Tuesday, April 5, 2011
အထူးအဆန်း / ဇဝေဇဝါ / ပဟေဠိ (၁)
တစ်သက်တာမှာ သိတတ်ကတည်းကစပြီး တွေ့မြင်မှတ်သား လေ့လာမေးမြန်းသင်ယူကြတာ
သဘာဝပါ ။ သဘာဝနဲ့မဆန့်ကျင်တဲ့ကျနော့်မှာလည်း ငယ်စဉ်ဘဝတစ်လျောက် စိတ်ထဲအထူးအ
ဆန်းဖြစ်တာ ၊ နားမလည်ပဲ ဇဝေဇဝါဖြစ်ခဲ့တာတွေနဲ့ ပဟေဠိလိုဖြစ်နေခဲ့တဲ့အရာတွေ ရှိနေခဲ့ပါတယ် ။
အချို့လည်း အဖြေတွေ့ခဲ့ပြီးပါပြီ ၊ အချို့လည်း သိသလိုလိုဖြစ်လာပေမယ့် အချို့ကတော့ ဘဲဥအစ
ရှာမရသေးပါဘူး ။
အဲဒီအထဲက လတ်တလောမှတ်မိသမျှကို ရေးချကြည့်ပါမယ် ။ သိတဲ့အဖြေအချို့ကိုတော့ မအား
သေးလို့ နောက်စာတစ်စုကျမှ ရေးဖြစ်လိမ့်မယ်ထင်ပါတယ် ။ ဒီကြားထဲမှာတော့ ထင်တာ မြင်တာ
သိတာတွေကို ပြောသွားကြလို့ရပါတယ် ။ ဘယ်သူ့ကိုမှ မှားတယ်မှန်တယ်ဆိုပြီး စီရင်ချက်တွေ ချ
မှာမဟုတ်ပါဘူးဗျာ ၊ စိတ်ထဲလွတ်လွတ်လပ်လပ်သဘောထားပြီး ပြောနိုင်ပါတယ် ။
(၁) ကျနော်တို့ကြီးပြင်းခဲ့ရတာက ဆိုရှယ်လစ်ခေတ်နဲ့အသိုင်းအဝိုင်းမှာပါ ။ ဒီတော့ အခြား ဆိုရှယ်
လစ်နိုင်ငံတို့ ကွန်မြူနစ်တို့ဆိုရင် မိတ်ဆွေတွေပေါ့ဗျာ ။ လူလူချင်းတန်းတူရည်တူ သဘောထားတဲ့၊
သမာသမတ်ကျတဲ့ ဝါဒတွေပေါ့ ။ (အဲဒီတုန်းကထင်တာကို ပြောတာပါ) ။
ဒါနဲ့ဓါတ်ပုံတွေကိုကြည့်လိုက်တော့ တရုတ်ပြည်မှာလူတွေသွားကြလာကြတာ စက်ဘီးတွေနဲ့
ဆိုတာသွားတွေ့ပါတယ် ။ ပီကင်းမြို့ကလမ်းမကျယ်ကြီးမှာ မီးပွိုင့်လွတ်တာကိုစောင့်နေတဲ့ စက်
ဘီးအုပ်ကြီးပုံတွေကို ခုထိမြင်ယောင်နေပါသေးတယ် ။
ဒါပေမယ့်ဗျာ ၊ တရုတ်ခေါင်းဆောင်ကြီးတွေ သွားလာတာကိုကြည့်မိတော့ ဦးနှောက်ခြောက်
သွားတယ်ဗျ ။ ဟုတ်တယ်လေ လူတိုင်းတန်းတူပဲလို့ဆိုပြီး သူတို့ကစက်ဘီးမစီးပဲ အင်မတန်ခန့်
ညားတဲ့ ကျည်ခံဇိမ်ခံကားမဲမဲကြီးတွေနဲ့ချည်း မြင်ရတာကိုး ။ အမှန်ပါ ၊ ကျနော့်အတွက်တော့ ထူး
ဆန်းအံသြဖွယ်ရာ ပဟေဠိကြီးတစ်ခု ဖြစ်ခဲ့ပါတယ် ။
(၂) နောက်တစ်ကြိမ်က ဦးဝိစာရလမ်းပေါ်က တပ်မတော်ခန်းမမှာ မြောက်ကိုရီးယားနိုင်ငံက
