
ပင်လုံစာချုပ်မှာ ပါသူ မပါသူအားလုံးအတွက် အာမခံချက်ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကို ရှင်းထုတ်
လိုက်တဲ့အချက်ပါ။ အဲဒီမှာ ကိစ္စကပြတ်သွားပါပြီ။ နောက်ဆက်တွဲတွေကတော့ အပြန်အလှန်အပြစ်
တင်တာတွေနဲ့ ယောင်ဝါးဝါးတွေများသွားပါပြီ။ အဲဒီလိုဖြစ်အောင်လည်းလုပ်ခဲ့တဲ့ ဗမာခေါင်းဆောင်
တွေရှိခဲ့တာကြောင့် ခုထိတဝဲလည်လည်ပေါ့ဗျာ။ (ခုတော့ သူတို့လိုချင်တဲ့ပုံစံ ရနေပြီလေ၊ ရင်ပတ်
ဟောင်းလောင်းနဲ့ ခန္ဓာအစိတ်အပိုင်းအားလုံးလည်း ဆန့်ငင်ဆန့်ငင်နဲ့ မြင်တဲ့အတိုင်းပေါ့။)

     ဒုတိယပင်လုံဆီ ဆက်မသွားခင် အချက်တစ်ချို့ကိုလည်း ထည့်စဉ်းစားကြည့်ချင်ပါတယ်။ ပထမ
တစ်ချက် ကရင့်ခေါင်းဆောင်တွေရဲ့ တောင်းဆိုချက်တွေကို ဗမာခေါင်းဆောင်တွေက နေရာအတော်
များများမှာ “ခင်ဗျားတို့လိုချင်ရင် တိုက်ယူပေါ့ဗျာ” လို့ ပြောခဲ့တာတွေ ရှိတယ်လို့သိရပါတယ်။ နောက်
တစ်ချက်က ၁၉၄၇ အခြေခံဥပဒေကို လိုရာဆွဲရေးပြီး လူမျိုးစုတွေရဲ့ အခွင့်အရေးကို ဘယ်လိုမှ ဥပဒေ
ကြောင်းအရ ဖြစ်မလာနိုင်အောင် လုပ်ထားခဲ့တာ၊ ပြီးတော့ လွတ်လပ်ရေးရစမှာစစ်တပ်မှာ ကရင်တွေ
သာများခဲ့တာ အားလုံးလိုလို သိကြမယ်ထင်ပါတယ်။ ကျနော်ကြားမိသမျှ မမှားဖူးဆိုရင်တော့ ကရင်
တွေကိုတိုက်ဖို့ တောခိုခဲ့ကြရာက ဦးနေဝင်းကပါ လိုက်မလိုလိုနဲ့ ကွန်မြူနစ်အပါအဝင် အခြားအဖွဲ့
တွေကို တဖက်လှည့်ပြီး သူပုန်ဖြစ်အောင်လုပ်ခဲ့တယ် လို့ဆိုပါတယ်။ အဖွဲ့စုံကသိမ်းထားတဲ့မြို့တွေကို
KNDO က ပြန်သိမ်းပြီး အစိုးရလက်ထဲ ပြန်အပ်ခဲ့ပြီးမှ ဦးနေဝင်းက သူ့လက်စွဲဦးစန်းယု၊ ဦးစိန်လွင်တို့
တတွေနဲ့ KNDO ရုံးတွေကို ဝင်စီးပြီး တောထဲရောက်အောင် တွန်းထုတ်ခဲ့တယ်လို့ ဆိုပါတယ်။

