ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, February 14, 2011

စကားစမြည် - ထောက်မယ် လှမ်းမယ်



   မနှစ်ကပေါ့ဗျာ ၊ ကျနော်အချွန်ကောင်းတာနဲ့ ကရင်လူငယ်တွေအပါအဝင် အွန်လိုင်းဖိုရမ်ယောင်ယောင်
လုပ်ဖြစ်ကြပါလေရော ။ ဘယ်သူ့မှလည်းမထိခိုက်ပဲ ဒုက္ခရောက်နိမ့်ကျနေတဲ့ ကိုယ့်သွေးသားတွေအတွက်
လည်း လမ်းစလေးတွေ ပေါ်လာနိုင်ရဲ့ဆိုပြီး အားတက်သွားပါတယ် ။

   စတာနဲ့ ကျနော်ကပဲမိုက်မဲစွာ ပွင့်ပွင့်လင်းလင်းမိတ်ဆက်လိုက်ပါတယ် ။ တစ်ဆက်ထဲဖြစ်လာတဲ့ တုံ့ပြန်
မှုအချို့ကြောင့် ကျနော်လည်း ပက်လက်လန်သွားခဲ့ပါတယ် ။ လိုရင်းကတော့ အဖွဲ့သူအဖွဲ့သား အတော် များများက ရန်သူလို့သတ်မှတ်ထားတဲ့ နအဖရဲ့ သလျို ဒလန် ထောက်လှမ်းရေးတွေနဲ့ပတ်သက်ပြီး စိုးရိမ်
ကြတယ် ၊ ကြောက်ကြတယ်ပေါ့ဗျာ ။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုယုံရမလဲ ၊ ဒိုင်စားသွားမယ်
စသည်ဖြင့်ပေါ့ ။ ခုချိန်မှာတော့ အချင်းချင်းနားလည်မှု အတန်အသင့်ရသွားပြီဖြစ်ပေမယ့် အဲဒီအချိန်က
တော့ ဆက်လုပ်မှာတွေအတွက် ဦးချိုးလိုက်သလိုပါပဲ ။

   ဒါကို ပြန်တွေးကြည့်လိုက်တော့ အစိတ်အပိုင်းလေးတွေ ခွဲပြီးတော့မြင်မိတယ်ဗျ ။ ဒါနဲ့ ဒါကခင်ဗျားတို့
ကရင်တွေကိစ္စလေဗျာလို့တော့ တထစ်ချမပြောချင်ပါနဲ့ဦး ၊ ထောက်လှမ်းရေးဆိုကာမှတော့ အားလုံးနဲ့
ဆိုင်လာပြီလို့ ကျနော်ကတော့ မြင်ပါတယ် ။ စိတ်ထဲရှိတာတွေ ၊ တွေ့ကြုံဖူးတာတွေနဲ့တွဲပြီး ပြောကြည့်
မယ်ဗျာ။

   ပထမဆုံး ကြောက်တာနဲ့ပတ်သက်လို့ပါ ။ မန်းကိုကို ကြောက်တတ်တယ်လို့ ပထမဆုံး ဝန်ခံပါရစေ ။
ဒီလို ဝန်ခံခြင်းအားဖြင့် နောင်ကိုသူများသိသွားမှ အရှက်ကွဲတာနဲ့စာရင် ခံသာတယ်လို့ သဘောရလို့ပါ ။
ဒါနဲ့ ကြောက်တော့ ဘာဖြစ်သတုံးဗျာ ၊ ကြောက်တော့ ရန်ကင်းတာပေါ့နော ။ ဒါလည်း မဟုတ်သေးဖူးလား ၊
ကြောက်ရင်လွဲ ရဲရင်မင်းဖြစ် ဟုတ်လား ။ မင်းဖြစ်ရင် မင်းခံ ဆိုတဲ့စကားလည်း ရှိသေးတယ်လေ ။ ကဲ
စကားရှုပ်အောင်ပြောနေမိပြီ ။ သတိရတာလေး တစ်ခုရှိပါတယ် ၊ အဲဒါကတော့ မင်းသိင်္ခရဲ့ မနုစာရီဝတ္ထု
ထဲမှာ သူရဲကောင်းတွေဟာ သူတို့တတွေ သူရဲကောင်းတွေမဟုတ်ဖူးလို့ အထင်ခံရမှာကို သေမလောက်
ကြောက်ကြတယ်ဆိုပဲ ။

