(အပိုင်း ၁ မှ အဆက်)
တရုတ်နိုင်ငံမြစ်ချောင်းများနှင့် မြေအောက်ရေအရင်းအမြစ်အများစုသည် အဆင့်အတန်းနိမ့်
ကျနေသည့်အပြင် ပို၍ပင်နိမ့်ကျလျော့နည်းလာနေသည်ကို တွေ့ရှိရသည် ။ ၇၅% သော အင်း
အိုင်များနှင့် ပင်လယ်ကန်းရိုးတန်းဒေသအားလုံးလိုလိုသည် ညစ်ညမ်းသည့်အဆင့်တွင်ရှိနေကြ
သည် ။ ၁၉၅၀ နှင့် ၁၉၉၀ အကြားတွင် ပီကင်းမြို့၏ရေသုံးစွဲမှုသည် အဆ ၁၀၀ တိုးတက်လာခဲ့
ပြီး မြေအောက်ရေရရှိနိုင်သောအနက်သည် မီတာ ၄၀ နိမ့်ဆင်းသွားခဲ့သည် ။ ရေများအလွန်အ
ကျွံစုပ်ယူသုံးစွဲမှုကြောင့် နိုင်ငံအရှေ့ဖက်စွန်းရှိမြို့များသည် ၁၉၆၅ ခုနှစ်အနေအထားဖြင့်တိုင်း
တာပါက မြေမျက်နှာပြင်နှစ်မီတာအထိ နိမ့်ဆင်းသွားခဲ့ကြသည်ကို လေ့လာတွေ့ရှိရသည် ။
၁၉၉၀ ခုနှစ်များမှစ၍ မြစ်ဝါမြစ်သည် တစ်နှစ်လျှင် လပေါင်းအတော်ကြာခန်းခြောက်နေခဲ့ပြီး
မိလ္လာရေစီးသည့် သဲတူးမြောင်းတစ်ခုသကဲ့သို့ ဖြစ်လာခဲ့သည် ။ အကျိုးဆက်အနေဖြင့် တရုတ်
နိုင်ငံတွင်းလူဦးရေ သန်း ၇၀၀ ခန့်သည် မသန့်ရှင်းသောမိလ္လာရေဆိုးထုတ်စနစ်ဖြင့် နေထိုင်နေ
ရသည့်အပြင် တစ်နိုင်ငံလုံးစုစုပေါင်းလူဦးရေ၏ လေးပုံတစ်ပုံသည် သန့်ရှင်းသောသောက်သုံးရေ
များ မရရှိကြပါ ။
မြေထု
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မြေလွှာတိုက်စားမှုဒဏ်ကို အဆိုးရွားဆုံးခံစားနေခဲ့ရသော
နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စုစုပေါင်းမြေဧရိယာ ၁၉% အပေါ် သက်ရောက်မှုရှိနေပါသည် ။ ထိုတိုက်
စားစီးဆင်းသွားသောအနယ်များက မြစ်ချောင်းများကို တိမ်ကောလာစေခဲ့ပြီး ရေကြောင်းဖြင့်
သွားလာနိုင်သော ခရီးမိုင်များ ၅၀% အထိ လျော့ကျစေခဲ့ပါသည် ။ ၄င်းပြင် ဓါတ်မြေသြဇာနှင့်
ပိုးသတ်ဆေးများ ရေရှည်အသုံးပြုမှုများကြောင့် မြေဆီလွှာကောင်းသည်ဟု သတ်မှတ်ထားသည့်
စိုက်ပျိုးမြေစုစုပေါင်း၏ ၅၀% သည် အဆင့်အတန်းနိမ့်ကျလာနေပါသည် ။ စိုက်ပျိုးမြေနှင့်စား
ကျက်မြေ အလွန်အကျူးချဲ့ထွင်ခြင်းများကြောင့် ကန္တာရမြေများတိုးပွားလာခြင်းကလည်း တစ်
နိုင်ငံလုံး၏ လေးပုံတစ်ပုံသော အကျယ်အဝန်းအပေါ်တွင် သက်ရောက်မှုများရှိနေပါသည် ။
စားကျက်မြေအရင်းအမြစ်များဖျက်ဆီးမှု
ဤသည်ကို သစ်တောပြုန်းတီးမှုအဖြစ် အဓိကတွေ့နိုင်ပြီး ယနေ့အချိန်တွင် တရုတ်နိုင်ငံ၏
