ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, April 26, 2011

လူကြီးပြောတဲ့ “သတင်း ၊ အတင်း နဲ့ ....”


   အရှိကိုအရှိအတိုင်းပြောတော့ “သတင်း” ၊ ကိုယ့်ထင်မြင်ချက်လေး စွက်လိုက်ရင် “အတင်း” ၊ အပို
ဆာဒါတွေနဲ့ ချက်ကျလက်ကျပြောတော့လည်း “လေ့လာဆန်းစစ်မှု” ဆိုပြီး ဖြစ်သွားတယ်လို့ ဆိုကြ
တာပဲ ။ ကျနော်ပြောမှာကိုတော့ အဲဒီအထဲတွေမှာ စာရင်းသွင်းလိုသွင်း ၊ မသွင်းပဲ သီးခြား ထွင်လို
ထွင် ၊ ကျနော်ကတော့ ပြောချင်ရာပြောမယ့်သူဆိုတော့ ၊ တရားသူကြီးဟာ ခင်ဗျားပဲ ။ ဒါမှမဟုတ်
ဒိုင်လူကြီး ၊ လေ့လာသူ ၊ စူးစမ်းရှာဖွေသူ စသည်ဖြင့် ဂုဏ်ပုဒ်တွေလည်း ရှိသေးတာမို့ ကိုယ့်ဘာသာ တွေးပြီးဆုံးဖြတ်ဗျာ ၊ ကျနော်လည်း ခင်ဗျားစိတ်ထဲအထိ မကျူးကျော်ပါဘူး ။

   ကမ္ဘာ့သတင်းနဲ့ ကိုယ်တွေနဲ့ဆက်နွယ်နေတာလေးအချို့ကို ပြောမယ်ဗျာ ။

   ဆီးရီးယားသတင်းတွေက မျက်စိစူးစရာ ။
   အစိုးရကို ဖျက်သိမ်းလိုက်တယ် ၊ ထိပ်ဆုံးကလူကမဆင်းပဲ ခပ်တည်တည်နဲ့လုပ်နေတယ် ၊ သူနဲ့
များ မဆိုင်သလိုလို ။ အာဏာရှင်တွေရဲ့ သဘောသဘာဝပဲ ။ ဒီအချိုးမျိုး အီဂျစ်တို့ ၊ ယီမင်တို့မှာ
လုပ်ပြီးသွားပြီ ။

   ဆယ်စုနှစ်ပေါင်းများစွာ တည်ရှိခဲ့တဲ့ အရေးပေါ်ဥပဒေကို ဖျက်သိမ်းလိုက်တယ် ၊ ခွင့်တောင်းစရာ
မလိုပဲ တရားဝင်ဆန္ဒပြလို့ရတယ်ဆိုတဲ့သဘော ။ ဒါပေမယ့်ပြီးတာနဲ့ ဖမ်း ၊ ရိုက် ၊ ပစ်နဲ့ လက်နက်မဲ့
တွေအပေါ် လက်နက်ရောအင်အားပါသုံးတယ် ။ ခုဆို ပလီတွေထဲတောင် မရှောင်တော့ဘူး ၊ သံ
ဃာစင်လည်း မှောက်ပြီ ။ လူတွေရဲ့စိတ်ကို နာကျည်းသွားအောင်လုပ်ပြီးမှ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့
ဆုတောင်း ရဦးမလား ။

   အာရပ်တွေမှာလည်း မြန်မာပြည်လိုပဲ လူမျိုးစုပေါင်းစုံရှိတယ် ။ မကောင်းဆိုးရွားဟာ ခြံထဲကခုန်
ထွက်မယ့်ဆဲဆဲ အနေအထား ၊ ခြေလှမ်းမှားတာနဲ့ လစ်ဗျားအပါအဝင် သွေးချောင်းတွေ အချိန်မရွေး
စီးဖို့အလားအလာတွေက တလက်လက် ။



