ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, February 20, 2011

စကားစမြည် ~ ဟိုရောက်သည်ရောက်



     သတင်းတွေလျှောက်ဖတ် ၊ ဘလော့တွေလျှောက်လည် ၊ တွေးချင်ရာလျှောက်တွေးနဲ့ ရေးချင်ပြောချင်
စရာတွေကတော့ တန်းစီနေတာပဲဗျာ ။ ရေးစရာများလွန်းပြီး ရေးမမှတ်ထားမိတာတစ်ကြောင်း ၊ ကွန်ပြူ
တာရှေ့ အထိုင်များလွန်းလို့ မိန်းမငေါက်တဲ့အခါ လန့်ဖြတ်ပြီး မှတ်ဥာဏ်အချို့ ပျောက်ဆုံးသွားတတ်တာ
တစ် ကြောင်းတွေကြောင့် စာတွေအဖြစ် ထွက်လာသင့်သလောက် ထွက်မလာကြတော့ဖူးဗျ ။ ဘယ်လိုပဲ
ဖြစ်ဖြစ် လက်ကျန်တွေထဲက မှတ်မိသတိရ ရေးချင်တာလေးအချို့တော့ ရေးချလိုက်သဗျို့ ။

     ပထမကတော့ သတင်းကြီးတဲ့မင်းသမီးတွေအကြောင်းပေါ့ဗျာ ။ မင်းသမီးတွေဆိုပေမယ့် မိန်းမတွေ
လည်း မဟုတ်ကြပြန်ဘူး ။ သိကြတဲ့အတိုင်း လွတ်တော်အမတ်မင်းများပါ ။ အရင်က ဒီလိုပြောင်ချောချော
လုံချည်တွေ ဝတ်ခဲ့ဖူးကြပေမယ့် ခုလောက်တော့ သရုပ်မပျက်ဖူးပေါ့လေ ။ ယောင်္ကျားဆင်လို့ ခေါ်လို့ရတဲ့
အဆင်ကလေးတွေနဲ့ပေါ့ ။ ခုဟာက ဘုရင်ခေတ်မှာ မင်းသမီးတွေအတွက်ရက်တဲ့အဆင်တွေကို သာမန်
အရပ်သူတွေ မဝတ်ရဖူးလို့ ပညတ်ထားခဲ့တာကို သွားသတိရမိတယ် ။ အမတ်မင်းများကျတော့ ဒီမိုကရေ
စီစနစ်ကို အကောင်အထည်ဖေါ်နေကြတဲ့ခေတ် ရောက်လာပြီဆိုတော့ အာဏာကိုမသုံးပဲ လူတွေမဝတ်ရဲ
တာကိုပဲဝတ်ပြပြီး သာမန်မြန်မာပြည်သားတွေနဲ့မတူအောင် လုပ်နေကြသလားလို့များ တွေးမိလေရဲ့ ။ အမြဲ
ဆိုရင် ဒီမိုဆိုသူတွေကို တန်ပြန်ဖြေရှင်းပေးနေတဲ့ သတင်းနဲ့ဘလော့များမှာလည်း ဘာမှမတွေ့ရလို့ သူတို့
လည်းဒီကိစ္စကို ခိုးလိုးခုလုနဲ့ ပြောလည်းမပြောရဲ ဖြစ်နေကြပုံရပါတယ် ။ ကျနော့် တစ်ယောက်ထဲသဘော
ကတော့ လွတ်တော်အမတ်ဟာ မိန်းမစိတ်ဝင်နေသူ ၊ ယောင်္ကျားစိတ်ဝင်နေသူပါဆိုလည်း ပြဿနာမရှိ
ပါဘူး ။ ခုဟာက ဝတ်စားမှုဓလေ့ထုံးတမ်းတစ်ခုကို မျက်စိမှိတ်ပြီး (ညွှန်ကြားချက်အရ) စည်းကျော်လာပုံ
ရလို့ ထည့်ပြောမိတာပါ ။