၁၆% မျှသော မြေအကျယ်အဝန်းပေါ်တွင်သာ သစ်တောများကျန်ရှိပါတော့သည် ။ မြေလွှာတိုက်
စားမှု ၊ မိုးခေါင်မှု ၊ မြက်ခင်းနှင့် ရေမြုပ်တောများပျက်စီးစေမှုများတွင်လည်း အထင်အရှားတွေ့နိုင်
ပြီး ယနေ့တရုတ်နိုင်ငံ၏ ၉၀% သော မြက်ခင်း (စားကျက်) များသည် လုံးဝသို့မဟုတ် တချို့တ
ဝက်ပျက်စီးနေသည့်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည် ။
အပင်နှင့် သက်ရှိများဆုံးရှုံးမှု
ယေဘုယျအားဖြင့်တရုတ်နိုင်ငံသည် ကမ္ဘာ့အပင်နှင့်ကျောရိုးရှိသတ္တဝါအမျိုးအစားစုစုပေါင်း၏
၁၀% ကျော်မျှ မှီတင်းနေထိုင်ကြသော နယ်မြေဖြစ်သောကြောင့် သက်ရှိစုံလင်သော ဒေသဖြစ်ပေ
သည် ။ သို့ရာတွင် ၄င်းတို့အထဲမှ အများအပြားကို မူလရေမြေအနေအထား ညစ်ညမ်းပျက်စီးလာ
မှုများကြောင့် ဆုံးရှူံးနေရပေသည် ။ နမူနာအနေဖြင့် ယ္ခင်ကပေါများခဲ့သော ပင်လယ်ကမ်းရိုးတန်း
တစ်လျှောက် ပုဇွန်နှင့်ငါးများဖမ်းဆီးရမိမှုသည် ၉၀% အထိကျဆင်းခဲ့ပြီး သွင်းကုန်အဖြစ်သို့ပင်
ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည် ။ ထို့ပြင် နိုင်ငံတကာကုန်သွယ်မှု၏ အကျိုးဆက်အဖြစ် ယာဉ်များ
(အထူးသဖြင့် သဘောင်္များ) ဖြင့်ပါလာသည့် ပြင်ပဒေသမှ အကြမ်းခံအပင်နှင့်သက်ရှိများ ရောက်
ရှိပေါက်ပွားများကာ မူရင်းဒေသခံအပင်နှင့် ပိုးမွှားကောင်များအပေါ် လွမ်းမိုး နေရာယူလာမှုပင်
ဖြစ်သည် ။
ဧရာမစီမံကိန်းများ
သဘာဝပတ်ဝန်းကျင်ကို သက်ရောက်မှုများတွင် မြင်သာသည့်လုပ်ရပ်တစ်ခုမှာ ဧရာမစီမံကိန်း
ကြီးများပင်ဖြစ်သည် ။ Three Gorges Dam ဟုခေါ်သော ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ထုတ်
လုပ်ရေးရေကာတာကြီးသည် ပျက်စီးဆုံးရှူံးမှုများအတွက် နမူနာကောင်းတစ်ခုပင်ဖြစ်သည် ။ ရေ
ကာတာကြီးတည်ဆောက်နေခဲ့ချိန်တွင် လူတစ်သန်းကျော်ရွှေ့ပြောင်းပေးခဲ့ရပြီး ပြီးဆုံးချိန်တွင်
မြို့ကြီး ၁၃ မြို့ ၊ မြို့ငယ် ၁၄၀ နှင့် ရွာပေါင်း ၁၃၅၀ တို့ ရေအောက်သို့ရောက်ရှိသွားခဲ့လေသည် ။
ထို့ပြင် ကိန်းကဏန်းများဖြင့် တိုင်းတာ၍မလွယ်သော ယဉ်ကျေးမှုအမွေအနှစ်နေရာများ ရေမြုပ်ခဲ့
သည်သာမက မြို့ရွာဟောင်းများမှ အညစ်အကြေးများကို ရှင်းလင်းပစ်ရန်မှာလည်း စိန်ခေါ်မှုကြီး
တစ်ရပ်ဖြစ်လေသည် ။
အခြားအရေးကိစ္စများ
