ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, April 28, 2011

နားလည်ပေးကြရအောင်



     ပြောတော့သာလွယ်တယ် ၊ ဘယ်လိုများ အပြန်အလှန် နားလည်ပေးကြမလဲ ။

     * သဘောထားကြီးကြီးးထားပေါ့ကွာ ။
     ** ဘယ်လိုဟာမျိုးကို သဘောထားကြီးတယ်လို့ခေါ်မှာလဲ ။
     * စိတ်ရှည်ရင် သဘောထားကြီးလာမှာပေါ့ကွာ ။
     ** ဒါဆိုစိတ်ကကော ဘယ်လောက်တောင်ရှည်ရမှာလည်း ။
     * ဟေ့ ဟေ့ တော်ပြီကွာ ၊ ကိုယ့်ဘာသာစဉ်းစားကြည့်ပေါ့ကွ ၊ မင်းတို့လည်း ဒီအရွယ်ရောက်နေပြီပဲ ။

     (* အင်း ... ကလေးတွေ နားလည်နိုင်ကြပါစေ ...)
     (** ဟင်း .. ဘဲကြီးကလည်း ဘာမှန်းမသိဘူး ၊ မသိလို့မေးတာကိုများ ၊ တော်ပြီ .. ငါလုပ်ချင်တာကို
ငါနားလည်သလို လုပ်တာပဲကောင်းတယ်) ။

     ဒီလို ဆင်တူယိုးမှားဖြစ်ရပ်တွေနဲ့ ရလဒ်တွေ ဘယ်လောက်များများ ရှိပြီးခဲ့ပြီးလဲတော့ မပြောတတ်ပါ ။
ဒါပေမယ့် (လူငယ်တွေအပါအဝင်) “တဖက်လူကိုယ့်ကို နားလည်မှာပါ” ဆိုတဲ့ တဖက်သတ်ထင်မြင်တတ်
တာ (wishful thinking) မျိုး ဘယ်လောက် ဘယ်နှစ်ခါ ကြုံဆုံခဲ့ကြဘူးပြီးပြီလဲ ။

     စကားပုံတစ်ခု ကြားဖူးတာကတော့ “အချက်မသိတော့ သားမက် သူခိုးထင်” ဆိုလားပါပဲ ။ ဒီ “စ
ကားပုံ” မှာ လိုရာကိုဆွဲပြောရရင် သားမက်ရနိုင်တဲ့အရွယ် အဖိုးကြီးက သားမက်ကို သူခိုးလို့အထင်
လွဲရလောက်အောင် ဒီအသက်အရွယ်ထိရောက်နေတာကို အတွေးအခေါ်အမြှော်အမြင် မရှိဖူးလား
လို့ စောဒကတက်ချင်စရာကိစ္စပါ ။

     လူတိုင်းလိုလို သိပြီးသားကိုပဲ ဆရာထပ်လုပ်ရရင် “အရာရာမှာ အကန့်အသတ်တွေ ရှိပါတယ်”
လို့ ပြောရမယ်ထင်တယ် ။

     “သတိမမူ ဂူမမြင်” ဆိုတဲ့စကားပုံလိုပဲ သတိလျော့ရင် အမှား (သို့မဟုတ်) နားလည်မှုလွဲတာတွေ
ဖြစ်တတ်တယ်လို့ ပြောလို့ရနိုင်ကောင်းပါတယ် ။ ဒါပေမယ့် အပြည့်အဝတော့ မမှန်ဘူးထင်ပါတယ် ။
တစ်ဖက်နဲ့တစ်ဖက် ဘယ်လိုမှအဆက် အစပ်မရှိတဲ့ (ဒေသနှစ်ခုက) လူနှစ်ဦး ၊ မိသားစုနှစ်စု ၊ အဖွဲ့
နှစ်ဖွဲ့ ၊ နိုင်ငံနှစ်နိုင်ငံတွေရဲ့ကြားမှာ ကွာဟမှုတွေ ၊ နားလည်လွဲမှုတွေ အင်မတန်လွယ်လွယ်ကူကူ
ဖြစ်နိုင်တာမျိုးပါ ။ ဒီကနေ့ပဲတွေ့ခဲ့တဲ့ ဥပမာတစ်ခုရှိပါတယ် ။ ဝေးဝေးလံလံမဟုတ်ပါဘူး ၊ ကရင်
တိုင်းရင်းသား အချင်းချင်းကြားထဲတင်ပါ ။

