ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, April 17, 2011

အခွင့်အလမ်းတစ်ရပ်လား



     NLD အပါအဝင် ဒီမိုကရေစီလိုလားသူတွေအနေနဲ့ လက်လွတ်ခဲ့တဲ့ အခွင့်အရေးကြီးငယ်တွေဟာ
မနည်းတော့ဘူးလို့ပြောရင် မှားမလား ။ အခွင့်အရေးတွေဟာ ပုံစံအမျိုးမျိုး ၊ အခြေအနေအမျိုးမျိုးနဲ့
အချိန်အတိုင်းအတာအမျိုးမျိုးမှာ တွေ့လာရောက်လာတတ်တာ အားလုံးသိကြမှာပါ ။ တကယ့်အခွင့်
အရေး ၊ အယောင်ပြနဲ့ မသဲမကွဲအခွင့်အရေးတွေ အမျိုးမျိုးရှိနိုင်ရာမှာ မြင်တာတစ်ခုကို ပြောကြည့်မယ် ။

     အဲဒါကတော့ ခုတလောသတင်းသဲ့သဲ့ထွက်လာတဲ့ မှော်ဘီဖက်က စစ်တပ်အရေးအခင်းပါ ။
     သူတို့ရဲ့တောင်းဆိုချက်တွေကိုကြည့်တော့ (အမှန်သာဖြစ်မယ်ဆိုရင်) မြန်မာတစ်ပြည်လုံးအတွက်
ကောင်းတဲ့ဦးတည်ချက်တွေ ပါတယ်လို့မြင်မိပါတယ် ။

     ခုထိ ဘီဘီစီနဲ့ သောသီးခိုဘလော့တွေရဲ့ နေပြည်တော်အတွင်းရေးဆိုတဲ့ စာတွေလောက်မှာပဲ
အဓိကတွေ့ရလို့ ကျယ်ပြန့်တဲ့ မီဒီယာနဲ့ လူထုသတိထားထောက်ခံမှုတွေ မရသေးဘူးလို့ ယူဆလို့
ရပါတယ် ။

        ခုဖြစ်နေတာ မြန်မာပြည်သူပြည်သားတိုင်းအတွက်မဟုတ်ဘူးလား ။
        ဒီမိုကရေစီ လိုချင်ပါတယ်ဆိုတဲ့သူတွေ ဘာလို့ဆွံ့အနေကြတာလဲ ။
        ဒီမိုကရေစီ လုပ်ငန်းစဉ်တွေမှာ စစ်တပ်မပါရဖူးလား ။
        အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာကို ယုံကြည်လက်ခံကြသလား ။
        အန်အယ်ဒီကကော ဘာလို့အနည်းဆုံး နှုတ်အားဖြင့်မထောက်ခံသေးတာလဲ ။

     ပထမဆုံးသဘောထားတာကိုပြောရရင် ဒီအဖြစ်မှာပါနေကြတဲ့ တပ်သားနဲ့ အရာရှိတွေဟာ
အသက်ကိုဖက်နဲ့ထုပ်ထားရတဲ့လုပ်ရပ်ကို လုပ်နေကြတယ်လို့ နားလည်ပါတယ် ။ ဒါပေမယ့် ဒီ
လှုပ်ရှားမှုကို အရေးထားဖို့ ထောက်ခံဖို့နဲ့ပတ်သက်လို့ တိုက်ကြခိုက်ကြ သေကြေကြစေဖို့ မရည်
ရွယ်ပါဘူး ။ စားဝတ်နေရေးနဲ့ အထွေထွေကြပ်တည်းခံစားနေရတာတွေကို အခြား မြန်မာပြည်
သူပြည်သားအားလုံးနဲ့ မတိမ်းမယိမ်းခံစားနေကြရတဲ့ ပြည်သူရဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့ လက်
နက်ကိုင်အဖွဲ့တစ်ဖွဲ့ရဲ့ ကြိုးပမ်းရုန်းကန်မှုကို အသိအမှတ်ပြုသင့်တယ် ယူဆမိလို့ပါ ။ အခွင့်အ
ရေးတစ်ခုကို အလဟဿ မဖြစ်စေချင်ဖူး ။

     ဒီနေရာမှာ စစ်သားဆိုတာကို နည်းနည်းထည့်ပြောချင်တယ် ။
     စစ်သားကို စစ်သားလို့မြင်ရင် အရပ်သား ၊ ကျောင်းသား ၊ ဘုရားသားတွေဆိုပြီး အမျိုးမျိုးခွဲခြား
မြင်မိကြမယ်လို့ထင်တယ် ။ စစ်တပ်ဆိုတာ အထင်ကြီးအောင်အင်္ဂလိပ်လိုပြောရင်တော့ institution
တစ်ခုပဲ ၊ ဗမာလိုရှင်းရှင်းပြန်လိုက်တော့ ဘာမှမဟုတ်ပါဘူး ၊ အဖွဲ့အစည်းတစ်ခုပဲ ။ အဖွဲ့အစည်း
တစ်ခုဆိုရင် ကျနော်မြင်တာကတော့ လူအချို့ကနေ သူတို့ရဲ့ဘဝမှာ ခဏတာအတူခိုအောင်းကြတဲ့
အစုလေးတစ်စုသာပါ ။