     ဆက်ပြောရရင်တော့ စိတ်လည်းမဝင်စားဖူး စိတ်မဝင်စားလို့လည်းမဖြစ်ဖူးဆိုတဲ့ မြို့တော်သစ်နဲ့ လွှတ်
တော်သစ်အကြောင်း ချည်းဖြစ်နေတော့မှာပဲ ။ ကမ္ဘောဇဦးခင်ရွှေနဲ့ထင်ပါရဲ့ ပြန်ရှာလို့မရတဲ့ အင်တာဗျူး
တစ်ခုထဲကပါ ။ သူ့စကားအရ နိုင်ငံရေးမလုပ်ပါဘူးဆိုလား (အမတ်တော့ဖြစ်နေပြီ) ၊ ဆုံးဖြတ်ချက်တွေ
ကို လူကြီးတွေက လုပ်ပါလိမ့်မယ်တို့ (သူ့လိုထိပ်တန်း စီးပွားရေးသမား လွှတ်တော်အမတ်က တစ်ချက်မှ
အလျှော့မပေးပဲ ခေါင်းချည်းငြိမ့်မယ့်ပုံပဲ) ဆိုတာတွေဖတ်လိုက်မိတော့ အတော်အားတက်သွားတယ် ။
ဗိုလ်ချုပ်လုပ်နေသူများဖက်က ပြောတာပါ ။ ဒါပေမယ့် ဒီဆရာကြီးမှာ ကောင်းကွက်လေးတွေတော့ရှိပါရဲ့ ။
လယ်သမားတွေ သီးထပ်စိုက်ဖို့ ၊ အလုပ်ချိန်နည်းပြီး အချိန်ပိုတွေများနေတာတွေတို့လိုမှာတော့ စီးပွားရေး
သမားပီပီ မှန်မှန်ကန်ကန်ထောက်ပြသွားတာ တွေ့မိပါတယ် ။ ဒီလိုပဲ မြန်မာပြည်မှာ အများကြီးပိုနေတဲ့
လုပ်အားတွေအကြောင်း မရေးဖြစ်သေးပေမယ့် ယေဘုယျတော့ သဘောတူရမှာပါပဲ ။

     နောက်တစ်ခုက မဇ္ဈိမမှာပါတဲ့ သတင်းတိုကလေးဖတ်ကြည့်ပြန်တော့ ဦးသန်းရွှေနဲ့ပတ်သက်လို့ လွှတ်
တော်အမတ်တစ်ယောက်က “အသက်ကြီးလာတော့လည်း လျှာကလိပ်လာပြီဆိုတော့ အခြေအနေ သိပ်
မကောင်းသေးဘူးပေါ့” တဲ့ ။ ဟင် … အရင်းမရှိအဖျားမရှိနဲ့ အသက်ကြီးလာလို့ လျှာလိပ်တာတောင် အခြေ
နေမကောင်းသေးဖူးဆိုတော့ .. အခြေအနေသိပ်ကောင်းသွားပြီဆိုရင် ဘယ်လိုများဖြစ်သွားမှာလည်း ..
တော်တော်နောက်တဲ့လူဗျာ ၊ တွေးစရာက .. အဲ .. ခင်ဗျားတို့သိပါ တယ်ဗျာ ၊ သူတစ်ပါးကို အပျက်ဖက်
လည်း ပြောရမှာဝန်လေးပါတယ် ။ တစ်ဖက်မှာလည်း လူဖတ်များတဲ့ သတင်းမှာပါလာလို့ မျက်စိကမခွာ
နိုင်ပဲ မြင်မိတာပါ ။ နောက်ပြီး ထိုင်ခုံနေရာလုနေကြပုံထောက်တဲ့ သတင်းတွေကတော့ အများကြီးမို့ ဆက်
မပြောတော့ပါဘူး ၊ ဖုံလိပ်ကြီးတွေစဲသွားမှ ကျန်ခဲ့တဲ့ကျွဲကြီးတွေ ပေါ်လာမှာပါ ။