     ကရင်လူငယ်တစ်ယောက် ၊ အခြားကရင်လူကြီးတစ်ယောက်ရဲ့ ဘလော့မှာ “အေးကွာ” လို့ ထည့်
ရေး ပြောလိုက်ပါတယ် ။ ဒါကိုတွေ့မိတဲ့ မြို့သားကရင်တစ်ယောက်က ရိုင်းတယ်လို့ ထင်သွားပါတယ် ။
သူကစေတနာနဲ့ ဝင်အပြောမှာ မခံနိုင်တဲ့ဘေးလူတွေကပါ ပြန်ပြောကြရင်းနဲ့ နောင်ဂျိန် (ရန်) ဖြစ်ကုန်
ပါတော့တယ် ။ လူကြီးကို “နင်နဲ့ငါ” ဆိုပြီးပြောတာမျိုး ဘားအံမြို့လိုနေရာမှာ နားလည်ပေးကြပါ
တယ် ။ ဒါပေမယ့် အခြားဒေသမှာ ကြီးပြင်းလာသူတွေအတွက်တော့ တစ်မျိုး ဖြစ်နေနိုင်ပါတယ် ။
တခါ ဒီဒေသက လူတွေတွေကလည်း အခြားဒေသကလူတွေကို ဒါတောင်နားမလည်ကြရကောင်း
လားဆိုပြီး အမြင်ရှိလိုက်မိတာနဲ့ လွဲချော်မှုတွေအစတည်လာတော့တာပါပဲ ။

     ဒါတောင် ကရင်တိုင်းရင်းသား အချင်းချင်းကြားမှာတင် ရှိပါသေးတယ် ။
     ဒီတော့ ကျနော်ပြောချင်တာက အရာရာမှာ မြင်လာတာကို ကိုယ့်ပေတံနဲ့တိုင်းပြီး ချက်ချင်းကြီး
ဆုံးဖြတ်ချက်ချ မသတ်မှတ်လိုက်မိကြဖို့ပါ ။ ဥပမာလေးအချို့ကို ဆက်ပြောပါရစေ ။

     ကျနော့ဘလော့မှာတင် တိုင်းရင်းသားအချို့ မှတ်ချက်လာပေးရာမှာ တွေ့နိုင်တာတစ်ခုက
စကားအသုံးအနှုန်း မချောမွေ့တာနဲ့ ဗမာလို သတ်ပုံဆိုးဆိုးရွားရွား မှားနေတဲ့ကိစ္စပါ ။ အတော်
လေး နားလည်ပေးရတဲ့ကိစ္စပါ ။ တဖက်ကပြန်ကြည့်ရင် အချို့သူတွေအတွက် ဗမာစာနဲ့စကား
ဟာ ပင်မဘာသာမဟုတ်ရုံမက တတိယဘာသာစကား (third language) လောက်သွားကျနေ
တာပါ ။ ကိုယ့်ကိုယ်ကိုယ်နဲ့ နှိုင်းကြည့်ရင် ပထမနဲ့ဒုတိယဘာသာတွေဟာ ကရင် ၊ ဗမာတွေဖြစ်ပြီး
အင်္ဂလိပ်ဘာသာက တတိယဘာသာ (third language) ဖြစ်သွားပါတယ် ။ ဒီတော့ ပါရမီရှိသူ ၊
စိတ်ဝင်တစားနဲ့ အချိန်အများကြီးပေးပြီး ကြိုးစားလေ့ကျက်သူ မျိုးတွေကလွဲရင် အဲဒီလို သုံးခုမြောက်
ဘာသာစကားကို ကျွမ်းကျင်အခြေခိုင်ဖို့ရာ အခက်အခဲအများကြီးရှိပါတယ် ။ ဒါကိုနားလည်တဲ့ နိုင်ငံ
တွေမှာကျတော့ ပြဿနာနည်းတတ်ပေမယ့် မြန်မာပြည်သူပြည်သား ကျနော်တို့တတွေအတွက်
တော့ စိန်ခေါ်မှုတစ်ခုဖြစ်နေသေးတာ သတိပြုစရာပါ ။