   ဝေးတာတွေထားလိုက်တော့ ၊ နီးနီးနားနား ထိုင်းနိုင်ငံကလည်း လှုပ်လှုပ် လှုပ်လှုပ် ။
   ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတင် ကမ္ဘောဒီးယားနဲ့ ဆော်ပလော်တီးလိုက်တာ ဧရာမအမြောက်ကြီးတွေ ၊
တင့်ကားတွေ ၊ ဂျက်တိုက်လေယာဉ်တွေပိုင်တဲ့ မိတ်ဆွေထိုင်းနိုင်ငံရဲ့စစ်သားတွေ ကားကနဲ ကားကနဲ ။

   သူစတာ ငါစတာနဲ့ ငြင်းတာက ငြင်းတာပဲ ၊ ဒါပေမယ့် အငြင်းပွားနေတဲ့ နယ်မြေတွေထဲက Preah
Vinear ဟိန္ဒူဘုရားကျောင်း ဆိုတာကတော့ ၁၉၆၂ ခုနှစ်ကတည်းက ကမ္ဘောဒီးယားပိုင်တယ်လို့ ကမ္ဘာ့
တရားရုံးက ဆုံးဖြတ်ပေးပြီးသား ။ အမျိုးသားရေးများ ကြောက်စရာကောင်းပုံက ၊ အသေသာခံမယ်
ကိုယ့်ဖက်က လုံးဝမလျှော့ဘူး ဆိုတဲ့အချိုး ။

   ဒါပဲလား ၊ ဘယ်ကမတုံး ၊ ကမ္ဘောဒီယားခေတ်ပျက်စဉ်က ထိုင်းဖက်ပြေးလာခဲ့တဲ့ ခိုလှုံသူတွေကို
လက်မခံခဲ့ပဲ မိုင်းကွင်းတွေထဲ ဒီအတိုင်းပြန်မောင်းထုတ်လိုက်တာကို မမေ့သေးသူတွေရှိသည် ။ ဒါ
တင်မက ကမ္ဘောဒီးယားတွေကို နှိမ်ပြီးဆက်ဆံခဲ့ ၊ ဆက်ဆံနေဆဲအနေအထားကို ဆောင်းပါးရေး
သူအချို့က ဝန်ခံထားတာရှိသည် ။ ဒါပေမယ့် အင်္ကျီအဝါဝတ် ထိုင်းအမျိုးသားရေးဝါဒီတွေကိုတော့
တားဆီး၍ မရနိုင် ၊ ဒီလူတွေက နယ်စပ်သွားပြီး ပျားအုံကို တုတ်နဲ့သွားထိုးမယ်ဆိုတာကနေ မလျှော့ ။


   ယမ်းမီးတွေပွင့်နေလို့ မြန်မာပြည်က ရွှေ့ပြောင်းအလုပ်သမားတွေကိုတော့ မမေ့လိုက်ကြပါနဲ့ ။
ထိုင်းအလုပ်သမားဝန်ကြီးဋ္ဌာနက မှတ်ပုံမတင်တဲ့ မြန်မာပြည်ကအပါအဝင် တရားမဝင်အလုပ်သ
မားတွေကို ဘင်္ဂလားဒေ့ရှ်နဲ့ အင်ဒိုနီးရှားက အလုပ်သမားတွေနဲ့ အစားထိုးမလို့တဲ့ ။ ရင်ဖိုစရာ ။

   အဆိုးအကောင်း ဒွန်တွဲနေတာက အဲဒီအလုပ်သမားသစ်တွေ ဆောင်ယူလာမယ့် လူမှုရေးပြဿ
နာနဲ့ ရောဂါ စတာတွေ ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက မလေးရှားမှာ အင်ဒိုနီးရှား တစ်
သန်းလောက်ရှိတယ်လို့ မလေးတွေက ပြောကြတယ် ။ အဲဒီတုန်းက (သူတို့ နိုင်ငံသား) ကုလားတွေ
ခုလို မဆိုးသေး ၊ ထစ်ကနဲဆို ဘယ်သူလဲကြည့်စရာမလို - အင်ဒိုနီးရှားတွေ ။ မြန်မာပြည်သားတွေ
နဲ့ပတ်သက်လို့ Cheras ဖက်မှာ အလုပ်ပိတ်လို့ဖဲရိုက်နေတဲ့ မြန်မာပြည်သား ၁၅ ယောက်လောက်
ကို ဒါးပြသွားအတိုက်ကောင်းတာ ဟိုကဝိုင်းဆော်လိုက်လို့ ၃-၄-၅ ယောက်လောက် မသာပေါ်သွား
ဖူးတယ် ။ Balakong မှာတော့ ဒါးပြအတိုက်ခံရတဲ့ မြန်မာပြည်သားထဲက တစ်ယောက်ထဲချွန်ပြီး ခုခံ
ရာက နံကြားကို ဒါးကောက်ဝင်သွားလို့ လနဲ့ချီပြီးဆေးရုံတက်လိုက်ရသူလည်း ရှိခဲ့သကိုး ။ (ဒီလိုဇာတ်
လမ်းတွေက တထောင့်တညမို့ နောင်မှဆက်မယ်) ။

