ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, December 26, 2011

ဘဝသစ်များရဲ့ ပျော်ရွှင်ဆင်နွှဲ နှစ်သစ်ပွဲ


     ဒီကနေ့ မဲလ်ဘုန်းမြို့ Wyndham မြို့နယ်မှာ နှစ်စဉ်ကျင်းပနေကျ ကရင်နှစ်သစ်ကူးပွဲ ဆင်နွှဲခဲ့ကြ
ရာမှာ ၊ ရလာတဲ့ ဓါတ်ပုံလေး တချို့ကို တင်လိုက်ပါတယ် ။ ကရင်နှစ်သစ်ကူးနေ့ဟာ ဒီနှစ် ဒီဇင်္ဘာလ
၂၅ ရက်နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ကျရောက်ခဲ့တာမို့ တစ်ရက်ရွှေ့ပြီး ဒီကနေ့မှာ ကျင်းပခဲ့ဟန် တူ
ပါတယ် ။


     ဒီပွဲမှာ ပရိသတ်ပေါင်း ၅၀၀ ဝန်းကျင်လောက် တက်ခဲ့ကြပါတယ် ။
     ကရင်မိသားစုတွေသာမက လူမျိုးပေါင်းစုံနဲ့ ဖိတ်ကြားထားသူတွေလည်း တက်လာကြတာ တွေ့ခဲ့
ရပါတယ် ။ Wyndham နယ်က မြို့နယ်ကောင်စီ ၊ ရဲ ၊ မီးသတ်အပါဝင် ယဉ်ကျေးမှုပေါင်းစုံ အဖွဲ့စည်း
နဲ့ လူမှုရေး အဖွဲ့စည်းတွေကလည်း လာတက်ကြတာ တွေ့ရပါတယ် ။


     အခမ်းအနားမှာ ကေအန်ယူဥက္ကဋ္ဌဆီက သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး ဒုံးအက ၊ ရိုးရာသီချင်း သီ
ဆိုဖျော်ဖြေမှု ၊ သက်ကြီး ဂါရဝပြုလက်ဆောင်ပေးတာနဲ့ ဆောင်းပါးပြိုင်ပွဲ ဆုပေးတာတွေလည်း ပါဝင်
ပါတယ် ။ ထ္မင်း ဟင်းနဲ့ ကြာဇံကြော် တွေနဲ့လည်း ဧည့်ခံခဲ့တဲ့အပြင် ၊ မဲလ်ဘုန်းမြို့နဲ့ အနီးဝန်းကျင်က
တွေ့ဖို့ မလွယ်ကူတဲ့ အသိမိတ်ဆွေများတွေလည်း လာစုဆုံနိုင်ခဲ့ကြတာ တွေ့ခဲ့ရပါတယ် ။


     အဆိုးမြင်ရရင်တော့ ကျနော်ဟာ ဖိတ်ကြားချက်မရပဲ သွားခဲ့ရတာဖြစ်လို့ ဒါဟာ ပွဲစီစဉ်သူတွေရဲ့
အားနည်းချက်တစ်ခုလို့ မြင်ပါတယ် ။ အခမ်းနား ကျင်းပနေတုန်း အစီစဉ်တစ်ခုနဲ့ တစ်ခုကြားမှာ မ
လစ်ဟာရလေအောင် အာဝဇ္ဇန်းရွှင်တဲ့ အခမ်းနားမှူးတစ်ယောက် လိုအပ်နေတာလည်း သတိထားမိပါ
တယ် ။ နောက်ဆုံးတစ်ခုကတော့ အခမ်းနား ကျင်းပနေတုန်း ကလေးတွေ စားပွဲခုံတွေကြားမှာ ပြေး
လွှားကစားနေကြတာဟာ အမြင်သိပ်မတော်လှတာတော့ အမှန်ပါ ။ လူမျိုးတစ်မျိုးရဲ့ အားနည်းချက်
တွေ ရောင်ပြန်ဟပ်ပြနေတယ်လို့ မပြောချင်ပေမဲ့ ၊ မပြေးသော်လည်း ကန်ရာက ရှိနေပါတယ် ။




     အခမ်းနားရှိရာကို သွားခဲ့တာကြောင့် ရခဲ့တဲ့ အမြတ်အစွန်းကတော့ ၊ မကြာခင်ကမှ ရောက်လာ
တဲ့ ဘားအံသား ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်နဲ့ ဆုံနိုင်ခဲ့တာဖြစ်ပြီး ၊ နောက်တစ်ခုက
တော့ သြစတြေးလျမှာ စီးပွားရေးဘွဲ့ယူထားတဲ့ စောဆင်မြူရယ် ရယ် ၊ နောက်ထပ် ဆောင်းပါးပြိုင်
ပွဲဆုရ ကိုစောသာတော တို့နဲ့အတူ စကားပြောဖြစ်ပြီး ပညာရေးဝက်ဘ်ဆိုဒ် တစ်ခုလောက်လုပ်ဖို့
အစရလာခဲ့တာပါပဲ ။ နောက်ထပ် တွေ့ဆုံဖလှယ်တာတွေလုပ်ပြီးရင် ၊ များမကြာခင်မှာပဲ အလုပ်
စလုပ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ် ။

