ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, April 15, 2011

ဗုံးတစ်လုံး



     ကြည့်သောသူမြင်၏ ။

     ကြည့်စရာလည်းမလိုဘူး ၊ ကင်းစောင့်သလို စောင့်နေစရာလည်းမလိုဘူး ၊ ဗုံးက ကိုယ့်ငယ်
ထိပ်ပေါ်တည့်တည့်ကိုလာကျတာ ။ ကိုယ်မြင်တာကိုပြောတာပါ ။ ဖုန်တစ်မှုန့် ၊ ဖြုတ်တစ်ကောင်
လောက်တောင် သတိမမူမိတဲ့ မျိုးချစ်တိုင်းရင်းသားများ (အထူးသဖြင့် ကရင်တွေ) ကတော့ အ
များကြီးရှိနေနိုင်ပါတယ် ။

     ရည်ညွှန်းတဲ့ “ဗုံး” ကတော့ ဘန်ကောက်ပို့စ်ထဲ ဒီလ ၁၂ ရက်နေ့မှာပါလာတဲ့ ထိုင်းနိုင်ငံအမျိုး
သားလုံခြုံရေးအကြီးအကဲနဲ့ ဝန်ကြီးချုပ်တို့ရဲ့ မြန်မာပြည်ကလာတဲ့ ခိုလှုံသူတွေအားလုံးကို ပြန်ပို့ဖို့
ဆွေးနွေးတိုင်ပင်ကြတယ် ဆိုတဲ့သတင်းပါ ။ ဘယ်တော့ဘယ်လိုပုံစံလည်းဆိုတာ အတည်မပြုရ
သေးပေမယ့် လုပ်ဖို့ရည်ရွယ်တယ်ဆိုတာနဲ့ မြန်မာအာဏာပိုင်တွေနဲ့ စကားပြောနေတယ်ဆိုတာ
တွေကတော့ သေချာပါတယ် ။

     ဒေသတွင်းက နိုင်ငံရေးဦးတည်ရာ ၊ စီးပွားရေးအရဆက်နွယ်မှု ၊ စစ်ရေးအရ အရေးပါပုံနဲ့
ဆက်နွယ်တဲ့အာဏာပိုင်တွေ တနည်းအားဖြင့် နေထိုင်ကြသူတွေရဲ့ လူမှုရေးဆိုင်ရာ အခြေခံတွေ
ကို သိ မြင်မိသူအများစုကတော့ တစ်နေ့ဒီလိုဖြစ်လာမယ်ဆိုတာ တွက်မိကြမှာပါ ။

     ထိုင်းနိုင်ငံရဲ့ စနစ်ကြီးတစ်ခုလုံးဟာ ပဒေသရာဇ်စနစ်ရဲ့ အထက်အောက်ဆက်ဆံရေးပုံစံကနေ
ရုန်းမထွက်နိုင်သေးပါဘူး ။ ဘုရင်ကိုထိခိုက်တယ်ဆိုတာမျိုးနဲ့ အမျိုးသားလုံခြုံရေးလို့နာမည်တပ်
လိုက်တာနဲ့ တော်ရုံအရာတွေကိုခေါက်ထားပြီး အာဏာပိုင်တွေရဲ့ အလိုကျစီစဉ်ရာလမ်းကို မလွဲမ
သွေဖြတ်သန်းရတဲ့နိုင်ငံပါ ။ လူနည်းစုတွေနဲ့ပတ်သက်လို့လည်း စတေးဖို့ဝန်မလေးတာ မုံးလူမျိုးနဲ့
ရိုဟင်ဂျာတွေရဲ့အဖြစ်တွေက ရှေ့မှာနမူနာရှိပြီးသား ။

