ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, April 25, 2011

FNG မှာ ပေးမိတဲ့ ကွန်မန့်တစ်ခု



     FNG ခိုလှုံသူတွေကို ပြန်ပို့မယ်ဆိုတဲ့သတင်းအောက်မှာ ကွန်မန့်တွေပေးကြရင်း လမ်းတွေ
ချော်ပြီး လူမျိုးရေးဖက်ပါ ယိမ်းသွားရာမှာ သွားဆွေးနွေးမိတာလေး ပြန်တင်လိုက်ပါတယ် ။

================================

     သောသီးခိုဘလော့ရဲ့ စီဘောက်မှာတွေ့လို့ လာဖတ်တာပါ ၊
     အချို့ကရင်တိုင်းရင်းသားတွေအတွက် ခံရခက်ပုံပေါ်ပေမယ့် ဒီမှာ ဆိုးဆိုးရွားရွား ရေးထားတာ
ဆိုလို့ သိပ်မရှိလှတာမို့ ဝမ်းသာပါတယ် ။

     အဆိုးဆုံးဆိုလို့ သတိထားမိတာကတော့ camp တွေမှာ အကူအညီပေးရေး အေဂျင်စီတွေနဲ့
လုပ်ဖူးတယ်ဆိုပြီး “အမေကျော် ဒွေးတော်လွမ်းကြတယ်” ရယ်လို့ ပြောထွက်သူရဲ့ စိတ်ဓါတ်နဲ့ နောက်
တစ်ယောက်ရဲ့ “ချင်း”တွေနဲ့ လှည့်တိုက်ပေးတဲ့ အချက်တွေပါပဲ ။

– တိုင်းရင်းသားတွေအပေါ် ဆိုးဆိုရွားရွားလုပ်ခဲ့တာတွေဟာ ဗမာတွေချည်းမဟုတ်ဘူးဆိုတာ လက်
ခံရမယ့်ကိစ္စပါ ၊ ဒါပေမယ့် ဗမာစကားမတတ်တဲ့ဒေသမှာ ပြည်မစစ်သားအားလုံး ဗမာလိုပဲ ပြောကြ
တာနဲ့ အုပ်ချုပ်သူတွေဟာ ဗမာချည်းလိုလို ဖြစ်တာကိုတော့ သတိထားနိုင်ရင် ပိုပြီးမျှတအောင် မြင်
လာဖို့ အဆင်ပြေပါမယ် ။

- “မေသူ” ပြောခဲ့တဲ့အချက် အတော်များများက သဘောကျတာ မကျတာထက် သတိပေးရာရောက်
လို့ ကျေးဇူးတောင် တင်သင့်ပါတယ် ။

- တစ်ဖက်မှာလည်း တစ်သက်လုံး ဒုက္ခတွေနဲ့ အသက်လုပြေးနေခဲ့ရပြီး ပညာဗဟုသုတတွေ ၊ လွတ်
လပ်မှုတွေနဲ့ဝေး ၊ ခိုလှုံရာစခန်းတွေမှာ နှစ်ပေါင်းများစွာ (အချို့လည်း တသက်လုံး) ဘာမှ အခွင့်
အရေးမရှိ အလုပ်အကိုင်မရှိပဲ ထောက်ပံ့တာတွေနဲ့ အကျွမ်းတဝင်ဖြစ်နေခဲ့ကြသူတွေကို နားလည်
မှုပေးနိုင်ကြရင်တော့ အကောင်းဆုံးဖြစ်ပါလိမ့်မယ် ။

