ဒီစာစုမှာ ဆန်းစစ်ဝေဖန်တွေးခေါ်ခြင်း(critical thinking) ရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့
“ယုတ္တိဆိုင်ရာ အတွေးမြင်မှားများ” (logical fallacies) ကို မိတ်ဆက်ပေးချင်ပါတယ်။
အဦးအစအနေနဲ့ ဆွေးနွေးငြင်းခုံမှု (argument) ဆိုတာကို ကြည့်ဖို့လိုပါတယ်။ ဆွေးနွေးငြင်းခုံမှု
တွေကို မိတ်ဆွေနှစ်ယောာက်ကြား အနေထားကနေ ရုပ်မြင်သံကြားနဲ့ အင်တာနက်လိုတွေမှာ နေရာ
အနှံ့ တွေ့ရမှာပါ။ အချို့ ဆွေးနွေးငြင်းခုံချက်တွေဟာ ဘဝင်ကျ ယုံကြည်စေလောက်ပေမယ့်၊ အဲဒီ
အထဲက အတော်များများ မှာတော့ ယုတ္တိအမှားတွေအပေါ်မှာ အခြေခံထားကြတာပါ။ အဲဒီ မကြာ
ခဏ ဖြစ်တတ်သုံးတတ်တဲ့ ယုတ္တိအမှားတွေကို သတိမထားမိရင် (အဲဒီ)သုံးစွဲသူရဲ့ ဆွေးနွေးငြင်းခုံမှုကို
ဘဝင်ကျ ယုံကြည်စေလောက်တာတွေလို့ ထင်မိတတ်ကြပါတယ်။ အချို့နေရာမှာ ဆွေးနွေးသူကနေ
တမင်သုံးစွဲတာ ဖြစ်တတ်သလို၊ အချို့မှာတော့ ကိုယ်တိုင်သတိမထားမိပဲ ပါသွားတာမျိုးတွေလည်း
တင်ပြတဲ့ အရင်းအမြစ်အပေါ် မူတည်ပြီး အမျိုးစားပေါင်း ၄၀ ကျော်အထိ ခွဲခြားသတ်မှတ်တာတွေ
ရှိပေမဲ့ ဒီမှာတော့ အဖြစ်အများဆုံး အမျိုး ၂၀ ကိုသာ ဖေါ်ပြသွားပါမယ်။
ယုတ္တိဆိုင်ရာ အတွေးမြင်မှားတွေကို ကျယ်ပြန့်တဲ့ အစုနှစ်ခုအဖြစ် ခွဲထုတ်လို့ ရနိုင်ပါတယ်။ အဆို
ပြုတင်ပြချက်တွေမှာ (ယုတ္တိပိုင်း) ဆီလျှော်စပ်ဆိုင်မှုနဲ့ပတ်သက်လို့ မှားယွင်းတဲ့အစု (fallacies of
relevance) နဲ့ အထောက်ထားမလုံလောက်လို့ မှားယွင်းတဲ့အစု (fallacies of insufficient evidence)
တို့ပဲ ဖြစ်ပါတယ်။
# ဆီလျှော်စပ်ဆိုင်မှုဆိုင်ရာ မှားယွင်းမှုအစု (Fallacies of Relevance)
ဆွေးနွေးငြင်းခုံသူတစ်ယောက်ကနေ သူ့ရဲ့ အဆုံးသတ်ဦးတည်ချက်နဲ့ ဆီလျှော်သက်ဆိုင်မှု မရှိ
တဲ့ အကြောင်းရင်းခံတွေကို တင်ပြတဲ့အခါ ဖြစ်လာတဲ့ အမှားယွင်းမျိုးတွေပါ။ ကောင်းမွန်တယ်လို့ ထင်
ရပေမဲ့ ထင်သလို မဟုတ်ကြပါဘူး။
ရှေ့မဆက်မီ အခြေခံအားဖြင့် ဆီလျော်သက်ဆိုင်မှု အယူအဆ (The Concept of Relevance)
ကို ရှင်းရှင်းလင်းလင်း သဘောပေါက်ထားဖို့ လိုပါတယ်။ အဆိုပြု အကြောင်းပြချက်တစ်ခုဟာ နောက်
ဆက်တွဲအဆို (သို့) အဆုံးသတ်အဖြေကို ထောက်ခံရင်ထောက်ခံ၊ မထောက်ခံရင်လည်း ဆန့်ကျင်မှ
သာလျင် ဆီလျော်သက်ဆိုင်မှု ရှိတယ်လို့ ပြောနိုင်ပါမယ်။ ဒီလို ထောက်ခံ ဆန့်ကျင်မှုတွေ မရှိရင်တော့
ဆီလျှော်သက်ဆိုင်မှု မရှိဘူးလို့ သတ်မှတ်ရပါမယ်။
ဒီအစုမှာ ၁၁ မျိုး ခွဲထားပါတယ်။
(၁) ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း (Personal attack / ad hominem)
