ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, April 9, 2011

အထူးအဆန်း / ဇဝေဇဝါ / ပဟေဠိ (၂)



     သူများသိပ်စိတ်ဝင်စားမှာတွေမဟုတ်လို့ လက်ကျန်လေးတွေ အမြန်ဖြတ်လိုက်မှပဲ ။ ဒါတောင်
ဒီပို့စ်နဲ့ပြီးမယ်မထင် (ပြီးရင် ကိုယ့်မှတ်စုသဘောနဲ့ပဲ သိမ်းထားရတော့မှာပေါ့ .. :-))

(က)   ငယ်ငယ်က ဘယ်လိုမှတွေးလို့မရတာ တစ်ခုကတော့ ပြာပုံနီးပါးဖြစ်ခဲ့တဲ့ဂျာမဏီနဲ့ လူသိန်း
သန်းချီသေပြီး အနုမြူဗုံးနှစ်လုံးထိခဲ့တဲ့ဂျပန်ပြည်တို့ ဘယ်လိုများဒီလောက်တောင် အောင်မြင်လာ
ခဲ့ကြရသလဲပေါ့ ။ (ဒီဖက်ခေတ်မှာ တပ်မတော်ခေါင်းဆောင်ကြီးများရဲ့ စွမ်းစွမ်းတမံလုပ်ဆောင်မှု
တွေကြားကနေ ကမ္ဘာပေါ်မှာ အောက်ဆုံးအဆင့်က ဘာလို့တက်မလာသလဲလို့ အချို့သောကြံ့
ဖွံ့လူငယ်ကလေးတွေနဲ့ တပ်မတော်သားကြီးများအတွက် ပဟေဠိဖြစ်နေသလိုမျိုးလို့ နှိုင်းယှဉ်ရင်
ရကောင်းမယ်ထင်ပါတယ် ။)

     ဂျာမဏီဆိုရင် ဘာသယံဇာတမှလည်း ကြီးကြီးကျယ်ကျယ်ထွက်တယ်မကြားဖူး ။ နိုင်ငံကိုလည်း
နှစ်ခြမ်းဆွဲဖြဲခံထားရသေးတယ် ။ ကိုယ်သိတဲ့အချိန်မှာ ကမ္ဘာ့မြီရှင် (ငွေထုတ်ချေးသူ) နိုင်ငံတောင်
ဖြစ်နေပြီ။ ဂျပန်ဆိုရင်လည်း မြန်မာပြည်ကို စစ်လျော်ကြေးတွေ အကူအညီတွေတောင် ပြန်ပေးနေ
တယ် ။ လျှပ်စစ်ပစ္စည်းဆိုရင် ဂျပန်မှဂျပန် ။ ကိုယ့်မှာက ချုပ်အပ်တောင်မထုတ်နိုင်တဲ့ဘဝ ။

(ခ)   ငယ်ငယ်က ရွာတွေမှာလမ်းစဉ်လူငယ်သင်တန်းအပါအဝင် ကိစ္စမျိုးစုံနဲ့ရောက်ခဲ့တယ် ။

     ဘယ်ရွာရောက်ရောက် ထ္မင်းတော့စားရတာပဲ ။ ကိုယ့်အိမ်မှာထက်တောင်ကောင်းသေး ။
ဒီတင်စိတ်ထဲအတွေးဝင်မိတာက အဲဒီလိုကျွေးတာဟာ စာတွေထဲမှာရေးထားသလိုပဲ တောသူ
တောင်သားတွေဟာ ရိုးသားတယ် ဖြူစင်တယ် ဧည့်ဝတ်ကျေတယ် စသည်ဖြင့် စသည်ဖြင့်ပေါ့
လေ ၊ အဲဒါတွေကြောင့်ပဲလားပေါ့ ။ အဲဒီရေးထားတာတွေဟာ မှန်သင့်သလောက်မှန်ပါတယ် ၊
ဒါပေမယ့် အာဏာပိုင်တွေဖက်က ဒီလောက်ခဏခဏ သွားလာလှုပ်ရှားလုပ်ကိုင်စားသောက်
နေကြတာ တစ်ခုခုတော့လိုနေသလိုပါပဲ ။ ကိုယ်ပဲရိုးတာလား တုံးတာလားမသိဖူး ၊ အဲဒီထက်ပို
ပြီးတွေးမတတ်ခဲ့ဘူး ။

     တဆက်ထဲနောက်တစ်ခုက ရွာတွေကလယ်သမားတွေဟာ အစိုးရဆီက ဘာအကူအညီမှ မယ်
မယ်ရရ မရပဲ ကိုယ့်လယ်ကိုယ်လုပ်ပြီး အချိန်တန်တော့စပါးသွင်း ငွေသွင်းတွေလုပ်ရတာတွေ့ပါ
တယ် ။ ဆိုရှယ်လစ်ပါတီကလည်း အလုပ်သမားလယ်သမားတွေဟာ အရေးကြီးတယ် နိုင်ငံရဲ့ဘာ
ညာစသည်ဖြင့် ပြောနေတဲ့အချိန်ကိုး ။

