ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, December 25, 2011

ခရစ္စမတ် ညည်းချင်း



     တွိ .. တွိ .. အသံတွေနဲ့ message တွေ ဖုန်းထဲဝင်လာပြီး ဖေ့ဘုတ်က မိတ်ဆွေတွေလည်း နှုတ်
ခွန်းဆက်မှ  ခရစ္စမတ်ကို သတိရမိတော့တယ် ။ ငယ်ငယ်က မိုးတွင်းအကုန် ပွဲရာသီကို မျှော်မိပေမဲ့
ခုတော့လည်း နေ့တိုင်းဟာ ကိုယ့်အတွက် အတူတူလိုပါပဲ ။ အင်းလေ .. ပျော်ချင်သူ ၊ အမှတ်တရ
ဖြစ်လိုသူ ၊ စိတ်သစ်လူသစ်နဲ့ သံန္နိဋ္ဌာန်သစ် ချလိုသူတွေအတွက် ကိုယ်လည်း အလိုက်အထိုက်တော့
နေပေးရမှာပါပဲ ။ ဒါပေမဲ့ ခရစ္စမတ်အတွက် ဘာပြောရမလဲ စိတ်ထဲ ဘာမှပေါ်မလာလို့ ခုတလော
ထင်ရှားပြီး ပြောချင်စရာ အချို့ကိစ္စတွေကိုပဲ သဘောထားလေး အနည်းအကျဉ်း ပြောပါရစေ ။

     ပထမတစ်ခု ပြောချင်တာက ကချင်ပြည်နယ်က ထိုးစစ်တွေအကြောင်းပါ ။
     အနာဂါတ်မှာ ဆိုးကျိုးတွေ ဖြစ်လာဖို့ သေချာတဲ့ မြစ်ဆုံကိစ္စတုန်းက သည်းသည်းလှုပ်ခဲ့ကြသမျှ ၊
လောလောလတ်လတ် သေကြေ ဒုက္ခရောက်နေကြတာကျတော့ ကိုယ်တိုင်မခံရလို့လား ၊ နယ်ချဲ့စစ်
ပွဲကို မသိမသာ အားပေးချင်လို့လား ၊ မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်ဆံတွေသုံးပြီး စစ်ဆင်နေတယ်လို့
နားလည် ထားကြသလား ၊ အေးလို့ မတတ်သာတာနဲ့ အိမ်မီးရှို့မီးလှုံပြီး ရောဂါပြန့်ပွားမှု နည်းပါးရေး
အတွက် ကွန်ဒွန်သုံးပြီး မုဒိမ်းကျင့်နေကြတာမို့ မကန့်ကွက်လောက်ဖူးလို့ ယူဆနေကြသလားတော့
မပြောတတ်ပါဗျာ ။

     ကျနော့်အမြင်မှာတော့ ဒီခေတ်အခါကြီးမှာ ဒီလိုတွေ ဆက်လုပ်နေတာဟာ ဘယ်လို“စံ”နဲ့မှ
လျှော်ကန်တော့သလို ၊ ကချင်တွေကနေ ဒီလုပ်ရပ်တွေကြောင့် ခွဲထွက်ချင်ပါတယ်လို့ ပြောလာရင်
တောင် ၊ တရားပါတယ်လို့ ထောက်ခံရတော့မယ့် အနေထားပါ ။

     ပြည်မအစိုးရကနေ စစ်မှန်တဲ့ စေတနာတွေနဲ့ ဘာတွေလုပ်ပေးနေပါတယ် ဆိုပြီး အကြောင်းပြချက်
တွေနဲ့ ဆင်ခြေတွေကို ခေါက်ထားလိုက်ကြပါတော့ ။ လိုရင်းနဲ့ တိုရှင်းပဲ ထပ်ပြောပါရစေ ၊ “ဒီ ကျူး
ကျော်စစ်ကို ရပ်လိုက်ပါတော့” ။

     နောက်တစ်ခုက “အိမ်သာဗုံးတွေ”ကိစ္စပါ ။
     ပေါက်လိုက်ရင် ဗုံးတွေက အိမ်သာမှာချည်းပဲ ။ ဟုတ်ပါ့မလား မောင်ကာလုရယ် ။