     ဆိုလိုတာက ခင်ဗျားကို ပြည်သူလူထု ဒါမှမဟုတ် အရပ်သားလို့ပြောရင် တစ်သက်လုံးစာမှန်နေ
မှာပဲ ။ ဘာလို့လည်းဆိုတော့ ခင်ဗျား ၁၀ နှစ်သားနဲ့ စစ်ထဲဝင်လို့မရသလို အသက်ပြည့်ရင်လည်း
သံယောဇဉ်ကလွဲရင် စစ်သားဆိုတဲ့ဂုဏ်ပုပ်ကို ဆက်စွဲကိုင်ထားလို့ မရတော့ဘူးလေ ။ စစ်သားဘဝ
မှာလည်း ၂၄ နာရီ စစ်ဝတ်စုံ ဝတ်မထားနိုင်သလို မိန်းမ ကလေးနဲ့ မိဘဆွေမျိုးတွေကိုလည်း စစ်
သားစစ်သမီးတွေ လုပ်ထားလို့မရပါဘူး ။ ဝန်ထမ်းတွေလည်း ထို့နည်းလည်းကောင်းပါပဲ ။

     ဒီတော့ ပြည်သူ (အရပ်သား) ထဲကပဲ အဖွဲ့အစည်းအားလုံးနဲ့ လုပ်ဆောင်ချက်အဆိုးအကောင်း
အားလုံး သန္ဓေတည် ပေါ်ထွက်လာတာပါ ။ အစုအဖွဲ့ဖြစ်သွားလို့ စိတ်ထားတွေအပေါ် သက်ရောက်
မှုရှိတာတွေနဲ့ ရာထူးမြင့်သွားလို့ ကိုယ့်ကိုယ်ကို လူဆိုတာမေ့သွားတတ်တာတွေကတော့ မလိုလား
အပ်တဲ့ သဘာဝအစိတ်အပိုင်းတစ်ခုပါ ။ ဒီနေရာမှာ ဒါတွေဟာ မလိုလားအပ်တဲ့ သဘာဝအစိတ်အ
ပိုင်းတစ်ခုဆိုတာမြင်လာပြီး ဖြတ်တောက်ပြစ်ဖို့ ၊ သံသရာဆိုးကနေ ထွက်နိုင်အောင်လို့ ကြိုးစားမယ့်
လုပ်ရပ်မျိုးကို ဘာအကြောင်းကြောင့် မထောက်ခံပဲ နေကြရမှာလည်းလို့ လေးလေးနက်နက် မေးချင်
ပါတယ် ။

     ဒီနေရာမှာ တစ်ချက်ရှိတာက နအဖစစ်သားတွေ ၊ မကောင်းတာလုပ်တဲ့အဖွဲ့သားတွေဆိုတဲ့ သ
ဘောထားနဲ့ပတ်သက်လို့ပါ ။ အထူးသဖြင့် တိုင်းရင်းသားတပ်တွေကော သူတို့နေရာမျိုးမှာဆိုရင် ပို
ကောင်းနိုင်ကြလေမလားဆိုတာက အင်မတန်ရှည်ရှည်လျားလျား ဆွေးနွေးငြင်းခုံရမယ့်အချက်ပါ ။
ဖြစ်ခဲ့ပြီးတာတွေဟာ အကြောင်းရင်းခံတွေ အများကြီးရှိသလို တခါတရံမှာ လူဆိုးကြီးတွေဟာလည်း
သူတို့ဘဝထဲမှာ ဓါးစာခံတွေပြန်ဖြစ်နေတတ်ကြတဲ့ သဘောသဘာဝရှိတာကို နားလည်ပေးနိုင်ကြ
ရင်တော့ အခုဖြစ်နေတဲ့ အဆိုးသံသရာကို ဖြတ်တောက်နိုင်မယ့်အခွင့်အရေးမှာ အစွဲကင်းကင်းနဲ့
တွေးတောဆုံးဖြတ် လုပ်ကိုင်လိုက်ကြပါ ။

     အချိန်တိုင်းဟာ တန်ဖိုးရှိပါတယ် ။
     အခွင့်အရေးတိုင်းဟာ လူတွေအတွက် ထာဝရစောင့်မနေပါဘူး ။ အချိန်အကန့်အသတ်ရှိပါတယ် ။
(ဥပမာ - လက်ရှိတင်းခံထားတဲ့ မှော်ဘီတပ်ဟာ ဘယ်လောက်တောင့်ထားနိုင်မလဲဆိုတာမျိုးပါ) ။
     လွန်သွားမှ ၊ အသက်တွေ အလကားစတေးလိုက်ကြရပြီးမှ နောင်တတွေ မရကြစေချင်ပါ