     မြန်မာပြည်တွင်းမှာကလည်း အာဏာပိုင်တွေရဲ့ အကြွင်းမဲ့အနိုင်ယူချင်တဲ့စိတ်ထားဟာ ဘယ်လိုမှ
ဖုံးကွယ်လို့ရတဲ့အရာ မဟုတ်ပါဘူး ။ အခုအစိုးရသစ်တက်တယ်လို့ဆိုရာမှာလည်း ခိုလှုံ သူတွေအတွက်
အရင်က အသေအကြေလိုက်သတ်တာလည်း ဒီလူတွေ ၊ ခုတော့လည်း အဝတ်အစားလဲပြီး ထွက်ပြေး
တဲ့သူတွေပြန်လာဖို့ စီစဉ်မယ်ဆိုတာလည်း ဒီလူတွေဆိုတော့ သဘာဝမကျတာ သေချာပါတယ် ။ ဒါ
ပေမယ့် ကိုယ့်မျှော်မှန်းချက်နဲ့ကိုယ်မို့ သဘာဝကျပါတယ်လို့ အာယားလျှာယားနေတဲ့ ပုဂ္ဂိုလ်နဲ့ နိုင်ငံ
တွေကလည်းအများသား ။

     ဒီလိုနောက်ခံတွေနဲ့ သိန်းနဲ့ချီတဲ့လူတွေရဲ့အနာဂါတ်ဟာ မရေရာပေမယ့် မျိုးချစ်တိုင်းရင်းသား
ကြီးတွေ (အထူးသဖြင့် တတိယနိုင်ငံရောက်နေကြသူတွေ) ကိုကြည့်တော့ တစ်ကိုယ်ရည်စိတ်ချမ်း
သာဖို့ ၊ မိသားစုဖို့ ၊ လောကုတ္တရာဖို့တွေနဲ့ လုံးထွေးနေကြတာများပြီး စိတ်ဓါတ်ပြင်းထန်သူတွေကျ
ပြန်တော့ အလုပ်ဖြစ်အောင်မလုပ်နိုင်ကြပဲ စိတ်အာသာပြေရုံ ကြိမ်းဝါးနေကြရင်းနဲ့ ပြီးနေကြသ
လားဆိုတာ ပြောရင်စိတ်ထဲတရွရွနဲ့ မို့ မပြောတော့ဘူး ။ (ဆက်ပြောရင် ဆဲမိလိမ့်မယ် ) ။

     - ခုဖြစ်နေတာတွေဟာ ဒီလောက်နဲ့ ရပ်သွားမလား ။
     - အချိန်လွန်နေပြီလား ၊ ဘာမှလုပ်လို့မရတော့ဘူးလား ။
       (တိုင်းရင်းသားအဖွဲ့အစည်းနဲ့ သတင်းဋ္ဌာနတွေ တာဝန်ကျေကြလား ၊ ဘလော့တွေကော
       ရတဲ့သတင်းလေးတွေ လက်ဆင့်ကမ်းပေးရုံနဲ့ ပြီးမှာလား) ။
     - နည်းလမ်းတွေပူးပေါင်းရှာကြည့်ခဲ့ပြီးကြပြီလား ။ မဟုတ်ရင်လည်း ကိုယ့်အားနည်းချက်တွေ
       ကို ဆေးမီးတိုတွေနဲ့တင် ကြိတ်ကုသလိုလုပ်နေခဲ့ကြသလား ။
     - တိုင်းရင်းသားတွေ သူများပေးစာကမ်းစာနဲ့တင်ကျေနပ်ပြီး မိန်းမောမျှောလိုက်နေခဲ့ကြသ
       လား ။

     - မဟာမိတ်အဖွဲ့တွေတွင်တွင်ဖွဲ့ပြီး အဆုံးသတ်တော့ ကိုယ့်ကိုထိမှမီးပွင့်မယ်လို့ လှောင်ချင်
       စရာမျိုးတွေနဲ့ အဆုံးသတ်ကြဦးမှာလား ။
     - အဖြေရှာဖို့ထက် အပြစ်ဖို့ဖို့က အရေးကြီးသလား ။
     - တော်လှန်ရေးမှာ ဒီမိုကရေစီစနစ်နဲ့ လုပ်လို့မရဖူးဆိုပေမယ့် ပွင့်လင်းမြင်သာမှုတွေ ရှိဖို့လို
       လာပြီလား ။