     အတိုက်ခံတွေ ၊ အကြမ်းဖက်သမားတွေ ၊ နိုင်ငံတော် အေးချမ်းတည်ငြိမ်မှုကို မနာလို မရှုစိမ့်သူ
တွေကနေ ၊ အဖျက်အမှောင့် လုပ်တဲ့အနေနဲ့ အောက်တန်းကျကျ အိမ်သာတွေမှာပဲ ဗုံးလိုက်ထောင်
တယ်လို့ အသိတွေ ဝင်စေချင်တာလား ၊ ဒါမှမဟုတ် အပေါစား လက်ကိုင်တုတ်တွေကို အခိုင်းကောင်း
လို့ အလွယ်တကူ ပစ်မှတ်တွေပဲ အဆင်ပြေသလို လုပ်ချသွားတာလား သိပ်မသဲကွဲပေမဲ့ သိတာလေး
အချို့တော့ ရှိပါရဲ့ ။

     ဟိုးအရင် ရန်ကုန်မြို့ပတ်ရထားမှာ ဗုံးပေါက်စဉ်က ကိုယ်တိုင်ကိုယ်ကျ ဗုံးရှာခဲ့ရတဲ့ တပ်ကြပ်တစ်
ယောက်ရဲ့ အပြောအရ ၊ ဗုံးဖေါက်မယ်ဆိုတာ ကြိုသိလို့ ဘူတာတွေမှာ ပိုက်စိပ်တိုက်ရှာခဲ့ပေမဲ့ ရထား
ပေါ်မှာ ပေါက်သွားခဲ့တယ်လို့ ဆိုပါတယ် ။ မြန်မာပြည် ထောက်လှမ်းရေးက အဲဒီလောက်အထိ အ
တိတ်စိမ်းတွေ ပေးရလောက်အောင် စွမ်းရည်ကောင်းနေတာလား ၊ ဒါမှမဟုတ် ဇာတ်တိုက်ထားတဲ့
အတိုင်း မသိပဲနဲ့ အောက်ခြေတပ်တွေခမြာ ကပြ အသုံးတော်ခံခဲ့ကြရသလား ။

     နောက်ပြီး လူတွေရဲ့စိတ်ကို ဆွပေးနိုင်ဖို့ သေချာတဲ့ ကမ္ဘာအေး စွယ်တော်စံပယ်ရာမှာ ဗုံးဖေါက်
တာ ၊ ရွှေတိဂုံတန်ဆောင်းမှာ မီးရှို့ဖို့လုပ်တာ စသည်ဖြင့် ရေတွက်မကုန်နိုင်တဲ့ ကိစ္စတွေလည်း ရှိပါ
သေးတယ် ။ စွယ်တော် သွားဖူးခဲ့သူ မိတ်ဆွေတစ်ယောက်ရဲ့ အပြောအတိုင်းသာဆို “အတွင်းလူ မပ
ပဲနဲ့ အပ်တစ် ချောင်းတောင် ဖွက်ယူသွားဖို့ မလွယ်ဖူး” တဲ့ ။ ကျနော် ထပ်ဖြည့်စရာ စကားမရှိတော့ပါ
ခင်ဗျား ။

     လွမ်းစိတ်ကြောင့် ပြည်တော်ကော ပြန်ချင်ကြသလား ။
     ဟိုး .. ဟိုး .. ဟိုး ... ။ ခရစ္စမတ်မို့ စန်တာကလော့တော့ မဟုတ်ပါဘူး ။ နေပါဦးလို့ ပြောတာပါ ။

     ဖြစ်ရပ်မှန်တစ်ခုက - မြန်မာပြည် ပြန်ချင်သူတစ်ယောက် မြန်မာဗီဇာလျှောက်ပါတယ် ။
     ဗီဇာလား ... ရပါမယ် ။ နှစ်ပတ်လောက် ကြာပါမယ် ။
     ပထမ .. ရောက်နေတဲ့နိုင်ငံက အခွန်ဆောင်ထားသူအချို့ရဲ့ လက်မှတ်လိုပါတယ် ၊ ပြီးရင် မြန်မာ
ပြည်က တာဝန်ခံနိုင်သူတွေရဲ့ လက်မှတ်တွေ လိုပါတယ် ။
     ဒါပဲလား ... မဟုတ်သေးဘူး ၊ ဗီဇာကြေး ဒီလောက်ဒီလောက်ကလေး ကျပါဦးမယ် ။
     ပြီးရင် .. ကျနော်တို့ နိုင်ငံတော်နဲ့ သမ္မတကြီးရဲ့ စေတနာအရ ဗီဇာများကို ထုတ်ပေးသွားမှာ ဖြစ်တာ
ကြောင့် မြန်မာပြည်ရောက်ရင် နိုင်ငံရေးနဲ့ ပြဿနာတွေ မလုပ်ကြဖို့ကစပြီး တရားခွေ တစ်ခွေစာ နား
ထောင်ရပါမယ် ။