     တခါ ဒီဖက်ခေတ်ရောက်ပြန်တော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲနာမည်တပ်ပြီး တဖက်သတ် လက်
နက် ချဖို့ချည်း ပြောနေခဲ့တာ (သတင်းတွေထဲမှာတော့ နိုင်ငံတော်၏ စစ်မှန်သောစေတနာလို့ ဆို
တာပေါ့) ၊ လက်နက်ကိုင်အဖွဲ့တွေကို ကွဲအောင်ဖဲ့ထုတ်တာ၊ နိုင်ငံရေးအရ ဘယ်တုန်းကမှ မဖြေရှင်း
တာ၊ လူမျိုးရေး ဘာသာရေးကိစ္စလေးတွေကလည်း တခါတရံမှာ တမြေ့မြေ့အနေအထားထက် ပို
လာတတ်တာတွေအပြင် NLD တောင်မှ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ တိကျတဲ့ရပ်တည်ချက်နဲ့ ရည်ရွယ်ချက်တွေ အများသိအောင် ချမပြနိုင်တာတွေဟာ တိုင်းရင်းသားတွေအတွက် မယုံကြည်ရ
လောက်အောင် ဖြစ်စေတဲ့အကြောင်းတွေထဲက တစ်ချို့ပေါ့ဗျာ။ အဲ .. တစ်ဖက်မှာတော့ စစ်အာဏာ
ပိုင်တွေဖက်က နည်းနည်းမှအလျော့မပေးပဲ အပြတ်အသတ်နှိပ်ကွပ်မှာရယ်၊ ဒုတိယပင်လုံညီလာခံ
ကို မရရတဲ့နည်းနဲ့ဖျက်မှာကတော့ အင်မတန်ကို ယုံကြည်စရာကောင်းနေပြန်တော့သကိုး။

     [အချုပ်ကို ကြည့်ပြန်တော့လည်း ခေတ်အဆက်ဆက်ဦးဆောင်နေသူတွေဟာ ဗမာ မဟုတ်ရင်
လည်း ဗမာကြားရောက်ပြီး ဗမာစိတ်ဝင်နေသူတွေချည်းဆိုတော့ တိုင်းရင်းသားတွေဖက်က ကြည့်
လိုက်ရင် ဗမာတွေဟာ (အယဉ်ကျေးဆုံးပြောရရင်) ဥာဏ်များတယ်၊ ယုံလို့မရဖူးလို့ ယေဘုယျအဖြေ
ထွက်တာပါပဲ။ ဒါကို အကြောင်းအမျိုးမျိုးပြ ငြင်းကြမှာလည်း သေချာပါတယ်။ အချို့ဗမာတွေအတွက်
လည်း နားလည်ဖို့ ခက်ကောင်းခက်ပါလိမ့်မယ်။ ဒါပေမယ့် အရိုးဆွေးနေပြီဖြစ်တဲ့ ကိုလိုနီနယ်ချဲ့စနစ်
ကို ခုထိကြောက်ရွံ့ (အကြောင်းပြ) ပြီး နိုင်ငံ့အာဏာကို ဆုပ်ကိုင်ထားနေတုန်းဖြစ်တဲ့ သူတွေကိုကြည့်
ရင် နည်းနည်းတော့ စာနာသဘောပေါက်ပေးနိုင်မယ် ထင်ပါတယ်။ မဖြစ်နိုင်တာကိုတောင် ဗမာအချို့
ကြောက်နေကြသေးတာ၊ တိုင်းရင်းသားတွေက လက်ရှိခံစားနေကြရတာလေဗျာ။ တခါ စစ်အာဏာ
ရှင်တွေကို လက်ညှိုးထိုးပြီး လူတစ်စုက လုပ်တာပါလို့ ပြောကြပြန်မယ်။ ဟစ်တိုင်ဝက်ဘ်ဆိုဒ်ရဲ့ ပေးစာ
ကဏ္ဍမှာရေးထားသလိုပေါ့ဗျာ၊ ဗမာပြည်ကိုသိမ်းတာ အိန္ဒိယ (ကုလား) တပ်တွေပဲ၊ အင်္ဂလိပ်တွေက
ဦးဆောင်ရုံဦးဆောင်ခဲ့တာ ဆိုသလိုပေါ့။ (ဖြစ်နေတဲ့အနေအထားကို ပြောတာနော်၊ လူမျိုးမုန်းတီးရေး
ပြောနေတယ်လို့ စွပ်စွဲချင်သူရှိရင် နှစ်ခါပြန်စဉ်းစားဖို့ လိုကောင်းလိုပါမယ်။ အမှန်ကိုလက်မခံရင် ဘယ်
တော့မှ ဖြေရှင်းလို့ရမယ့် ကိစ္စတွေမဟုတ်ဖူးလို့ သတိပေးချင်ပါတယ်။)]