     အရင်တစ်ခါလည်းရေးဖူးပါတယ် ။ လူတစ်ယောက်နဲ့ ရေဒီယိုအတူနားထောင်ခဲ့ရာမှာ (ဘီဘီစီ
ထင်ပါတယ်) တိုင်းရင်းသားခေါင်းဆောင်ကြီးတစ်ယောက်နဲ့ အမေးအဖြေလုပ်ခန်း ပါလာပါတယ် ။
ခေါင်းဆောင်ကြီးပြောတဲ့ ဗမာစကားဝဲဝဲနဲ့ ဟန်ပန်ကြောင့် အဲဒီလူမှာ ပြုံးစိစိဖြစ်သွားပါတယ် ။ ကျ
နော့်ကို အားနာလို့သာ ဝါးလုံးကွဲမရယ်ခဲ့တာပါ ။ တကယ်တန်းမှာ ဒီခေါင်းဆောင်ကြီးဟာ သူကျွမ်း
ကျင်တဲ့ဘာသာရပ်မှာပဲ အားရုံစူးစိုက်ပြီး စကားပြန်နဲ့ပြောရင် အဆင်ပြေနိုင်တယ်လို့ ယူဆပါတယ် ။
တူညီတဲ့ဘာသာစကားကို သုံးကြရင်တောင်မှ တဖက်လူရဲ့ နောက်ခံအပေါ်မူတည်ပြီး အခက်အခဲနဲ့
ကွဲပြားမှုတွေ ရှိနိုင်တာကို ခေါင်းဆောင်ကြီးသတိမူမိခဲ့ပုံ မပေါ်ပါဘူး ။ မြို့မှာကြီးပြင်းခဲ့တဲ့ တိုင်းရင်း
သားတစ်ယောက်အနေနဲ့ နားလည်ပေးနိုင်ပေမယ့် လူတိုင်းကိုယ့်လိုနားမလည် ပေးနိုင်ဘူးဆိုတာ
လည်း သင်္ခန်းစာရခဲ့ပါတယ် ။

     တဆက်ထဲမှာ တွေးမိတာတစ်ခုရှိပါတယ် ။ ကျနော်တို့လို မြို့ပြအသိုင်းအဝိုင်းမှာ ကြီးပြင်းလာတဲ့
တိုင်းရင်းသားတွေနဲ့ နယ်စပ်ဒေသတော်လှန်ရေးအသိုင်းအဝိုင်းကြား မွေးဖွားကြီးပြင်းလာကြသူတွေ
ကြားမှာတောင် ရှိနေကြတဲ့ကွာဟမှုတွေပါ ။ ကျနော်တို့လိုလူတွေအနေနဲ့ ကိုယ့်တိုင်းရင်းသားတွေကို
နားလည်ပေးနိုင်ပါတယ် ၊ ထို့နည်းတူပဲ ဗမာနဲ့ပြည်မနေလူတွေရဲ့ အတွေးအမြင်တွေကိုလည်း နားလည်
သိမှတ်ထားပါတယ် ။ ဒါပေမယ့် သူတို့နှစ်စုကြားမှာ ကမ္ဘာခြားတဲ့အတွေးအမြင်တွေနဲ့ ငြင်းခုံပြောဆို
ကြရင်း နောက်ဆုံးတော့ ရန်စကားတွေဖက်ရောက်သွားပြီး ဘယ်လိုမှနားလည်ဆက်စပ်ပေးဖို့ မဖြစ်
နိုင်တာကို မြင်ရတဲ့အခါမျိုးမှာတော့ စိတ်မကောင်းပေမယ့် ဘာမှမတတ်နိုင်ဘူး ဖြစ်နေပါတယ် ။

