ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, January 16, 2012

ကြားဖူး ဖတ်စ (၁.၅)



     ယောင်နောက် ဆံထုံးပါပြီး မသင်းဖြူ သြစတြေးလျကို ရောက်ခဲ့ရာမှာ ၊ အခုဆိုရင် နိုင်ငံသားခံယူ
ခွင့်ရတဲ့ အချိန်အတိုင်းတာကိုတောင် ကျော်လွန်ခဲ့ပါပြီ ။
     မသင်းဖြူအနေနဲ့ ဘဝအတွက် အဖက်ဖက်က တွေးတောပြီး သြစတြေးလျ နိုင်ငံသူအဖြစ် ခံယူဖို့
ဆုံးဖြတ်လိုက်ပါတယ် ။ ဒီမှာတင် တရားဝင်လာရောက်ခဲ့သူ တစ်ယောက်အနေနဲ့ ၊ ပတ်စ်ပို့ကို မြန်မာ
သံရုံးကို ပြန်အပ်ပြီး တရားဝင်လမ်းကြောင်းအတိုင်း လုပ်ကိုင်ဖို့လည်း စီစဉ်လိုက်ပါတော့တယ် ။

     ဒီလိုနဲ့ မြန်မာသံရုံးကို ရောက်ခဲ့ပါပြီ ။
     ဟောဒီမှာ ပတ်စ်ပို့ ၊ ပြန်အပ်ပါတယ် .. ပေါ့ ။

     ဒါပေမယ့် မပြီးပါဘူး ။
     သံရုံးဝန်ထမ်း အမျိုးသမီးက လေသံချိုလေးနဲ့ ပြောပါတယ် ။
     "ညီမရေ ၊ ပတ်စ်ပို့ ပြန်အပ်ဖို့ သြစတြေးလျဒေါ်လာ ၂၅၀၀ ကျပါတယ်” တဲ့ ။

     ဟင် .. ကြား ကြားဖူးပေါင် .. တော် ။ အခွန်လည်း တာဝန်ကြေအောင် မှန်မှန်ဆောင်ခဲ့တာပဲလေ ။
     စဉ်းစားရင်း .. မသင်းဖြူ မျက်ဖြူလန်ပြီး ဆန့်ငင်ဆန့်ငင် ဖြစ်သွားပါတယ် ။
     (စိတ်မပူကြပါနဲ့ .... စိတ်ထဲက ဖြစ်တာကို ပြောတာပါ) ။

     ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ … မသင်းဖြူ စိတ်ကိုတင်းပြီး အဖိုးအခ မပေးရတဲ့ စကားနဲ့ပဲ ရင်းနှီးမြှုပ်နှံ
မှု လုပ်ကြည့်လိုက်ပါတယ် ။

     “အမရယ် .. ကျမတို့လည်း အဆင်ပြေတယ်ရယ်လို့ မဟုတ်ပါဘူး ၊ အခုလည်း အဝေးကနေ က
လေးတွေ ချန်ထားပြီး လာရတာပါ ၊ အလုပ်လည်းပျက်ရလို့ နည်းနည်းလောက် လျှော့ပေးလို့ မရဖူး
လား .. ဟင်”
     “အော် .. ညီမရယ် ၊ အစ်မတို့ကလည်း တာဝန်အရပါ ၊ ညီမတို့လည်း နောင်ဆို အမတို့နဲ့ ဆက်ဆံ
တော့မှာ မဟုတ်ဖူးလေ ။ မများပါဘူးကွယ်”
     “တကယ်ကို အဆင်မပြေလို့ပါ အမရယ် ကြည့်လုပ်ပေးပါ”
     “အင်း .. ၂၅၀၀ အဆင်မပြေလည်း နည်းနည်းလျှော့ပေးပေါ့ကွယ် ..”
     “……….”
     “……….”

     သည်လို သည်လိုနဲ့ပေါ့လေ …

     “အေးပါကွယ် ၊ ညီမဖက်က အဆင်မပြေတော့လည်း ၁၅၀၀ နဲ့ပဲ အဆင်ပြေအောင် လုပ်ပေးလိုက်
ပါ့မယ်” ဆိုတာနဲ့ အဆုံးသတ်သွားခဲ့ရ ပါလေတော့တယ် ။

     မေးမယ်ဆိုရင် မေးခွန်းတွေကတော့ တစ်သီတစ်တန်းကြီးပါ ။
     ဒါပေမဲ့ တစ်ကြိမ်ပဲ ဆက်ဆံရတော့မှာမို့ မသင်းဖြူ မြိုသိပ်ထားလိုက် ပါတော့တယ် ။

