ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, December 31, 2011

မိုး ပြိုလုလု


     ၂၀၀၈ ခုနှစ် ၊ စက်တင်္ဘာလ ၁၈ ရက် ၊ ကြာသပတေးနေ့ ၊

     ဘဏ္ဍာရေးဝန်ကြီး Henry Paulson နဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌ Ben Bernanke တို့ဟာ အမေရိကန်နိုင်ငံ
ဝါရှင်တန်မြို့တော်ရဲ့ အစိုးရရုံးများစိုက်ရာ Capitol Hill ကို အရေးပေါ် အစည်းဝေးအတွက် ရောက်နေ
ကြပါတယ် ။ အဲဒီနေ့ ညနေစောင်းပိုင်းမှာတော့ အောက်လွှတ်တော်ဥက္ကဋ္ဌ Nancy Peloci ရဲ့ ရုံးခန်းမှာ
နှစ်ခုတည်းသော ပါတီတွေရဲ့ အကြီးတန်း ခေါင်းဆောင်များနဲ့တကွ အထက်နဲ့ အောက်လွှတ်တော်များ
က ခေါင်းဆောင်တွေဟာလည်း စုံစုံညီညီ ရောက်နေကြပါတယ် ။

   လွန်ခဲ့တဲ့ ၇ လအတွင်းမှာ ၊ အမေရိကန်အစိုးရဟာ ဘဏ်တစ်ခုကို ငွေကြေးအကြပ်အတည်း ထဲက
နေ ကယ်ထုတ်ခဲ့ရပြီး ၊ နောက်တစ်ခုကိုတော့ ကျဆုံးဖို့ လွှတ်ပေးခဲ့ပါတယ် ။ နိုင်ငံရဲ့ အကြီးဆုံး ကုမ္မ
ဏီတွေထဲက ၃ ခုကို နိုင်ငံပိုင်လုပ်ခဲ့ရပါတယ် ။ ပြီးတော့လည်း နိုင်ငံရဲ့ အကြွေးဝယ်စနစ် ဈေးကွက်ကြီး
ပြိုလဲနေတာကို တုန်လှုပ်ခြင်းကြီးစွာနဲ့ ကြည့်နေခဲ့ကြရပါတယ် ။

   အားလုံးရဲ့ အာရုံဟာ Paulson နဲ့ Bernanke ထံမှာ စုဝေးနေပါတယ် ။
   Henry Paulson ကနေပြီး မပြင်းမပျော့ မလောမနှေးပဲ အသေချာကို ချိန်ဆထားတဲ့ လေသံနဲ့ ပြော
လိုက်ပါတယ် ။ ကျနော်တို့ကို ဒေါ်လာသန်းထောင်ပေါင်း ၇၀၀ အသုံးပြုခွင့်ကို လိုအပ်နေပါတယ် ၊ ဒါ
ကို လုပ်ခွင့်မရရင် ရက်ပိုင်းအတွင်းမှာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးဟာ ပြိုလဲသွားနိုင်ပါတယ် ။ ဒီက
နေ့ တွေ့နေရတဲ့ နိုင်ငံရဲ့စီးပွားရေး အဆောက်အဦဟာ လာမယ့်တနင်္လာနေ့မှာ ရှိချင်မှ ရှိတော့မယ့် အ
နေအထားကို ရောက်နေပြီလို့ ပြောလိုက်ပါတယ် ။

   တစ်ခန်းလုံးမှာ ခဏတိတ်သွားပါတယ် ။ ရှူစရာလေ နည်းနေတာကြောင့် အသက်များအောင့်ထား
ကြသလားတောင် အောက်မေ့ရပါတယ်

              ==========================================

     ဒီကိစ္စရဲ့ အစကို ပြန်ပြောင်းကြည့်ရင် ၂၀၀၈ နွေဦးဆီကို ပြန်ရောက်သွားပါမယ် ။
     အဲဒီအချိန်မှာ Wall Street ဟာ အိမ်ပေါင်စာချုပ်တွေနဲ့ ပတ်သက်တဲ့ ချေးငွေတွေအပေါ်မှာ အကြီး
ကျယ် အလောင်းအစား လုပ်နေခဲ့ပါတယ် ။ အထူးသဖြင့် sub-prime လို့ခေါ်တဲ့ စွန့်စားရတဲ့ဖက်မှာ ဖြစ်
ပါတယ် ။

     ၂၀၀၅-၀၆ ၊ အရှိန်ကောင်းနေတုန်းပါပဲ ။
     ၂၀၀၇ ကစပြီး အိမ်ယာဈေးကွက်တွေ စပြီး ပျက်လာခဲ့ပါတယ် ။