     - တော်လှန်ရေးဆိုတာ မိသားစုလုပ်ငန်းလား ၊ တစ်ရွာစာလုပ်ငန်းလား ၊ အားလုံးနဲ့ဆိုင်သ
       လား ။
     - အားလုံးနဲ့ဆိုင်ရင် အားလုံးဆီအထိရောက်အောင် သတင်းမျှဝေ လူတွေကိုစည်းရုံးလက်ကမ်း
       ကြိုသင့်သလား ။
     - မူဝါဒနဲ့ လုပ်ငန်းစဉ်ရည်ရွယ်ချက် လုပ်ဆောင်ချက်တွေကို အများမြင်အောင် ချပြသင့် လုပ်
       ပြသင့်သလား ။ (တစ်နည်းအားဖြင့် အကျိုးကျေးဇူးရှိအောင် လုပ်နိုင်တယ်ဆိုတာ လက်ဆုပ်
       လက်ကိုင်ပြဖို့ ကြိုးစားသင့်သလား) ။

     အများကြီးလည်း မကွန့်ချင်တော့ဘူး ။ စကားတစ်ခွန်းကို ထပ်ပြောရပြန်ဦးမယ် ။ စိုက်တဲ့အ
တိုင်း ရိတ်ရလိမ့်မယ်တဲ့ ။ ဘာမှမစိုက်ရင်တော့ အချိန်တန်ရင် အလွယ်တကူ “မြက်” ပဲ ရမှာပေါ့ ။
ကေသရာဇာင်္ခြသေ့မင်းလို ဟိန်းဟောက်ရတာ လွယ်ပါတယ် ။ ဒါပေမယ့် အမဲမလိုက်ချင်ရင် ၊ မ
လိုက်တတ်ရင် ၊ လိုက်တတ်အောင်မကြိုးစားရင်တော့ အချိန်သင့်တဲ့အခါကျရင် ရှိတာ ရတာကိုပဲ
စားရဖို့ လမ်းမြင်ပါတော့တယ် ။


မန်းကိုကို
၁၅၊ ၀၄၊ ၂၀၁၁

10 comments:

  1. ကရင် တစ်ယောက်မကျန်
    ရန်ကုန်ဆင်းပြီး လည်စင်းမခံသ၍
    ကရင်တော်လှန်ရေးဘယ်တော့မှ
    မကျဆုံးဘူး
    ခေါင်းဆောင်ကောင်းတို့ရဲ့ နေထိုင်ဆောင်ရွက်ချက်တွေဟာ အမှုမဲ့အမှတ်မဲ့မဟုတ်ဘူး။ ပေါ့ပျက်ပျက်မဟုတ်ဘူး။
    အပေါ်ယံကြောမဟုတ်ဘူး။
    နေချင်သလိုနေ၊ ပြောချင်သလို
    ပြော။လုပ်ချင်သလိုလုပ်တဲ့လူတွေ
    ဟာ ဘယ်တော့မှ ခေါင်းဆောင်ကောင်း
    ဖြစ်မလာနိုင်ဘူး။
    ဒီကနေ့မျက်မှောက် အရေးကြီး
    တာက,လူထုရပ်တည်မှုပဲ။
    လူထုဟာ ဘယ်တော့မှ
    မဖေါက်ပြန်ဘူး။
    လူထုကိုမစည်းရုံးနိုင်ခြင်းဟာ
    လူထုပြဿနာ မဟုတ်ဘူး။
    မိမိရဲ့ပြဿနာသာဖြစ်တယ်။
    ဒါကြောင့်လူထုတရပ်လုံး မိမိကိုထောက်ခံအားပေးလာ အောင်အစွမ်းကုန်ကြိုးစားကြ
    ရမယ်။ အရေးအကြီးဆုံးကတော့
    လူထုဆန့်ကျင်ရေးလုပ်ရပ်
    အားလုံးကို ရှောင်ရှားကြဘို့နဲ့
    ရန်သူကိုတိုက်ဘို့ လိုအပ်တယ်။
    + ကရင်လူငယ်.... အို…မောင်မယ်တို့၊ ဒို့ဘိုးဒို့ဘွား ရှေးလူများ၏ ထားခဲ့အမွေ ရိုးရာတွေနှင့်၊ စာပေစကား