(၂) အကြောင်းရင်းခံကို တိုက်ခိုက်ခြင်း (Attacking the motive)
(၃) တစ်ဖက်သား၏ အပြောနှင့်အလုပ်မညီမှုကို ခုတုံးလုပ်ခြင်း (Look who’s talking / tu quoque)
(၄) အမှားတစ်ခုကိုအခြေခံ၍ မှန်ကြောင်းသက်သေပြခြင်း (Two wrongs make a right)
(၅) တစ်ဖက်သားကို ခြိမ်းခြောက်ခြင်းနည်းလမ်း (Scare tactics)
(၆) တစ်ဖက်သား၏ ကရုဏာကို ဆွဲဆောင်ဖျောင်းဖျခြင်း (Appeal to pity)
(၇) ရေပန်းစားမှုကို အခြေခံသော ငြင်းခုံချက် (Bandwagon argument)
(၈) တစ်ဖက်သားငြင်းခုံချက်ကို ထင်ယောင်မှားစေခြင်း (Straw man)
(၉) မဆိုင်သည်ကိုတင်ပြ၍ လမ်းလွဲစေခြင်း (Red herring / smoke screen)
(၁၀) ကွဲပြားသော အဓိပ္ပါယ်များကို အသုံးချခြင်း (Equivocation)
(၁၁) အဆိုပြုချက်ကို အဖြေအဖြစ် သုံးစွဲခြင်း (Begging the question) တို့တတွေ ဖြစ်ကြပါတယ်။
(၁) ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း (Personal attack / ad hominem)
တစ်စုံတစ်ယောက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေကို တိုက်ခိုက်ပြီး သူ့ရဲ့ ဆွေးနွေးငြင်းခုံချက်၊ အဆိုပြု
တင်ပြချက်တွေကို ငြင်းပယ်တဲ့အခါတွေမှာ ဒီအမှားကို ကျူးလွန်ရာရောက်ပါတယ်။
ဥပမာ - အဖော်အချွတ်မဂ္ဂဇင်း ထုတ်ဝေသူမောင်ဘဟာ ညစ်ညမ်းတဲ့ ရုပ်ရှင်ဗီဒီယိုတွေဆင်ဆာဖြတ် ပိတ်ပင်တာကို ကန့်ကွက်ငြင်းခုံနေသူ တစ်ယောက်ဖြစ်တယ်။ မောင်ဘဟာရင့်ကျက်မှုမရှိတဲ့၊ ငယ်ရွယ်တဲ့သူတွေရဲ့ စိတ်ကူးယဉ်ဘဝကနေ ထပ်မတက်နိုင်တဲ့၊ ကိုယ့်ကိုယ်ကို စိတ်အလိုလိုက်နေတဲ့ သန်းကြွယ် သူဌေးတစ်ယောက်ပဲ။ ဒါကြောင့် သူ့ရဲ့ ကန့်ကွက်ငြင်းခုံမှုဟာ ဘာမှတန်ဖိုးမရှိဘူး။
ဒီငြင်းခုံချက်ကို ကြည့်တဲ့အခါ ဆွေးနွေးငြင်းခုံသူအနေနဲ့ မောင်ဘရဲ့ ကန့်ကွက်ငြင်းခုံမှုကို ဘာ
ကြောင့်မှားနေသလဲ၊ ချို့ယွင်းအားနည်းနေသလဲဆိုတာ သက်သေပြဖို့ မကြိုးစားတာ တွေ့နိုင်ပါတယ်။
အဲဒီအစား မောင်ဘရဲ့ စရိုက်နဲ့သိက္ခာကို တိုက်ခိုက်ထားတာကြောင့် သူ့ရဲ့ ဆွေးနွေးငြင်းခုံချက်ကို -
(၁) မောင်ဘဟာ လူကောင်းတစ်ယောက်မဟုတ်ဘူး။
(၂) ဒါကြောင့် မောင်ဘရဲ့ ဆွေးနွေးငြင်းခုံချက်ဟာ မကောင်းဘူးလို့ အဓိပ္ပါယ်ယူလို့ ရပါတယ်။
ဒီလို သက်သေပြတဲ့ပုံစံဟာ ရှင်းရှင်းကြီးကို မှားနေပါတယ်။ မောင်ဘဟာ မကောင်းတဲ့လူတစ်
ယောက် ဖြစ်နေရင်တောင်မှ သူဟာ ဆင်ဆာနဲ့ပတ်သက်ပြီး ကောင်းမွန်တဲ့ ဆွေးနွေးငြင်းခုံချက်တွေ
မပေးနိုင်ဘူးဆိုပြီး အဓိပ္ပါယ်ယူလို့ မရနိုင်ပါဘူး။ ဒီနေရာမှာ စရိုက်လက္ခဏာကို ထောက်ပြတိုက်ခိုက်
ခြင်းဟာ ဆီလျှော်သက်ဆိုင်မှု မရှိဘူးလို့ ဆိုရပါမယ်။