     ပြီးရင်ကော ရပြီလား ။
     ဟုတ်ကဲ့ ... ရလုပါပြီ ။
     နှစ်လကျော်လောက်ကြာရင် ဗီဇာပါတဲ့ သို့မဟုတ် မပါတဲ့ ပတ်စ်ပို့ကို မြန်မာသံရုံးက ပြန်ပေးပါလိမ့်
မယ် ။
     မေးခွန်းမေးချင်သလား ၊ စောဒက တက်ချင်သလား ... ဖုန်းမှားနေပါတယ် ခင်ဗျာ/ရှင် လို့ အဖြေကို
ရကောင်း ရပါမယ် ။ သို့တည်းမဟုတ် ဖုန်းမကိုင်ပဲ နေနိုင်ပါတယ် ။ မဟုတ်ရင်လည်း ကောင်စစ်ဝန်/သံ
အမတ်ကြီး မရှိပါဘူးလို့ ဖြေနိုင်ပါတယ် ။ သို့မဟုတ် ၊ သို့မဟုတ် ......

     နိုင်ငံခြားထွက် အလုပ်လုပ်ကိုင်သူတွေ အရင်က ပေးနေခဲ့ကြရတဲ့ သမထာစာ အမြတ်ခွန် ၁၀%
ကို ပေးစရာ မလိုတော့ဘူးလို့ သိရပါတယ် ။ ပေါက်ဆိန်နဲ့ပေါက်လို့ မကွဲနိုင်တဲ့ မျက်နှာပိုင်ရှင်တွေဆို
ပြီး နာမည်ရခဲ့တဲ့ ဘန်ကောက်သံရုံးဝန်ထမ်းတွေရဲ့ အရည်ချင်းပြည့် ဝန်ဆောင်မှုမျိုးကို ကြုံခဲ့ရသူတွေ
နေနဲ့ လွမ်းကြရဦးမှာပေါ့ ။

     ဒါဆို ပိုက်ဆံလည်း မရမယ့်အတူတူတော့ အရင်လိုပဲ ပြည်ပရောက် မြန်မာပြည်သူ ပြည်သားတွေ
ကို လစ်လျူရှုမှာလား ၊ ဝန်ထမ်း မလောက်ဘူးလို့ အကြောင်းပြမှာလား ၊ ဘယ်လို စခန်းသွားကြဦးမှာ
လည်း ဆိုတာတော့ ဒီမိုကရေစီ စနစ်ဆီကို ဦးတည်နေပါတယ်ဆိုတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်
ကြီးဋ္ဌာနအတွက် စိတ်ဝင်စားစရာ စောင့်ကြည့်ရမယ့် အနေထားသစ်လေး တစ်ခုပါ ။

     သေချာတာ အချို့တော့ ရှိပါတယ် ။
     အခုလို အသားလွတ်ကြီး အမြတ်ခွန် မကောက်တော့ဘူး ဆိုတာဟာ ၊ လက်တွေ့ဘဝနဲ့ ကင်းကွာ
နေတယ်လို့ ယူဆတယ် ။ အထူးသဖြင့် ပြည်တွင်းမှာ အမြတ်ခွန် ပြောင်းကောက်မှာလား ၊ မဟုတ်ရင်
လည်း အခြား တစ်ခုခုရှိသလားဆိုတာ မသိရပဲ ခုလိုလုပ်လိုက်တာဟာ populist policy ဆန်ဆန်
လုပ်ပြလိုက်တာလား ။ လက်တွေ့ကျမှာကတော့ “အမြတ်ခွန် လျှော့ကောက်ပြီး ဝန်ဆောင်မှု မြှင့်တင်
ပေးတာမျိုး” ပါ ။ ခုနေမတော့ လုပ်ပုံက ကောင်းလွန်းလို့ ယုံရခက်ကြီး ဖြစ်နေပါတယ် ။

     ကျန်တာတွေကိုတော့ အတိုချုပ်ပြီးပဲ ပြောလိုက်ပါတော့မယ်ဗျာ ။

* ကင်ဂျုံအီ သေသွားရှာပြီ ။

     ဝမ်းမသာဖူးလားဆိုရင် ဝမ်းသာပါတယ်လို့ ပြောချင်ပါတယ် ။
     သူများ အသက်အဆုံးသတ်ဖို့ ဆုမတောင်းကောင်းသလို ဆုလည်းမတောင်းဖူးပါဘူး ။ ဒါပေမဲ့ သူ့
လိုပဲ သွေးသားနဲ့ ဖွဲ့စည်းထားတဲ့လူတွေအတွက် ပြောပြမကုန်လောက်အောင် ခံစားစေခဲ့တဲ့သူတစ်
ယောက်သေတာဟာ တကယ်ဝမ်းသာမိပါတယ် ။ ဒါပေမဲ့ ဒုက္ခခံနေရသူတွေအတွက် အဆုံးမသတ်
သေးတာကိုတော့ စိတ်မကောင်းပါဘူး ။

*  အေဘီအဖွဲ့ အချင်းချင်း အစုလိုက်သတ်ဖြတ်မှုကို ကိုယ်တိုင်ခံစားခဲ့ရသူတွေက ဖေါ်ထုတ်လာကြ
ပြီ ။ ဒါဟာ လုပ်သင့်လုပ်ထိုက်တယ်လို့ ယုံကြည်ပါတယ် ။ ဖေါ်ထုတ်ရေးသားသူကနေ နာမည်တွေနဲ့
တကွ မဖေါ်ပြခဲ့တာကိုတော့ ချီးကျူးပါတယ် ။

     ခုနေမှာတော့ အသေးစိတ်ဖေါ်ဖို့နဲ့ အချိန်မတန်သေးလို့ ခဏနေပါဦးလို့ မှတ်ချက်ပေးသူ အဖွဲ့ဝင်
မျိုးလည်း တွေ့ရပါတယ် ။ ဘေးလူတစ်ယောက်အနေနဲ့ ကိုယ်ထိုင်နေတဲ့သစ်ကိုင်း ကိုယ်ဖြတ်မချမိကြ
ဖို့ သတိပေးချင်ပါတယ် ။ စိတ်ရှည်သင့်ရင် ရှည်ကြဖို့ တိုက်တွန်းချင်ပါတယ် ။ ခုနေခါမှာ နေရာအနှံ့က
မသိလို့ မကျေနပ်တာတွေနဲ့ မတရားတာတွေကို ဖေါ်ထုတ်ပြောဆိုရင်း ဒီမိုကရေစီ လိုလားသူတွေ
ချင်းချင်း အခမဲ့တွင်းတွေ စေတနာ့ဝန်ထမ်း တူးပေးမိနေသူတွေ ရှိသလို ၊ အဆင်းမှာ ဘီးတပ်ပေးနေ
တယ်လို့ ယုံကြည်ရတဲ့ ရည်ရွယ်ချက်နဲ့ ဘေးတီးနေကြသူတွေကိုပါ တွေ့နေရပါတယ် ။ “သတိ သတိ”
လို့ပဲ ပြောပါရစေ ။