     ၂၀၀၈ မတ်လ ၁၀ ရက် တနင်္လာနေ့ နံက် ၁၁:၀၀ လောက်မှာဖြစ်ပါတယ် ။
     ကောလဟာလတစ်ခု ထွက်လာပါတယ် ။ အဲဒါကတော့ အိမ်ယာဈေးကွက်ထဲက ရင်းနှီးမြုပ်နှံမှု ၊
ငွေကြေးအပါဝင် စတော့ရှယ်ယာတွေ အရောင်းဝယ်နဲ့တကွ ပွဲစားလုပ်ငန်းတွေပါ လုပ်တဲ့ Bear Sterns
ကုပ္မဏီ/ဘဏ်ကြီးဟာ လည်ပတ်စရာ ငွေကြေးပြတ်နေပြီရယ်လို့ ဖြစ်ပါတယ် ။ ဒါကို စပြီးကြားလိုက်ရ
တဲ့ ကုပ္မဏီဝန်ထမ်းက သူ့ဘေးကလူတွေကို မေးလိုက်ပါတယ် ။ မင်းတို့ ဒါကို ကြားမိလိုက်ကြသလား ၊
ဒီကိစ္စဟာ ဖြစ်နိုင်ပါ့မလား ရယ်လို့ပါ ။ (ဒီနေရာမှာ အိမ်ယာဈေးကွက်ဆိုလို့ တစ်အိမ်နှစ်အိမ်ကို ပြော
တာမဟုတ်ပါဘူး ၊ sub-prime market လို့ခေါ်တဲ့ “ကြွေးဆပ်နိုင်ဖို့ အာမခံချက်မရှိလှတဲ့ လူတွေကို
ချေးဌားထားတဲ့ အကြွေးဈေးကွက်”ထဲက အိမ်အကြွေးတွေကို အလုံးပေါင်း သောင်းသိန်းချီပြီး အစု
လိုက် အရောင်းအဝယ် လုပ်ကြတာပါ ။)

     ဖောင်းပွနေတဲ့ ငွေကြေးတွေနဲ့ အရောင်းဝယ်လုပ်နေကြတဲ့ Wall Street မှာ ဖြစ်တတ်တာ အချို့
ရှိပါတယ် ။ အဲဒီအထဲမှာ အခြေမြစ်မရှိတဲ့ ကောလဟာလတွေလည်း ပါပါတယ် ။ ခက်တာက အဲဒီ
ကောလဟာလတွေဟာ ကုပ္မဏီတွေကို ရက်ပိုင်းအတွင်း ကျဆုံးသွားစေတတ်ပါတယ် ။ ခုလည်း Bear
Sterns ဟာ တကယ်တမ်းမှာ အရန်ငွေ ဒေါ်လာ ၁၈ ဘီလီယံ ရှိနေသေးတာကြောင့် ဘာမှ ပူစရာ မ လိုလောက်တဲ့ ငွေပမာဏနဲ့ လုပ်ငန်းလည်ပတ်နေတာပါ ။ ဒါပေမဲ့ ကောလဟာလဆိုပြီး လျှော့တွက်
လို့မရတာ သိကြပါတယ် ။

     တစ်ဖက်မှာ ငွေကြေးဈေးကွက်ထဲက လူတွေဟာ UNBC တို့လို သတင်းဋ္ဌာနတွေကို စဉ်ဆက်မ
ပြတ် ကြည့်နေကြပါတယ် ။ သတင်းထဲမှာ တစ်စုံတစ်ခု ပါလာတာနဲ့ ဈေးကွက်ထဲမှာ လာပြီး ရိုက်ခတ်
လေ့ ရှိပါတယ် ။ မကြာခင်မှာပဲ Bear Sterns ရဲ့ စတော့ရှယ်ယာတွေဟာ ဈေးတစ်ဝက်ကျော် ထိုးကျ
ပါလေတော့တယ် ။

     ဒီမှာတင် ကုပ္မဏီကနေပြီး အတွေ့ကြုံများတဲ့ အမှုဆောင်အရာရှိချုပ်ဟောင်း Alan Greenberg ကို
လှမ်းပြီး အကြံဥာဏ် လှမ်းတောင်းရပါပြီ ။ သူကနေပြီး ဒါတွေဟာ ဖြစ်လေ့ဖြစ်ထ ရှိတာတွေပါ ၊ ဒီတော့
လက်ရှိအမှုဆောင် အရာရှိချုပ် Alan Schwartz ကနေ ထုတ်ပြန်ကြေငြာချက် တစ်ခုလုပ်ဖို့ လိုလိမ့်မယ်
လို့ ပြောလိုက်ပါတယ် ။

     ဒီလိုနဲ့ပဲ UNBC သတင်းဋ္ဌာနနဲ့ ချိတ်ဆက်ပြီး အင်တာဗျူးလုပ်ဖို့ရာ ပြင်ဆင်ကြပါတော့တယ် ။
     ကံမကောင်း အကြောင်းမလှစွာပဲ ကုပ္မဏီရဲ့ အဓိက ဆက်စပ်လုပ်ကိုင်နေတဲ့ Goldman Sach ရင်း
နှီးမြုပ်နှံမှုဘဏ်/ကုပ္မဏီရဲ့ စွန့်ပစ်ခြင်းကို ခံရနိုင်တယ်ဆိုတာ အတည်ပြုပေးသလို ဖြစ်သွားစေတဲ့ အဖြေ
မျိုး ကို အမှုဆောင်အရာရှိချုပ် Schwartz က ဖြေမိသွားခဲ့ပါတယ် ။ ဒါ့ပြင် အင်တာဗျူးလုပ်နေစဉ်မှာ
လည်း သူ့ရဲ့ စိတ်နဲ့ကိုယ် သိပ်မတွဲမိသလို ပုံစံမျိုး ပေါ်နေခဲ့တာကြောင့် လူအတော်များများရဲ့ ယုံကြည်မှု
ကို ပျက်ပြားသွားစေ ခဲ့ပါတော့တယ် ။