    ဓလေ့များကို၊ မှတ်သားနားယူ နောင်လာလူတွက်၊ မူဟောင်းမကြဉ် မူသစ်ထွင်၍၊ ကရင်မျိုးဂုဏ်

    အလုံးစုံကို၊ သင်းထုံးအေးမြ မြဲမွှေးရအောင်၊ အမျိုးချစ်တတ် စိတ်ဓာတ်လေးများ၊ ထားတတ်ကြပြီး မပျောက်မပျက်၊ ထိန်းသိမ်းလျက်နဲ့ ခန်းဆက်တာဝန် ကျေစေချင်။

    ReplyDelete
  2. “ကရင်တော်လှန်ရေးဘယ်တော့မှ မကျဆုံးဘူး”
    ဟုတ်ပါတယ် ၊ မကျဆုံးတာ ကောင်းပေမယ့် မအောင်မြင်တာကတော့ သိပ်ကောင်းလှတယ် မဟုတ်ဘူးဆိုတာ မမေ့ပါနဲ့ ။

    “ခေါင်းဆောင်ကောင်းတို့ရဲ့ နေထိုင်ဆောင်ရွက်ချက်တွေဟာ အမှုမဲ့အမှတ်မဲ့ မဟုတ်ဘူး။”
    ဖြစ်နိုင်ပါတယ် ။ ဒါပေမယ့် ဝါးလုံးခေါင်းထဲမှာ ၊ ဒဏ္ဍာရီထဲမှာ အောင်းနေလို့ မရဘူး ။ လူလုံးပြရတယ် ၊ အလုပ်လုပ်ပြရတယ် ၊ နာမည်တစ်လုံးကို သက်သေ သာဓကနဲ့ တည်ဆောက်ယူရတယ် ။

    “ဒီကနေ့မျက်မှောက် အရေးကြီးတာက,လူထုရပ်တည်မှုပဲ။”
    လူထုဟာ အဲဒီအတိုင်း အသေလို ရပ်နေလို့ မရဘူး ။ အချိန်အပါအဝင် အရာရာဟာ ရွေ့ရှားနေတယ် ။ လူထုဟာ ကိုယ့်ခြေပေါ်ကိုယ်ရပ် ၊ ကိုယ့်လမ်းကိုယ်ဖေါက် ၊ ကိုယ့်ခေါင်းဆောင်တွေကို ကိုယ်မွေးထုတ် ၊ ကိုယ့်ခေါင်းဆောင်နဲ့ အပြန်အလှန် လမ်းပြ ဖေးမ အတူလျှောက်ကြမှ ကိုယ့်နဲ့တန်တာ ကိုယ်ရမယ် ။

    “ရန်သူကိုတိုက်ဘို့ လိုအပ်တယ်။”
    လောကမှာ အရင်ဆုံး အောင်နိုင်ရမှာက ကိုယ်ကိုယ်တိုင်ပဲ ။ ကိုယ့်နဖားတောင် ကိုယ်မနိုင်ရင် သူများကိုဆိုရင်တော့ ...