၁၉၉၆ ခုနှစ် ခန့်မှန်းခြေအရ တရုတ်ပြည်၏ လူတစ်ဦးခြင်းအတွက် နှစ်စဉ်ထွက်ရှိလာမည့်
ပျမ်းမျှ အမှိုက်ပမာဏသည် ၂၀၂၀ ခုနှစ်တွင် ၁၇၆၀ ကီလိုစီရှိလာလိမ့်မည်ဖြစ်သည် ။ ထိုမျှ
သာမက အသုံး ပြုပြီးသော ပလပ်စတစ်နှင့် စက္ကူများကို ကုန်ကြမ်းအဖြစ်ပြန်လည်ထုတ်လုပ်
ရန် (recycle လုပ်ရန်) ပြည်ပမှတင်သွင်းလာမှုများသည် နှစ်စဉ်တန်ချိန် ၁၅ သန်းဝန်းကျင်ရှိ
ပြီး ဆက်လက်တိုးတက်လျက်ရှိရာ ပတ်ဝန်းကျင်ညစ်ညမ်းစေသည့် နောက်ထပ်အကြောင်းရင်း
တစ်ရပ် ဖြစ်လေသည် ။
တရုတ်နိုင်ငံစီးပွားရေးတိုးတက်လာသည်နှင့်အမျှ ဖွံ့ဖြိုးပြီးနိုင်ငံများမှ စက်ရုံနှင့်နည်းပညာ
များပါ ရောက်ရှိရင်းနှီးမြှုပ်နှံလာကြရာတွင် သဘာဝပတ်ဝန်းကျင်အပေါ်အထောက်အကူဖြစ်
စေသည့် နည်းပညာအပိုင်းများပါဝင်သလို ညစ်ညမ်းသည့် စက်မှုလုပ်ငန်းများ [pollution-
-intensive industries (PIIs)] လည်းပါဝင်ခဲ့ကြပေရာ ထိရောက်သောထိန်းချုပ်ရေးစည်းမျဉ်း
စည်းကမ်းများနှင့် အချက်အလက်ကောက်ယူမှုများရှိဖို့ရာ စိန်ခေါ်မှုတစ်ရပ်အဖြစ်တည်ရှိနေ
ပါသည် ။
တရုတ်နိုင်ငံတွင် ၁၉၉၈ ခုနှစ်အတွင်း အကြီးအကျယ်ရေလွမ်းမိုးမှုကြီးဖြစ်ပြီးနောက် တနိုင်
ငံလုံး သစ်ပင်ခုတ်လှဲမှုများကို တားမြစ်ခဲ့ပါသည် ။ ထိုအချိန်မှစ၍ သစ်ကိုအခြားနိုင်ငံများမှ အ
များအပြားတင်သွင်းခဲ့ရာ အိမ်နီးခြင်းနှင့်ဆင်းရဲသောနိုင်ငံများ၏ သစ်တောများပြုန်းတီးဖို့ရန်အား
ပေးသကဲ့သို့ ဖြစ်ခဲ့ပါသည် ။ ထို့အပြင် စီးပွားရေးတိုးတက်လာသည်နှင့်အမျှ စက်မှုလုပ်ငန်းနှင့်
ရင်းနှီးမြှုပ်နှံမှုများ ကို အခြားနိုင်ငံများထံ ရွှေ့ပြောင်းခြင်းများရှိလာလေရာ ပတ်ဝန်းကျင်ပျက်စီး
ညစ်ညမ်းမှုများသည် ပို့ကုန်တစ်ရပ်သဖွယ် ဖြစ်လာစေခဲ့ပါသည် ။
၎င်းပြင် ဇီဝမျိုးရိုးပြုပြင်ထားသော ကောက်ပဲသီးနှံ (GM) များကို အကြီးအကျယ်စိုက်ပျိုးသည့်
နိုင်ငံတစ်နိုင်ငံဖြစ်ရာ လူအပါအဝင် သက်ရှိနှင့်သဘာဝပတ်ဝန်းကျင်အပေါ် ခန့်မှန်း၍မရနိုင်သော
ရေရှည်သက်ရောက်မှုများ ရှိလာနိုင်ပေသေးသည် ။
လူထုအမြင် ၊ အစိုးရကြိုးပမ်းချက်များနှင့် သက်ရောက်မှုများ
ဥက္ကဋ္ဌကြီးမော်လက်ထက်တွင် တရုတ်နိုင်ငံ၏သဘာဝပတ်ဝန်းကျင်ကဏ္ဍသည် အနည်းငယ်
မျှသာ အလေးထားခြင်းခံခဲ့ရပါသည် ။ အစပိုင်းတွင် အာဏာပိုင်များနှင့် နိုင်ငံသားများက စက်မှု