လာပြတဲ့ပြခန်းကို သွားကြည့်ခဲ့တာ မှတ်မိပါသေးတယ် ။ အဲဒီတုန်းက ခေါင်းဆောင်ကြီးကင်အီ
ဆွန်းခေတ်ပေါ့ ။ မိတ်ဆွေနိုင်ငံရဲ့ခေါင်းဆောင်ကြီးက သူ့လူတွေရဲ့အမွန်းတင်တာကို အင်မတန်
ခံရတာပဲ ၊ ဓါတ်ပုံတိုင်းလိုလို သူချည်းပဲ ၊ ကျုပ်တို့ဦးနေဝင်းကြီးလိုပေါ့ ၊ နေရာတိုင်းမှာ သူ့မျက်
နှာ ။ ဒါပေမယ့် အဲဒီတုန်းက စိတ်ထဲဘာမှတော့ သတိမထားမိခဲ့ပါဘူး ။
များမကြာခင်နှစ်တွေမှာပေါ့ဗျာ ၊ ဒိုင်းဆို အာဇာနည်ကုန်းမှာ မြောက်ကိုရီးယားကွန်မန်ဒိုတွေ
က ဗုံးခွဲပစ်လိုက်တာမှ ဖွတ်ဖွတ်ကိုကြေ ၊ တောင်ကိုရီးယားဝန်ကြီးတွေ သေလိုက်သမှ သောက်
သောက်လဲ ၊ နောက်ဆက်တွဲက သည်းထိတ်ရင်ဖို (အသေခံကွန်မန်ဒိုတွေကိုလိုက်ရတဲ့) လူဖမ်း
ပွဲတွေ ။
ကျုပ်သိတာက အရင်းရှင်စနစ်သာဆိုးတာကိုး ။ သူတို့က ကုန်ပစ္စည်းတွေပိုနေရင်တောင် မရှိ
ဆင်းရဲသားတွေကိုဝေမပေးပဲ ပင်လယ်ထဲသွန်ချပစ်တတ်တဲ့ လူစိတ်နည်းပါးကြတဲ့စနစ်နဲ့ လူတွေ
လို့ သိထားတာကိုး ။ ပြီးတော့အဲဒီထဲက နိုင်ငံအတော်များများဟာလည်း ကိုလိုနီနယ်ချဲ့ဟောင်း
တွေ ဖြစ်နေကြတာများပြန်တော့ မဆန့်ကျင်ရင်တောင် မိတ်ဆွေမဟုတ်တဲ့အဖွဲ့ဝင်တွေပေါ့ ။
အဲ .. ဒါပေမယ့် ခုဗုံးဖေါက်တာက မိတ်ဆွေနိုင်ငံကဆိုတော့ … အတွေးရအတော်ကြပ်ပြီး အဖြေ
ရှာမတတ်ပဲ ဖြစ်ခဲ့ဖူးတယ် ။
(၃) တစ်ရက်မှာတော့ သတင်းစာထဲ လစာစာရင်းတွေ ပါလာခဲ့တယ် ။ မြန့်မာ့ဆိုရှယ်လစ်လမ်းစဉ်
ပါတီနဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့လစာတွေပါ ။ အမြင့်ဆုံးကတော့ သမ္မတကြီးလည်းဖြစ် ၊ ပါတီဥက္ကဋ္ဌကြီး
လည်းဖြစ်တဲ့ ဗိုလ်ချုပ်နေဝင်းပေါ့ဗျာ ။
လူတွေရဲ့သဘာဝကလည်း အမြင့်ဆုံးနဲ့အနိမ့်ဆုံး ၊ အတိုဆုံးနဲ့အရှည်ဆုံး ၊ အကောင်းဆုံးနဲ့အဆိုး
ဆုံးတွေကို ပိုသတိထားမိတတ်ကြတာကိုး ။ လူကိုကို အဲ .. မန်းကိုကိုလည်း ခေါင်းဆောင်ကြီး ရဲ့လ
စာကိုသတိထားကြည့်မိတော့တာပေါ့ ။ ကျပ် ၂၅၀၀/- ဆိုပဲ ။ ဒါပေမယ့် ရာထူးကနှစ်ခုယူထားတော့