     လူတွေရဲ့ ယုံကြည်မှုကို မရတော့တဲ့အခါ ဖြစ်လာလေ့ရှိတာကတော့ ကိုယ့်ရင်းနှီးမြှုပ်နှံငွေတွေကို
လုအယက် ပြန်ထုတ်ယူကြတာပါပဲ ။

     ဒါ့ပြင် Wall Street ရဲ့ ထုံးစံတစ်ခု ရှိပါတယ် ။
     အဲဒါကတော့ ညတိုင်းညတိုင်းမှာ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဘဏ်တွေဟာ ၊ မဲခွဲတဲ့စနစ်နဲ့ ဘယ်သူက
ဖြင့် ဘယ်လိုဆိုတာ ဆုံးဖြတ်ကြပါတယ် ။ အဲဒီညမှာတော့ Bear Sterns ဟာ အယုံအကြည်မရှိ အဆို
တင်သွင်းခံရပြီး အများသဘောတူ ဆုံးဖြတ်တာကို ခံခဲ့ရပါတယ် ။ Wall Street မှာ အငယ်ဆုံး ရင်းနှီး
မြှုပ်နှံမှုဘဏ်ဖြစ်တဲ့ Bear Sterns ဟာ လုပ်ဖေါ်ကိုင်ဖက် ဘဏ်တွေကနေ လှည့်ပတ်စရာ ချေးငွေတွေ
ရနိုင်စရာလမ်း လုံးဝမရှိတော့ပါဘူး ။

     ဒီလိုနဲ့ ကြာသပတေးနေ့မှာတော့ လည်ပတ်စရာ ငွေကြေးမလုံလောက်တော့တဲ့ ကုပ္မဏီဟာ မပြိုလဲ
ဖို့ရာ နည်းတစ်နည်းပဲ ကျန်ပါတော့တယ် ။ New York ဖက်ဒရယ်အရံငွေဘဏ်က Timothy Geithner
ဟာ သူတို့ရဲ့ နောက်ဆုံးမျှော်လင့်ချက်ပါပဲ ။

     အဲဒီညမှာတော့ သက်ဆိုင်ရာ ငွေကြေးဋ္ဌာနတွေက လူတွေအားလုံး Bear Sterns မှာ ရောက်ရှိ မွှေ
နှောက်နေကြပါတယ် ။ ညသန်းခေါင်ကျော်မှာတော့ ပြဿနာကို ရှာတွေ့ပါပြီ ။ ဒေါ်လာ ဘီလီယံနဲ့ချီတဲ့
မြုပ်နေတဲ့ အဆိပ်သင့်အကြွေးတွေ လို့ခေါ်ရမယ့် mortgage related credit default swap တွေပါ ။
အိမ်ပေါင်တာနဲ့ဆိုင်တဲ့ အကြွေးတွေကို အာမခံ အလဲအလှယ်လုပ်ထားတဲ့ ကတိကဝတ် စာချုပ်တွေလို့
ယေဘုယျ ဆိုကြပါစို့ ။ သာမန်လူတွေ နားလည်ရခက်ပြီး ဒေါ်လာဘီလီယံချီတဲ့ အကြွေးအာမခံ စာချုပ်
တွေပါ ။

     တစ်ဆက်ထဲမှာ ပြဿနာတစ်ခုကိုလည်း ထပ်တွေ့ရပြန်ပါတယ် ။
     အဲဒါကတော့ ဒီကိစ္စအပါဝင် ငွေကြေးနဲ့ အကြွေးဆိုင်ရာ လုပ်ငန်းတွေဟာ Wall Street တစ်ခုလုံး
ကွန်ယက်တွေလို ဆက်နွယ်နေတာပါပဲ ။ ငြမ်းတစ်တိုင်ကျိုးရင် တစ်စင်လုံးပြိုမယ့်ကိစ္စ ဖြစ်နေပါတယ် ။
ဈေးကွက်ထဲက အငယ်ဆုံးဘဏ်မို့ဆိုပြီး မျက်ကွယ်ပြုလိုက်ရင် အခြား ခန့်မှန်းလို့ မလွယ်လောက်
အောင် ယှက်နွယ်နေတဲ့ ဈေးကွက်ကြီးတစ်ခုလုံးကို ဆွဲချသွားနိုင်တဲ့ အန္တရယ်ကိုမြင်တဲ့ Timothy
Geithner ဟာ မနက် ၄ နာရီမှာ သူ့အထက်က ဗဟိုဘဏ်ဥက္ကဋ္ဌ Ben Bernanke ကို ဖုန်းခေါ်ရပါ
တော့တယ် ။

Paulson, Bernanke &  Geithner

     လူအများရဲ့ လေးစားမှုကိုခံရတဲ့ စီးပွားရေးပညာရှင် ဖြစ်ရုံမက ၊ စီးပွားရေးပျက်ကပ်နဲ့ပတ်သက်ပြီး
ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ Ben Bernanke အတွက်တော့ စီးပွားရေးပျက်ကပ် အိပ်မက်ဆိုးကြီး
နောက်တစ်ခုကို မြင်ရသလိုပါပဲ ။ Bear Sterns ကို ဒေဝါလီခံဖို့ အခွင့်ပေးလိုက်ရင် စီးပွားရေးစနစ်
တစ်ခုလုံးကို ကျဆုံးစေနိုင်တယ်လို့ သူနားလည်ပါတယ် ။ စွန့်စားမှုကြီးလွန်းတဲ့ ကိစ္စရပ်လို့ သဘော
ပေါက်ထားတာကြောင့် သူ့မှာရှိသမျှ နည်းလမ်းအားလုံးကိုသုံးပြီး ဒီဘဏ် မကျဆုံးဖို့ သံဒိဋ္ဌာန် ချ
ထားပါတယ် ။

