ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, February 2, 2011

တာဝန်ယူတယ်ဆိုလို့

     အဟမ်း .. အဟမ်း ...
     (မြန်မာပြည် အာဏာပိုင်များဖက်က နာလိုသူများ သည်းခံကြလေကုန်)။

     သတင်းဓါတ်ပုံတွေကြည့်တော့ မြန်မာပြည်က လွှတ်တော်ခန်းမပုံတွေ ပါလာသဗျာ။ မိုးမခက
ပြောသလိုပဲ စာသင်ခန်းမနဲ့ဆင်တူလို့ အခြားနိုင်ငံက ပုံအချို့နဲ့ ယှဉ်ကြည့်ချင်တာနဲ့ လိုက်ရှာရင်း
တွေ့မိတာတွေကို တင်ထားလိုက်ပါတယ်။ အသေးစိတ် ဆီယိုပေါက်ရှာသလိုတော့ မလုပ်ချင်ပါဘူး။
နောင်ကိုသာ တဖြည်းဖြည်း ဆွေးနွေးနိုင်တဲ့ မျက်နှာချင်းဆိုင် သို့မဟုတ် စက်ဝိုင်းခြမ်းပုံလောက်တော့
ပြင်လာ (ဖြစ်လာ) ကောင်းရဲ့လို့ ဆုတောင်းမိပါရဲ့။


 မြန်မာပြည်

 အီရန်

 စင်္ကာပူ

 EU

ကနေဒါ


     လွန်ခဲ့တဲ့ လအတော်ကြာက သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ ဒေသခံသတင်းစာတစ်စောင်ရဲ့
မျက်နှာဖုံးမှာ သတင်းတစ်ခု ပါလာခဲ့ပါတယ်။ လိုရင်းကတော့ မြို့ပြင်အစပ်နားက အိမ်အလုံး ၃၀
လောက်ဟာ ဒေသအာဏာပိုင်တွေရဲ့ စီမံမှုနဲ့ ပြောင်းရွှေ့ကြရမယ့် သတင်းပါ။ ပြောင်းရမယ့် အကြောင်း
ရင်းကတော့ (ကျားသားမိုးကြိုး) ရှားပါးတဲ့မြက်ပင်တွေ အဲဒီတစ်ဝိုက်မှာ ပေါက်နေလို့ ထိန်းသိမ်းဖို့ပါတဲ့။
ဒီတော့ ဥုံဖွနဲ့တော့ ဘယ်ရမလဲ၊ ဒီမိုကရေစီနိုင်ငံပေပဲကိုး။

     ဒါပေမယ့် သတင်းပါတဲ့အချိန်မှာတော့ တရားဝင်နည်းလမ်းတွေနဲ့ ညှိနှိုင်းမှုလုပ်ငန်းစဉ်တွေ အားလုံး
ပြီးသွားခဲ့ပါပြီ။ မပြောင်းမဖြစ် ပြောင်းရပါတော့မယ်။ ဒီနေရာမှာ အိမ်ပိုင်ရှင်တွေရဲ့ အပြစ်တင်သံတွေကို
မေးမြန်းတဲ့အခါ ဒီနေရာမှာ အနှစ် ၂၀ ကျော် နေထိုင်လာကြလို့ မပြောင်းချင်တာကလွဲရင် အခြားအပြစ်
တင်တာမျိုး တစ်ခုမှမရှိတာကို တွေ့ရပါတယ်။ မေးတဲ့လူကလည်း အာဏာနဲ့မဟုတ်တာကြောင့် ဖြေ
သူတွေကလည်း သူတို့စိတ်ထဲရှိတဲ့အတိုင်း ဖြေကြတာပါပဲ။ အနှစ်ချုပ်ကတော့ ဒေါ်လာသိန်းနဲ့ချီပြီးတန်
တဲ့ ဒီအိမ်ခြံတွေကနေ အသာတကြည် စိတ်ကွက်မှုအနည်းဆုံးနဲ့ ပြောင်းသွားကြလောက်တဲ့ လုပ်ငန်း
စဉ်၊ တနည်းအားဖြင့် အာဏာပိုင်တွေရဲ့ တန်ရာတန်ဖိုးငွေကြေးကအစ တာဝန်ယူမှု၊ လိုအပ်တဲ့ ဥပဒေ
အမျိုးမျိုးအဖုံဖုံ ဖြစ်တည်ရှိနေမှုနဲ့ (တာဝန်ယူ) အကောင်အထည်ဖေါ်မှုတွေကို သဘောကျမိတာပါ။