ကျပ် ၅၀၀၀ ပေါ့ဗျာ ။
နေ့စားလစာ ၆ ကျပ် ပြား ၅၀ လောက် ရှိတဲ့ခေတ်မှာ သူ့လစာက အတော်များတယ်ပြောလို့ရ
ပါတယ် ။ ဒါပေမယ့် ခေါင်းဆောင်ကြီးရဲ့လစာဟာ တိုယိုတာဟိုင်းလက်တစ်စီး တစ်သိန်းခွဲဆိုတဲ့
ခေတ်ထဲ ဘာမှမရှိသလိုပါပဲ ။ ဒါ့ပြင် မန္တလေးရောက်ခဲ့တုန်းက အမေက “အဲဒါ ဗိုလ်ချုပ်နေဝင်းရဲ့
နွေရာသီစံအိမ်ပေါ့” လို့ ပြောပြခဲ့တဲ့အခါ ၊ နိုင်ငံခြားသွားပြီး မြင်းလောင်းတယ်လို့ကြားရတဲ့အခါ ၊
မိန်းမများတယ်လို့သိရတဲ့အခါ ၊ သားသမီးမြေးတွေ တိုင်းပြည်တွင်းစီးပွားရေး အုပ်ချုပ်ရေး လူမှုရေး
တွေထဲ ယှက်နွယ်မှုတွေ ၊ သူဝတ်စားသုံးဆောင်တာတွေ အပြင်အဆင်အသုံးအစွဲတွေ မြင်လာရပြီး
အရာရာနဲ့ အခါခါတွေသိကြားလာရတာတွေများတော့ တစ်ခုခုတော့လွဲနေသလို စိတ်ထဲဖြစ်လာ
တယ် ။ (သာတူညီမျှတာနဲ့ပတ်သက်လို့လည်း တရုတ်ခေါင်းဆောင်တွေလို ကားကြီးတွေစီးတာ
ကတော့ အသေးအမွှားတစ်ချက်လို့ဆိုကြပါစို့) ။ ဒါပေမယ့် ဘာတွေလွဲနေမှန်းတော့ မသိ မပြော
တတ်ဖူးဖြစ်နေခဲ့ဖူးပါတယ် ။
(၄) နောက်တစ်ခုက ၁၉၈၆-၈၇ ဝန်းကျင်လောက်မှာပါ ။
အရင်ပို့စ်တွေမှာ ရေးပြောခဲ့ဖူးသလိုပဲ မ.ဆ.လ စနစ်အောက်မှာ ကိုယ်လုပ်တာမှန်တယ်ထင်ပြီး
အဆိပ်တက်နေခဲ့တဲ့အချိန်တုန်းကပေါ့ ။ ထားဝယ်မြို့ကို အလည်ရောက်ဖြစ်ခဲ့ပါတယ် ။ မမြင်ဖူးတာ
တွေမြင်ပြီး သတိထားမိတာတွေ အချို့ထဲကတစ်ခုကတော့ အဲဒီကလူတွေဟာ ဘားအံဖက်ကလူတွေ
လိုမဟုတ်ပဲ ဘီဘီစီကို ဗြောင်ဖွင့်နားထောင်ကြတာကိုတွေ့ရတယ် ။ စိတ်ထဲထူးဆန်းနေခဲ့တာတွေ
ထဲမှာ သိကျွမ်းလာခဲ့ရတဲ့ စကောကရင်မိတ်ဆွေလေးတစ်ယောက်ကပြောတဲ့စကားကို အခုထိမှတ်မိ
နေတုန်းပါ ။ စိတ်ထဲထူးဆန်းသလိုလို ခံစားခဲ့ရပြီး အင်မတန်ပျော့ပြောင်းတဲ့စကားလုံးတွေနဲ့ ပြော
သွားခဲ့တယ်ဆိုတာဟာလဲ ခုထိသဘောပေါက်နားလည်ထားတုန်းပါ ။
သူပြောတာက “ဒီစနစ်မှာ မူကတော့ကောင်းပါတယ် ၊ လူတော့မကောင်းဘူး” တဲ့ ။