     ငွေလက်ခံရလိုက်တဲ့ အခိုက်တန့်ကလေးမှာတော့ သံရုံးဝန်ထမ်း အမျိုးသမီးရဲ့ မျက်နှာမှာ နကို
အပြုံးထက်သာလွန်တဲ့ သိသာထင်ရှားပြီး နှစ်နှစ်ကာကာ ရှိလှတဲ့ အပြုံးတစ်ခုဟာ ထပ်ဆင့် ပွင့်လန်း
လာခဲ့တယ်ဆိုတာကို ၊ ဘဝရဲ့ မမေ့နိုင်တဲ့ မြင်ကွင်းလေးတစ်ခုအဖြစ် မသင်းဖြူဟာ သူ့မိတ်ဆွေတွေ
ကို  ပြန်ပြောပြချင် လှပါတော့တယ် ။

၁၆ ၊ ၀၁ ၊ ၂၀၁၂

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ဘားအံကအဖြစ်ကို ပြန်ပြီး တန်းမြင်လိုက်မိတယ် ။
   ဈေးထဲမှာ ဆိုင်ပေါက်စေ့ အလှူငွေတွေ လိုက်ကောက်နေပါတယ် ။
   အလှူငွေဆိုပေမဲ့ မထည့်မနေရ ၊ ကောက်တာကလည်း အစိုးရတာဝန်ယူရမယ့် စစ်ပြန်ဒုက္ခိတတွေအတွက်ပါ ။
   ဘယ်လိုဆိုင် အမျိုးအစားကတော့ ဘယ်နှစ်သောင်းဆိုပြီး ကောက်သွားတာများ တကယ့်အမိန့်ရ ဒါးပြတွေလိုပါပဲ ။
   ပြီးတော့ လာကောက်တဲ့လူက ဆိုင်ရှင်ကို ခပ်တိုးတိုးလေး ပြောလိုက်သေးတယ် ။
   ညှိလို့လည်း ရပါတယ် .. တဲ့ ။)

==========================================

ကြားဖူး ဖတ်စ (၁)





     ဆရာညိုတစ်ယောက် သြစတြေးလျကို ရောက်နေခဲ့တာ တစ်နှစ်ကျော်ခဲ့ပါပြီ ။
     အလုပ်အကိုင်လည်း အဆင်ပြေ ၊ နေထိုင်လို့လည်း ကောင်းတာကြောင့် တစ်ဖက်မှာ ကျန်ခဲ့တဲ့
အိမ်ပိုင်ကလေးကို ရောင်းဖို့ ဆုံးဖြတ်လိုက်ပါတယ် ။

     ဒီမှာတင် မြန်မာပြည်သားတစ်ယောက်ရဲ့  အရိုးစွဲနေတဲ့ ထုံးစံအတိုင်း သံရုံးသွားရမှာကို အတော်
ရွံ့နေတာကြောင့် ပိန်လိန်ပြီး နေ့ရွှေ့ညရွှေ့လုပ်နေခဲ့ပါတယ် ။ ဒါပေမယ့် ဝင်ငွေချောနေတဲ့ အလုပ်ကို
ပစ်ပြီး သွားရမှာရယ် ၊ စားရိတ်စက ကုန်မှာတွေအပါဝင် ပင်ပန်းမှာတွေကိုလည်း တွက်နေရကြောင့်
အိမ်အရောင်းဝယ်အတွက် သံရုံးကနေတစ်ဆင့်ပဲလုပ်ဖို့ ဆုံးဖြတ်ပြီး ထွက်လာခဲ့ပါတယ် ။

     သံရုံးရောက်တော့ ကောင်စစ်ဝန်ကိုယ်တိုင် ထွက်တွေ့ပါတယ် ။
     ကိုယ်ပိုင်ကားနဲ့ လာတာလား ၊ တက္ကစီနဲ့လားလို့ မေးပြီး စာချုပ်တွေကို ပြင်ဆင်ဖို့နဲ့ လက်မှတ်ထိုး
ဖို့ရာ အချိန်နည်း နည်းယူရမှာမို့ အခန်းတစ်ခန်းထဲမှာ နားနားနေနေ စောင့်နေပါဦးလို့ ပြောပါတယ် ။
စောင့်နေရတာကြောင့် မြန်မာပြည်သားတွေရဲ့ ထုံးစံအတိုင်း ရင်တထိတ်ထိတ်နဲ့ ပိုပြီးပူပင်လာပါတယ် ။
စောင့်နေတုန်းမှာ ကော်ဖီသောက်မလား ၊ လက်ဖက်ရည်သောက်မလားလို့ ရုံးဝန်ထမ်းတစ်ဦးက လာ
မေးပြန်ပါတယ် ။ "ဒုက္ခပဲ ၊ ဘယ်လောက်များ ဝန်ဆောင်ခတွေ ပေးနေရဦးမလဲ မသိဖူး" ဆိုပြီး နောက်
တစ်မျိုး ပူပင်လာပြန်ပါတယ် ။