*  “မဟန” ကိစ္စက ရှေ့တန်းကို ရောက်လာပြန်တယ် ။

     ပြန်ပြောင်းသတိရတာတစ်ခုက ၈၈-၈၉ တစ်ဝိုက်မှာ ရုပ်မြင်သံကြားကနေ ရွှေပြည်အေးတရား မ
ဟုတ်ပဲ အာဏာပိုင်တွေကို ရိုကျိုးလက်ခံ လေးစားလိုက်နာကြပါ ဆိုတာမျိုးတွေ ဟောကြားနေခဲ့ကြတဲ့
အမည်မသိ ဆရာတော်များ အကြောင်းကိုပါ ။ မှန်တာ မမှန်တာ အသာထား ၊ သံဃာတွေကို ဝေဖန်မိ
ရင် ဖြဲမယ့် ဆွဲမယ့်သူတွေလည်း မရှားပေသမို့ ဘာမှ မပြောလိုပါ ခင်ဗျား ။ ဘာသာရေးသမားတွေ နိုင်
ငံရေး မလုပ်ကြဖို့အတွက် ၊ နိုင်ငံရေး ကစားကွက်တွေမှာ ဘာသာရေးသမားတွေကို ဆွဲထည့်လာတာ
မျိုးတွေ ကင်းဝေးကြပါစေဗျား ။

*  ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် - သိပ်အရေးကြီးတယ်လို့ ယူဆသူများ ဆက်လုပ်ကြပါ ။ အေးအေး နေ
ပါရစေ ၊ သုတေသန အကျနလုပ်ပြီး ထွက်လာတဲ့ စာအုပ်မျိုးကိုတော့ အားပေးချင်ပါတယ် ။

*  နိုင်ငံရေးအကျဉ်းသားများအတွက် - လုပ်စရာရှိတာကို လုပ်ကြပါ ။ ပြန်ပေးဆွဲခံထားရမှတော့ မျှော်
လင့်နေရုံနဲ့ ဘာမှ အလုပ်ဖြစ်မှာ မဟုတ်ပါ ။ ဓါးပြအလုပ် ဓါးပြလုပ်သလို ၊ ဓါးစာခံအလုပ် ဓါးစာခံလုပ် ၊
ကျန်လူတွေလည်း လုပ်စရာရှိတာ လုပ်ကြရုံပါ ။

*  တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ - ကိုဇာဂနာ ပြောသလိုပါပဲ ၊ သတောင်းစားက သဘောထားကြီး
လို့ မရပါ ။ အထက်စီးက ရှိနေတဲ့ ပျဉ်းမနားမြို့သစ်က ပြည်မအာဏာပိုင်တွေကနေ အခုရပ်ဆိုရင် အား
လုံးပြီးတဲ့ ကိစ္စပါ ။ လေအကုန်မခံချင်တော့ပါ ။

*  ယိုးဒယား ဝန်ကြီးချုပ်က ဒေါ်စုနဲ့တွေ့တယ် ။ အရင်တစ်ခေါက်က ဘာကြောင့်မတွေ့တာလဲ ။ ခု
တွေ့တော့လည်း ဟီလာရီလို ဟက်ဟက်ပက်ပက် ရှိပုံမပေါ် ။ ဒီကြားထဲ သူ့ရှေ့ကနေ သူ့အကို တပ်ခ်
ဆင် အရင်လာသွားတယ် ။ ဝရမ်းပြေး တစ်ပိုင်းဖြစ်နေသေူတဲ့သူကို မြန်မာပြည်က ခေါင်းဆောင်သစ်
ရော ခေါင်းဆောင်ဟောင်း တက်လုပ်နေခဲ့ကြသူတွေပါ လက်ခံတွေ့ကြပြန်တယ် ။ ဒီသတင်းအနံ့က
ပုပ်အဲ့အဲ့ ဖြစ်နေသလိုပါပဲ ။

*  နောက်ဆုံးတစ်ချက်အနေနဲ့ အဆုံးသတ်ပြောချင်တာက new year resolution နဲ့ ပတ်သက်လို့ပါ ။
တစ်ခါမှ မလုပ်ဖူးပေမဲ့ ၊ လုပ်ပြနေသူတွေက အများသားဆိုတော့ လုပ်ချင်စိတ်တော့ ပေါ်လာမိတယ် ။

ဒီတော့ ...

     ကျနော် မန်းကိုကိုသည် ဤနေ့မှစ၍ အရင်အတိုင်း ဆက်လက်ကျင့်ကြံ နေထိုင်လုပ်ကိုင်
သွားပါတော့မည် ဟု new year resolution အဖြစ် သံန္နိဋ္ဌာန်ချ ဆုံးဖြတ်လိုက်ပါသည်


မန်းကိုကို
၂၅ ၊ ၁၂ ၊ ၂၀၁၁

No comments:

Post a Comment