     နောက်ဆုံးတစ်ခုအနေနဲ့ ဒီပို့စ်ရေးရင်းသတိထားလာမိပြန်တာက အချို့ဘလော့ရေးသူတွေဟာ
အကြောင်းအရာတစ်ခုကိုပဲ တိုတိုတုတ်တုတ်ရှင်းရှင်းလင်းလင်းရေးပြီး တင်ပြသွားလိုက်တာ လူအ
တော်များများရဲ့သဘောနဲ့ အံသွားဝင်နေတာကို တွေ့မိတယ် ။ ကျနော်ကတော့ သပွတ်အူမွှေ့သလို
သိသမျှ မှတ်သမျှတွေကို အတင်းထိုးသိပ်ထည့်ပြီး ကမောက်ကမနဲ့ လာဖတ်သူတွေ မျက်စိလည်အောင်
လုပ်တတ် ရေးတတ်ပါတယ် ။

     အေးဗျာ .. ဒါကိုလည်း (မျက်စိမှိတ်ပြီး) နားလည်ပေးနိုင်ကြမယ်လို့ မျှော်လင့်ထားပါတယ်ဗျာ ...


မန်းကိုကို
၂၈၊ ၀၄၊ ၂၀၁၁

5 comments:

  1. အောက်မှာကတော့ အပေါ်ပို့စ်ထဲမှာရေးထားသလိုပဲ နားလည်မှု လွဲနေကြသူတွေကြား (ဘလော့တစ်ခုမှာ) ပဲခူးဆားဝင်လုပ်မိတဲ့ ကျနော့်ဆီ ဆရာမတစ်ယောက်ရဲ့ နောက်ဆက်တွဲ ပြန်ရေးထားတဲ့ (စီပုံးက) မှတ်ချက်ပါ ။

    “အချို့လူတွေ မိဘ၊ လူမျိုး၊ ဘာသာရေးတွေကို ဆွဲထည့်ပြီး တစ်ဖက်သားကို ဆဲရေးတိုင်းထွာလေ့ရှိတယ်။ မိဘ၊ လူမျိုး၊ ဘာသာရေးတွေနဲ့ ခိုင်းနှိုင်းပြီး ပြောဆိုခြင်းဟာလည်း ကိုယ့်ကိုမပြောနဲ့ ဘယ်လူမျိုးကမှ မကြိုက်ကြပါဘူး။ လက်မ,မကောင်းရင် လက်မဖြတ်၊ လက်ညိုးမကောင်းရင် လက်ညိုးဖြတ်။ ဟုတ်တယ်ဟုတ် ဦးမန်းကိုကို”

    ရေးထားတာတွေ တစ်ခုမှ မမှားပါဘူး ခင်ဗျ ၊ ကျနော့်နဲ့ အတွေးကွဲပုံလေး နည်းနည်းလောက် ပြောပြရုံပြောပြချင်ပါတယ် ။

    ပထမ အနေနဲ့ကတော့ မှတ်ချက်အဆုံးသတ်မှာ “ဟုတ်တယ်ဟုတ်” ဆိုပြီး သဘောတူအောင် လမ်းကြောင်းထားပေးမှတော့ ကျနော်လည်း “ဟုတ်တယ်ဗျ ဟုတ်တယ်” လို့ ပြောရုံကလွဲပြီး ရွေးစရာလမ်း သိပ်မမြင်မိပါဘူး ။

    အဓိက မတူတဲ့အတွေးကတော့ “လက်မ,မကောင်းရင် လက်မဖြတ်၊ လက်ညိုးမကောင်းရင် လက်ညိုးဖြတ်” ဆိုတာနဲ့ ပတ်သက်လို့ပါ ။ ကျနော်လည်း အရင်က အဲဒီလိုပဲ တွေးမိတာပါပဲ ။ အခုတော့ ဒီသဘောထားကို နည်းနည်းတော့ ပြန်သုံးသပ်နေမိပါတယ် ။

    အနည်းဆုံး ခပ်တုံးတုံးစတိုင်နဲ့ တွေးကြည့်ပါတယ် ။ ကျနော့် ခြေချောင်း ၊ လက်ချောင်း ၊ နားရွက် စတာတွေကို မကောင်းလို့ ဖြတ်ထုတ်ရရင်တော့ .. အင်း .... အပြင်သွားတဲ့အခါ ... တင့်မှတင့်တယ်ပါ့တော့မလားလို့ပါ ။ ကင်ဆာလို မဖြစ်မချင်း ၊ ဆီးချိုသမားတွေရဲ့ အနာတွေလို လှိုက်မစားမချင်းတော့ ပြင်ဆင် ကုစား ၊ ဖုံကလေး ဘာကလေးခါပြီး ရအောင်ကြိုးစား ထိန်းသိမ်း အသုံးပြုနိုင်ရင်ကော ကောင်းမလားလို့ တွေးမိပါတယ် ။