အချို့အတွက်တော့ “ဒါကလေးများ” လို့ ပြောချင်ပြောကြပါမယ် ၊ ကျနော့်အတွက်ကတော့ တ
ကယ့်မှတ်မှတ်ရရစကားတွေပါ ။ အဲဒီအချိန်အထိ ဆိုရှယ်လစ်စနစ်ရဲ့ အပြင်စည်းကလူတစ်ယောက်
ပြောတာကို ပထမဆုံးအကြိမ်ကြားဖူးတာပါ ။ ဒါကြောင့်လည်း တခါတရံမှာ စစ်တပ်ထဲကလူတွေရယ် ၊
သူတို့နဲ့ပတ်သက်ရာ ပတ်သက်ကြောင်းဖြစ်နေသူတွေကနေ အတိုက်အခံတွေနဲ့ အခြားသိနားလည်
သူတွေပြောတဲ့ (ဒီမိုကရေစီ) အကြောင်းတွေကို အလွယ်တကူလက်ခံဖို့အခက်အခဲရှိတယ်ဆိုတာ နား
လည်ပေးပါတယ် ။ အားလုံးမဟုတ်ပေမယ့် အဲဒီအထဲကအချို့လူတွေမှာတော့ သူတို့သင်ယူမှတ်
သား သိနားလည်ထားတာထက် ဘောင်ကျော်ပြီးနားလည်ဖို့ ၊ လက်ခံလာကြဖို့ရာမှာ အကန့်အသတ်
အခက်အခဲတွေ ရှိတတ်ကြပါတယ် ။ (တကယ်တန်းမှာတော့ သူတို့ချည်းမဟုတ်ပါဘူး ၊ မြန်မာပြည်
သူပြည်သားတွေအပါအဝင် လူသားအများစုကတော့ ဒီလိုပါပဲ ) ။
ပြောရင်းနဲ့တော့ချော်လာပြီ ။ ထားပါတော့ ၊ ရေးချလိုက်မှ ကိုယ်ရေးနေတာ တိုတိုတုတ်တုတ် မဟုတ်မှန်းခုမှသတိထားမိလာတယ် ။ ဒီတော့ ခေါင်းထဲဝင်လာတဲ့ ဆိုရှယ်လစ်ခေတ် ကြွေးကြော်
သံလေးနဲ့ပဲ ခဏအဆုံးသတ်ပေးထားလိုက်ဦးမယ်ဗျာ ။ သည်းခံကြပါလေကုန် ။
ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ေ၇း … အောင်ရမည် ၊ အောင်ရမည် ။
(အခမ်းအနားတွေမှာ ရှေ့ကနေတိုင်ပေးတဲ့လူတွေအနားက အော်ကြတဲ့အသံတွေဖြစ်ပါတယ်) ။
ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ေ၇း … အော်ရမည် ၊ အော်ရမည် ။
(ပါတီအပေါ် ယုံကြည်မှုအားကောင်းတဲ့ အဲဒီခေတ်လူငယ်တွေရဲ့ နောက်ဖက်ကအော်သံပါ) ။
ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ေ၇း … အွန်ရမည် ၊ အွန်ရမည် ။
(နောက်တာမဟုတ်ပါ ၊ ရွာကတက်လာပြီး မဖြစ်မနေအော်ခိုင်းထားလို့ မပီကလာပီကလာနဲ့
အော်နေရတဲ့ ကရင်တွေရဲ့ အသံပါ) ။
မန်းကိုကို
၀၅၊ ၀၄၊ ၂၀၁၁
Labels:
Experience
Subscribe to:
Post Comments (Atom)
လာမယ်လာမယ်နဲ့ အလုပ်များနေလို့ မလာဖြစ်ခဲ့ဘူး..