     ဘယ်လိုပဲဖြစ်ဖြစ် သိပ်အကြာကြီး မစောင့်လိုက်ရပဲ အိမ်ရောင်းစာချုပ်ကို အပြီးသတ်နိုင်ခဲ့ပါတယ် ။

     ဒါနဲ့ကိစ္စပြီးတော့ ကောင်စစ်ဝန်ကို “ဝန်ဆောင်မှုအတွက် ဘယ်လောက်များ ကျသင့်ပါသလဲ ခင်ဗျ”
လို့ မေးလိုက်မိပါတော့တယ် ။ သူပြန်ပြောတဲ့ စကားကြောင့် ဆရာညိုတစ်ယောက် အံ့အားသင့်သွား
တယ် ။

     “မပေးရပါဘူး ခင်ဗျာ ၊ ကျနော်တို့ရဲ့ နိုင်ငံသား/သူတွေကို ကျနော်တို့က လိုအပ်တဲ့ဝန်ဆောင်မှု
တွေကို အပြည့်အဝ ပေးရမှာပါ” တဲ့ ။

     ဒါလည်း မပြီးသေးပါဘူး ။ ကောင်စစ်ဝန်ကနေ ဆက်ပြီးတော့ ပြောလိုက်တာက -
     “ခဏနေပါဦး ။ ကျနော်တို့ တက္ကစီ ခေါ်ပေးပါ့မယ် ။ ကားရောက်လာမှ ပြန်တာပေါ့” တဲ့ ။

     ဆရာညိုအနေနဲ့ ဒီလို အဆင်ပြေပြေ ဖြစ်လိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ရိုး အမှန်ပါ ။ ဒါဟာ အိပ်
မက်လည်း မဟုတ်ခဲ့ပါဘူး ။ တစ်ကယ်ကို ဖြစ်ခဲ့တာပါ ။ 
     အဲ .. ဒါနဲ့ ခင်ဗျားကို မျှော်လင့်ချက်ကြီးကြီး ပေးမိသွားသလား မသိဖူး ။

     စိတ်တော့ မရှိပါနဲ့ဗျာ ၊ ကျနော် ပြောဖို့တစ်ခု ကျန်ခဲ့လို့ပါ ။
     အပေါ်ကပြောခဲ့တာဟာ “တောင်အာဖရိက” သံရုံးအကြောင်းပါ ။

၁၄ ၊ ၀၁ ၊၂၀၁၂

5 comments:

  1. :( အဲဒီလို ဂရုစိုက်လဲ နေတတ်ပါဘူး..။ ဆူဆူအောင့်အောင့်ဝန်ထမ်းတွေနဲ့ နေသားကျနေပြီ..။

    ReplyDelete
  2. အပြောင်းအလဲတွေ ဖြစ်နေပြီဆိုတော့ နေတတ်အောင် နေရတော့မှာပါ ။
    မပြောင်းလဲခင်ကတည်းက မဆူမအောင့်တဲ့ မြန်မာသံရုံး ဆက်ဆံရေးလေးတစ်ခု ထပ်ဆောင်းရေးထည့် ပေးလိုက်ပါဦးမယ် :-)

    (နောက်ထပ် အမှတ်စဉ်တွေမှာတော့ ခုဟာတွေနဲ့ မဆိုင်တဲ့ သင်္ခန်းစာယူစရာ အချို့ကို ရေးမယ်လို့ စိတ်ကူးထားတယ် )။

    ReplyDelete
  3. စကား တစ်ခုကြားဖူးပါတယ်..ဘာတဲ့ Customer is always wrong ဆိုလား..။

    ReplyDelete
  4. ပြောတတ်ပါဘူး ဒါတွတ်ရယ် ..
    Customer is wrong, anyway and everyway. ဆိုလား ဘာဆိုလားပါပဲ ။

    "တရားခံတစ်ယောက်ဟာ သူ အပြစ်မရှိကြောင်း သက်သေမပြနိုင်မချင်း အပြစ်ရှိတယ်" ဆိုတဲ့ အာရှတန်ဖိုးနဲ့ နည်းနည်းများ ဆင်တူနေသလား သိပါဘူးဗျာ :-)

    ReplyDelete
  5. အဲ.. အခုမှဘဲ သူပြုံးတဲ့အချိန်သိတော့တယ်..။ ဒါဆိုရင်တော့ ဆူအောင့်ရင် "၀ပ်"... ပြုံးရင် "ပြေးးးးးးးးး" လို့  တောင် သတိပေးရတော့မယ်..။ :) Btw, ကျွန်တော်ကြားဖူးတာကတော့ "တရားခံတစ်ယောက်ဟာ သူ အပြစ်မရှိကြောင်း သက်သေပြခွင့်မရှိအောင်ကို အပြစ်ရှိတယ်" ဆိုလားဘဲ..။

    ReplyDelete