   ဒါပေမယ့် မန်းကိုကိုဟာ ဝတ္ထုထဲက သူရဲကောင်းလည်းမဟုတ်ပါဘူး ။ အပြင်မှာ တကယ်ကြောက်တာပါ ။
တခါ အချို့ကလည်း အမှန်ကိုပြောရဲတာကိုက သတ္တိရှိတာလို့ ပြောကြပြန်တယ် ။ မသိဘူးဗျာ ၊ ကြောက်ပါ
တယ်ဆိုမှ နေရင်းထိုင်ရင်း သတ္တိရှိတဲ့သူ ဖြစ်သွားရပြန်ပြီ ။ ကိုယ့်မှာက ကိုယ့်ခြေပေါ်ကိုယ် မရပ်နိုင်မှာ
စိုးတယ်ကြောက်တယ် ၊ အခုပညာရေးမှာ မအောင်မြင်မှာကြောက်တယ် ၊ မိသားစုအပေါ်တာဝန် မကြေမှာ
ကိုကြောက်တယ် ၊ မထင်မှတ်ပဲ လူတွေထဲက (အရူးထပြီး) ကိုယ့်ကိုနာကျင်အောင် ထိခိုက်အောင်လုပ်မှာ
ကြောက်တယ် ၊ ကိုယ်နဲ့ဆိုင်တယ်လို့ ထင်သူတွေကို (ရုပ်ပိုင်းဆိုင်ရာ) အကာအကွယ်မပေးနိုင်မှာကြောက်
တယ် ။ စာရင်းလုပ်ရင်တော့ ကုန်နိုင်မယ် မထင်ဘူး ။

   ကြောက်တာဟာ မကောင်းဘူး ၊ ဒါပေမယ့် ကောင်းတာတွေလည်း ရှိတယ်လို့ ထင်မိတယ် ။ ကြောက်လို့
ကြိုးစားရင် အောင်မြင်ဖို့တွန်းအားအဖြစ်ပြောင်းသွားနိုင်မယ် ၊ ထိခိုက်နာကျင်မှာကြောက်တော့ သတိပိုရှိ
လာတာပေါ့ ၊ သတိရှိအောင် လူတွေမှာ တရားတောင်ကြိုးစားထိုင်ရသေးတာပဲနော ။ နောက်ပြီးတစ်ခုရှိ
သေးတာက ကြောက်တာနဲ့ ကာယလေ့ကျင့်ခန်း အနည်းအကျဉ်းလုပ်ထားတဲ့ အခံရှိတော့ ကိုယ့်ကိုရန်ပြု
လာမယ့်လူတွေကို ကြောက်ကြောက်နဲ့ အသေအကြေခုခံမိရင် တစ်ဖက်ကအံ့အားသင့်ပြီး နောက်ကောက်
ကျသွားနိုင်ခြေကလည်း ရှိလာပြန်သေးသကိုး ။

   နောက် တွေးမိတာတစ်ခုက လူသားမှန်ရင် ရုပ်နဲ့စိတ်တွဲပြီး ဖြစ်တည်ရှိနေတာ သဘာဝပဲ ၊ ဒီတင် “စိတ်”
ရှိရင် ကြောက်တာအပါအဝင် ခံစားမှုတွေနဲ့ဖွဲ့စည်းထားကြတာပဲ ။ အရှိကိုအရှိအတိုင်း မပြောပဲ ဟန်ဆောင်
နေကြရင် ခင်ဗျားတို့ ကျနော်တို့ဟာ ကိုယ့်ကိုယ်နဲ့ကိုယ့်စိတ် မတွဲမိတဲ့ဘဝကို နေနေကြသလား ။ ပြောရင်း
နဲ့ လမ်းလည်းချော်လာပြီ ၊ ကိုယ့်အကြောက်ဋီကာကို ဒီလောက်နဲ့ ရပ်ထားအုံးမယ် ၊ နောက်အကြောက်
တစ်မျိုးဖက် ဆက်သွားလိုက်ဦးမယ် ။