ReplyDeleteအခုတော့ ၂ ခု ဖတ်သွားတယ်... ဆိုရှယ်လစ် စနစ် အွန်မအွန်တော့ မြန်မာပြည်မှာ မသိဘူး ဒီက ဆိုရှယ် ဒီမိုတွေကတော့ မိုက်တယ်.. လူတွေ ကို အလုပ်မရှိလဲ ကျွေးမွေးထားတယ် ကိုမန်းရေ.. (ဒါပေမယ့် ဖိအားတွေလည်း ပေးတာပဲပေါ့) ။ ဟိုတလောက ဦးချစ်လှိုင်ပြောတဲ့ ဆိုရှယ်လစ် စနစ်ကြီး မအောင်မြင်ရတဲ့ အကြောင်းရင်းတွေ ဖတ်လိုက်ရတော့ အဟုတ်လိုလိုဘာလိုလိုနဲ့ ..တကယ်တော့ သူ (ဦးနေဝင်းနဲ့ အပေါင်းအပါတွေ)ပဲ ချမ်းသာခဲ့တာ ပြီးတော့ တခြားကိစ္စတွေ အများကြီး ပဲ ရှိသေးတယ်မလား.. သေခါနီးတော့ ဦးနေဝင်းကြီးတရား ရသွားတယ်လို့ ပြောတာကို ဖတ်ရသေးတယ်.. ။ ဆိုရှယ်လစ်ပါလို့ သိတာလေးနဲနဲရေးတာပါ..။
မြန်မာပြည်သားတွေလား... အများကြီး အများကြီး တကယ်အဖြစ်အပျက်.. (လက်တွေ့)ရယ်ကဘာပါ.. သီအိုရီကပါ... ရှင်တို့ ခင်ဗျားတို့ ဖြစ်နေတာကဘာပါလို့ မြင်အောင် ပြရမှာတွေ အများကြီးကိုမန်းရေ.. ဒီမိုသမားနဲ့ စစ်တပ်ကလူတွေ ပြဿနာ မပြောနဲ့ ဒီမိုသမားအချင်းချင်း.. ဘာမှ မလိုချင်တဲ့သူနဲ့ ဒီမိုသမားတွေကြားလဲ မတူတာတွေ မဖြစ်တာတွေ အများကြီးဆိုတော့ အဲဒီမတူညီတဲ့ အခြေအနေတွေကို တကယ်နားလည်လာအောင် တဘက်ရဲ့ အမြင်ကို မြင်တက်အောင် သိအောင် ကြည့်တက်ဖို့ မဗေဒါ တို့အများကြီးအများကြီး ကျိုးစားရအုံးမယ်.. အော် အဲဒီထဲမှာ ရိုင်းစိုင်းစွာ ဆဲဆိုတက်တဲ့ လူစားမျိုးတွေကို ယဉ်ကျေးအောင် လုပ်ပေးရမှာလည်း တခုရှိသေးတယ် ကိုမန်း..။ သူက အကြောင်းအရာ တခု ဖြစ်လိမ်မယ်ထင်ပါ့... ။
တော်ပါပြီ...