     ဒီကနေ့အနေအထားကိုကြည့်တော့ ပင်လုံညီလာခံအတွက်ပဲပြောပြော၊ ပြည်သူတွေနိုးကြားလာ
အောင်လို့ပဲဆိုဆို၊ ဒါမှမဟုတ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးလို့ နာမည်တပ်တပ် လုပ်လို့ရစရာ
က တစ်ကွက်မှ မရှိဖူးလေဗျာ။ ခရီးသွားလာ ဆက်သွယ်ဖို့၊ သတင်းလွတ်လပ်ဖို့၊ တစ်ဦးနဲ့တစ်ဦး ပွင့်
ပွင့်လင်းလင်း အာဃာတကင်းကင်းနဲ့ ဆွေးနွေးဖို့တွေဟာ ပန်လေသောဘုရားလောင်းဆုလိုပဲ မျှော်
လေတိုင်းဝေးလေတော့ အင်း … လိုရင်းကတော့ ဒီနိုင်ငံလည်း အုံကြွပြီး အတော်ကလေးသတ်ဖြတ်
ကြလို့ဝမှပဲ ပြောင်းလဲမှုဆိုတာ ရှိလာနိုင်ဖို့ မြင်မိပါတယ်ဗျာ၊ တကယ်ပါ။

     (ဝက်ဘ်ဆိုဒ်တွေမှာ ပြောနေကြတာတော့ ရှိပါတယ်။ ဒေါ်စု နိုင်ငံပြင်ပထွက် ဆွေးနွေးဖို့တို့၊ ကိုယ်
စားလှယ်တွေနဲ့တဆင့် ဆွေးနွေးဖို့တို့ စသည်ဖြင့်ပေါ့။ ကျနော်မြင်တာတော့ ဒေါ်စု တစ်ယောက်ပဲ
အားလုံးကယုံကြည်တယ်၊ နိုင်ငံပြင်ပထွက်ဖို့က နအဖအကွက်နဲ့ကွက်တိမို့ မဖြစ်နိုင်၊ နအဖ ဖက်က
လည်းဘယ်လိုမှ လျှော့ဖို့လမ်းမမြင်ဆိုတော့ မီးတောင်ပေါက်ကွဲမှုကို စောင့်ကြရုံပေါ့ဗျာ။ ပြည်သူလူထု
အတွက် ထွက်ပေါက်မရှိတဲ့တစ်နေ့ ပေါက်ကွဲမှာပါပဲ။)

     အပျက်မြင်တယ်ဆိုလည်း ခံရမှာပဲ။ ဒါပေမယ့် တဖက်က လုပ်လို့ရနိုင်မယ်ထင်တာကတော့ ဒေါ်စု
နောက်ခံနဲ့ အများပြည်သူကို အသိပညာဗဟုသုတတွေ ဖြန့်ဝေပေးဖို့က စရမယ်လို့ ယုံကြည်မိတာပါ
ပဲ (ဒီမိုကရေစီလိုလားသူတွေအတွက်ကော နအဖခေါင်းဆောင်များရဲ့ သွေးသံမကျမယ့် တစ်ခုတည်း
သောထွက်ပေါက်လို့ နားလည်မိတယ်)။ ဒုတိယ ပင်လုံပန်းတိုင်ကိုသွားဖို့လမ်းဟာ မဖြစ်နိုင်ဖူးမဟုတ်
ပေမယ့် လက်ရှိအနေအထားမှာတော့ အင်မတန်အလှမ်းဝေးနေသေးတယ်လို့ ယေဘုယျမြင်မိတယ်။
ပင်လုံကိစ္စအပြင် ဒီမိုကရေစီအရေးအပါအဝင် မြန်မာပြည်သူပြည်သားတွေအားလုံး အသိပညာဗဟုသု
တ မြင့်မားလာပြီး လိုအပ်တဲ့ ရုပ်ပိုင်း စိတ်ပိုင်း ပြင်ဆင်စရာတွေ အတိုင်းအတာတစ်ခုအထိ လိုတယ်
လို့ မြင်ပါတယ်။ (စားလို့ရနိုင်တဲ့ အနေအထားအထိနူးလာအောင် ချက်ပြုတ်ဖို့လိုသလိုပဲလို့ ခိုင်းနှိုင်း
ရင်လည်း ရနိုင်ပါလိမ့်မယ်။) အဲဒါကို ဘယ်လိုသွားမလဲဆိုတာကတော့ လုပ်ရင်းကိုင်ရင်း ဖြစ်သွားပါ
လိမ့်မယ်။ လုပ်မယ့်လူတွေရဲ့ စိတ်ဓါတ်နဲ့ စွမ်းအားတွေကို ကြိုပြီးအကဲမဖြတ်ချင်ပါဘူး။ စပြီး လုပ်မယ့်
သူတွေသာလိုပါမယ်။ ခုလည်း လုပ်တော့လုပ်နေကြတာပါပဲ။ လူအား ဥာဏ်အား ဘောဂအားတွေ
ထပ်ဆင့်လောင်းပေးဖို့ပဲ လိုပါတော့တယ်။