တော်လှန်ရေးကြောင့်ဖြစ်ပေါ်လာသော လူမှုရေးမညီမျှမှုများနှင့် သဘာဝပတ်ဝန်းကျင်ယိုယွင်းမှု
များတို့သည် အသွင်ကူးပြောင်းရေးကာလ၏ ရှောင်လွဲ၍မရသောအပိုင်း သို့မဟုတ် လိုအပ်သည့်
မကောင်းဆိုးရွား (necessary evil) ကဲ့သို့ သဘောထားခဲ့ကြလေသည် ။
၁၉၇၀ ခုနှစ်နောက်ပိုင်းမှစ၍မူ ရလဒ်အမျိုးမျိုးရှိသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ
အားထုတ်မှုများကို အာဏာပိုင်တို့က တဖြည်းဖြည်းစတင်လုပ်ဆောင်လာခဲ့ကြသည် ။ ပတ်ဝန်း
ကျင်ထိန်းသိမ်းရေးအုပ်ချုပ်မှုအဖွဲ့ကို ၁၉၇၃ တွင် စတင်ဖွဲ့စည်းခဲ့သော်လည်း စီးပွားရေးတိုးတက်
မှုမှာမူ ပထမဦးစားပေးဖြစ်နေခဲ့ပါသေးသည် ။ ပတ်ဝန်းကျင်ဆိုင်ရာဥပဒေကို ၁၉၇၉ တွင် အစမ်း
ထုတ်ပြန်ခဲ့ပြီး ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေများကိုလည်း ၁၉၈၀ နှင့်နောက်ပိုင်း၌ ဆင့်ကဲ
ထုတ်ပြန်လာခဲ့သည် ။ ယနေ့တရုတ်နိုင်ငံသည် သဘာဝပတ်ဝန်းကျင်အကာအကွယ်ပေးရေးပိုင်း
တွင် တိုးတက်လာနေပြီး ဤသည်ကို တိုးပွားလာသည့်သစ်တောဧရိယာ (၁၉၈၈ တွင် ဟက်
တာ ၁၂၅ သန်းမှ ယနေ့တွင် ဟက်တာသန်း ၁၆၀) များက သက်သေထူနေပေသည် ။
သို့ရာတွင် ၁၉၉၆ ခုနှစ်တွင်ပြုလုပ်ခဲ့သော လေ့လာချက်အရ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဆုံး
ရှူံးမှုနှင့် ညစ်ညမ်းမှုတန်ဖိုးသည် နိုင်ငံ့ထုတ်ကုန်တန်ဖိုး၏ ၁၀% နှင့်ညီမျှပြီး ယခုထက်ပိုမို၍အရင်း
အနှီးစိုက်ကာ စီမံကာကွယ်မှုများလည်းလိုအပ်နေသေးသည့် ဝန်ထုပ်ဝန်ပိုးဖြစ်ကြောင်း သက်သေ
ပြနေပေသည် ။ ဆက်လက်၍လည်း နိုင်ငံနှင့်အဝှမ်း ကျယ်ပြန့်လှသောအနေအထားကို မြင်တွေ့
သုံးသပ်နိုင်ဖို့ရန် ပြည့်စုံ၍ စည်းစနစ်ကျသော အချက်အလက်ကောက်ခံမှုမျိုးများလည်း မရှိသေး
သည်ကို တွေ့နေရပေသည် ။
နိဂုံး
အာရှဒေသ၏ သဘာဝပတ်ဝန်းကျင်သမိုင်းဆိုင်ရာဘာသာရပ်သည် နုနယ်သေးသော်လည်း
တရုတ်နိုင်ငံအတွက်မူ လူနှင့်သဘာဝလောကတို့အကြား ဆက်စပ်မှုမှတ်တမ်းများသည် ရှည်လျား
စွာ ခြေရာခံ၍ ရနိုင်ပေသည် ။ ဤနိုင်ငံ၏ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် လူမှုစိတ်ထားဘဝတို့သည်
၁၉၄၉ ခုနှစ် ကွန်မြူနစ်တို့အာဏာရလာချိန်မှစ၍ ဟန့်တားလမ်းလွဲခံခဲ့ရပြီး လူဦးရေတိုးတက်မှု