   ဒီကနေ့ မြန်မာပြည်မှာ နေရာတကာမှာ ထောက်လှမ်းရေးတွေ ရှိတယ်ဆိုပြီး ကြောက်အောင်လုပ်ထား
နိုင်တာဟာ အာဏာပိုင်တွေရဲ့ အောင်မြင်မှုတစ်ခုလို့တောင် ခေါ်လို့ရနိုင်ပါတယ် ။ သူတို့ကတော့ ကြောက်
ကြလေ ကြိုက်လေပါပဲ ။ တကယ်ကော ကြောက်သင့်သလား ။ အငြိမ်းစားစစ်အရာရှိတစ်ယောက်ရဲ့ စကား
အရ “မြန်မာပြည်ထောက်လှမ်းရေးဟာ အလကားပါကွာ ဖြစ်လာပြီဆိုမှ လက်ပူတိုက်ကြတာပါ” တဲ့ ။ ဒါ
တစ်ခု ထဲကိုကြည့်ရင်တော့ သတင်းပေးတွေရှိတာမို့သာ အလုပ်ဖြစ်တာလို့ တွက်လို့လည်း ရနိုင်ပါတယ် ။
တဖက်မှာကြည့်ရင် ထောက်လှမ်းရေးလုပ်သူတွေအတွက် အကန့်အသတ်ဆိုတာ အမြဲရှိနေမှာပါ ။ ဒီအထဲ
မှာ လူမှုရေးအကန့် အသတ်ဟာလည်း တစ်ခုအပါအဝင်ပါ ။ တစ်နည်းမဟုတ်တစ်နည်း ဆွေမျိုးစပ်လို့ရကြ
တဲ့ တိုင်းရင်းသားတွေအတွက်ကတော့ တစ်ပန်းသာတာပေါ့ဗျာ ။ ဒါ့ပြင် (အပေါ်ဆုံးမှာပြောခဲ့တဲ့ ဖိုရမ်လို
နေရာမျိုး အပါအဝင်) စိတ်ရင်းစေတနာမှန်နဲ့ အများအကျိုးလုပ်ကြမယ်ဆိုရင် ရေရှည်မှာ ဝံပုလွေဟာသိုး
တွေကြား ဆက်နေသွားဖို့ မဖြစ်နိုင်ဖူးလို့လည်း ယုံကြည်မိပါတယ် ။ (ဒီနေရာမှာ စိတ်ရင်းစေတနာမှန်နဲ့
အများအကျိုးကိုလုပ်ဖို့ ဆိုတဲ့စကားကိုတော့ အထူးအထူးပြုပြောပါရစေ ။)

   ထောက်လှမ်းရေးနဲ့တစ်ဆက်ထဲ “သောသီးခို” ဘလော့မှာ ပါနေကျ “နေပြည်တော် အတွင်းရေးများ”
ဆိုတဲ့ စာတွေအကြောင်း မိတ်ဆွေတစ်ယောက်နဲ့ ပြောဖြစ်ပါတယ် ။ သောသီးခိုဘလော့မှာလည်း “စစ်တပ်
မှာ ဆက်သွယ်ရေးစာတွေကို အဲဒီလိုမရေးဘူးကွ” ဘာညာနဲ့ လာလှောင်သူတွေလည်း တွေ့မိပါတယ် ။
အဲဒီစာတွေဟာ အစစ်ပါလို့ အာမခံပေးဖို့လည်းမဟုတ် ကေအင်ယူအတွက် ကြော်ငြာပေးနေတာလည်း
မဟုတ်ပေမယ့် ပြည်မကလူအတော်များများ မသိသေးတာလေး အချို့ကို နည်းနည်းလေး ပြောပြချင်ပါ
တယ်။