     အမှန်ကတော့ အပေါ်မှာရေးခဲ့သလို “ဗမာ” လို့ နာမည်တပ်ပြောရမယ့်ကိစ္စနဲ့ပတ်သက်လို့ ရေးရ
မှာကို ဝန်တော့အတော်လေးနေခဲ့မိပါတယ်။ အထူးသဖြင့် ခုလိုရန်သူထက် မိတ်ဆွေရှာချင်တဲ့ အချိန်
မျိုးမှာ မပြည့်စုံတဲ့အသိ လေ့လာမှုနဲ့ စိတ်ထဲရှိတာကို ပြောထုတ်ရတာဟာမလိုလားစရာတွေဖက် ဦး
တည်သွားနိုင်သလို အခြားတွက်ကိန်းချက်ကိန်းတွေနဲ့လည်း အင်မတန်အံချော်တဲ့ လုပ်ရပ်တစ်ခုပါ။
ဒါပေမယ့် အခြားတစ်ဖက်ကိုကြည့်ပြန်ရင် မြန်မာပြည်မှာ (အထူးသဖြင့်) နိုင်ငံရေးနဲ့ သမိုင်းကဏ္ဍ
တွေမှာ ရိုးသားမှု၊ တရားမျှတမှု၊ စိတ်စေတနာအမှန်တကယ်ရှိမှုတွေအပြင် စွမ်းအားအပြည့်နဲ့ ထိထိ
ရောက်ရောက်လုပ်ကိုင်ဖို့တွေ အများကြီးလိုအပ်နေပါတယ်။ ကျနော့်အနေနဲ့ကတော့ ကွက်လပ်ကြီး
တစ်ခုထဲကို ဆေးစက်ကလေးတစ်စက် ချကြည့်တာပါ။ အားလုံးပါမှ၊ ပြိုင်တူတွန်းကြမှ ရွေ့မှာပါ။


မန်းကိုကို
၀၈၊ ၀၁၊ ၂၀၁၁

Posted by မန်းကိုကို at 1/07/2011
Labels: Opinion 56 comments:
-------------------------------

ကျော်ထင် said...

   အခုလို တိုင်းရင်းသားတစ်ယောက် (အထူးသဖြင့် နိုင်ငံရေးနိုးကြားမှုမြင့်မားတဲ့) ရဲ့ အမြင်ကို
ကြားရတာ တန်ဖိုးရှိပါတယ်။

   ဆြာမန်း ဆွေးနွေးချက်ကနေ ကျနော် နားလည်လိုက်မိတာကတော့ ဗမာတွေနဲ့ တိုင်းရင်းသား
တွေကြားမှာ အတော်ကြီး ဟနေသေးပါလားဆိုတာပါပဲ။ အဲဒါသည်ပင် ပင်လုံကဲ့သို့သော (ပင်လုံ
ထက်ပိုမို inclusive ဖြစ်သော) နားလည်မှုတစ်ခုတည်ဆောက်ဖို့ အသည်းအသန်လိုအပ်နေပြီ
ဆိုတာကို သက်သေပြနေတယ်လို့ထင်တယ်။