ခင်တဲ့
မဗေဒါ (၈၈)
http://digitalcommons.liberty.edu/cgi/viewcontent.cgi?article=1282&context=gov_fac_pubs&sei-redir=1#search=%22djilas+new+class%22
ReplyDeletehttp://www.george-orwell.org/Animal_Farm/index.html
http://www.questia.com/PM.qst?a=o&d=6370146
ဗမာသူတော်ကောင်း ကြက်၁ကောင်ခိုးမလွှတ်ဘူး
ReplyDeleteကြည့်လည်းလုပ်ပါကွာ မင်းပြောချင်တာ ပြောလိုက်ရလို့ ကိုယ့်ဘာသာစိတ်ဖြေစရာ ရသွားပေမယ့် ဝါးလုံးရှည်နဲ့ရမ်းလို့ အများနဲ့ရောရာ ထိသွားကြသူတွေအတွက်တော့ စိတ်ထဲခုစရာတွေ ဖြစ်တတ်တယ်လေ ။ နှုတ်တစ်ရာ စာတစ်လုံး ဆိုသလို ထိရောက်မှုတွေရှိတတ်လို့ စိတ်လျှော့နိုင်တဲ့ အခါမျိုးတွေမှာလည်း အခြားမတူတဲ့ တုန့်ပြန်မှု / ဆန္ဒဖေါ်ပြပုံမျိုးတွေကို ရွေးချယ်သုံးနိုင်ရင်လည်း တမျိုးကောင်းမယ်ထင်တာပါပဲ ။
ReplyDeleteဟိုဟာလုပ်ပါ ၊ ဒီဟာလုပ်ပါဆိုတာမျိုးကတော့ ပြောလို့ရနိုင်ကောင်းတာမျိုးမဟုတ်လို့ မပြောတော့ပါဘူး ။
@ မဗေဒါ (၈၈)
ReplyDeleteမဗေဒါပြောတာ ဟုတ်ပါတယ် ။
တစ်ခုရှိတာကတော့ အလယ်အလတ်လစ်ဘရယ်ဝါဒ (အလယ်အလတ် လက်ယာဝါဒီ) နဲ့ ဆိုရှယ်ဒီမိုကရက် (အလယ်အလတ် လက်ဝဲဝါဒီ) တွေဟာ အတွေးအခေါ် လုပ်ပုံကိုင်ပုံတွေမှာ သိပ်မကွာကြတော့ဘူးလို့တော့ ကြားဖူးပါတယ် ။
ယေဘုယျအားဖြင့်တော့ သူတို့တွေနဲ့ပတ်သက်လို့ ပြဿနာသိပ်မရှိလှပါဘူး ။ များသောအားဖြင့် ပြဿနာတွေဟာ အတွေးအမြင်ဟောင်းတွေကို ဆုပ်တွယ်ထားတဲ့ ၊ ပုဂ္ဂိုလ်ရေးအပေါ်မူတည်တဲ့ စနစ်တွေ အသိုင်းအဝိုင်းတွေမှာ ပိုရှိတတ်တယ်လို့ ထင်ပါတယ် ။ ဖွံ့ဖြိုးတိုးတက်ပြီးတဲ့ နိုင်ငံတွေမှာကြီးပြင်းလာကြပြီး လူတန်းစားတစ်လွှာထဲအတွက် ဦးတည်လှုပ်ရှားနေကြတုန်းအဆင့်မှာ ရှိနေသေးသူတွေကို တွေ့ရတော့ ပထမတော့ အံ့သြမိသလို လူမှုရေး နိုင်ငံရေး စီးပွားရေးတွေ ဆက်စပ်နေတာတွေးမိပြီး လက်ရှိအနေအထားထက် ပိုပိုပြီးသိချင် သင်ယူချင်စိတ်တွေပဲ ပေါ်လာမိပါတယ် ။