     နောက်တစ်ခုက ဒီကေဘီအေ မြဝတီလမ်းကို လုံးဝပိတ်သလိုလုပ်နေတဲ့ကိစ္စ ။ သာမန်လက်လုပ်လက်
စား ပြည်သူတွေရဲ့ ထ္မင်းလုပ်ကို သွားပုတ်သလိုဖြစ်ရင်တော့ ကိုယ့်တွင်းကိုယ်တူးတဲ့လုပ်ရပ်ပဲ ဖြစ်သွားနိုင်
တာမို့ ရထားပြီးသားနိုင်ငံရေးအမြတ်တွေ မလျော့ချင်ရင် လုပ်ပုံကိုင်နည်းတွေ ပြောင်းဖို့လိုမှာတော့ သေချာ
ပါတယ် ။ ဒီလမ်းမှာ အရပ်သားတွေဟာ စစ်ကားတွေနဲ့လမ်းကြုံလိုက်ရင် ဈေးတော်လို့ရယ် ၊ အစစ်အဆေး
မရှိလို့ရယ် ၊ ကုန်သည်တွေဆိုရင်လည်း ကုန်ပစ္စည်းပို့ဖို့ အသုံးချလို့ရနိုင်တာမို့ ဒွေးရောယှက်တင်ဖြစ်နေတဲ့
အခြေအနေ တစ်ရပ်ဖြစ်နေခဲ့တာကြာပါပြီ ။ ခုလိုလမ်းပိတ်တော့ စစ်သားတွေပါ အရပ်ဝတ်အရပ်ကားတွေနဲ့
ရောယောင်ပြီး ဖြတ်သန်းဖို့ကြိုးစားမှာ သေချာပါတယ် ။ ဒါပေမယ့် နိုင်ငံကြီးတွေမှာတောင်မှ မလိုချင်တာ
တွေဝင်မလာ အောင် (အကောက်ခွန်ဂိတ်လိုနေရာတွေမှာ) လုံးဝပိတ်လေ့မရှိပဲ ရှောင်တခင် ဝင်စစ်တာမျိုး
ပဲ လုပ်တာကို အတုယူလို့ရပါတယ် ။ ဒါမျိုးကို ကားခေါင်မိုးပြည့်စီးလာတဲ့လူတွေထဲက စစ်သားတွေကို
တောင် ရွေးပြီးထိအောင်စောင့်ပစ်နိုင်တဲ့ အဖွဲ့တစ်ဖွဲ့အတွက် ပြဿနာရှိလိမ့်မယ်လို့ မထင်ပါဘူး ။