   တဖက်ကကြည့်ရင်လဲ လက်တွေ့ဖေါ်ဆောင်နိုင်ဖို့ အခက်အခဲတွေရှိတာကတော့ မငြင်းနိုင်ဘူး။
ဒါပေမယ့် မလုပ်ပဲထိုင်နေလို့လဲ မရဘူးဗျ။ ၂၀၁၁မှာ ပေါ်လာမယ့် လွှတ်တော်က အဲဒီလိုကိစ္စမျိုး
ကို တာဝန်ခံကိုင်တွယ်မယ့်ပုံမပေါ်ဘူး။ အာဏာပိုင် အဖွဲ့အစည်းပူးပေါင်းပါဝင်မှုမရှိပဲလဲ all
inclusive ဖြစ်တဲ့ new ပင်လုံမဖြစ်နိုင်ဘူး။ သူတို့မပါနိုင်ပါဘူးလေဆိုပြီး မလုပ်ပဲ ထိုင်နေလို့လဲ
မဖြစ်ပြန်ဘူး။


   အဓိက ကတော့ဗျာ စစ်တပ်ကလဲ ဖက်ဒရယ်ဆိုတာ တိုင်းပြည်ပြိုကွဲဖို့မဟုတ်ဘူးဆိုတာ သ
ဘောပေါက်လာဖို့ တိုင်းရင်းသားတွေကဖက်လဲ ၀ိုင်းအားထုတ်ဖို့ လိုတယ်။ ဗမာတွေဖက်ကလဲ
တိုင်းရင်းသားတွေထက် ဘိန်းစားချင်းတူတူ သူက တလုံးပိုရှုချင်စိတ်မရှိပါဘူးဆိုတာ အားလုံး
လက်ခံလာအောင် ပြနိုင်ဖို့လိုတယ်။ အာဏာပိုင်အဖွဲ့အစည်းရဲ့ ပူးပေါင်းပါဝင်မှု မရရင်တောင်
ကျန်တဲ့ အတိုက်အခံနဲ့ တိုင်းရင်းသားအင်အားစုတွေ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းပါဝင်ကြရင်
ဒါဟာ အာဏာရအဖွဲ့အစည်းအပေါ်မှာ အလွန်ကြီးမားတဲ့ နိုင်ငံရေးဖိအားဖြစ်လာမှာ မလွဲ
ပေဘူး။

   ဒီဖြစ်စဉ်အောင်မြင်အောင် ဆောင်ရွက်နိုင်ရင် ခဲတစ်လုံးတည်းနဲ့ ငှက် ၃ကောင်လောက်
မှန်နိုင်တယ်လို့ ထင်တယ်။ နဲနဲပိုပြီး လေးလေးနက်နက် စဉ်းစားပြီးမှ ထပ်လာဆွေးနွေးအုံးမယ်။
တခုတော့ရှိတယ်ဗျ တိုင်းရင်းသားတွေဖက်က သိထားသင့်တာက အခု မြန်မာနိုင်ငံမှာ ဗမာ
လူမျိုးစုအပေါ် မယုံကြည်မှုဆိုတာ ကို သူတို့စွန်လွှတ်လိုက်သင့်နေပြီ။ တကယ်က ဗမာလူမျိုး
ကြီးဝါဒပဲ ဆိုဆို၊ တိုင်းရင်းသားများအပေါ်က အုပ်စီးမယ့် ၀ါဒပဲဆိုဆို၊ အဲဒါကိုကျင့်သုံးလက်ခံ
နေတာ စစ်တပ်ဆိုတဲ့ institution တခုပဲရှိတယ်ဆိုတာပဲ။ civil society နဲ့ အရပ်သားစစ်စစ်
တွေဖက်မှာ ဗမာ၊ တိုင်းရင်းသားခွဲခြားမှု ပြသနာ မရှိသလောက်ပဲထင်တယ်။
January 7, 2011 8:31 AM

အင်္ဂါဟူး said...

လေးစားတယ် ဦးမန်း... အနော်လို ငချွတ်ကတော့ ဘာမှတိဝူး.. ဦးမန်းရေးထားတာ.ဖော်ထုတ်ထားတာလေးတွေ ဖတ်ပြီး စဉ်းစားသွားဒယ်
January 7, 2011 10:48 AM

မန်းကိုကို said...