    စကားလုံး စကားစုတိုင်းမှာ အဓိပ္ပါယ်ကိုယ်စီ ဆောင်နေကြတယ် ။
    စူးစိုက်သတိထားရင် အားနည်းချက်တွေကို မြင်လာလိမ့်မယ် ။
    အားနည်းချက် ကင်းတဲ့စာ အင်မတန်ရှားတယ် ။
    အားနည်းချက် နည်းတဲ့စာတွေကိုပဲ ဖန်တီးလို့ရကြတယ် ။
    အာရုံစူးစိုက်ရင် အမှားနည်းတယ် ။
    ဝိုင်းဝန်းပူးပေါင်း လုပ်ကိုင်ရင်တော့ အမှားပိုနည်းတတ်တယ် ။

    ဘာလုပ်ချင်လည်း ၊
    ဘာဖြစ်ချင်လည်း ၊
    ကိုယ့်လမ်းကိုကိုယ် ရွေးခွင့်ရှိကြတယ် ၊
    ဒါပေမယ့် တစ်ယောက်ထဲ ရပ်တည်နေတာမဟုတ်လို့ ရွေးစရာတွေမှာ အကန့်အသတ် ရှိလာတယ် ။

    ဒီတော့တစ်ယောက်ထဲ လျှောက်ရကောင်း လျှောက်ရမယ် ။
    ချီးမွမ်း ကဲ့ရဲ့တာတွေ ခံရမယ် ။
    ဒါတွေကိုတော့ ရွေးလို့မရဘူး ၊ ဆက်လျှောက်ရမှာပဲ ။

    ReplyDelete
  3. အပင်မြင့်လေ လေတိုးခံရလေပဲ အတွေးတူတာတွေ ရှိရင် လက်တွဲလုပ်ကြ
    အောင်မြင်မှူကို ရကြမှာပါ

    ReplyDelete
  4. အပေါ်ဆုံးကကွန်မန့်ကို လေလာတိုးတာလို့ သဘောမထားပါဘူး ။
    ဘဝမေ့မှာစိုးလို့ လက်လာတို့တဲ့ လုပ်ရပ်လေးလို့ ယူဆပါတယ် ။ ဒါကြောင့်လည်း ဟာနေတယ်လို့ ထင်တာတွေကို ပြန်ဆွေးနွေးပေးလိုက်တာပါ ။

    “အတွေးတူတာတွေ ရှိရင် လက်တွဲလုပ်ကြ” ဆိုတာကတော့ ရပ်တည်ရာနဲ့ လူအပေါ် မူတည်ပြီး အမျိုးမျိုးဆွဲတွေးလို့ ရပါတယ် ။ ဘယ်ကဏ္ဍကနေ ရပ်တည်ပြီး ပြောမှန်းမသိလို့ ပြန်မဆွေးနွေးတတ်ပါဘူး ။

    ReplyDelete
  5. လက်တွေမပါတဲသဘောတရာရေးဟာအမြုံနဲတူသလို သဘောတရာရေးမပါတဲလက်တွေ့ဟာလည်အကန်နဲ့တူတယ်တဲ့

    အသက်ပေးသွားတဲ့ရဲဘော်တွေခေါင်းဆောင်တွေဟာပြည်သူတွေအပေါ်မှာဘာကိုမှမမျှော်ကိုးဘူးသူတို့လိုချင်တာကပြည်သူတွေရဲပူပေါင်းဆောင်ရွက်မှုနဲ့နာလည်မှုကိုသာလိုချင်တာပါ

    ReplyDelete
  6. သဘောတရားရေးနဲ့ လက်တွေ့ဆိုတာ ဘိလပ်မြေနဲ့ ရေလိုပါပဲ ၊ ပေါင်းစပ်နိုင်မှ အကျိုးများမယ်ဆိုတာ မှန်ပါတယ် ။

    ဒါပေမယ့် ချွင်းချက်တွေ ရှိတာကိုတော့ သတိထားရပါမယ် ။
    ကျောင်းဆရာကို ကုန်ထမ်းခိုင်းလို့ အလုပ်မဖြစ်သလို ၊ ကျောက်ထုသမားဆီက ဒဿနစကားတွေ ကြားရဖို့ မျှော်နေရင်လည်း လက်တွေ့သိပ်မကျပါဘူး ။