     နောက်ပြီး ကေအန်ယူကစစ်တပ်ကိုသွားတိုက်တဲ့ ဗီဒီယိုလေးတစ်ခု ကြည့်ဖြစ်တယ် ။ စက်လှေစီးတယ် ၊
လမ်းလျှောက်တယ် ၊ ထ္မင်းစားတယ် သေနတ်တစ်ချက်နှစ်ချက်ပစ်တယ် ၊ ဒဏ်ရာရတဲ့လူကို ထမ်းပြီးပြန်
လာတယ် ။ ကောင်းရော ။ ဘယ်လိုသတင်းနဲ့ အမြင်မျိုးကိုပေးချင်လို့ ဒီဗီဒီယိုကိုတင်သလဲတော့မသိဘူး ။
ဒါပေမယ့် မီဒီယာရဲ့သဘောတရားတွေကို နားလည်စရာမလိုပဲနဲ့တောင် ဝေဖန်စရာတွေက အပြည့်ဖြစ်နေ
တော့ ဆက်မပြောတော့ပါဘူး ။ သာမန်စိတ်ကူးကောင်းတဲ့လူတစ်ယောက်အနေနဲ့ ဖန်တီးလို့ရတာတွေ
အများကြီးရှိတာကို မြင်လာနိုင်ကြပါစေလို့ပဲ ဆုတောင်းပါတယ် ။ ဆက်စပ်ပြီးသတိရတာက ပါလက်စတိုင်း
မှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက ဗီဒီယိုကင်မရာတွေကို လူတွေကြားအခမဲ့လိုက်ဝေပြီး အစ္စရေးကို
မီဒီယာ လက်နက်နဲ့တိုက်ဖို့ စီစဉ်နေကြတဲ့အကြောင်းပါ ။ ဒီပုံစံကို မြန်မာပြည်တွင်းမှာစွန့်စားပြီး လုပ်နေခဲ့
ကြသူတွေ ပေါ်နေခဲ့ပြီးတာ လူတိုင်းလိုလိုအသိပါ ။ နယ်စပ်က စစ်ပြေးနေရသူတွေနဲ့ အခြားနိုင်ငံရောက်
နေကြတဲ့ ရွှေ့ပြောင်းအလုပ်သမား တွေကြားမှာလည်း ဒီလိုလုပ်နိုင်ကြရင် နိုင်ငံတကာရဲ့ သတိပြုမှုကို
အနည်းနဲ့အများ ဖြန့်ချီဆွဲဆောင်နိုင်ပြီး ဒုက္ခရောက်နေကြတာတွေကို လျော့အောင်လုပ်နိုင် လိမ့်မယ်လို့
ယုံကြည်မိတယ် ။

     နောက်ဆုံးတစ်ခုကတော့ လစ်ဗျားနိုင်ငံအကြောင်းပါ ။ သူတို့ကိုနယ်ချဲ့ခဲ့တဲ့ အီတလီတွေကို ကောင်း
ကောင်းဒုက္ခပေးခဲ့တဲ့ တော်လှန်ရေးခေါင်းဆောင်တစ်ယောက်အကြောင်း ရုပ်ရှင်ထဲတွေ့ဖူးပါတယ် ။ အ
သက် ၇၀ ကျော်ပေမယ့် မြင်းစီးပြီးဦးဆောင်နေခဲ့တဲ့ အဖိုးကြီးတစ်ယောက်မို့လို့ မှတ်မှတ်ရရပါပဲ ။ နောက်
တစ်ခုက သူတို့ဆီမှာ သဲကန္တာရထဲဆောက်ထားတဲ့ အရင်ကမဖြစ်နိုင်ဖူးလို့ ယူဆခဲ့ကြတဲ့ဆည်ကြီး ။ ပြီး
တော့ မလေးရှားမှာနေစဉ်က လုပ်ခဲ့ဖူးတဲ့အလုပ်မှာ ရှယ်ယာပါတဲ့ မလေးလူမျိုးတစ်ယောက်ဟာ အရင်က
လစ်ဗျားမှာ အလုပ်သွားလုပ်ခဲ့ဖူးတယ်လို့ သိခဲ့ရဖူးပါတယ် ။ နှစ် ၄၀ ကျော် အာဏာယူထားတဲ့ ၊ အကြမ်း
ဖက်သမားတွေကိုအားပေးပြီး ခပ်ကြောင်ကြောင်အလုပ်တွေလုပ်တတ်တဲ့ သူတို့ခေါင်းဆောင် နာမည်ကြီး
ကဒါဖီ ၊ ရေနံသိုက်တွေအများကြီးပိုင်ပြီး နိုင်ငံသူနိုင်ငံသားတွေကျတော့ တစ်နေ့ US$ 2 ထက် ဝင်ငွေနည်း
တယ်ဆိုတဲ့ CNN ပြောတဲ့ ဒီနိုင်ငံမှာ ခုဖြစ်နေတဲ့ဆန္ဒပြမှုတွေကတော့ ပြောင်းလဲမှုတစ်ခုကို ဦးတည်လာ
နေတဲ့ ရှောင်လွဲလို့မရတဲ့ ၊ နောက်ဆုတ်လို့မဖြစ်နိုင်တော့တဲ့ အခြေအနေ အနေအထားတစ်ခုပါပဲ ။ တစ်
ဆင့်တက်ကြည့်ရင်တော့ အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးမှာလည်း အပြောင်းအလဲတစ်ခုကို ဦးတည်
နေကြပါပြီ ။ တစ်ကမ္ဘာလုံးကို ရိုက်ခတ်လာနိုင်ခြေလည်းရှိပါတယ် ။ မီးကုန်ယမ်းကုန်မပေါက်ကွဲသေးပေ
မယ့် ဟိုဟိုသည်သည်ပွက်နေတဲ့ မြန်မာပြည်လည်း သက်ရောက်ကူးစက်မှုမရှိဖူးလို့ မပြောနိုင်ပါဘူး ။