     ဒါပေမဲ့ Federal Reserve Bank ဟာ သူ့ရဲ့ ထိန်းချုပ်မှုဘောင် အပြင်ဖက်က ဘဏ်တစ်ခုကို တိုက်
ရိုက် ငွေချေးလို့ မရနိုင်ပါဘူး ။ ဒီတော့ JPMorgan Chase ဆိုတဲ့ ကမ္ဘာပေါ်မှာ အရင်းနှီးအများဆုံး ရင်း
နှီးမြှုပ်နှံမှု ဘဏ်ကနေတစ်ဆင့် ငွေထုတ်ချေးဖို့ စီစဉ်လိုက်ပါတယ် ။ ဒီလုပ်ရပ်ရဲ့ အကျိုးဆက် တစ်ခုက
တော့ Bear Sterns ရဲ့ ပြိုကွဲမှုကို အတည်ပြုပေးလိုက်သလို ဖြစ်သွားတာပါပဲ ။ သောကြာနေ့ Wall
Street ဈေးကွက်စဖွင့်ပြီး မကြာခင်မှာ ကုပ္မဏီရဲ့ စတော့တစ်ဝက်ကျော်ဟာ အလုအယက် ရောင်း
ထုတ်တာကို ခံခဲ့ရပါတယ် ။ တနင်္လာနေ့ ဈေးကွက်စဖွင့်စဉ်က အစုရှယ်ယာတစ်စုကို ဒေါ်လာ ၁၇၀
ကျော် တန်ရာကနေ ခုတော့ ဒေါ်လာ ၃၀ နဲ့ပဲ ရောင်းဝယ်ကြ ပါတော့တယ် ။

     ဒီအချိန်မှာပဲ ဘဏ္ဍာရေးဝန်ကြီး Paulson ဟာလည်း နိုင်ငံ့စီးပွားရေး စနစ်ကြီးတစ်ခုလုံး ထိခိုက်
လာမှာကို စိုးရိမ်လာပါ တယ် ။ အမှန်တော့  Henry Paulson ဟာ Goldman Sach ကုပ္မဏီ (ရင်းနှီး
မြုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်)က အလုပ်မှုဆောင် အရာရှိချုပ်ဟောင်း တစ်ယောက်ပါ ။
လွတ်လပ်တဲ့ အရင်းရှင် စီးပွားရေးစနစ်အပေါ် ယုံကြည်ပြီး ကိုယ်တိုင်လည်း ဒီစနစ်ကနေ ဒေါ်လာ
သန်းပေါင်း ရာနဲ့ချီ ဝင်ငွေတွေ ရခဲ့တဲ့ Wall Street အကြောင်း နောကြေသူ တစ်ယောက် ဖြစ်ပါ
တယ် ။ ပုဂ္ဂလိက ကုပ္မဏီတွေကနေ ကိုယ့်ဘာသာလုပ်လို့ ဖြစ်လာတဲ့ပြဿနာကို အစိုးရက ငွေ
ကြေးစိုက်ထုတ် ကူညီတာဟာ ကိုယ်ကျင့်တရားဆိုင်ရာ အန္တရယ်တစ်ခုလို့ နားလည်ထားသူတစ်
ယောက်ပါ ။

     တနင်္ဂနွေနေ့မှာတော့ JP Morgan က ငွေကြေးကျွမ်းကျင်သူတွေဟာ Bear Sterns က အကြွေး
တွေကို စိစစ်ပြီး ၊ ဘယ်သူမှ မလိုချင်ကြပါဘူး ။ စာရင်းချုပ်တော့ Paulson ရဲ့ ညွှန်ကြားချက်အရ Bear
Sterns ရဲ့ ရှယ်ယာတွေကို တစ်စု ၂ ဒေါ်လာနှုန်းနဲ့ တန်ဖိုးဖြတ်ခဲ့ပါတယ် ။ Bear Sterns ဝန်ထမ်းတွေ
ကိုယ်တိုင်က ဘဏ်ရဲ့ ၃၀% ကို ပိုင်ဆိုင်ကြတာကြောင့် ငိုသူငိုနဲ့ပေါ့ ။ ဘယ်လိုပဲဖြစ်ဖြစ် ၇ ရက်အတွင်း
မှာ Bear Sterns ဘဏ်ဟာ မရှိတော့ပါဘူး ။ ဗဟိုဘဏ်ထုတ်ပေးတဲ့ ဘီလီယံ ၃၀ သုံးပြီး ၊ ရှယ်ယာ
အားလုံးကို JPMorgan Chase ကနေ အပြီးအပိုင် ဝယ်ယူလိုက်ပါပြီ ။