     အားလုံးပဲ ၊ မင်္ဂလာ Christmas ၊ မင်္ဂလာ ကရင်နှစ်သစ်ကူးနဲ့ မင်္ဂလာ gregorian နှစ်သစ်ပါလို့ ဆန္ဒ
ပြုလိုက်ပါတယ် ခင်ဗျာ ။


မန်းကိုကို
၂၆ ၊ ၁၂ ၊ ၂၀၁၁

4 comments:

  1. သြစီက ကရင်နှစ်သစ်ကူးက ခမ်းနားလိုက်တာ..
    ရန်ကုန် အာလိန်ငါးဆင့် နှစ်သစ်ကူးနဲ့ ကွာ ပ..

    ReplyDelete
  2. ဒီပွဲ ဖြစ်မြောက်ရေးမှာ
    - AKO အဖွဲ့နဲ့ ဒီက ကရင်ထုရဲ့ ကြိုးပမ်းမှု ၊
    - ဗစ်တိုးရီးယား ပြည်နယ်က အဖွဲ့အစည်း ပေါင်းစုံရဲ့ အားပေးကူညီမှုတွေ ရှိခဲ့ကြတာကြောင့် အောင်မြင်ခဲ့ရတာပါ ။

    ခမ်းနားမှုမှာတော့ ဖွံ့ဖြိုးပြီးနိုင်ငံက (အဖွဲ့စည်းအတွက်မို့ ဌားရမ်းခကို လျော့ဈေးနဲ့ရတဲ့) ခန်းမကြီးတစ်ခုမှာ ကျင်းပတာနဲ့ ခေတ်နောက်မှာ အများကြီး ကျန်နေတဲ့ နိုင်ငံထဲ ၊ လုပ်ခွင့်ရတာတောင် ကျေးဇူးတင်ရမလို ဖြစ်နေတဲ့ နေရာက ပွဲနှစ်ပွဲကို ရုပ်ပိုင်းဆိုင်ရာ ယှဉ်ကြည့်ဖို့တော့ မဖြစ်နိုင်ပါဘူး ။ တကယ်တမ်း နှစ်သစ်ကူးပွဲ ကျင်းပရတဲ့ အနှစ်သာရကသာ အဓိကလို့ ခံယူရမှာပါ ။

    အပေါ် ဓါတ်ပုံတွေထဲ ပါသူအချို့ဟာလည်း ၊ နောင်တစ်ချိန်မှာ မြန်မာပြည်ကို သြစီရဲ့ အငွေ့အသက်နဲ့ အခြား ပညာရေးအပါဝင် လက်ဆင့်ကမ်းစရာတွေ ပြန်ပြီး ဆောင်ကြည်းလာပေး ကြမှာပါ ။

    ReplyDelete
  3. ကိုအောင်(ပျူနိုင်ငံ)December 27, 2011 at 5:09 AM

    ကျနော်တို့ဖက်တော့ 29 ရက်နေ့ ကူးမယ်လို့ ကြားတယ်ဗျ ...

    ReplyDelete
  4. နှစ်သစ်ကူးပွဲ နောက်တစ်ပွဲ သွားတက်တာနဲ့ ပညာရေး ဝက်ဘ်ဆိုဒ်တစ်ခု ဖန်တီးဖို့ မိတ်ဆွေတွေနဲ့ စုရုံးတိုင်ပင်နေတာကြောင့် စာပြန်ရေး နည်းနည်း နောက်ကျသွားတယ် ကိုအောင်ရေ ။

    နှစ်သစ်ကူးပွဲကတော့ အဆင်သင့်သလို လုပ်နေကြရတာပါပဲ ။
    ရောက်တဲ့နိုင်ငံရဲ့ အခြေနေပေါ် မူတည်ပြီး ၊ အလိုက်ထိုက် ရက်ရွေးလုပ်ကြရင်း ပွဲဆက်တွေက များနေကြရတာပါ ။

    ကျတော်တို့ကတော့ ခုလို လုပ်ဖြစ်ကြတယ် ဆိုရင်ပဲ ဝမ်းသာနေရပါတယ် ။

    ReplyDelete