   ကေအင်ယူဟာ ရေရှည်ရပ်တည်လာတဲ့အဖွဲ့အစည်းမို့လို့ သူတို့လုပ်နိုင်တာတွေ အများကြီးရှိပါတယ် ။
လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်က အနားယူထားပြီးဖြစ်တဲ့ ကေအန်ယူဆက်သွယ်ရေးစက်ကိုင်တစ်ဦးနဲ့
တွေ့ဖူးပါတယ် ။ အနားယူထားပြီးဖြစ်ပေမယ့် သူ့နဲ့အတူ မြန်မာစစ်တပ်ရဲ့ ဆက်သွယ်ချက်တွေကို ကြား
ဖြတ်ဖမ်းပြီး မှတ်တမ်းလုပ်ထားတဲ့စာရွက်စာတမ်းတွေက ဂုံနီအိတ်နဲ့ ၄-၅ လုံးလောက် ပါလာခဲ့ပါတယ် ။
ထိုင်းထောက်လှမ်းရေးတွေ လိုက်လာလို့သာ ဖျက်ဆီးလိုက်ရတာပါ ။ ဒါက ဆက်စပ်တွေးစရာတစ်ခု ။

   နောက်တစ်ခုက ပြည်မမှာ အရပ်ထဲတင်မကပါဘူး ၊ စစ်တပ်ထဲမှာပါ ကေအန်ယူဆီကို သတင်းပို့ပေး
နေသူတွေ ရှိပါတယ် ။ ကေအန်ယူတစ်ဖွဲ့ထဲ မကပါဘူး ။ မြန်မာပြည် သူပုန်အဖွဲ့တိုင်းအတွက် စစ်တပ်
ထဲမှာ ထောက်လှမ်းရေးအဖွဲ့ဝင်တွေက ရှိနေပါတယ် ။ ဒီတော့ တန်ပြန်ထောက်လှမ်းရေးတွေလည်း
ရှိတာပဲ ၊ ပေါ်သွားမှာပေါ့လို့ ထင်ကြမယ် ။ မလွယ်ပါဘူးခင်ဗျာ ၊ အဲဒီသတင်းပေးတွေက ဗမာတွေဖြစ်နေ
လို့ပါ ။ အလွန်ကံမကောင်းလွန်းလို့ မိသွားခဲ့တာမျိုးတွေလည်း ရှိပါတယ် ။ ယုံရခက်ရင်တော့ ဗကပတွေ
ကိုသာ မေးကြည့်ကြပါဗျား ။ လိုရင်းပြောချင်တာကတော့ နေရာတိုင်းကြောက်စရာမလိုတာနဲ့ မြန်မာပြည်
စစ်တပ်နဲ့ ဆန့်ကျင်နေကြသူတွေကြား ထောက်လှမ်းရေးအပိုင်းတွေမှာ ချိန်ခွင်လျှာမညီပေမယ့် တန်ပြန်
ထိန်းညှိထားတာလေးတွေ အချို့တော့ရှိတာမို့ အရာရာတိုင်းဟာ ရိုးရှင်းလွန်းတဲ့ ဖြစ်စဉ်တွေ မဟုတ်ကြဖူး
ဆိုတာပါ ။

မန်းကိုကို
၁၄၊ ၀၂၊ ၂၀၁၁

2 comments:

  1. သတ္တိရှိရှိ ကြောက်ဖို့တော့ လေ့ကျင့်ထားရမယ် ထင်တယ်ဗျာ။

    ReplyDelete
  2. အဖေါ်ရမယ့်ကိစ္စဆိုတော့ အားပေးရမှာပေါ့ :-)

    - သတ္တိရှိရှိ ကြောက်တာ
    - စနစ်တကျ ကစဥ့်ကလျားဖြစ်အောင် လုပ်တာ
    - မှန်မှန်ကန်ကန် လိမ်နိုင်တာတွဟာ အလွယ်တကူရလာနိုင်တဲ့ အရည်အချင်းတွေမှ မဟုတ်ပဲနော :-)

    ReplyDelete