@ မိုးယံ - အေးပါကွာ မင်းလည်းငါ့အရွယ်လောက် ရောက်လာတဲ့အခါကျမှ ဟာ .. ဒီဘဲကြီး
ဘာတွေလျှောက်ပြောထားခဲ့မှန်းမသိဖူး ဆိုပြီးဖြစ်နေပါအုံးမယ် :-)

   အချိန်၊ အတွေ့အကြုံနဲ့ ဗဟုသုတက စကားပြောလာပါလိမ့်မယ်။

@ ကိုကျော်ထင် - ပြောတဲ့ “ဟ” နေတယ်ဆိုတာ မှန်ပါတယ်။ အချို့ဗမာတွေက ဒါကိုနောက်
လှည့်မကြည့်ပဲ ရှေ့ကနေ မြေရှိုးမိုးပျံနေကြလေတော့ နောက်ကကြည့်နေတဲ့ တိုင်းရင်းသား
တွေက ပါးစပ်ကလေးတွေပွင့်လို့၊ ပြီးတော့ ဟာ .. မဖြစ်သေးဖူးထင်ပါရဲ့ကွာ ဆိုတာမျိုးတွေ
ဖြစ်နေကြတာကိုသိဖို့ စိတ်ဝင်စားရင်တော့ အခြေခံတစ်ချက် ပြည့်စုံလာပြီလို့ ပြောနိုင်မှာပါ။

- နားလည်မှုတည်ဆောက်ဖို့ အသည်းအသန်လိုတာလည်း ဟုတ်ပါတယ်။ လောလို့တော့ မရ
  ဖူးပေါ့။

- အခက်အခဲတွေရှိသလို ထိုင်နေလို့မရတာလည်း မှန်တာပါပဲ။ အခု NLD စလုပ်နေတဲ့ ပင်လုံ
  ဆီကို ဦးတည်တဲ့ အဆင့်သုံးဆင့်ဆိုတာမျိုးတွေဟာ ကောင်းပါတယ်။ (ဒါပေမယ့် တင်ကြိုချ
  ပြတဲ့ သဘောထားတွေဘာတွေ အသေးစိတ်က မပါပြန်ဘူး)။

- စစ်တပ်ကလည်း အခြေနေမှန်တွေကို နားလည်တဲ့အပြင် လက်ခံလာဖို့နဲ့ ပူးပေါင်းပါဝင်ဖို့
  အရေးကြီးတာတော့ သေချာပါတယ်။ ဒါကတော့ အခက်ဆုံး အလုပ်တွေထဲက တစ်ခုပေါ့ဗျာ။
  ပြည်သူတစ်ရပ်လုံးနီးပါးက စုစည်းပြီး ဖိအားကြီးကြီးမားမား ပေးတာကတော့ အင်မတန်
  ကောင်းပါတယ်၊ လက်တွေ့ပဲ ခက်နေတာပါ။

- တိုင်းရင်းသားတွေဖက်က မယုံကြည်မှုတွေကို စွန်လွှတ်လိုက်သင့်တာဟာလည်း နည်းလမ်း
  ကျပါတယ်။ တစ်ဖက်ကလည်း ဒီလိုစွန့်လွတ်ဖို့ကို ဗမာတွေဖက်က ရှေ့ဆောင်ပြဖို့လိုပြန်ပါ
  တယ်။ တိုင်းရင်းသားတွေဖက်ကလည်း အကဲပိုတယ်ပြောရမလား၊ ချွန်ထွက်သွားတယ်ပြော
  ရမလား၊ ချော်တောငေါ့သွားတယ် ပြောရမလားပဲ အချို့နေရာမှာ ပြင်သင့်တယ်လို့ ပြောရ
  လောက်အောင် ဖြစ်နေတာတွေကတော့ သက်ဆိုင်ရာ ခေါင်းဆောင်တွေရဲ့ တာဝန်ပေါ့ဗျာ။
  တာဝန်မကြေကြရင်တော့ ဝိုင်းထောက်ပြတာမျိုး လုပ်သင့်လည်း လုပ်ကြရတာပေါ့။