    အသက်ပေးသွားကြတဲ့ ရဲဘော် ၊ ခေါင်းဆောင် ၊ အရပ်သားတွေ အားလုံးအတွက် တန်ဖိုးရှိတဲ့ ၊ အဓိပ္ပါယ်ပြည့်ဝတဲ့ ၊ လူသိသူသိ ရည်မှန်းချက်နဲ့ ဦးတည်ရာရှိတဲ့ စွန့်လွတ်မှုမျိုးတွေတော့ ဖြစ်စေချင်တယ် ။ အလဟဿ လူမသိသူမသိ ပျောက်ကွယ်မသွားစေချင်ဘူး ။

    ဘယ်သူ ဘယ်အဖွဲ့အစည်းမဆို ၊ ပြည်သူလူထုရဲ့ နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုကို လိုချင်ရင် လိုအပ်ရင် ၊ ဖြစ်စေချင်တာနဲ့ ကိုက်ညီအောင်လုပ်ရမှာပဲ ။ ဒီနေရာမှာလည်း သဘောတရားရေးနဲ့ လက်တွေ့ကို ပေါင်းစပ်ပြီး သင့်တော်တဲ့ နည်းလမ်းတွေနဲ့ လျှောက်သွားနိုင်မှ အောင်မြင်မှာပါ ။ စီးပွားရေးအမြင်နဲ့ဆို ကိုယ့်စီးပွားအောင်မြင်ပြီး အမြတ်အစွန်းပါ ရနိုင်ဖို့လုပ်ရာမှာ ဖောက်သည် / ဈေးဝယ်သူ (customers) နဲ့ စီးပွားရေးကြားမှာ ထိတွေ့ဆက်ဆံမှု ၊ သူတို့လိုချင်တာကို ဖြည့်ဆည်းပေးရမှုတွေ လိုပါတယ် ။

    ဒီတော့ ၊ သိအောင်လုပ်တဲ့ ကြော်ငြာကဏ္ဍ ၊ သုံးစွဲသူတွေ ကြိုက်နှစ်သက်မယ့် အရည်အချင်းမီ ကုန်ပစ္စည်း ၊ အလွယ်တကူ ဝယ်နိုင် သုံးနိုင် သယ်နိုင်အောင် စီစဉ်ပေးတဲ့ ဝန်ဆောင်မှု ၊ စသည်ဖြင့် အားလုံးလိုပါတယ် ။

    ဒါတွေမသိလို့ မလုပ်နိုင်ရင်ကော အပြစ်လားလို့မေးရင် ၊ အပြစ်တော့ မဟုတ်ဘူးလို့ ဖြေရပါမယ် ။ ဒါပေမယ့် လိုချင် ဖြစ်ချင်တာ ရမလားဆိုရင်လည်း ၊ ဟင့်အင်းလို့ပဲ ဖြေရပါမယ် ။

    ReplyDelete
  7. သိမ်ကောင်းတဲတုန်ပြန်မှုလေဘဲ ကိုမန်
    အ၇င်ကဒီဘလောလေကိုမန်တလေသားဗမာတယောက်ရဲဘလောလိုထင်ခဲတာ
    ဒါကြောင့်လာလေ့မရှိသလိုကိုမန်ရေးတဲစာတွေလည်ဖတ်လေမရှိပါဘူးအစွန်ရောက်တာမဟုတ်ချီဆိုတာနံ့တယ်မကိုင်တာဘဲကောင်းတယ်ဆိုပြီးရှေကရင်လူကြီးတွေပြောလေရှိပါတယ် ၇ှိင်းသွားရင်ခွင့်ပါအေ၇းအသားအပေါ်မှာပါ

    ReplyDelete
  8. မန္တလေးသားလို့ထင်တာ ဖြစ်တတ်ပါတယ် ၊ http://mahnkoko.blogspot.com/2011/04/blog-post_13.html ထဲမှာလည်း ဒါကို သတိထားမိကြောင်း ရေးခဲ့ပါသေးတယ် ။