မန်းကိုကို
၁၇၊ ၀၄၊ ၂၀၁၁

3 comments:

  1. မင်္ဂလာရှိသော မျှော်လင့်ခဲ့ရတဲ့ နှစ်သစ်လေး ဖြစ်ပါဇေ၊၊

    ReplyDelete
  2. တောင်းပေးတဲ့ဆုနဲ့ပြည့်ပြီး ဆုတောင်းပေးတဲ့သူလည်း ထပ်တူထပ်မျှ ရရှိခံစားနိုင်ပါစေ ။

    ReplyDelete
  3. အပေါ်ကပို့စ်ဟာ စိတ်ထဲတွေးမိပြီး နာရီပိုင်းနဲ့ ပြီးအောင်ရေးခဲ့တာပါ ။
    ထိုင်နေလို့တော့ ဘာမှဖြစ်မလာတာကြောင့် တဆက်ထဲမှာပဲ အီးမေးလ်နဲ့ နာမည်ကြီး သတင်းဋ္ဌာနတွေအပါအဝင် စုဆောင်းထားတဲ့လိပ်စာတွေဆီ မိတ္တူတစ်စောင်စီ ပို့ပေးခဲ့လိုက်ပါသေးတယ် ။

    အဲဒီအထဲက သောသီးခိုဘလော့နဲ့ ဟစ်တိုင်တို့က ထပ်ဆင့်တင်ပြီး ပိုကျယ်ပြန့်အောင် လုပ်ပေးကြလို့ ကျေးဇူးတင်မိပါတယ် ။ လက်ဆင့်မကမ်းတဲ့ အခြားသူတွေကိုလည်း နားလည်ပေးနိုင်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် လုပ်သင့်တာတစ်ခု လုပ်လိုက်တယ်လို့ စိတ်ထဲယူဆပြီး ဝတ္တရားတစ်ခု ကျေသွားသလို စိတ်ထဲတစ်ခြမ်းပေါ့သွားတယ် ။ ဒုက္ခဖြစ်နေကြမယ့် သူတွေအတွက်တော့ တစ်ခြမ်းလေးနေတုန်းပါ ။

    ဒါနဲ့ပဲ လိုက်ကြည့်ရင်းက တစ်နေရာမှာ ဒီကိစ္စနဲ့ပတ်သက်လို့ ကြေငြာချက်တစ်စောင် ထုတ်ထားတာ တွေ့လိုက်မိပါတယ် ။ မျက်စိစူးသွားတာက ရက်စွဲပါ ၊ ခုမှကြေငြာပေမယ့် ရက်စွဲက အတော်လွန်နေပြီ ။ ရိုးသားမှုကို မေးခွန်းထုတ်ခံရနိုင်တဲ့ကိန်းပါပဲ ။ goodluck လို့သာ ပြောရတော့မယ်ထင်ရဲ့ ။

    တဆက်ထဲလည်း စိတ်ထဲဝင်လာတာက သင်္ကြန်အတွင်းမှာ သတင်းဋ္ဌာနတွေ အပြိုင်အဆိုင် ပိတ်ကြတဲ့ကိစ္စပါ ။ ဒီလိုနေ့ကြီးရက်ကြီးမှာ သတင်းတွေ ပိုလို့တောင် ထွက်လာတတ်ပါတယ် ။ အတိုချုပ်အားဖြင့်တော့ သတင်းဋ္ဌာနဆိုတာ ဆေးရုံလိုပဲလို့ သဘောရတယ် ။ အမြဲအသင့် ဖြစ်နေသင့်တယ် ။

    ခင်ဗျားသာ အလုပ်ရုံပိုင်ရှင် တစ်ယောက်ဆိုရင် ဘယ်လိုစဉ်းစားမလဲ ။
    ကျနော်ဆိုရင်တော့ အပိုလခတွေပြင်ထားပေးပြီး အလုပ်ပါတပါထဲ ထွက်သွားချင်သူတွေရှိမရှိ မေးမိကောင်းမေးမိပါလိမ့်မယ် ။ ခိုင်းလို့ကောင်းမယ့် ၊ အလုပ်အတွက် အကျိုးပြုမယ့်သူတွေကို ခန့်ထားခဲ့မှာဖြစ်တာကြောင့် အလုပ်မလုပ်ချင်သူတွေကို အလုပ်ကနေ ထွက်သွားဖို့ လမ်းဖွင့်ထားပေးတာဟာ ကုသိုလ်များတောင် ရမလားပဲ ။

    ReplyDelete