- နောက်ဆုံးတစ်ခုကတော့ ကိုကျော်ထင်နဲ့ သဘောနည်းနည်းကွဲနိုင်တယ်ဗျ။ ကျနော်မြင်
  တာကတော့ စစ်တပ်ဟာလည်း ဒီနိုင်ငံက ဒီလူတွေနဲ့ပဲ တည်ဆောက်ထားတာဆိုတော့
  သာမန်သူသူငါငါတွေရဲ့ အတွေးအခေါ်တွေ အများကြီးသက်ရောက်မှုရှိနေတယ်လို့ မြင်မိ
  တယ်။ ဒီတော့ တစ်နိုင်ငံလုံးက အမြင်နဲ့စိတ်ဓါတ်တွေကို ပြတ်ပြတ်သားသားမပြင်ရင်တောင်
  လမ်းကြောင်းပေးဖို့ လိုအပ်နေတယ်လို့ နားလည်ထားတယ်။ ဒါကြောင့်လည်း ခေတ်အသိ
  ပညာ ဗဟုသုတတွေကို လူတိုင်းလက်ထဲရောက်အောင် လက်ဆင့်ကမ်းပေးနိုင်ဖို့ကို ကျနော်
  တစိုက်မတ်မတ် ကြိုးစားထည့်ပြောနေတာပါ။ မဖြစ်နိုင်တဲ့အရာတော့ မဟုတ်သလို ကိုယ်
  ပိုင်နားလည်သိမြင်လာမှုတွေနဲ့ ဆုံးဖြတ်မှုတွေကို ပျိုးထောင်ပေးနိုင်ရင် မြန်မာတစ်နိုင်ငံထဲ
  တင်မက ဘေးဝန်းကျင်တွေကိုပါ ကူးစက်ပြီး အကောင်းဖက်ကိုချည်း ဦးတည်စရာရှိတယ်
  လို့ ယုံကြည်ပါတယ်။

   ရေးရင်းနဲ့ ကျန်ခဲ့တာတစ်ချက်က လွတ်တော်ကိစ္စပါ။ ဘယ်သူသဘောတူတူ မတူတူ သူတို့
ကတော့ ဆက်သွားနေကြမှာပဲ။ အဓိကဇာတ်ကောင်ကတော့ လက်ဝါးကြီးအုပ်ထားတဲ့ ကြံ့ဖွံ့
အဖွဲ့ပေါ့ဗျာ။ ရေရှည်မှာတော့ ခုတ်ကြလုကြရင်း အချင်းချင်းကွဲလာစရာ အများကြီးရှိသလို
ကွန်ယက်ဖွဲ့ပြီး သြဇာညောင်းနေပေမယ့် ရာထူးလက်ရှိမဟုတ်ကြတော့လို့ အဆင်းဖက်ဦး
တည်နေတဲ့ သူတို့အထက်ပိုင်းက ခေါင်းဆောင်တွေနဲ့ ရာထူးလက်ရှိတွေရဲ့ အရှုပ်တော်ပုံတွေ
အများကြီးဖြစ်လာဖို့ ရှိပေမယ့် ဘယ်လိုဖြစ်ဖြစ် သူတို့လည်း လက်ရှိမြန်မာပြည် လူ့အသိုင်း
အဝန်းထဲက အင်အားစုတစ်ခုလို သဘောထားပြီး ညှိသင့်ညှိရမှာပါပဲ။ အသေးစိတ်ပြောရခက်
ပေမယ့် ယေဘုယျ မမေ့ဖို့၊ စိတ်ထဲထည့်ထားဖို့ တစ်ချက်ပါ။

   နောက်ဆုံးတစ်ချက်က အပေါ်ကပို့စ်ဟာ မပြည့်စုံသလို ထပ်ဖြည့်စရာ ကွက်လပ်ကလေး
အချို့ကျန်နေပါသေးတယ်။ ဒါကြောင့် သမိုင်းကိစ္စနဲ့ တိုင်းရင်းသားတွေ (အထူးသဖြင့် ကရင်
တွေ) နဲ့ပတ်သက်လို့ ပို့စ်နှစ်ခု ထပ်တင်ရင် နည်းနည်း ပိုလိပ်ပတ်လည်သွားမယ်ထင်ပါတယ်။
နောက်ရက်ပိုင်းအတွင်း ကြိုးစားပြီး ပြီးအောင်ရေးကြည့်ပါ့မယ်။
January 7, 2011 5:24 PM

No comments:

Post a Comment