     ဒီနောက်မှာတော့ အစိုးရကနေ ဒီပြဿနာကို ထိန်းသိမ်းလိုက်နိုင်ပြီလို့ ယူဆကြေငြာခဲ့ပါတယ် ။
ပြီးတော့လည်း ဒါဟာ ပထမဆုံးနဲ့ နောက်ဆုံးအဖြစ် အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှုဖြစ်ြပီး ၊ ကုပ္မဏီ
တွေ တွက် အန္တရယ်ကင်းရှင်းရေး ပိုက်ကွန်အဖြစ် အရန်သင့် ရှိနေမှာ မဟုတ်ဖူးလို့ ပြောခဲ့ပါတယ် ။
ဒါပေမဲ့ အစိုးရကနေ ဆယ်စုနှစ်နဲ့ချီပြီး လူတွေ အိမ်ပိုင်ယာပိုင် ဖြစ်စေဖို့ စေတနာနဲ့ တွန်းအားပေးခဲ့ရာ
က ပေါ်လာခဲ့တဲ့ sub-prime အိမ်ယာဈေးကွက်ဟာ တကယ်ကို ပျက်နေတာဖြစ်ပြီး ပြဿနာတွေဟာ
ဒီလောက်နဲ့ ရပ်မနေခဲ့ပါဘူး ။ နှစ်ပတ်အကြာမှာတော့ ယုံကြည်မှုနဲ့ တည်ဆောက်ထားတဲ့ ဒီဈေးကွက်
ဟာ ယုံကြည်မှုပျောက်ကွယ်သွားခဲ့ပြီမို့ ရောဂါတစ်ခုလို ကူးစက်လာပါပြီ ။ ဒီတစ်ခါတော့ ဘဏ်တွေ
တင် မကတော့ပါဘူး ။ အမေရိကန်နိုင်ငံမှာ အကြီးဆုံး အိမ်ပေါင်ငွေချေး ကုပ္မဏီကြီး နှစ်ခုဖြစ်တဲ့
Fannie Mae နဲ့ Freddie Mac တို့ဖြစ်ကြပါတယ် ။ သူတို့ကို ရှယ်ယာရှင်တွေက စတင် စွန့်ခွာလာ
နေကြပြီ ဖြစ်ပါတယ် ။

     တန်ဖိုးစုစုပေါင်း ဒေါ်လာသန်းပေါင်း ငါးသန်းတန်တဲ့ ဒီကုပ္မဏီနှစ်ခုဟာ ရှယ်ယာဈေး ၆၀% စီ
လောက် ကျဆင်းသွားတာကို ကြုံကြရပါတော့တယ် ။ ဒီလောက်ကြီးမားတဲ့ ကုပ္မဏီနှစ်ခုကို ဒေဝါလီ
ခံစေဖို့ရာ နိုင်ငံရဲ့ စီးပွားရေးစနစ် တစ်ရပ်လုံးအတွက် အင်မတန်ကြီးကျယ်တဲ့ စွန့်စားရမှုတစ်ခုလို့
ယုံကြည်တဲ့ Paulson နဲ့ Bernanke တို့နှစ်ယောက် ခေါင်းချင်းရိုက်ရပါတော့တယ် ။ အထူးသဖြင့်
အစိုးရဆိုတာ ရှိတောင်မရှိသင့်ဖူးလို့ ခံယူထားတဲ့ Paulson တစ်ယောက် သူ့ရဲ့ခံယူချက်တွေကို မျို
သိပ်ပြီး ဒီကုပ္မဏီနှစ်ခုကို နိုင်ငံပိုင်အဖြစ် ကြေငြာကယ်တင် ရပါတော့တယ် ။ ကုပ္မဏီနှစ်ခုရဲ့ စီမံခန့်
ခွဲမှု အဖွဲ့တစ်ခုလုံးကို အလုပ်ဖြုတ်ပစ်ပြီး အစိုးရကနေ တိုက်ရိုက် ကွပ်ကဲလိုက်ပါတယ် ။

     ဒါပေမဲ့ ပြဿနာက ဒီမှာတင် မရပ်ပြန်ပါဘူး ။
     ကမ္ဘာ့အကြီးဆုံး ကုပ္မဏီနှစ်ခုတောင် ပြိုလဲနိုင်တယ်ဆိုရင် ကျန်တဲ့ကုပ္မဏီတွေထဲမှာ မပြိုကွဲနိုင်တဲ့
ကုပ္မဏီ မရှိဘူးလို့ လူတွေက နားလည်သွားကြပါပြီ ။


     သိပ်ကြာကြာ မစောင့်လိုက်ရပါဘူး ။ အထက်က ကုပ္မဏီနှစ်ခုကို နိုင်ငံပိုင်လုပ်ပြီး တစ်ရက်ပဲ လွန်
ပါသေးတယ် ။ ၂၀၀၈ ခုနှစ် စက်တင်္ဘာလ ၈ ရက်နေ့မှာ ၊ နောက်ထပ် ကူးစက်ခံရတာကတော့ နိုင်ငံ
တကာ ငွေကြေးဝန်ဆောင်မှုတွေ လုပ်ကိုင်နေတဲ့ Lehman Brothers ကုပ္မဏီ ဖြစ်ပါတယ် ။

     အစိုးရကနေ ပစ်မထားဖူးလို့ ယုံကြည်နေတဲ့ ဒီကုပ္မဏီရဲ့ အမှုဆောင်အရာရှိချုပ် Richard Fuld ဟာ
ဘဏ္ဍရေးဝန်ကြီး Paulson ရဲ့ စဉ်ဆက်မပြတ် တိုက်တွန်းချက်တွေကို လစ်လျူခဲ့ပြီး ၊ ခုတော့ ဒေဝါလီခံ
ရလုလု ဖြစ်လာခဲ့ပါပြီ ။ Paulson ဘယ်လို ဆုံးဖြတ်မလဲ ။