     နောက်တစ်ခုက လာပြီ Yasi လို့ ပြောရပါမယ်။
     သြစတြေးလျနိုင်ငံ ကွင်းစ်လန်း (Queensland) ပြည်နယ်ဟာ တလောကပဲ ကမ္ဘာသိအောင် ရေကြီး
ခဲ့တာ အတော်များများ သိကြမှာပါ။ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာပြန်တော့ အခု ကွင်းစ်လန်းသားတွေ
တစ်သက်မှာတစ်ခါ ကြုံတောင့်ကြုံခဲ ဧရာမမုန်တိုင်းကြီး Yasi လာနေပြန်ပါပြီ။ သတိပေးတာ၊ ရွှေ့ပြောင်း
နိုင်ဖို့စီစဉ်တာ၊ ပြင်ဆင်တာတွေ ဘယ်လောက်လုပ်သလဲ အတိအကျ သိအောင်မလုပ်မိပေမယ့် ရုပ်မြင်
သံကြားမှာတော့ ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ရှင်းပြပြောဆိုချက်တွေကို မမြင်ချင်မှအဆုံးပါပဲ။ အရင် ရေကြီး
တုန်းကလည်း နားချိန်မှရှိရဲ့လားလို့ထင်ရလောက်အောင် သွားလာ လှုပ်ရှား ပြောဆို စီစဉ်နေတာ အခု
လည်း မုန်တိုင်းအခြေအနေ၊ လျှပ်စစ်မီးနဲ့ပတ်သက်တဲ့ ပြင်ဆင်မှု ဖြစ်လာနိုင်ခြေရှိတဲ့ အခက်အခဲတွေနဲ့
သူ့ပြည်နယ်သူ ပြည်နယ်သားတွေ သိသင့်တာတွေကို ရုပ်မြင်သံကြားကတစ်ဆင့် အတော်ကြာကြာ
ပြောသွားတာကို တွေ့နေရပါတယ်။ (ဆွံ့အသူတွေအတွက် သရုပ်ပြပေးသူကလည်း ဘေးကနေ ဘာ
သာပြန်ပေးနေတာ တွေ့နေရပါတယ်)။

     ဒါတင်မဟုတ်ပါဘူး။ မိုးလေဝသဋ္ဌာနက အခါမလပ် ထုတ်ပြန်ပေးနေတဲ့သတင်းကို သတင်းဋ္ဌာနတွေ
ကလည်း မကြာခဏ လွင့်ပေးနေတာ တွေ့နေရပါတယ်။ အသေးစိတ်တော့ မပြောလိုတော့ပါ။ ဒါပေ
မယ့် သတင်းစာမျက်နှာမှာ အချိန်တိုင်း update လုပ်ပေးနေတဲ့ အရာလေးတစ်ခုကို မျက်စိမလွဲနိုင်ပဲ
ဖြစ်နေမိတယ်ဗျာ။
“မုန်တိုင်း ကုန်းမြေပေါ် စတင်ကျရောက်မည့် အချိန်ကာလရောက်ရန် ၁ နာရီ ၃၅ မိနစ်သာ လိုတော့သည်” တဲ့။
မယှဉ်ကောင်းယှဉ်ကောင်း ကျနော်တို့ဆီက နာဂစ်ဒဏ် ခံလိုက်ကြရသူတွေကို သတိရမိပါရဲ့။


 (၀၂၊ ၀၂၊ ၂၀၁၁ မုန်တိုင်းမဝင်ခင် ညနေစောင်း မိုးနဲ့ လေရူး)

(၀၃၊ ၀၂၊ ၂၀၁၁ နံက် ဦးဦးဖျားဖျားထွက်လာတဲ့ အပျက်အစီးပုံ)

(အာဏာရယူထားသူတွေရဲ့ အနေအထား လုပ်ပုံကိုင်ပုံလေးတွေကို တိုက်ရိုက်မဟုတ်တဲ့ပုံစံနဲ့
ရေးချင်သလို ခိုင်းနှိုင်းရေးသွားတာကြောင့် နားလည်ရခက်မယ်ဆိုရင်တော့ စိတ်မရှိကြပါနဲ့ဗျာ)။

မန်းကိုကို
၀၂၊ ၀၂၊ ၂၀၁၁

4 comments:

  1. ဒီနေ့အတွက်ကတော့ မိုးရွှာချင်ရွှာမယ် မရွှာချင်မရွှာဘူးဒါဘဲ...

    ReplyDelete
  2. မိုးလေဝသ အထူးခန့်မှန်းချက်ကြီးအတွက် ကျေးဇူးတင်လိုက်ထှာ ဆြာရယ်။ ဒါနဲ့စကားမစပ် ဒီကနေ့ နေထွက်မယ် မဟုတ်လားဟင် .. ဟင် ... :-)

    သြစတြေးလျရဲ့ မိုးလေဝသခန့်မှန်းချက်တွေကို အောက်ကလင့်မှာ ဆစ်ဒနီမြို့အတွက် သွားကြည့်နိုင်ပါတယ်။ ရင်ကြပ် ချောင်းဆိုးတတ်သူတွေအတွက် ပန်းဝတ်မှုန် လေထုထဲဘယ်လောက်များများ ရှိတယ်၊ ထီးဆောင်ဖို့ လိုမလို၊ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် အတိုင်းအတာ၊ မှတ်တမ်းတင်ထားတဲ့တစ်လျှောက်လုံး ဒီကနေ့မှာ အပူဆုံးဖြစ်ခဲ့တဲ့ခုနှစ်၊ တစ်ပတ်စာ ရာသီဥတုခန့်မှန်းချက် (အမြဲတမ်း တိကျတယ်တော့မဟုတ်ဘူးပေါ့) စတာ စတာတွေအပြင် မထင်မိတဲ့ မှတ်တမ်းတွေကိုလည်း တွေ့နိုင်ပါတယ်။ (http://weather.news.com.au/nsw/sydney/sydney)