ဒါပေမယ့် အရေးကြီးတဲ့ မှတ်သားစရာ အချက်တစ်ချက်ကတော့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတိုင်းဟာ
အတွေးမြင်မှားတွေ မဟုတ်ဘူးဆိုတာကိုပါ။ လူတစ်ယောက်ကနေ အခြားတစ်ယောက်ရဲ့ ဆွေးနွေးငြင်း
ခုံချက်ကို ပယ်ချရင်သော်၎င်း၊ အဲဒီလူ တင်ပြချက်တွေရဲ့ အကျိုးအပြစ်ထက် လူပုဂ္ဂိုလ်ကို တိုက်ခိုက်မှ
သာ၎င်း၊ “ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်း အတွေးမြင်မှား”တစ်ခု ဖြစ်လာနိုင်ပါတယ်။
နမူနာတစ်ခု ကြည့်ရအောင်။
"စတာလင်ရဲ့ ဝါဒရေးရာသန့်စင်မှုမှာ သန်းနဲ့ချီတဲ့ အပြစ်မဲ့သူတွေ သေကြေခဲ့ရတယ်။ ဒီတော့စတာလင်ဟာ နှစ်ဆယ်ရာစုရဲ့ အရက်စက်ဆုံး အာဏာရှင်တွေထဲပါနေတာဟာ ရှင်းရှင်းလေးပါ။ "
ဒီစကားကိုကြည့်ရင် “ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု” (Personal attack) တစ်ခုဖြစ်ပေမယ့် “ပုဂ္ဂိုလ်ရေး
တိုက်ခိုက်မှု အတွေးမြင်မှား” (Personal attack fallacy) တစ်ခု မဟုတ်ပါဘူး။ အလွယ်တကူ မှား
ယွင်းနားလည်မိနိုင်တာမျိုးပါပဲ။ အသေချာကြည့်ရင်တော့ စတာလင်ရဲ့ ဆွေးနွေးငြင်းခုံချက်တွေကို
မှားကြောင်း ပြောဆိုထားချက် မရှိတာကို တွေ့နိုင်ပါတယ်။ ဒါကြောင့် အတွေးမြင်မှား (fallacy) တစ်ခု
မဟုတ်ပါဘူး။
နောက်ထပ် နမူနာတစ်ခု ထပ်ကြည့်ရအောင်။
အခု သက်သေခံအဖြစ် တင်ပြလာတဲ့ မနီဟာ မုသားသက်သေခံချက်တွေ နှစ်ကြိမ်လုပ်ခဲ့ဖူးတယ်လို့ မှတ်တမ်းတွေ ရှိနေပါတယ်။ ဒါ့အပြင် သူ့အမေကိုယ်တိုင်က မနီဟာအရိုးစွဲလိမ်လည်တတ်သူဖြစ်ကြောင်း ထွက်ဆိုထားပါတယ်။ ဒါကြောင့် မနီရဲ့ ထွက်ဆိုချက်တွေကို တရားသူကြီးမင်းအနေနဲ့ မယုံကြည်သင့်ဘူးလို့ လျှောက်ထားအပ်ပါတယ်။
ဒီကိစ္စမှာ မနီဟာ ယုံကြည်ရတဲ့သက်သေ ဟုတ်မဟုတ်နဲ့ သက်ဆိုင်ပါတယ်။ ပုဂ္ဂိုလ်ရေးတိုက်
ခိုက်မှု တစ်ခုဖြစ်ပေမယ့် လက်ရှိကိစ္စမှာ ဆီလျှော်စပ်ဆိုင်မှုရှိတာကြောင့် အတွေးမြင်မှား (fallacy)
တစ်ခု ကျူးလွန်ရာ မရောက်ပါဘူး။
(ဆက်ရန်)
□ အဆိုအမိန့်
- အချို့လူတွေဟာ စဉ်းစားတွေးခေါ်ခြင်းဆိုတဲ့ ပြဿနာကနေသာ ကင်းဝေးရမယ်ဆိုရင်
ကမ္ဘာပေါ်က အခြားဘယ်ပြဿနာကိုမဆို ရင်ဆိုင်ကြဖို့ အသင့်ပဲ ။
(G.K.Chesterton)
မန်းကိုကို
၁၃ ၊ ၀၅ ၊ ၂၀၁၂
Reference
Bassham G, Irwin W, Nardone H & Wallace J 2008, Critical Thinking: a student’s introduction, 3rd edn, McGraw-Hill Higher Education, New York.
မှတ်ချက် - ပိုရှင်းပြီး တင်ပြရလွယ်တဲ့ fallacy အပိုင်းကို အရင်ရေးလိုက်ပါတယ်။ ပိုပြီး အခြေခံကျတဲ့ “အငြင်းအခုံ (argument)” ဆိုတာကနေ စတဲ့အပိုင်းကို နောက်တစ်တွဲမှ ဆက်ရေးပါဦးမယ်။
No comments:
Post a Comment