    ဗမာလိုချည်း ရေးတဲ့ဘလော့မို့ ဗမာဘလော့လို့ ထင်တာလည်း သဘာဝပါပဲ ၊ ခုတော့ သိသွားပြီပဲ ၊ ဒါပေမယ့် ရှေ့ဆက်ပြီးလည်း သဘောမတူတဲ့ အချက်တွေ အများကြီး တွေ့လာနိုင်ပါသေးတယ် ၊ အမြင်ချင်း ဖလှယ်ကြလို့ ရပါတယ် ။

    ရိုင်းတယ်ဆိုတာနဲ့ ပတ်သက်လို့တော့ ၊ အနည်းဆုံး သုံးမျိုးလောက် ခွဲလို့ရပါတယ် ။
    ဥပမာ ရိုင်းရိုင်းစိုင်းစိုင်း တုန့်ပြန်အောင် တမင်ခပ်ရိုင်းရိုင်း လာဆွတာမျိုးရယ် ၊ မသိပဲ စကားလွဲမှားပြီး ရိုင်းသလို ဖြစ်သွားတာရယ် ၊ မတူတဲ့ နေရာဒေသ လူ့အသိုင်းအဝိုင်းနဲ့ ဆက်ဆံရာမှာ မတူတဲ့ ယဉ်ကျေးမှု ဓလေ့တွေကြောင့် ရိုင်းတယ်လို့ ထင်ရတာမျိုးရယ်ပါ ။ ကိုယ့်အချင်းချင်းကတော့ အတွေ့အကြုံ နည်းသေးတဲ့ လူငယ်အချို့ကလွဲရင် သိပ်ရှင်းစရာ လိုမယ်မထင်ပါဘူး ။

    မှတ်ချက် ဝင်လာပေးတာလည်း ကောင်းပါတယ် ၊ အမြင်တွေ ပိုရှင်းကြရင် ဒီဘလော့ရဲ့ ရည်ရွယ်ချက် ပထမအဆင့် အောင်မြင်မှုလို့ သဘောထားရမှာပေါ့ ။

    ReplyDelete
  9. you say you good I say I good.So,"you good I good".but no body is can not do perfectly.The other way "no pain no game"every bodies there a little thing is better then nothing. good luck Shwe K'yin

    ReplyDelete
  10. ဘာဆိုလိုလဲဆိုတာ နားတော့လည်သလိုလိုပါပဲ ။
    ထားပါတော့ ၊ ဟုတ်ပါတယ် ၊ လူတိုင်းကတော့ ကိုယ့်ကိုယ်ကိုယ် ကောင်းတယ် ပြောကြတာပါပဲ ။ ဘယ်သူမှ မပြည့်စုံဖူး ဆိုတာလည်း ဟုတ်ပါတယ် ။ ဘာမှ အနာမခံပဲ အသာမစံရဘူး ဆိုတာလည်း မှန်ပါတယ် ။ ဘာမှ မရှိတာနဲ့စာရင် နည်းနည်းရှိတာက ပိုကောင်းတာလည်း ငြင်းစရာ မရှိပါဘူး ။ ဆုတောင်းပေးသွားတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ် ။

    အခုလို အကောင်းဖက်က မြင်တာနဲ့ ၊ ထောက်ပြပေးတာလည်း ကျေးဇူးတင်ပါတယ် ။ ဆက်ပြီးလည်း (ကိုယ်ရွေးတဲ့လမ်းအတွက်) ကြိုးစားသွားဦးမှာပါ ။ “ရွှေကရင်”လည်း ကိုယ့်အတွက်ကိုယ် ကြိုးစားသွားဖို့ မျှော်လင့်ပါတယ် ။ ကိုယ့်အတွက်ပြီးမှ သူများအတွက် စဉ်းစားကြတာပေါ့ ။ (နောက်တာ မဟုတ်ဘူးနော် ၊ ကိုယ်တောင် ဗိုက်မဝပဲ သူများကို ကျွေးမွေးဖို့ ကြိုးစားနေရင် ရှိထားတဲ့ နည်းနည်းလေး ဆိုတာပါ လျော့သွားပြီး ဘာမှအလုပ်မဖြစ်မှာ စိုးလို့ပါ) ။

    ReplyDelete