    အပေါ်မှာ ပြောခဲ့တဲ့ Yasi မုန်တိုင်းဟာ ကုန်းမြေပေါ်ကျလုကျခင်မှာပဲ အမြင့်ဆုံးအဆင့် ၅ ကနေ အဆင့် ၄ ကို လျော့ကျသွားခဲ့ပေမယ့် ဖျက်ဆီးမှုအင်အား ကြီးမားနေဆဲပါ။ မုန်တိုင်းသတင်းကို အချိန်မလပ် အင်တာနက်သတင်းပေါ်မှာ တွေ့နိုင်ပါတယ်။

    ReplyDelete
  3. ကိုမန်းကိုကို ကျေးဇူးပဲ။ ကျွန်မလည်း ဒီအကြောင်း ပြောဖို့ပါပဲ ဒါပေမဲ့ အချိန် ဟိုရွှေ့ဒီရွှေ့နဲ့ ပို့စ်မတင်ဖြစ်ဘူး။ အဆောက်ဦးတွေ၊ စိုက်ခင်းတွေ ပျက်စီးတာကလွဲလို့ အံ့သြလောက်အောင်ပဲ လူတယောက်မှ ဘာမှမဖြစ်ကြဘူး။ စစ်တပ်နဲ့ ပုလိပ်တပ်လည်း သူ့နေရာနဲ့သူတာဝန်ယူကြတာ စီမံခန့်ခွဲပုံကောင်းလို့ အခုလို လူတွေ အန္တရယ်ကကင်းတာ ဖြစ်တယ်။ Queenslands ၀န်ကြီးချုပ်အမျိုးသမီးက မဖြစ်ခင် ကြိုတင်ပြင်ဆင်တာကို တန့်လှန့်သလို ဖြစ်ပြီးတဲ့အချိန်မှာ ရေကြီးတုန်းက ရေပြန်ကျသွားချိန်မှာ ဗွက်အိုင်ထဲက အမှိုက်တွေ ရှင်းရာအထိ သူဝင်ပါတယ် အခုလည်း မုန်တိုင်းတိုက်သွားလို့ ပျက်စီးနေတဲ့ နေရာတွေအထိ မနက်အစောကြီး ရောက်နေတယ်။

    ReplyDelete
  4. မငယ်နိုင်ပြောသလိုပဲ စီမံခန့်ခွဲပြင်ဆင်ကြတာ အားကျစရာကောင်းပါတယ်။
    ပြည့်စုံတယ်လို့ နာမည်တပ်လို့ ရချင်မှ ရမှာဖြစ်ပေမယ့် လိုအပ်တာတွေ အားလုံးလိုလိုတော့ ငုံမိတာမို့ ချီးကျူးသင့်ပါတယ်။ နိုင်ငံရဲ့ ငွေကြေးဓနအားနဲ့ အသိနည်းပညာ အပိုင်းတွေကလည်း တစ်ကဏ္ဍပါတယ်လို့ ပြောနိုင်မယ်ထင်တယ်။

    တစ်ဆက်ထဲသတိရမိတာက တလောက ဘရာဇီးရေကြီးတဲ့ကိစ္စပါ။
    လူရာနဲ့ချီပြီး သေခဲ့ကြပေမယ့် သတင်းတွေထဲမှာ သြစတြေးလျလောက် မမြင်မိဘူး။ မျက်နှာကြီးရာ ဟင်းဖတ်ပါ ဆိုသလိုများလားပဲ။

    ဆက်ပြီးတော့လည်း သြစတြေးလျမှာ အကြီးအကျယ်ရေကြီးပေမယ့် လူအသေအပျောက်နည်းတဲ့ တလောကအဖြစ်ကို ပြန်ဆက်စပ်ကြည့်တော့ ဥပမာ ခရစ်စမတ်လို အခါကြီးမျိုးတွေမှာလည်း မတော်တဆ သေပျောက်မှုတွေ နည်းတာတွေ့ရပါတယ်။ ယိုးဒယားနိုင်ငံမှာ နှစ်သစ်ကူးတို့ သင်္ကြန်တို့ဆိုရင် လူတွေလမ်းပေါ်မှာ ရာနဲ့ ထောင်နဲ့ချီပြီး သေကြေကြရတာ မထူးဆန်းကြသလိုပါပဲ။ အသက်တစ်ချောင်းကို သိပ်တန်ဖိုးမထားကြတာ ဂရုမစိုက်ကြတာတွေ ပြန်ယှဉ်ကြည့်ရင် ပထမကမ္ဘာနဲ့ တတိယကမ္ဘာ ကွာတယ်ဆိုတာ ဒါတွေပဲလားလို့ တွေးမိတယ်။

    ReplyDelete