     ဒီတစ်ခါတော့ ကျင့်ဝတ်အန္တရယ် ဆိုတာကို Paulson ရှေ့တန်းတင်လိုက်ပါတော့တယ် ။ အစိုးရက
နေ ဘယ်ကုပ္မဏီကိုမှ ကယ်မထုတ်ပေးတော့ဘူးဆိုတာ အချက်ပြဖို့ ဆုံးဖြတ်လိုက်ပါတယ် ။ သောကြာ
နေ့ ဈေးကွက်မပိတ်ခင်မှာ စတင်ခဲ့တဲ့ လိပ်ခဲတည်းတည်း ပြဿနာဟာ စက်တင်္ဘာ ၁၅ ရက် ၊ တနင်္လာ
နေ့ မနက်မှာ Lehman Brothers ကို ငွေကြေး အကြပ်အတည်းထဲကနေ ကယ်မထုတ်ဖူးဆိုတာ သေ
ချာတာနဲ့ တပြိုင်နက် Wall Street ဈေးကွက်ဟာ စတင်ပြိုလဲပါတော့တယ် ။ Paulson တို့ စိုးရိမ်ခဲ့တဲ့
နိုင်ငံရဲ့ စီးပွားရေးစနစ်ကြီး ပြိုလဲဖို့ဆိုတာ တကယ်ဖြစ်လာခဲ့ပါပြီ ။ ၁၉၃၇ ခုနှစ် ကမ္ဘာ့စီးပွားရေး ပျက်
ကပ်ပြီး နောက်ပိုင်းမှာ တကယ့်အိပ်မက်ဆိုးဟာ ခုမှ ပိုသေချာလာပါပြီ ။ ဘာကြောင့်လည်းဆိုတော့
ဒီကုပ္မဏီဟာ Paulson တို့ ခန့်မှန်းထားတာထက် ဈေးကွက်ထဲမှာ နက်နက်နဲနဲ ယှက်နွယ်နေခဲ့လို့ပါ
ပဲ ။

     ဈေးကွက်မှာ အင်မတန်လိုအပ်ပြီး အရောင်းအဝယ် လည်ပတ်မှုတွေရဲ့ ပဓါနဖြစ်တဲ့ ရေတိုချေးငွေ
တွေဟာ အခိုင်မာဆုံး ဘဏ်ကြီးတွေ အနေနဲ့တောင် ချေးဌားရယူဖို့ မဖြစ်နိုင်တော့ပါဘူး ။ ချေးဌားငွေ
တွေနဲ့ လည်ပတ်နေတဲ့ ငွေကြေးစနစ်ကြီးဟာ ချေးငွေတွေ ရပ်တန့်သွားတာနဲ့အမျှ ၊ ပတ်သက် ဆက်
နွယ်နေတဲ့ အရာအား လုံးနီးပါး ရပ်တန့်သွားတယ်လို့ ဆိုနိုင်ပါတယ် ။

     Lehman ဒေဝါလီခံရတော့ သူနဲ့ဆက်စပ်နေတဲ့ ကမ္ဘာ့အကြီးဆုံး အာမခံလုပ်ငန်းကြီးဖြစ်တဲ့ AIG
ကုပ္မဏီဟာ ဘယ်လိုမှ ပြန်ဆပ်နိုင်ချေ မရှိတဲ့ အကြွေးထုပ်ကြီးပေါ် ထိုင်မိလျက်သားကြီး ဖြစ်နေပါပြီ ။
လိုတဲ့ ငွေတွေကိုလည်း ဘယ်မှာမှ ချေးဌားလို့ မရတော့ပါဘူး ။

     ဒီတစ်ခါလည်း လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ဝါဒီ Paulson တစ်ယောက် ဒေါ်လာ ၈၅
ဘီလီယံသုံးပြီး AIG ရှယ်ယာ ၈၀% ကို အစိုးရအနေနဲ့ ဝင်ရောက်ဝယ်ယူ ထိန်းချုပ်လိုက်ရပြန်ပါပြီ ။
နိုင်ငံ့စီးပွား မပျက်ဖို့အတွက် သူ့ရဲ့ ယုံကြည်ချက်တွေကို အမှိုက်ပုံထဲ ထည့်ထားလိုက်ရပါပြီ ။

     ဒီလိုနဲ့ Bernanke လည်း Paulson နဲ့ လေးလေးနက်နက် တိုင်ပင်ရပါတော့တယ် ။ ဒီလိုသာ တစ်
ခုပြီးတစ်ခု လက်လီဖြေရှင်းနေရင် အဆုံးဆိုတာ ရှိနိုင်တော့မယ်မထင် ။ လူတွေကလည်း စီးပွားရေး
စနစ်ကြီးဟာ အစိုးရရဲ့ ထိန်းချုပ်နိုင်မှုအောက်မှာ ရှိမှရှိသေးရဲ့လားလို့ သံသယ ဖြစ်လာကြပါပြီ ။ ဒီတော့
စနစ်ကြီး တစ်ခုလုံးကို တစ်ပေါင်းထဲကိုင်တွယ်မှ ရတော့မယ်လို့ သူတို့ ဆုံးဖြတ်လိုက်ကြပါတယ် ။ ဒါ
ပေမဲ့ သုံးရမယ့် ငွေကြေးပမာဏဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့် အပြင်ဖက်ကို ကျော်နေပါပြီ ။ ဒီမှာတင် ကွန်
ကရက် (လွတ်တော်) ကို တက်ဖို့ လုပ်ရပါတော့တယ် ။ အဲဒီနေ့က ၂၀၀၈ စက်တင်္ဘာ ၁၇ ရက် ဖြစ်
နေပါပြီ ။