    နောက်တစ်ခုက ဖတ်ဖူးတာတစ်ခုကို သွားသတိရပါတယ် ။
    ခရူးဆိတ် စစ်ပွဲကာလကပါ ။ မွတ်ဆလင် ဆေးဆရာတစ်ဦး ခရစ်ယာန်တွေရဲ့ စစ်စခန်းထဲ ရောက်သွားခဲ့ပါတယ် ။ ခရစ်ယာန်ဆေးဆရာဟာ ဒဏ်ရာရတဲ့သူတွေကို လိုက်စစ်ပြီး “ဟိုလူတော့ ခြေထောက်ဖြတ် ၊ ဒီလူက လက်ဖြတ်ရမယ်” စသည်ဖြင့် အဆုံးအဖြတ်ပေးနေတာကို သွားတွေ့တယ်လို့ ဆိုပါတယ် ။ ဆေးဆရာနောက်က လက်ထောက်တွေက ပုဆိန်တွေကိုင်ပြီး သားသတ်သမားတွေလို ခုတ်ဖြတ်ပစ်လိုက်ကြတာ လူနာတွေမှာ နကိုဒဏ်ရာအပေါ် ထပ်ဆင့်ဒဏ်ရာတွေနဲ့ အတော်များများ သေဆုံးကြရတာ မြင်တွေ့ရတယ်လို့ ဆိုပါတယ် ။

    မွတ်ဆလင် ဆေးဆရာက ပြောပါတယ် ။ “ငါတို့ဆီမှာဆို ဒီဒဏ်ရာမျိုးတွေကို ဆေးတွေနဲ့အုပ်ပြီး သက်သာအောင် လုပ်တာကြောင့် ဖြတ်ပစ်စရာ မလိုဘူး ၊ မင်းတို့ဟာ ကိုယ့်သူရဲကောင်းတွေကို ပြန်သတ်နေကြတာနဲ့ အတူတူပဲ” လို့ ဆိုပါတယ် ။

    ကြားမိ သိမိခဲ့တာ တစ်ခုပါ ။ ဆိုင်တယ် သဘောထားရင်လည်း ဆိုင်ကောင်းဆိုင်ပါလိမ့်မယ် ။ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်ကတော့ တွေးနေ ငေးနေဆဲပါ ။

    ReplyDelete
  2. သူ့အရပ် သူ့ဇာတ်ဆိုတော့လဲ ၀င်မကတော့ပါဘူး။ တော်ကြာ က ရာမရောက်ဘူး။ လူကို ပြောင်သလို ဖြစ်မှာလဲ စိုးရိမ်ရသကိုးဗျ။ ဟဲ ဟဲ။ ဘာဆိုင်မှန်းတော့ မသိဘူး။ ပေါ်လာတာ ရေးလိုက်ရတာ။

    ဘာဘဲပြောပြော ပျော်ရွှင်ပါစေနော့။

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  3. သကြီးနှယ် ရွာကသာဂိတို့လောက်နဲ့ ဘယ်လိုလုပ်ပြီး ပွဲစည့်ပါ့မတုံး ၊ ဆိုင်းသံဗုံသံကြားရင် မနေနိုင်တဲ့သူတွေ ပါလာမှ အရပ်ပွဲကလေး စည်လာတော့မပေါ့ ။ ဝါသနာပါရင် ဝင်သာဟဲ ၊ ပတ်မထိုးခွဲမယ့်သူကလွဲရင် အားလုံးကို ကြိုဆိုပြီးသားပါ ။

    ဘာပဲဖြစ်ဖြစ် အဆုံးသတ်မှာ အတင်းပျော်ရွင်ခိုင်းတော့လည်း ..
    ပျော်ပါတယ်သကြီးရယ် .. ပျော်ပါတယ် ....