   ဘင်္ဂလားတွေကတော့ ကံကောင်းပါ့ ။
   သူတို့အစိုးရကောင်းပုံများ ပြောပါတယ် ၊ ပတ်စ်ပို့ပျောက်သွားလား ၊ ပေး .. ဒဏ်ကြေး ရင်းဂစ်
၂-၃၀၀ ၊ စာရွက်ဖြည့် ၊ နောက်တစ်ပတ်နေရင် သံရုံးမှာ (ဗလာ) ပတ်စ်ပို့ လာယူ ။ work permit
လား ၊ ကိုယ့်ဘာသာလုပ်ယူပေါ့ ၊ အတုပဲထုထု အစစ်ပဲလုပ်လုပ် ။

   ခုနှစ်မမှတ်မိပေမယ့် တစ်ကြိမ်မှာ တရားမဝင်အလုပ်သမားတွေကို မလေးရှားက မောင်းထုတ်
မယ်လုပ်တော့ ၊ ဘင်္ဂလားဒေ့ရှ် အလုပ်သမားဝန်ကြီးက လေယာဉ်နဲ့ပြေးချလာတယ် ။ Subang
လေဆိပ်ဟောင်းမှာဆင်းလာတော့ “We Love Malaysia” ဆိုတဲ့ ပိတ်စပေါ်မှာကပ်ထားတဲ့ စာ
တန်းကြီးကိုကိုင်လို့ ။ လူပျက်များပြောသလို “ပေါရဲလိုက်တာ ဟယ်” အချိုးပေါ့ ။ ဝန်ကြီးကတော့
ခပ်တည်တည်ပဲ ၊ သူ့လူတွေ အဆင်ပြေနိုင်ဖို့ ဒူးပဲဖက်ရဖက်ရ ။

   ပြဿနာရှိတာက ဆင်ခြေထောက်ရောဂါလိုဟာတွေ သူတို့ဆီမှာပေါတယ် ။ ဆယ်ယောက်လာ
ရင် အနည်းဆုံးသုံးယောက်လောက်ကတော့ ရောဂါတစ်ခုပါတယ် ။ ပြီးတော့ အရင်က လူနည်းတော့
ကုပ်နေတယ် ၊ ခုနေလူများလာတော့ ပုံစံကတစ်မျိုးပေါ့ ။

   ထိုင်းနိုင်ငံမှာ တရားမဝင်အလုပ်သမားတွေ ဘာလို့မှတ်ပုံမတင်သလဲ ။
   မြန်မာအစိုးရမကောင်းလို့ပေါ့ ၊ ပြောရတာလွယ်တယ် ။ ဒါပေမယ့် ထိုင်းတွေထုတ်တဲ့ဥပဒေနဲ့ အ
ကောင်အထည်ဖေါ်သူတွေမှာတော့ အပြစ်ရှာလို့က မရ ။ ထူးဆန်းသည် ၊ မှန်ထဲကြည့်တာ ဘာမျှ
မတွေ့ ဆိုသလိုပဲ ။ သွေးဖုတ်စုပ်ကောင်များလား ထင်ရသည် ၊ (ငွေကြေးနဲ့ ပတ်သက်ရင်တော့
ဟုတ်ကောင်းဟုတ်မည်) ။

   ဒီနိုင်ငံ ၊ ဒီလူတွေ တွေ့ကြရင်တော့ .. “ဘုန်းကြီးရူးနဲ့လှေအလူး” ပဲလား ၊ စိုးရိမ်ပြီးနေရမလား ၊
ဆုပဲတောင်းပေးနေရ မှာလား ... လား ပေါင်းများစွာ ။