     ဒီလို အစတည်ခဲ့တဲ့ ဖြစ်စဉ်ဟာ အပေါ်ဆုံးက Nancy Pelosi ရဲ့ ရုံးခန်းမှာ တွေ့ဆုံဆွေးနွေးကြဖို့
ဖြစ်လာခဲ့ပါတော့တယ် ။ ပြောခဲ့သလိုပဲ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးစနစ် တစ်ခုလုံးကို ကယ်တင်ဖို့
ရာအတွက် ဒေါ်လာသန်း ဘီလီယံ ၇၀၀ ကိစ္စ ဖြစ်ပါတယ် ။


     ကွန်ကရက်ကိုရောက်တာနဲ့ မျှော်လင့်ထားတဲ့အတိုင်း တိုင်းပြည်ရဲ့ အခွန်ငွေတွေနဲ့ ဖြည့်ဆည်းပေး
ရမှာဖြစ်ပြီး ဘယ်ဋ္ဌာနနဲ့ တရားရုံးကမှ ကန့်ကွက်လို့ မရဖူးဆိုတဲ့ ဒီဥပဒေကြမ်းအဆိုကို ပါတီနှစ်ခုလုံးက
အကျိုးအကြောင်း အမျိုးမျိုးနဲ့ ခါးခါးသီးသီး ဆန့်ကျင်တာကို ခံရပါတော့တယ် ။ နောက်ဆက်တွဲ အနေ
နဲ့ ၂၀၀၈ စက်တင်္ဘာလ ၂၉ ရက်နေ့မှာ မဲခွဲဆုံးဖြတ်ရာမှာ အရှူံးနဲ့ ရင်ဆိုင်ခဲ့ရ ပါတော့တယ် ။

     ဒီရှူံးနိမ့်တဲ့ သတင်းထွက်လာတာနဲ့ ပြဿနာရဲ့ အတိမ်အနက်ကို သိနားလည် ထားသူတွေကတော့
ဘုရားတကြရပါပြီ ။ Wall Street ဈေးကွက်က အရောင်းအဝယ်လုပ်သူတွေရဲ့ ရုပ်မြင်သံကြားစက် ရှေ့
မှာ မယုံနိုင်လောက်အောင် ကြက်သေသေပြီး ရပ်နေကြတာကို ပြယုဂ်တစ်ခုအနေနဲ့ တွေ့နိုင်ပါ တယ် ။
အဖက်ဖက်က ဈေးနှုန်းကျဆင်းမှုတွေဟာ အောက်ခြေကို မမြင်ရတဲ့ ချောက်ထဲကို ကျနေသလိုပါပဲ ။
Wall Street ရဲ့ ရှယ်ယာ အရောင်းဝယ်သမိုင်းမှာ တစ်ရက်တည်းဆုံးရှူံးမှု စံချိန်ကို တင်ခဲ့ပါတယ် ။

     ဒီလောက်ပဲလားဆိုတော့ မကပါဘူး ။
     လျှပ်တစ်ပျက်လို့ ဆိုနိုင်တဲ့ အချိန်လေးအတွင်းမှာပဲ ၊ အိုင်ယာလန်မှာ ပြဿနာတွေ ပေါ်လာပါတော့
တယ် ။ တစ်ဆက်ထဲ အင်္ဂလန်မှာ ဘဏ်တွေကို နိုင်ငံပိုင်လုပ်ရပါပြီ ။ နောက်ပြီး Iceland တစ်နိုင်ငံလုံး
ဒေဝါလီ ခံရပြန်ပါတယ် ။ ကမ္ဘာပေါ်မှာ အမျိုးသားထုတ်ကုန် စုစုပေါင်းတန်ဖိုး တိုးတက်မှုမှာ ထိပ်ဆုံးက
ပြေးနေတဲ့ တရုတ်နိုင်ငံဟာလည်း ရုတ်တရက် တိုးတက်မှုတွေ လုံးဝရပ်ဆိုင်းသွားပါတော့တယ် ။

     ဒါတွေဟာ အမေရိကန် ကွန်ကရက်ကို တစ်ပတ်အတွင်း အစိုးရစားရိတ်နဲ့ စီးပွားရေးစနစ်အတွက်
အာမခံ ပေးမယ့် ငွေဘီလီယံ ၇၀၀ ကို ခွင့်ပြုချက်ချပေးဖို့ တွန်းအားဖြစ်ခဲ့ပြီး ပုဂ္ဂလိက ကုပ္မဏီတွေထဲ
အစိုးရပိုင် ငွေပင်ငွေရင်းတွေ ထည့်သွင်းဖို့ဆိုတဲ့ အချက်သစ်အချို့ဖြည့်ထားတဲ့ ဥပဒေတစ်ခုအဖြစ်
တည်လာခဲ့ ပါတော့တယ် ။