နှင့် စီးပွားရေးတိုးတက်မှုတို့က ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များတွင် ဆုတ်ယုတ်မှုများကို အရှိန်
မြှင့်ဖြစ်ပေါ်နေစေခဲ့ပေသည် ။ ပျက်စီးဆုံးရှူံးသွားသော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးကိစ္စ
များအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် အားထုတ်မှုများရှိနေခဲ့သော်လည်း တရုတ်နိုင်ငံသည် ခန့်မှန်း၍မရ
နိုင်သော အနာဂါတ်ကာလဆီသို့ဦးတည်နေပြီး နိုင်ငံရေရှည်ရပ်တည်ရေးအတွက် ကြီးမားသော
စိန်ခေါ်မှုကြီးများကို ရင်ဆိုင်နေရပေသည် ။
မန်းကိုကို
၂၀၊ ၀၄၊ ၂၀၁၁
ရည်ညွန်းကိုးကားစာရင်း
Andrews, S, Hwang, L, Tianjie, M, Perelman, M, Chen, C, Karmann, M & Gilbert, S
2009, China Environment Series, Issue 10, 2008/2009, pp20, 30, 58, 100 & 178.
Diamond, J 2006, Collapse: how societies choose to fail or survive, Penguin, London.
Fairbank, J, Reischauer, E & Craig, A 1973, East Asia: Tradition and Transformation,
George Allen & Unwin, London.
Griffith, B 2001, The Gardens of Their Dreams: Desertification and Culture in World
History, Fernwood Publishing, Nova Scotia.
Hartwell, R1994, Fifteen Centuries of Chinese Environmental History: Creating A
Retroactive Decision-support System, The University of Pennsylvania, Philadelphia.
International Rivers 2010, Three Gorges Dam, viewed 12 October,
Kaiming, S 1986, 1840-1983 Modern China: a topical history, 2nd edn, New World
Press, Beijing.
Lee, Y, Tao, W, Wei, W & Seymour, J 2005, China’s Environment and the
Challenge of Sustainable Development, M.E. Sharpe, Inc., Armonk.
McNeill, J, Krech, S & Merchant, C 2003 (eds), Encyclopaedia of World Environmental
History: China, Routledge, Oxford.
Rourke, J 2005, International Politics on the World Stage, 10th edn, McGraw-Hill,
New York.
Vervoorn, A 2006, Re Orient: Change in Asian Societies, 3rd Edn, Oxford University
Press, South Melbourne.
Vidal, J. 2004, The UK’s new rubbish dump: China, guardian.co.uk, The Guardian,
20 September, viewed 10 October 2010,
နှမြောလိုက်တာ.. ကွန်မင့် အရှည်ကြီးပေးပြီးမှ ပတ်ဘလစ်ရှ်လုပ်လိုက်တော့ အဲ့ရာပေါ်ပြီး ပျောက်သွားရော။
ReplyDeleteမိုကန်းကန်းရဲ့ သုတေသန စာတမ်းထင်တယ်။ အတော်လေးကို အားစိုက် လုပ်ထားတာဘဲ။
မိုကန်းကန်းပြောသလိုပါဘဲ။ တရုတ်က လူလည်လေ။ သူတို့ရဲ့ ဆိုးကျိုးတွေကို သေချာပေါက် ရွှေမြန်မာပြည်ဘက် ဘောလီဘော ပုတ်လာမှာ သေချာပါတယ်။ ဂလိုဘက်လိုက်ဇေးရှင်းရဲ့ ကောင်းကျိုးကို အပြည့်အ၀မခံစားရပေမဲ့ ဆိုးကျိုးကိုတော့ ရွှေတွေ ခံစားရလောက်တယ်။
တရုတ်နိုင်ငံ တစ်စိပ်တစ်ဒေသရဲ့ မြေအနေအထားဟာ နှစ်မီလောက် အောက်ကို နိမ့်ကျသွားတယ်ဆိုတော့ ငရဲနဲ့ ပိုနီးကပ်လာတဲ့ သဘောပေါ့။ တရုတ်ဘက်က နှစ်မီလောက် မြေအောက်ကို ကျွံကျသွားတဲ့အတွက် သဘောတရားအရ ရွှေတွေဘက်မှာ နှစ်မီလောက် အပေါ် မြင့်တက်လာတယ်ဆို တော်သေး။း--
အင်း... ဒါပေမဲ့ နှစ်မီတာမြင့်တက်လာရင်လဲ ရေရဖို့ နှစ်မီတာလောက် ပိုတူးရမှာဘဲ အဖတ်တင်မှာပါလေ။ ဟုတ်တယ် မဟုတ်လား။း))
အခုလို ရှာရှာဖွေဖွေ ဖွေဖွေရှာရှာ သုတေသနလုပ်ထားတာကို ချီးကျူးမိပါတယ်။
ပျော်ရွှင်အဆင်ပြေပါစေ။
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
စိတ်ဝင်စားပါတယ်။ နောက်မှ (၁) ကနေပြီး ပြန်လာဖတ်မယ်နော့်။
ReplyDelete@ မNge Naing
ReplyDeleteလာဖတ်တာ ဝမ်းသာပါတယ်ဗျာ ၊ စိတ်ဝင်စားတယ်ဆိုတော့ ပိုပိုပြီးဝမ်းသာရမှာပဲ ။
သဘာဝပတ်ဝန်းကျင်ကို စိတ်ဝင်စား သိနားလည်တဲ့သူတွေ မြန်မာပြည်မှာ ကွက်လပ်ဖြည့်ဖို့ လိုနေသေးတယ်လို့တော့ ထင်တာပါပဲ ၊ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ လိုတာသိပြီး သစ်ပင်လောက် စိုက်နေတာမျိုးထက် ပိုသာတာတွေ လုပ်နိုင်မယ့် လူနဲ့ အနေအထားမျိုးတွေကို ဆိုလိုတာပါ ။
@ ကိုကိုမောင်(ပန်းရနံ့)
အေးဗျာ ၊ ဆရာသမားအစား ကွန်မန့်အရှည်ကြီးကို ဝိုင်းနှမျှောနေမိပြီ ။
မြန်မာပြည်ဆီကို ဘော်လီဘောပုတ်မယ့်သူက ပေါက်ဖေါ်ကြီးတင် မဟုတ်ပါဘူး ၊ ချစ်လှစွာသော အရှေ့ယွန်းယွန်းက ရွှေဂက်စ်ရည်တွေ သောက်သုံးနေတဲ့ ညီနောင်နိုင်ငံလည်း ပါပါတယ်ဗျာ ။ သူတို့ကမှ လတ်တလော အာလူးပူပူလေးကို ထားဝယ်မှာ လာထိုးထည့်ဖို့ ကြိုးစားနေကြတာပေါ့ ။ ခုတောင် အာလူးပူလေး လက်ထဲမှာကိုင်ထားရတာ ပူလွန်းလို့ ထွန့်ထွန့်လူးနေတာ ။ အခြား ဆွမ်းကြီးဝိုင်းလောင်းမှာတွေလဲ အများကြီး မျှော်လင့်လို့ ရပါသေးတယ် ။