- ဒါပေမယ့် နားလည်ပေးကြဖို့ ဆိုရာမှာလည်း ကိုယ်ချင်းစာစိတ်ပြည့်ဝဖို့က တစ်ပိုင်း ၊ လူမှုရေးနဲ့
စိတ်ပိုင်းဆိုင်ရာ သဘောသဘာဝတွေကို သင်ယူလေ့လာဖူးပြီး နားလည်တတ်တာမျိုးက တစ်ပိုင်း ၊
refugee နဲ့ အခြား အဓိပ္ပယ်ဖွင့်ဆိုမှုတွေ အပါအဝင် ကမ္ဘာမှာ လုပ်ကိုင်ကျင့်သုံးနေကြတာတွေကို
သိထားကြားဖူး နားလည်တာက တစ်ပိုင်းမို့ တစုံတယောက်ကို လက်ညှိုးထိုးအပြစ်တင်တာမျိုး မ
လုပ်ချင်ပါဘူး ။ သေချာတာကတော့ လူတိုင်း ကိုယ့်ခြေပေါ် ရပ်တည်နိုင်အောင် ကြိုးစားဖို့လိုတာနဲ့
သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတွေက ဦးဆောင်သူတွေနဲ့ သိသူနားလည်သူတွေမှာ ဝတ္တရားရှိကြ
မှန်း သတိရှိကြပြီး ကိုယ်ထူကိုယ်ထ ညှိနှိုင်းလုပ်ကိုင်ကြဖို့ လိုတယ်လို့ ယူဆပါတယ် ။


=====================================
     မပြီးနိုင်တဲ့ ဇာတ်လမ်းတွဲတွေကြောင့် သွားထပ်ရေးမိပြန်ပါတယ် ။
=====================================

     ကွန်မန့်တွေလာဖတ်ရင်း ဒုတိယအကြိမ် ထပ်ရေးလိုက်ပါတယ် ။
     ဆန်စင်ရာ ကျည်ပွေ့မလိုက်ချင်ပေမယ့် ၊ အချက်အချို့ကို ထောက်ပြရင်း စိတ်ဝင်စားသူတွေ
လည်း ချင့်ချိန်နိုင်ကြအောင် လို့ပါ ။ ကျိုးကြောင်းကျတဲ့ ဆွေးနွေးမှုတွေကိုလည်း ကြိုဆိုပါတယ် ။

     ပထမ အနီးဆုံးအနေနဲ့ “ခရာဆူးခြုံ” ပြောတဲ့ “ပြောင်းရွှေ့ အခြေချ နေထိုင်ခွင့်ရဖို့  မြန်မာ
ကျောင်းသားတွေဟာ အစာငတ်ခံ၊ အသေခံ စွန့်စား တိုက်ပွဲဝင်ပြီး ရလာတဲ့ရလာဒ် ဖြစ်ပါတယ်။”
ဆိုတာကို ပြန်စဉ်းစားကြည့်ဖို့ အကြံပေးချင်ပါတယ် ။ မှားတယ်လို့ ပြောတာမဟုတ်ပါ ၊ မပြည့်စုံ
ဘူးလို့ ဆိုချင်တာပါ ။ သူများတွေ နောက်ကြသလို “ဟင်းချက်တာ အာလူးနည်းသွားလို့ ကြက်
သားလေးနဲ့ ရောထည့်လိုက်ရတယ်” ဆိုသလိုမျိုး ဖြစ်နေပါ့မယ် ။

     အခြားအချက်တွေကိုတော့ အထွေအထူး ထပ်မထောက်ချင်ပေမယ့် သူ့ကိုပြန်ခြေပတဲ့ James
ကိုတော့ ပြောစရာ ဖြစ်လာပြန်ပါတယ် ။ သူကတော့ သမင်အုပ်ကြီးရှေ့မှာရှိတာကို သတိမထားပဲ
ချေရာလိုက်ကောက်နေတဲ့ မုဆိုးလိုပါပဲ ။ ယေဘုယျခြုံပြောရရင်တော့ ကရင်တွေအတွက် ဒီ
လောက်ရွှေရောင်လွှမ်းတဲ့ လမ်းတွေဖြစ်နေရင် ဘာလို့များ ဒီလိုဒုက္ခတွေ ရောက်နေကြရဦးမှာလဲ
လို့ပါ ။ သူ့ကို မှားတယ်လို့ မပြောပါဘူး ၊ ဒါပေမယ့် သူများကို “မင်းတို့စဉ်းစား” လို့ ပြောမယ့်
နေရာမှာ ငါတို့အခြေအနေ ဘယ်လိုရှိပါလိမ့်လို့ သတိပြုစေချင်တာပါ ။

     ဒေါနသွေး ဆိုတဲ့ ကွန်မန့်ရေးသူအတွက်ကတော့ ဘေးမဲ့သာ ဝိုင်းပေးကြပါလို့ ပြောချင်ပါတယ် ။
သူ့နဲ့ပတ်သက်လို့ နှစ်ချက်ပြောချင်ပါတယ် ။ ပထမတစ်ချက်က အချို့သူတွေဟာ (ရှေ့တန်းနဲ့ အ
စွန်းရောက်ဝက်ဘ်ဆိုဒ်တွေလို) ရင်ဆိုင်တိုက်ပွဲက ထွက်လာခဲ့ပေမယ့် ကိုယ်ဘယ်နေရာ ရောက်နေ
သလဲဆိုတာ မေ့နေသူတွေပါ ။ နောက်တစ်ချက်ကတော့ တိုင်းရင်းသားတွေရဲ့ ခံစားမှုကို ကိုယ်ချင်း
စာပေးဖို့ပါ ။ သူတို့ရဲ့ တွေ့ကြုံခံစားခဲ့ကြရတဲ့ ဆိုးရွားတဲ့ နောက်ခံအပေါ်မူတည်ပြီး ရင်ထဲကရှိတာ
တွေကို ဘယ်မှာ ဘယ်လို ဖွင့်ထုတ်ရမှန်း မသိကြတဲ့အခါ လုပ်မိလုပ်ရာ လုပ်တတ်ကြပါတယ် ။ ဒါကို
နားမလည်ပေးနိုင်သူတွေက (အနောက်နိုင်ငံသားတွေ အပါအဝင်) တိုင်းရင်းသား အခြေချလာကြ
သူတွေကို ဆိုက်ကို(Psycho) လို့ ထင်တတ်ကြတဲ့ အကြောင်းရင်းခံတွေပါ ။

     “Dr. အောင်” ဆိုပြီး အထင်ကြီးစရာနာမည်နဲ့ အထင်သေးစရာဖြစ်အောင် ရေးထားတာလေး
တွေကိုလည်း နည်းနည်းပြောချင်ပါတယ် ။ DKBA တပ်တွေ ရန်ကုန်သွားမသွား ဘယ်သူမှ အတည်
မပြု ပြောလည်းမပြောခဲ့ပါဘူး ။ အင်မတန်ထူးခြားတဲ့ အဆိုပြုချက်တစ်ခု လုပ်ချင်တယ်ဆိုရင်တော့
သတင်းဋ္ဌာနတွေနဲ့ ဆက်သွယ်ပြီး အတိအလင်း ပြောသင့်ပါတယ် ။ “ကျနော်အဲဒီနားမှာနေလို့ ကျ
နော်အားလုံးသိပါတယ်” ဆိုတဲ့ အချိုးလေးက ရှည်ရှည်ဝေးဝေး မတွေးတဲ့သူတွေကို အချွန်နဲ့“မ”ပေး
ရာမှာသာ အဆင်ပြေပါတယ် ။ ရိုးရိုးသားသား သူများပြောတာကို တဆင့်ပြောတာ ဆိုရင်လည်း
ဆင်ခြင်သင့်ပါတယ် ။ ဆူးလေနားမှာ ချထားတဲ့တပ်မှူး ဗိုလ်မှူးကို ဓါတ်ပုံကြီးနဲ့ ပါနေတာ သတင်း
ဖတ်သူတိုင်း သိကြပါတယ် ။ ဒါ့ပြင် ဂျပန်ကြီးကို အနီးကပ်ပစ်လိုက်တဲ့ စစ်သားကလည်း ကလန်
ကလား အသားညိုညိုနဲ့ဆိုတော့ ကရင်ပါလို့ပြောချင်ရင် ကန်တော့ဆွမ်းလို့ပဲ ပြောလိုပါတယ် ။

     အသေးစိတ် မပြောနိုင်ပေမယ့် နည်းနည်းပြောချင်တာကတော့ “ကိုအေး” ဆိုသူပြောထားတဲ့
“တောထဲမှာ ဗမာကျောင်းသူ ကျောင်းသားတွေ ကြက်ပျောက်ဌက်ပျောက် ပျောက်ကုန်တယ်” ဆို
တဲ့ကိစ္စပါ ။ ဒါကို James က အချို့ ချေပထားတာ တွေ့ရပါမယ် ။ ဘေးကနေ အမြင်ကို ပြောရရင်
တော့ အရှုပ်အရှင်းတချို့ ရှိခဲ့ဖူးပါတယ် ။ ဒါပေမယ့် ကြမ်းပိုးကိုလိပ်ဖြစ်အောင် လုပ်ခဲ့သူတွေကတော့
မြက်ခင်းသစ်ကို ထုတ်ဝေခဲ့တဲ့ ထောက်လှမ်းရေးအဖွဲ့က ထိပ်ဆုံးကပါ ။ ဖြေရှင်းခွင့်မရှိတဲ့ဖက်ကို
တဖက်သတ်ထိုးနှက်မှုတွေ အောင်မြင်မှု အသင့်အတင့်ရှိခဲ့တာ ဆန်းစစ်ကြည့်ကြလို့ ရပါတယ် ။

     နောက်ကျန်တဲ့ကွန်မန့်တွေထဲက ပြောတာဆိုတာ အချို့ရှိကြပေမယ့် ယေဘုယျဆန်ကြတာ
ကြောင့် ယေဘုယျဆန်ဆန်ပဲ ပြောလိုက်ပါ့မယ် ။ ကရင်တိုင်းရင်းသားတွေ မှားခဲ့တာ ၊ မလုပ်သင့်
တာ လုပ်ခဲ့တာတွေလည်း အများကြီးရှိခဲ့ပါတယ် ။ ငြင်းစရာ မရှိပါဘူး ။ ဒါပေမယ့် သမိုင်းနဲ့ ပြောကြ
စတမ်းဆိုရင်တော့ မိထ္တီလာကန် ကနေတောင် ပြန်စရပါမယ် ။ မိထ္တီလာဟာ ဗမာစကားမဟုတ်
ပါဘူး ။ ကရင်လို “မေ့ထီ့ရွာ = မျက်ရည်စီးတယ်” လို့ အဓိပ္ပါယ် ရပါတယ် ။ ဘာလို့မျက်ရည်စီးရ
သလဲ ၊ ဧရာဝတီ အင်္ဂလိပ်ပိုင်းမှာ ပါပါတယ် ။ ဗမာလိုပါရင် ပွဲဆူမှာစိုးလို့ ဖြစ်ကောင်းဖြစ်ပါလိမ့်
မယ် ။ (http://www.irrawaddy.org/article.php?art_id=2054&page=1) ။ နောက်တစ်ခုက
ကနေ့ ရန်ကုန်မှာ ကရင်တွေ ဘာလို့ အများကြီးနေထိုင်နေကြသလဲ ဆိုတာပါ ။ အဲဒါကလည်း
ယိုးဒယားနိုင်ငံကို စစ်ချီစဉ်ကအချိန်ကို ပြန်ကောက်ရပါလိမ့်မယ် ။ ဒါကို ဆရာယုဒသန်ရဲ့ မှတ်တမ်း
တွေမှာ ရှိတယ်လို့ သိရပါတယ် ။ ဆရာကြီး မောင်စင်ကြယ်ရဲ့ နောင်ထွက်မယ့် စာအုပ်တွေမှာ ပါ
ကောင်း ပါပါလိမ့်မယ် ။

     ဒါတွေရေးပြတာက ကရင်အပါအဝင် တိုင်းရင်းသားတွေ ကြုံခဲ့ရတဲ့ ဘေးဒုက္ခတွေရဲ့ ဇစ်မြစ်အစ
ကို နည်းနည်းအသိပေးတာပါ ။ အဲဒီကနေစခဲ့တဲ့ သံသရာစက်ဝိုင်းကြီးကို အားလုံးက အမြင်မျှမျှ
တတနဲ့ ဝိုင်းဖြတ်မှ ရမှာပါ ။ အချွန်နဲ့ မမယ့်သူ ၊ သပ်ကလေးတွေ သိသိကြီးနဲ့ကော ၊ မသိတသိပါ ရိုက်ထည့်မယ့်သူတွေလည်း မရှားပါဘူး ။ အဲဒီလူတွေရဲ့ မှတ်ချက်တွေထဲ အရေးပါတာတွေကလွဲရင်
အသေးစိတ်တော့ လိုက်မပြောတော့ပါဘူး ။

     နောက်ဆုံးတစ်ချက်ပြောချင်တာကတော့ ပြည်တွင်းစစ်ကာလမှာ ကရင်အပါအဝင် တိုင်းရင်း
သားတွေရော ဗမာတွေပါ လုပ်ခဲ့ကြတဲ့ မင်းမဲ့လုပ်ရပ်တွေပါ ။ တချိန်မှာတော့ စာအုပ်စာပေ မှတ်
တမ်းတွေအနေနဲ့ ထွက်လာဖို့ လိုအပ်ပါတယ် ။ စားမြုံ့ပြန် နာကျည်းဖို့မဟုတ်ပါ ။ သိနားလည် အ
တွေ့ကြုံယူဖို့ပါ (နောင်ထပ်မမှားအောင် သင်္ခန်းစာယူဖို့ပါ) ။ ဒါပေမယ့် ဘယ်သူက ဘယ်သူ့ဖက်
ကို ဘယ်လို ဘယ်လောက်သတ်ခဲ့ကြတာဆိုတာမျိုး ဆန်စင်ရာ ကျဉ်ပွေ့လိုက်ချင်ကြသူတွေကို
ဘယ်လိုမှ တားလို့ရမှာတော့ မဟုတ်ပါဘူး ။ တစ်ခုတော့ ထောက်ပြချင်ပါတယ် ။ သတင်းထုတ်
ပြန်မှုကို ခေတ်အဆက်ဆက် အာဏာယူထားသူတွေကပဲ ချုပ်ကိုင်ပြီး လိုချင်တဲ့ပုံတွေ သွင်းခဲ့ရာ
မှာ မမှန်တာတွေကလည်း ထုနဲ့ဒေးဆိုတာ သတိပြုဖို့ပါ ။ ဥပမာအနေနဲ့ မော်လမြိုင်ရထား စီးနင်း
မှုအကြောင်းကို ပေးထားတဲ့လင့်မှာ သွားမြည်းစမ်းနိုင်ပါတယ် ။ မတူတဲ့ တင်ပြချက်တစ်ခုကို သိ
နိုင်အောင်ရယ်ပါ ။ (http://www.kicnews.org/?p=3713) ။

     ကျနော့်တစ်ယောက်ထဲ အမြင်အနေနဲ့တော့ သမိုင်းကို အနည်းအကျဉ်း ဆွေးနွေးထားတာ ရှိ
ပါတယ် ။ ဒီလင့်မှာဖတ်ပြီး ဆွေးနွေးနိုင်ပါတယ် ။
(http://mahnkoko.blogspot.com/2011/02/blog-post_17.html) ။
ရေးတာလည်း ရှည်သွားပါပြီ ၊ အပေါ်ကသတင်းနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမယ့် သွယ်ဝိုက်ဆွေးနွေး
ထားတာဖြစ်ပြီး FNG အနေနဲ့လည်း အားလုံးအကျိုးပေမို့ ဖေါ်ပြပေးဖို့ အခက်အခဲ မရှိဘူးလို့ ယူဆပါ
တယ် ။

---------------------------------------------------------

ပိုပြီးမြိုင်မြိုင်ဆိုင်ဆိုင် ဖတ်ချင်ရင်တော့ သက်ဆိုင်ရာဝက်ဆိုဒ်မှာ သွားဖတ်နိုင်ပါတယ် ။
(http://freedomnewsgroup.com/2011/04/20/karen-migration/)


မန်းကိုကို
၂၅၊ ၀၄၊ ၂၀၁၁

4 comments:

  1. မန်းရေ FNG ဆိုတာ နအဖ စေခံ ဘလောက်လို့ထင်တယ် ကျနော်နဲ့ သူငယ်ချင်တွေ မျက်ချင်းဆိုင်ပြီး တယောက်မှကြမ်းတမ်းတဲ့ စကားလုံးမသုံးကြနဲ့ ဒို့ကို အထင်သေးလိမ့်မယ်ဆိုပြီး ကွန်ပြူတာ တယောက် တလုံးနဲ့ ၁၂ယောက်ဝိုင်ဖွဲ့ပြီး ပို့ကွန်မန့်ရေးကြတယ် အဲဒီမှာ သူတို့ရဲ့အားနဲချက်ကိုရေးတာနဲ့ဖျက် ကရင် အာသာချက်ရေးတော့လဲဖျက်ပစ်တယ် vovo ပြောတဲ့ ဗမာသူတော်ကောင်းကြက်၁ကောင်ခိုးမလွှတ်ဘူးဆိုတာ မှန်နေသလိုဖြစ်နေပြီ
    ကွန်မန့်ထဲ မှာ ဧရာဝတီတိုင်းကရင်နဲ့ အခြာဒေသကရင်ကိုခွဲပြီးရေးလိုက်သေးတယ်။ ဗမာသူတော်ကောင်းကြက်၁ကောင်ခိုးမလွှတ်ဘူးလို့ အမြဲပြောနေတဲ့ ကိုvovo က ဧရာဝတီတိုင်းသား အနောက်ပိုးကရင် လို့ကျနော်သိထားတယ်ဗျ

    ReplyDelete
  2. ကွန်မန့်လာပေးတာ ဝမ်းသာပါတယ် ။
    ပြန်ဖြေရရင်တော့ ပို့စ်တစ်ခုနဲ့တောင် ပြီးမယ်မထင်ပါဘူး ။

    အတိုချုပ်ပြောရရင်တော့ ပထမဆုံးအနေနဲ့ နအဖ အစေခံဘလောက် ဆိုတာကိုပါ ။ ဒါကတော့ အချိန်က စကားပြောလိမ့်မယ် ထင်ပါတယ် ၊ ပြီးတော့လည်း ရန်-ငါစည်း ခွဲတာနဲ့စာရင် သူတို့ရဲ့ စောင့်ထိန်းတဲ့ကျင့်ဝတ်နဲ့ အဖွဲ့အစည်းရဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်စွမ်းအားတွေ လုပ်ကိုင်ပုံတွေကိုကြည့်ပြီး အားပေးတယ် အားမပေးဘူး ၊ ယုံကြည်တယ် မယုံကြည်ဘူးဆိုတာ ဆုံးဖြတ်သင့်တယ် ထင်ပါတယ် ။ ဥပမာ - မနှစ်က မျက်နှာဖုံးကျွတ်သွားတဲ့ အမေ့အိမ်ဘလော့ဟာလည်း စံနမူနာ တစ်ခုပါပဲ ၊ မမှန်တဲ့သူဆိုရင် ရေရှည်မှာ ဟန်ဆောင်ထိန်းထားလို့ မလွယ်ပါဘူး ။

    နောက်တစ်ခုက ကွန်မန့်လာရေးသူ အများကြီးဖြစ်နိုင်တာကြောင့် မသေချာတဲ့ အချက်တွေနဲ့ပတ်သက်လို့ သူတို့အပေါ် မပုံချသင့်ဘူး ထင်ပါတယ် ။ သေချာတာကတော့ ဘယ်သူမဆို ကိုယ့်မကောင်းပြောရင် မကြိုက်ကြတာနဲ့ အဲဒီက ကွန်မန့်လာရေးသူတွေထဲမှာ “သပ်”လာရိုက်သူ အချို့ပါတာပါပဲ ။

    ဒါ့ပြင် နားလည်ထားတာ တစ်ခုကတော့ လူတွေ တစ်ယောက်နဲ့တစ်ယောက် စကားနာအောင်ပြောပြီး မိတ်ဆွေဖွဲ့ဖို့ မဖြစ်နိုင်တာပါပဲ ။ ဒီတော့ vovo ရဲ့အရေးအသားတွေဟာ မြန်မာပြည်မှာ (ကြိုက်ကြိုက် မကြိုက်ကြိုက်) အတူယှဉ်တွဲ နေထိုင်သွားရမယ့်သူတွေကြား အထောက်အကူ မဖြစ်သလို ၊ ကရင်လူမျိုးတွေကြား ခွဲခြား ကွဲပြားတာတွေကိုလည်း နောက်ပို့စ်တစ်ပုဒ်လောက်မှာ ရေးထည့်မလား စိတ်ကူးနေပါတယ် ။

    ဘယ်လိုပဲဖြစ်ဖြစ် ကွန်မန့်လာရေးပြီး ပြောပြတာကောင်းပါတယ် ။ လူ ၁၂ ယောက်လောက် စုမိတယ်ဆိုတာလည်း ဝမ်းသာစရာပါပဲ ။ နောင်လည်း စိတ်ထဲရှိတာ ပြောပြဆွေးနွေးလို့ ရပါတယ် ။

    ReplyDelete
  3. ကျနော်တိုရိုင်းဆိုင်တဲစကားလုံးပါရင်သူတိုပိုကိုတင်ပေးပါတယ်အများသူငါကရင်
    ကိုအထင်သေအောင်ပေါကိုကအမှန်းအကန်အချက်အလက်နဲဆိုရင်တောသူတိုဖြတ်တောက်လိုက်အခြာလူလာဖတ်မရှင်မရှင်ဖြစ်အောင်ပေါအထင်မှားအောင်လည်
    ပါတာပေါ

    ReplyDelete
  4. အကောင်းဖက်က မြင်ကြည့်ရင်တော့ ဒါတွေက ကိုယ့်အတွက် စာတွေ ဆောင်းပါးတွေရေးဖို့ ၊ ဘလော့နဲ့ ဝက်ဘ်ဆိုဒ်တွေထောင်ဖို့ တွန်းအားတွေအဖြစ် လမ်းလွဲယူလို့ ရပါတယ် ။ ဒီဘလော့ဟာလည်း ဒီလိုနည်းနဲ့ တွန်းအားအသင့်အတင့် ရခဲ့တာမို့ ဒီလိုလူတွေကို ကျေးဇူးတင်ရမယ့် အပိုင်းလည်း ရှိပါတယ် ။

    တစ်ခုရှိတာက သတင်းဋ္ဌာန တစ်ခုနဲ့တစ်ခု မူတွေ (ပေါ်လစီတွေ) မတူသလို ဦးတည်ချက်ချင်းလည်း ကွာတတ်ပါတယ် ။ ဒီအထဲမှာ ထိန်းသိမ်းကိုင်တွယ်တဲ့လူရဲ့ စိတ်ခံစားမှုကလည်း သက်ရောက်မှု အနည်းနဲ့အများ ရှိတတ်တာ သတိမမေ့မိဖို့ လိုပါတယ် ။

    တဖက်မှာလည်း သတိပြုစရာက “ဗမာစာ” ဟာ တိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်စာမဟုတ်လို့ မကျွမ်းကျင်ပဲရေးရင် ချွတ်ယွင်းချက်တွေ အများကြီးရှိနိုင်ပါတယ် ။ ဘာလုပ်လို့ ရနိုင်မလဲဆိုတာ နည်းလမ်းရှာသင့် ရှာရပါမယ် ။ နောက်ပို့စ်တစ်ခုထဲ အရှည်ထည့်ရေးပါဦးမယ် ။

    ReplyDelete