     ကိုယ့်လယ်ကိုယ်လုပ် ၊ လိုရင်ငွေကုန်ခံလုပ် ၊ စပါးနဲ့ငွေ တစ်ခုခုသွင်း ၊ လုပ်အားပေးနဲ့ အခမ်း
အနားတွေအတွက်ခေါ်ရင် အလုပ်ဖျက်ပြီးလိုက် ၊ မြို့ကအာဏာပိုင်နဲ့ သက်ဆိုင်ရာတွေလာရင် ကြို
ဆိုလုပ်ကိုင်ကျွေးမွေး … တစ်ခုခုတော့ လိုနေသလိုလို လွဲနေသလိုလို … တွေးရခက်ခဲ့ဖူးပါတယ်ဗျာ ။

(ဂ)   ငယ်စဉ်သက်တမ်းတစ်လျှောက် အသင်ခံခဲ့ရတာအချို့ကတော့ ဒီမြေမှာမွေး ဒီရေသောက်
ဒီမြေမှာကြီးတာကြောင့် ဒီမြေကိုသစ္စာရှိရမယ် ၊ ကျေးဇူးဆပ်ရမယ် ၊ မြတ်နိုးထိန်းသိမ်းရမယ်ဆို
တာကိုး ။

     ကလေးပီပီ ကျနော်လည်းစဉ်းစားပါတယ် ။ ကျနော့်ကိုမွေးတာက ကျနော့်အမေ ၊ ကျွေးတာ
ကလည်း ကျနော့်အဖေနဲ့အမေ ၊ အခြားကိစ္စ ဝိစ္စတွေမှာအားကိုးရတာ လုပ်ပေးကိုင်ပေးတာလည်း
အဖေအမေနဲ့ဆွေမျိုးတွေ ။ ကျနော့်ကို ဒီမြေမှာမွေးခွင့်ပေးတဲ့ ပညာသင်ပေးတယ်ဆိုတဲ့ နိုင်ငံတော်
ကြီးဆိုတာ ဘာကြီးမှန်းသိပ်မသေချာဘူး ၊ လက်ဆုပ်လက်ကိုင်လည်း ဘာမှမတွေ့ရဘူး ။

     ဒီတော့ ငါဘာကြောင့်များ နိုင်ငံတော်ဆိုတာကြီးကို ကျေးဇူးတင်ရမှာပါလိမ့် ၊ တမျိုးကြီးပဲလို့
တွေးခဲ့မိပါတယ် ။

(ဃ)   နည်းနည်းကြီးလာလို့ နည်းနည်းလေးတွေးတတ်လာတော့ ရှေ့ရေးဆိုတာလေးကို ရေးရေး
လေးတွေးတတ်လာတယ် ။ အဲဒီအချိန်က အငယ်တန်းအရာရှိလစာက ၄၅၀ နဲ့ ၆၀၀ ကြား ။

     အဲဒီအချိန်က ထ္မင်းတစ်ခါစားရင် ၆-၇-၈ ကျပ် ဝန်းကျင်တွေရှိမယ်ထင်ပါတယ် ။ ဘာကြောင့်
လည်းဆိုတော့ ကျနော့်တွက်ချက်မှုတွေအရ ၄၅၀ ဟာ ထ္မင်းဆိုင်မှာ တစ်လစာလက်ငင်းပေးစား
တဲ့ ငွေတန်ဖိုးနဲ့အတိလောက် သွားဖြစ်နေလို့ပါပဲ ။ လပေးစားရင်တော့ ၃၅၀-၄၅၀ အစားစားရှိပါ
တယ် ။

     ဒီတော့ဥာဏ်ကြီးရှင်ကျနော့်မှာ တွေးပါတယ် ၊ အကယ်၍များ ငါသာအရာရှိလေးဖြစ်ခဲ့ရင်တောင်
ထမင်းစားဖို့နဲ့တင် လစာကုန်သွားမယ်ဆိုရင် အဝတ်အစားတွေ ဘယ်လိုများဝယ်ဝတ်ရ တော့မလဲ
ဆိုပြီးတော့ပါ ။ ဒါတောင် အလုပ်ဆိုတဲ့ မုန့်ဆီကြော်ကဘယ်နားမှန်း မသိသေးပါဘူး ။ ဒီဖက်ခေတ်
က “လာဟ်ပေးလာဟ်ယူ တို့ကြည်ဖြူ” ဆိုတာတွေနဲ့ ကြီးပျင်းလာသူတွေအတွက်တော့ ရယ်စရာ
ဖြစ်ကောင်းဖြစ်ပါမယ် ။ ဒါပေမယ့် ဇာတ်လိုက်ကျော်ကျနော့်မှာတော့ တကယ့်ပုစ္ဆာကြီးတစ်ပုဒ်ဖြစ်
ခဲ့ပါကြောင်း ။


မန်းကိုကို
၀၉၊ ၀၄၊ ၂၀၁၀

No comments:

Post a Comment