     အောက်တိုဘာလအတွင်းမှာတော့ Paulson ဟာ အစိုးရပိုင် ငွေပင်ငွေရင်းတွေ ထည့်သွင်းဖို့ကို
လုပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတော့တယ် ။ ပထမဆုံး သူလုပ်ခဲ့တာက အောက်တိုဘာ ၁၂ ရက်နေ့
မှာ Wall Street ရဲ့ သင်္ကေတတွေလို့ ခေါ်နိုင်မယ့် Bank of America အပါအဝင် အကြီးဆုံးဘဏ်
ကီး ၉ ဘဏ်က အမှုဆောင် အရာရှိချုပ်တွေကို ဆင့်ခေါ်လိုက်ပါတယ် ။

     နောက်တစ်နေ့ လူစုံတဲ့အခါ Paulson ကနေ ဘဏ်သမားတွေကို တည့်တည့်ပဲ ပြောလိုက်ပါတယ် ။
ခင်ဗျားတို့ဘဏ်တွေဆီမှာ လက်ရှိချေးငွေထုတ်မချေးနိုင်ပဲ ရပ်ဆိုင်းနေတာတွေကို ပြောင်းလဲပစ်ဖို့ အ
စိုးရဟာ ဘဏ်တွေမှာ ငွေပင်ငွေရင်းထည့်ပြီး ဝင်ပါတော့မယ် ၊ ဒါကို အားလုံး လက်ခံရမယ်လို့ ဖြစ်ပါ
တယ် ။ ပထမတော့ အချို့လူတွေက ငြင်းချင်ပေမဲ့ နောက်ဆုံးတော့ အစိုးရငွေကို လက်ခံကြရ တာပါ
ပဲ ။ အဲဒီနေ့ ညနေမှာပဲ ဘဏ်သမားတွေအားလုံး ခံဝန်လက်မှတ်တွေ ရေးထိုးပေးခဲ့ရပါတယ် ။ အစိုးရ
ဝင်ရောက်စွက်ဖက်မှုကို မလိုလားတဲ့ အရင်းရှင် စီးပွားရေးဝါဒကို လက်ကိုင်ထားသူ Paulson ဟာ ၊
၁၉၃၇ ကမ္ဘာ့စီးပွားပျက်ကပ် နောက်ပိုင်းမှာ အစိုးရရဲ့ ပထမဆုံး ဝင်ရောက်စွက်ဖက်မှုကို ကိုယ်တိုင်စီ
စဉ် အကောင်ထည်ဖေါ်ပေးရသူ တစ်ယောက် ဖြစ်ခဲ့ရပါတော့တယ် ။

     ၂၀၀၉ ခုနှစ်အတွင်းမှာ အဲဒီငွေတွေထဲက ဘီလီယံ ၃၅၀ ကျော် သုံးခဲ့ပြီးပါပြီ ။
     ဘယ်လောက် ဆက်သုံးရဦးမလဲ ၊ ကမ္ဘာ့စီးပွားရေးအပေါ် ဘယ်လောက်အထိ သက်ရောက်မှုရှိနေ
ဦးမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ပါဘူး ။ လိုအပ်ရင် လိုအပ်သလို ဒေါ်လာသန်းပေါင်း သန်းနဲ့ချီပြီး အ
သုံးပုသွားမယ် လို့တော့ Bernanke တို့က ပိုင်းဖြတ်ထားကြပါတယ် ။

     ကမ္ဘာ့စီးပွားပျက်ကပ် ကျလုလု အနေထားကို ရောက်ခဲ့တယ်ဆိုတာ ကျနော်တို့ထဲက သတိထား
မိသူတွေ နည်းပါလိမ့်မယ် ။ ထိခိုက်မှု မရှိကြလို့လား ၊ မသိကြလို့လား ၊ နောင်ကိုကော ဘယ်လို သက်
ရောက်မှုတွေ ရှိလာနိုင်ဦးမလဲ ။

     ငွေဆိုတာဟာ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဖလှယ် ရယူ သုံးစွဲနိုင်ကြဖို့ အများကနေ အာဏာ
အပ်နှင်းထားရာ အစိုးရတွေက အာမခံထုတ်လုပ်ထားတဲ့ စာချုပ်ငယ်လေးတွေပါ ။ ဒီလိုပဲ ကမ္ဘာ့စီးပွား
ရေး စနစ်တစ်ခုလုံးဟာလည်း ပုံစံအမျိုးမျိုးသော အာမခံမှု ၊ ယုံကြည်မှုဆိုတာတွေနဲ့ တည်ဆောက်
ထားတဲ့ ယန္တယားကြီးပါ ။ အဲဒီ အာမခံမှုနဲ့ ယုံကြည်မှုတွေ လျော့နည်းပျောက်ဆုံးတဲ့တစ်နေ့ ကျနော်
တို့တတွေ အသက်ရှင်ရပ်တည်ဖို့ လူသုံးကုန်နဲ့ ဝန်ဆောင်မှုတွေကို ဘယ်လိုရယူကြမှာလဲ ။

     မိုးကတော့ မပြိုခဲ့ပါ ။

     ပြိုခဲ့သော် ..... ။


နှစ်သစ်မှာ ကျန်းမာရွှင်လန်း အောင်မြင်နိုင်ကြပါစေ ။

မန်းကိုကို
၃၁ ၊ ၁၂ ၊ ၂၀၁၁


Note - 2010 Video Education Australia: Inside the Meltdown ကို ဆီလျှော်အောင် အတိုချုပ် ပြန်ဆိုရေးသား ပါသည်။

2 comments: