ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, February 9, 2011

ကြွေပျက် လမ်းပြကြယ်

     






   “ကိုကျော်ရေ အဖိုးမန်းစတီးလာတော့ ဆုံးသွားရှာပြီ၊ ဒီကနေ့ အလုပ်အကိုင်နေ့၊ မနက်ဖြန် အသုဘ
ချကြလိမ့်မယ် ။” လွန်ခဲ့တဲ့နှစ်ရက်က ညသန်းခေါင် ကွန်ပြူတာရှေ့စာတွေစီနေတုန်း ဝင်လာခဲ့တဲ့ မဲလ
ခိုလှုံရာစခန်းက ဖုန်းခေါ်သံရဲ့ ယူဆောင်လာခဲ့တဲ့ သတင်းစကားပါ ။

   တဝက်တပျက်မျှော်လင့်ထားပေမယ့် ဒီလောက်စောမယ်တော့ မထင်မိခဲ့ပါ ။

   ဦးဇဋိလလို့အမည်တွင်တဲ့အဖိုးဟာ မန်းစတီးလာ (Mahn Steela) လို့ လူသိများပြီး အသက်မတိမ်း
မယိမ်းများကတော့ စိုးသိန်းလို့ သိကြပါတယ် ။ ကျနော့်မိခင်ထက် အတန်းတစ်တန်းကြီးပြီး မော်လမြိုင်
ကောလိပ်မှာကတည်းက စာပေယဉ်ကျေးမှု ကရင်လူငယ်လှုပ်ရှားမှုတွေကို လုပ်ကိုင်နေခဲ့သူ ဖြစ်ပါ
တယ် ။

   KNU ဒုတိယမျိုးဆက်လို့ ပြောရမယ့်အဖိုးဟာ နောက်ဆုံးအချိန်ထိ တာဝန်အမျိုးမျိုးအဆင့်ဆင့်ကို
တတပ်တအား ကျေပွန်အောင်လုပ်ကိုင်ခဲ့ပြီး လူငယ်တွေကိုလည်း စာပေယဉ်ကျေးမှုအပိုင်းအပါ
အဝင် လမ်းညွှန်မှုတွေ ပေးခဲ့သူတစ်ဦး ဖြစ်ပါတယ် ။ (http://www.kicnews.org/?p=4934 )
ထိုင်းနိုင်ငံမှာနေထိုင်စဉ်အတွင်း တွေ့ဆုံခဲ့ရတဲ့ အချိန်ကာလတိုတိုလေးမှာ တံခါးမရှိဒါးမရှိ ဝင်ထွက်
သွားလာခွင့်အပြင် အချိန်ယူပြီး လက်ခံစကားပြော လမ်းညွှန်ပေးခဲ့တာကြောင့်လည်း ကျနော့်အတွက်
ဗဟုသုတအမြင်တိုးပြီး အားတက်စေခဲ့တဲ့ လမ်းပြကြယ်တစ်ပွင့်ပါ ။

   ဒီကေဘီအေကိစ္စနဲ့ပတ်သက်လို့လည်း ဗုဓ္ဒဘာသာထဲ နက်နက်ရှိုင်းရှိုင်းပါဝင်ပတ်သက်နေခဲ့သူ
ဖြစ်ပေမယ့် “KNU လို ခိုင်မာတဲ့တွေးခေါ်ဖွဲ့စည်းပုံ၊ ခံယူချက်၊ အစဉ်အလာတွေရှိတဲ့ အဖွဲ့ကိုစွန့်
ပြီး မူဝါဒခိုင်ခိုင်မာမာမရှိတဲ့ အဖွဲ့တစ်ဖွဲ့နောက်လိုက်ဖို့ မဖြစ်နိုင်ဖူး” လို့ ပြောခဲ့တဲ့ အရှည်နဲ့ကျယ်
ကျယ်ပြန့်ပြန့် တွေးခဲ့သူတစ်ယောက်ဖြစ်ပါတယ် ။ သင်္ချာဘာသာနဲ့ဘွဲ့ရခဲ့တဲ့ ပညာတတ်တစ်
ယောက်ပီပီ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေးနဲ့ အခြားကဏ္ဍအတော်များများမှာ ပါဝင်
ပတ်သက်နိုင်ခဲ့သူလည်း ဖြစ်ပါတယ် ။ (ထင်ရှားတဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းပွဲ အတော်များများမှာ
လည်းပါခဲ့ပြီး ENC ကထုတ်တဲ့ စာအုပ်တွေမှာ သူရဲ့ဓါတ်ပုံတွေကို ဖဒိုမန်းရှားတို့နဲ့အတူ တွေ့နိုင်
ပါတယ်) ။

   အခုတော့ လူငယ်တွေကို လက်ဆင့်ကမ်းတာဝန်တွေယူကြဖို့ အားပေးနေခဲ့တဲ့ အဖိုးမရှိတော့ပါဘူး ။
အားကိုးအားထားရာ လမ်းပြကြယ်တစ်ပွင့် ကြွေပျက်သွားသလို ခံစားရပါတယ် ။ တကယ့်ကို ဖြစ်သင့်
တဲ့ အဖိုးရဲ့ဆန္ဒတွေကို ဘယ်သူတွေက ပြည့်အောင်ဖြည့်ဆည်းလေမလဲ ။ အဖိုးအတွက် ဆုတောင်း
ပေးပါတယ် ၊ လူငယ်တွေအတွက်လည်း ဆုတောင်းပေးပါတယ် ၊ တောထဲက သွေးရင်းသားရင်းတွေ
အတွက်လည်း ဆုတောင်းပေးပါတယ် ၊ လူသားအားလုံးအတွက်လည်း လိုရာဆုတွေ ပြည့်စေဖို့ ဆု
တောင်းပေးလိုက်ပါတယ် ။


သတိတရ
မန်းကိုကို
၀၉၊ ၀၂၊ ၂၀၁၁

3 comments:

  1. ကြယ်တစ်ပွင့် မြေခကျပြန်ပေါ့။

    ReplyDelete
  2. ဘားအံက အဒေါ်ကြီးFebruary 12, 2011 at 12:18 AM

    ဒီကေဘီအေကိစ္စနဲ့ပတ်သက်လို့လည်း ဗုဓ္ဒဘာသာထဲ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေခဲ့သူ ဖြစ်ပေမယ့် “KNU လို ခိုင်မာတဲ့တွေးခေါ်ဖွဲ့စည်းပုံ၊ ခံယူချက်၊ အစဉ်အလာတွေ ရှိတဲ့အဖွဲ့ကိုစွန့် ပြီး မူဝါဒခိုင်ခိုင်မာမာမရှိတဲ့ အဖွဲ့တစ်ဖွဲ့နောက်လိုက်ဖို့ မဖြစ်နိုင်ဖူး”

    အဖိုး မန်းစတီးလာရဲ့ ခံယူချက်လေး။ ထပ်တူထပ်မျှကျပါ၏။

    (from c-box)

    ReplyDelete
  3. ကြယ်စုံတဲ့ ညတွေကို ဖန်တီးချင်တယ် ၊
    လက်တွေ့မကျသေးတဲ့ အိပ်မက်တစ်ခု ။

    သူတစ်ပါးကို ပြောင်းလဲပစ်ဖို့ မလွယ်ကူဘူး ၊
    ငါသာလျှင် ငါ့အရှင် ၊
    ငါပြောင်းလဲနိုင်ရင် ငါ့အမြင်ပြောင်းမယ် ၊
    ငါ့အမြင်ပြောင်းရင် လောကကြီးဟာလည်း အနည်းဆုံး ငါ့ရဲ့အမြင်မှာ ပြောင်းလဲသွားမှာပဲ ။

    ရွေးချယ်စရာကတော့ အကောင်းနဲ့ အဆိုး ဘယ်ဟာမျိုးကို လိုချင်သလဲ ဆိုတာပဲ ၊
    မီးခိုးရောင် ကာလတွေကို မကြာခင် ချန်ထားရစ်ခဲ့ရတော့မယ် ထင်ပါရဲ့ ...

    ReplyDelete