ဗဟုသုတ မရှိတဲ့ အာဏာပိုင်တွေနဲ့ ပညာရှင်တွေကို နေရာမပေးမယ့် စနစ်နဲ့ ဆက်သွားဖို့ အဲဒီလူတွေက ဆုတောင်းနေကြမှာပါ ။ globalisation ရဲ့ ကောင်းကျိုးဆိုးကျိုးကို သိချင်ရင် ကျနော်တို့အတွက် အလကားမတ်တင်းနဲ့ အချက်အလက်တွေ ရနိုင်ပေမယ့် မြန်မာပြည်က ထိုင်နေရင်းငုတ်တုတ်ကို ပိုင်ဆိုင်သမျှ အပါအဝင် အသက်ရှင်ရပ်တည်နိုင်ဖို့ အထောက်အကူပစ္စည်းတွေ အားလုံးဆုံးရှူံးခံရပြီး ဘဝပျက်မယ့်သူတွေနဲ့ စီးပွားရှာပွဲတော်ကြီးကနေ ချန်ရစ်ပေးခဲ့မယ့် အမှိုက် အညစ်အကြေးထုပ်ကြီးတွေကို ကြိုမြင်ယောင်မိတယ် ။ ဒါကလည်း လက်ညှိုးထိုးပြန်တော့ တစ်ပတ်လည်ပြီး နိုင်ငံရေးဖက် ပြန်ရောက်ရဦးတော့မယ် ။
တရုတ်မှာ မြေနိမ့်တဲ့ကိစ္စကတော့ သိပြီးသားလည်း ဖြစ်နိုင်ပါတယ် ၊ မြေအောက်ရေလွှာ (water table) နိမ့်သွားလို့ ရေမြှုပ်ထဲ ရေမရှိတော့သလိုဖြစ်ပြီး ပြားချပ်သွားတဲ့ သဘောသဘာဝလေးပါ ။ ဒါပေမယ့် မြန်မာပြည်မှာ နှစ်မီတာမြင့်ဖို့တော့ ဆုမတောင်းလိုက်ပါနဲ့ ဆရာရယ်၊ အညာက ကန်ရေသောက်သုံးနေရသူတွေ ဒုတ်ဒါးတွေနဲ့ လိုက်နေပါဦးမယ် ... :-)
အခုရေးတဲ့ စာနဲ့ပတ်သက်လို့ကတော့ သုနေသနစာတန်းတို့ ၊ သီးခြားရှာဖွေ ရေးခဲ့တာတို့လို့တော့ ပြောရခက်ပါတယ် ။ ရွေးချယ်ခွင့်ရှိတဲ့ ခေါင်းစဉ်တွေထဲကနေ ရွေးလုပ်ရင်း သုတေသန အလုပ်လွန်သွားတဲ့ တက္ကသိုလ်ဝင်တန်းအဆင့် အိမ်စာ (assignment) လေးတစ်ပုဒ်လို့ ဆိုကြပါစို့ ။
အားပေးနေပါတယ် ဆရာမန်းေ၇ ဆက်ေ၇းပေးပါ အကို့စာတွေအသစ် တင်တိုင်းလာဖတ်ဖြစ်တယ် တိုင်းပြည်အတွက်လူမျိုး အတွက် လိုအပ်တဲ့စာတွေ အတွေးတွေ ဆက်ပြီးရေးနိုင်ပါစေဗျာ
ReplyDeleteလာအားပေးတာ ဝမ်းသာပါတယ် ။
ReplyDeleteကိုယ်ဘာလိုလည်းဆိုတာ မြင်နိုင်သူရှားတာမို့ ချွတ်ယွင်းချက်မြင်ရင်လည်း အားမနာတမ်း ထောက်ပြလို့ရပါတယ် ။
ဗဟုသုတရော ၊ အထင်အမြင်တွေပါ ထပ်ရေးသွားဦးမှာပါ ။
ဒါပေမယ့် အရည်အသွေးပိုင်းတော့ အမြဲတမ်းထိန်းထားဖို့ လွယ်မယ်မထင်ဘူး ။ ဖြစ်နိုင်ရင်တော့ ရှာဖွေလေ့လာ ၊ စဉ်းစားတွေးတော ၊ စီကုံးဖြန့်ဝေ ဖလှယ်တာတွေကို လုပ်နိုင်သူတွေ များလေ ၊ တစ်ဦးနဲ့တစ်ဦး ချိတ်ဆက်နိုင်ကြလေ ကောင်းလေပါပဲ ။ ကိုယ်သန်ရာ သန်ရာပေါ့ ။
ဆန္ဒပြု ဆုတောင်းပေးတာကိုလည်း ကျေးဇူးတင်တယ် ။