ဦးချစ်လှိုင်ကိစ္စကတော့ ကြားမိပေမယ့် အချိန်ကုန်ခံဖတ်မနေတော့ပါဘူး ၊ ကိုယ့်ငါးချဉ်ကိုယ်ချဉ်တဲ့ လူ့သဘာဝလို့ပဲ နားလည်ရပါတယ် ။ သူ့လိုလူတွေဟာ ချမ်းသာသွားတယ်လို့တော့ ကျနော်မထင်ပါဘူး ။ အနေချောင် အစားချောင်အဆင့်လောက်ပါ ။ ဒါပေမယ့် အနူတောမှာလူချောလုပ်ခွင့်ရလို့ အရိုးပစ်ပေးတဲ့သူကို ကျေးဇူးရှင်ထင်နေတာပါ ။ ဒါမျိုးတွေကလည်း ကျနော့်အတွက် လူမှုသိပ္ပံပညာနဲ့ပတ်သက်လို့ သိချင်မြင်ချင်စိတ်ကို တွန်းပို့ပေးတဲ့ အချက်တစ်ချက်ပါ ။
တစ်ဆက်ထဲမှာပဲ လူမှုသိပ္ပံအပါအဝင် ပညာရပ် ပညာရှင်တွေနဲ့ မျိုးဆက်တစ်ခုစာ ကင်းကွာသွားခဲ့တဲ့ မြန်မာပြည်မှာ အတူကြီးပြင်းလာကြတဲ့ မဗေဒါတို့ ကျနော်တို့တတွေမှာ လိုအပ်ချက်တွေကတော့ တင်းကြမ်းဖြစ်နေတာ မဆန်းဘူးလို့ မြင်မိပါတယ် ။ ကြိုးစားစရာတွေ အများကြီးဆိုတာလည်း လက်ခံပါတယ် ။ ဒီအထဲမှာ ကြမ်းကြမ်းတမ်းတမ်း ဆဲတတ်ရေးတတ်သူတွေဟာလည်း ကျနော်တို့လို အသိဗဟုသုတ ခြောက်ခန်းခဲ့ရတဲ့ နောက်ဆက်တွဲ မျိုးဆက်တွေထဲကပဲမို့ လူမှုရေး(သိပ္ပံပညာပိုင်း) မြင့်လာတာနဲ့အမျှ နည်းသွားမယ် ၊ ဒါမှမဟုတ်လည်း ပြောင်းလဲမှုတွေရှိလာမယ်လို့ ထင်ပါတယ် ။
ဘယ်လိုပဲဖြစ်ဖြစ် တကူးတက မှတ်ချက်ရှည်ရှည်ရေးသွားပေးတာ ကျေးဇူးတင်ပါတယ်ဗျာ ၊ စာပြန်ရေးတာလည်း လေရှည်ပြီး ပို့စ်တစ်ပုဒ်စာလောက် ဖြစ်သွားမှာစိုးလို့ အကျဉ်းနည်းနည်း ချုံးထားပါတယ် ။
@ tint
ဆွေးနွေးသူများရှိမလားလို့ဗျာ .. လက်ချာလာပေးသူနဲ့ လာကြုံရတယ် .. :-)
ကျေးဇူးတင်ပါတယ်ဆရာရယ် အဲဒါတွေကို တခါမှတော့ မဖတ်ဖူးဘူး ။ အမှန်ကတော့ အင်္ဂလိပ်လိုဆိုရင် ဆောင်းပါးတွေကလွဲရင် တစ်ခါမှ ဘာစာအုပ်ကိုမှ မဖတ်ဖူးဘူးလေ ... :-)
စာရဲ့ အစကလေးတွေမြည်းကြည့်တော့ ကောင်းတယ်လို့ပဲ ပြောရမှာပဲ ၊ ဒါပေမယ့် လက်ဝဲယိမ်းသူတွေအတွက်တော့ စိတ်မထားတတ်ရင် သွေးတက်စရာတွေပဲ ... :-)