    [ဒီလောက်ရေးရင်တော့ စိတ်မကောက်လောက်ဖူး ထင်တာပဲ .. :-) ]

    ReplyDelete
  4. ကိုကိုမောင်(ပန်းရနံ့)May 1, 2011 at 9:52 PM

    ဟဲ ဟဲ ဟဲ။ သူကြီးမင်းကလဲ ပတ်မကြီး မထိုးခွဲရင် ဟဲသာဟဲ လူစားမျိုးထဲကပါဘဲ။ ကောက်ဖူး ကောက်ဖူး နဲနဲလေးမှ ကောက်ဖူး။ ဟာ ဟ။

    ဒါနဲ့.. မျက်နှာက တစ်ခြမ်းဘဲ ဖော်ထားတော့ အပြည့်အ၀ မဖော်နိုင်သေးတဲ့ သဘောများလား။ အဟီး။။

    ဒီနောက်နဲ့တော့ ကျွဲမီးမတိုလောက်ပါဘူးနော်။း)))

    ခင်မင်လျက်
    ကိုကိုမောင်(ပန်းရနံ့)

    ReplyDelete
  5. စာပြန်ရေးမလို့ပါပဲ သကြီးရယ် ၊ ကျနော်တို့ ဘလော့ဂါကြီး ဘကျောက်ကိစ္စကြောင့် စိတ်ထဲ သိပ်မကောင်းတာနဲ့ သိပ်လည်းမအားတာရယ်ကြောင့် နောက်ကျသွားတာပါ ။

    အမှန်အတိုင်း ပြောရရင် ကျွဲမီးကတော့ တော်တော်လေးကို တိုမိတယ်ဗျ ။ တိုဆို ဓါတ်ပုံတင်ထားတာ ကြာပဲကြာလှပြီ အခု သကြီးနဲ့ပါဆို မေးတာမြန်းတာဆိုလို့ နှစ်ယောက်ပဲ ရှိသေးတယ်လေ ... :-)

    ဒါတောင် ပထမဆုံး ဖေ့ဘွတ်မှာပဲ အမေးခံရတာ ။ မေးတဲ့သူက မငယ်နိုင် ပါ ။ သူ့ကိုဖြေသလို ဖြေရမယ်ဆိုရင်တော့ “မျက်နှာအပြည့် ခုန်ထွက်လိုက်ရင် လူတွေလန့်ကုန်မှာ စိုးလို့ပါ” ဆိုပါတော့ ။

    နကိုက တွေးထားတာတော့ ၂၀၁၀ ကုန်ရင် မျက်နှာပြည့် ဓါတ်ပုံတင်မလို့ပါပဲ ၊ ခုတော့ စိတ်ပြောင်းပြီး ဒီနှစ်ကုန်လောက်မှဖြစ်ဖြစ် တင်တော့မလားလို့ ။ ဒါတွေက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ၊ ဘဝအခြေအနေနဲ့ ရည်မှန်းချိန်ဆချက်တွေ အားလုံးပေါင်းဆုံပြီး အဲဒီလို စိတ်ကူးမိတယ်လို့ ဆိုပါစို့ ။

    ကျနော့်ဘလော့မှာ နောက်တာပြောင်တာတွေကို စိတ်ဆိုးစရာ မရှိပါဘူး ။ အသက်က လူလတ်ပိုင်းရောက်လာပြီး အတည်တကျပို့စ်တွေ မကြာမကြာ ရေးပေမယ့် များသောအားဖြင့်တော့ ပျော်ပျော်ပဲနေတတ်တာမို့ စိတ်ထဲချုပ်ထည်းထားစရာ မလိုပါဘူး သကြီးရယ် ။ ဘုန်းကြီးခေါင်း ခေါက်မိတော့လည်း “ကန်တော့” လို့ဆိုလိုက်ရင် “သည်းခံ တကာကြီး သီးခံ” လို့ တရားဟောနေကျ ဘုန်းကြီးတွေလိုပဲ (တခါတရံ ယောင်ပြီး ဆဲမိတာမျိုးက လွဲရင်) ပြဿနာ မရှိကြောင်းပါဗျာ ... :-)

    ReplyDelete