   မေ့နေတာတစ်ခု ၊ ထိုင်းနိုင်ငံ Map Ta Phut ဆိုတဲ့နေရာမှာ ပတ်ဝန်းကျင်ညစ်ညမ်းနေလို့ ပြဿ
နာတက်နေတာ မှတ်မိသမျှတော့ နှစ်ပေါင်းမနည်းတော့ ။ သတင်းမွှေးတဲ့ စီးပွားရေး / စက်မှုဇုံလေ ။

   ခုတော့ အဆင်ပြေတော့မည် ၊ ထားဝယ်ဖက်ကို အမြန်ဆုံးရွှေ့မယ့်သဘောသဘာဝတွေကို မြင်
သည် ၊ မြန်မာပြည်တော့ စီးပွားကံကောင်းတော့မည် ။ အဲ ... ထင်သည် ။

   ဝမ်းနည်းပါတယ် မိတ်ဆွေ ဒီတစ်ခါတော့ ကျနော် မဝေဖန်ပေးပါ ။
   သင်သာလျှင် သင့်ရဲ့အရှင်သခင်မို့ ၊ ဒီသတင်း / အတင်း / ... မှာလည်း ခင်ဗျားသာ ...


မန်းကိုကို
၂၆၊ ၀၄၊ ၂၀၁၁

1 comment:

  1. အပေါ်မှာ ရေးခဲ့တဲ့အထဲ ဆီးရီးယားနဲ့ပတ်သက်လို့ တစ်ခုမေ့သွားတယ်ဗျ ။
    ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းလို့ လွှတ်တော်ကိုယ်စားလှယ်နှစ်ယောက် နှုတ်ထွက်သွားခဲ့တဲ့ သတင်းကိုပါ ။ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင်လုပ်မယ့် လူမျိုးတွေလည်းရှိပြီး စွန့်စားရတဲ့ ဆုံးဖြတ်ချက်မျိုး ချရဲသူတွေကိုတွေ့ရတာ အားကျသဗျာ၊ ကျနော်တို့ဆီမှာလည်း ဒီလိုလူတွေရှိဖို့ မျှော်လင့်မိတာပါပဲ ။

    ကမ္ဘောဒီယားနဲ့ပတ်သက်လို့ ၊ ခိုလှုံသူတွေကို မိုင်းကွင်းထဲ ပြန်မောင်းထုတ်တယ်ဆိုတာ ထိုင်းလူမျိုးတွေ ရေးသလောက်ပဲသိပြီး ၊ အသေးစိတ်တော့ မသိခဲ့ပါဘူး ။ ဒါပေမယ့် ဒီစာရေးမှ ဂူဂယ်လုပ်ကြည့်တော့ ဝီကီပီဒီယာမှာ သွားတွေ့ပါတယ် ။ (http://en.wikipedia.org/wiki/Preah_Vihear_Temple) ။ ဒီလောက် ဆိုးမယ် မထင်ခဲ့မိဘူး ၊ ခိုလှုံသူတွေကို တွန်းချခဲ့တယ်ဆိုတဲ့ ချောက်ကမ်းပါးကို ပို့စ်ထဲကပုံနဲ့တွဲပြီး စိတ်ထဲပုံဖေါ်ကြည့်ရင် အတော်စိတ်မကောင်းစရာပါ ။ ဆက်စပ်တွေးချင်စရာတွေလည်း အများကြီးထွက်လာပါတယ် ။

    (ဝီကီပီဒီယာမှာ ပါတဲ့အရာတွေကို ၁၀၀% အားမထားမိဖို့ သတိထပ်ပေးချင်ပါတယ် ၊ ဒါပေမယ့် အနည်းဆုံးတော့ အစဖေါ်ပေးတဲ့ နေရာအဖြစ် သတ်မှတ်ရှာဖွေလို့ရပြီး တခါတရံလည်း ပညာရှင်တွေ သုတေသနလုပ်တဲ့ အဆင့်မျိုးကလွဲရင် အားထားလို့တော့ ရပါတယ်) ။

    ReplyDelete