     မမျှော်လင့်တဲ့ တိုင်းပြည်အပြောင်းအလဲကြီးဖြစ်လာမယ်ဆိုရင် ဘယ်သူတွေဘယ်လောက်အထိ အသင့်
ဖြစ်နေကြမယ်ဆိုတာကတော့ စိတ်ဝင်စားစရာပါ ။ ရာထူးလက်ရှိတွေထဲက ပြည်သူတွေနဲ့ ဘယ်သူတွေ
ပူးပေါင်းလာနိုင်မလဲ ၊ လူထုကကော ဘယ်အတိုင်းအတာအထိ ခွင့်လွတ်လက်တွဲနိုင်ကြမလဲ ၊ ခေါင်းမာသူ
တွေကကော သိမ်းကြုံးထားတာတွေနဲ့ ဘယ်လိုဖေါက်ထွက်ရုန်းကန်ထွက်သွားကြမလဲ ၊ လစ်ဟာသွားတဲ့
ကွက်လပ်တွေကို အတိုက်အခံဆိုသူတွေဖက်က ဘယ်လိုနဲ့ဘယ်လောက်ဖြည့်ပေးနိုင်ကြမလဲ ၊ ရေရှည်
နာကျင်အောင်လုပ်ခဲ့တာတွေကြောင့် သွေးချောင်းစီးမှာတွေကို ကာကွယ်နိုင်ကြပါ့မလား ။ မေးခွန်းကော
အဖြေတွေပါ ခင်ဗျားတို့ဆီမှာ အနည်းနဲ့အများ ရှိကြမှာပါ ။ မျက်ရည်အနည်းဆုံးလမ်းကို ရွေးနိုင်ကြစေဖို့
တော့ ဆန္ဒပြုမိပါရဲ့ ။

 
မန်းကိုကို
၂၀၊ ၀၂၊ ၂၀၁၁

4 comments:

  1. ကျော်ထင်February 20, 2011 at 4:52 PM

    ဆြာမန်းက ကမ္ဘောဇဦးခင်လှိုင်နဲ့ ဇေကမ္ဘာဦးခင်ရွှေ ကိုပေါင်းပြီး ကမ္ဘောဇဦးခင်ရွှေ လုပ်ပစ်လိုက်တယ်ပေါ့လေ။

    ReplyDelete
  2. အသက်များလည်း ကြီးလာပြီကိုး :-)
    အင်တာဗျူးက တစ်နေရာမှာတွေ့မိတယ်ဗျ ၊ ဘယ်လိုမှကို ပြန်ရှာလို့မရလို့ စိတ်မရှည်တာနဲ့ အတည်မပြုတော့ပဲ “ထင်ပါရဲ့” လို့သာ စကားခံပြီး ထည့်လိုက်ရကြောင်းပါဗျာ ..

    ReplyDelete
  3. တေဂွက အဖိုးကြီးကို လေယာဉ်ပျံ ၂ စီးပေးတယ်ဆို.. :P

    ReplyDelete
  4. သိပါဘူးဆရာရယ် ၊ နှစ်စီးရရင်လည်း နှစ်ဖက်ခွစီးလို့ မရတာတော့ သေချာပါတယ် .. :-)

    ReplyDelete