ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, April 10, 2011

အထူးအဆန်း / ဇဝေဇဝါ / ပဟေဠိ (၃)



**   ငယ်စဉ်ကသိမှတ်ခဲ့ကြရသမျှထဲမှာ သိကြားမင်းအကြောင်းမပါဘူးလို့ ငြင်းမယ့်သူတော့ရှိမယ်
မထင်ပါဘူး ။ သိ - ကြား - မင်း ဆိုတဲ့အတိုင်းပဲ အရာရာကိုသိပြီး ကြားနိုင်စွမ်းရှိတဲ့အပြင် ဝရဇိန်
မိုးကြိုးလက်နက်ကိုပိုင်ဆိုင်တဲ့ နတ်တို့ရဲ့ပြိုင်ဘက်မရှိတဲ့ ထိပ်ခေါင်ကြီးပေါ့ ။

     ပြဿနာရှိလာတာက သိကြားမင်းဦးဆောင်တဲ့နတ်တွေနဲ့ အသူရာတို့တတွေစစ်ခင်းရာမှာ ဘယ်
သူမှမနိုင်ဘူးလို့ သိလာရတဲ့အခါမှာပါ ။ ဒါကိုတော့အရှည်မချဲ့တော့ပါဘူး ။ တိုက်တိုက်ဆိုင်ဆိုင် ဒီ
ဘက်နောက်ပိုင်းမှာသိလာရတဲ့ ၊ အာဖဂန်နစ္စတန်က မြောက်ပိုင်းရဲ့င်္ခြသေ့လို့တင်စားခံရတဲ့ ၊ တိုက်
ရည်ခိုက်ရည်ကောင်းပြီး တာလီဘန်တွေကို ခံတိုက်ခဲ့တဲ့ မားစွတ် (Masood) ရဲ့တပ်ဖွဲ့တွေအကြောင်း
ဖတ်ရတော့ အသူရာဆိုတာကို သွားပြန်သတိရမိတယ် ။

     မွတ်ဆလင်မိတ်ဆွေတွေပြောပြလို့သိရတာက အရက်သေစာဟာ အသားပေါ်ကျမိရင်တောင်
အသားကိုလှီးထုတ်ပစ်ရမယ်လို့ သူတို့ဘာသာရေးမှာ သွန်သင်တယ်လို့ဆိုပါတယ် ။ ဒါပေမယ့် မား
စွတ်ရဲ့တပ်တွေမှာတော့ အရက်ကိုသောက်ခွင့်ပေးတယ်ဆိုပြီးဖတ်ရလို့ အစွမ်းထက်တယ်လို့ ယူဆ
ရတဲ့ အသူရာတွေနဲ့ယှဉ်ပြီး သွားသတိရမိတာပါ ။ ဒါပေမယ့် အဖြေရခဲ့တာမျိုးတော့ မဟုတ်ခဲ့ပါဘူး ။

**   နောက်တစ်ခုကတော့ ငယ်စဉ်သိတတ်တဲ့အရွယ်ကစပြီး ရေဒီယို ၊ သတင်းနဲ့ သွန်သင်မှုအမျိုး
မျိုးတွေမှာပါတဲ့ စွမ်းရည်ထက်မျက်တဲ့ တရားသောစစ်ကိုဆင်နွဲနေတဲ့ ပြည်သူ့တပ်မတော်ဆိုတာ
ကိုပါ ။ နေ့စဉ်ရော နေရာတိုင်းမှာပါ ဒါတွေပဲကြားတော့ တိုက်နေတဲ့ပြည်တွင်းစစ်ဟာ တရားတယ်
လို့ပဲ နားလည်မိပါတယ် ။ ပြည်သူ့တပ်မတော်ရဲ့ တိုက်ရည်ခိုက်ရည်ကောင်းပြီး အနိုင်ရတယ်ဆို
တာမျိုးကြားရရင်လည်း ဝမ်းသာစရာသတင်းပေါ့ ။

     အကျဉ်းချုပ်ကတော့ တဖြည်းဖြည်းကြီးလာတာနဲ့အမျှ ကြုံလာရတာတွေက အသေအချာပြော
မတတ်ခဲ့ပေမယ့် သိထားရတာတွေရဲ့ ဆန့်ကျင်ဖက်ကို ပိုပြီးညွှန်းနေသလို ခံစားလာရတယ် ။ စစ်
သားတွေရဲ့ မြင်နေကျမြင်ကွင်းဖြစ်တဲ့ ရိုင်းစိုင်းရမ်းကားတာ ၊ ပေါ်တာဆွဲတာ ၊ အခွင့်အရေး အမျိုး
မျိုးယူတာတွေကနေစပြီး တိုက်ရည်ခိုက်ရည်ကောင်းပါတယ်ဆိုသူတွေ ဒဏ်ရာတွေနဲ့ အစုအပြုံ
လိုက်ဆေးရုံကိုပြန်ရောက်လာတာ ၊ တပ်ခွဲလိုက်ပြုတ်အောင် သေကြတယ်ဆိုတဲ့သတင်းတွေ ၊ တိုက်
ပွဲမဖြစ်လိုက်နဲ့ ဖြစ်ပြီဆိုတာနဲ့ စက်လတ်သမားတွေ အရင်ဆုံးကျတာပဲဆိုတဲ့ စကားမျိုးတွေအပြင်
မိသားစုတွေပါအားလုံးပေါင်းမှ ၃၀၀၀ သာသာလောက်ရှိတယ်ဆိုတဲ့ ကေအင်ယူတွေဆိုရင်လည်း
ကြေငြာချက်တွေထဲမှာ သောက်သောက်လဲသေတာတောင် ဘယ်တော့မှကုန်မသွားတတ်တာမျိုး
တွေကို ကြားရဖန်များလာတော့ ဒီလိုခံစားလာခဲ့မိတာ ဆန်းတယ်တော့မဟုတ်ဘူး ပေါ့ ။ ဒါပေမယ့်
ပြတ်သားတဲ့အဖြေတစ်ခုကတော့ ၈၈ အရေးအခင်းမရောက်မချင်း ထွက်မလာခဲ့မိတာတော့ သေ
ချာပါတယ် ။

**   ၁၉၈၀ ခုနှစ်ဝန်းကျင်မှာ သိခဲ့ရတာတစ်ခုကိုလည်း အမှတ်ရမိပါသေးတယ် ။

     စိတ်ထဲပဟေဠိဖြစ်ခဲ့တာကိုမပြောခင် အရင်ရှင်းပြပါမယ် ။ ဘားအံမြို့ဟာ မြင်းခွာပုံစံပေါက်နေ
တာနဲ့ သက်ဆိုင်ပါတယ် ။ အဲဒီလိုဖြစ်နေရတာက မြို့လယ်မှာလူနေမရလို့ မဟုတ်ပါဘူး ။ စစ်တပ်က
နေရာယူထားလို့ပါ ။ ဒီလိုနဲ့ ချဲ့ထွင်လာတဲ့မြို့ကွက်ဟာ တဖြည်းဖြည်းနဲ့စစ်တပ်ကိုငုံမိလာပါ တယ် ။

     ဒီတင်ပြဿနာရှိလာတာက တခါတရံမှာ ကေအန်ယူက စစ်တပ်ကိုလာတိုက်တတ်ပါတယ် ။ ဒီ
တော့ စစ်တပ်ကပြည်သူကိုကာကွယ်တာမဟုတ်ပဲ ပြည်သူကစစ်တပ်ကိုအကာအကွယ်ပေးထားရ
သလိုဖြစ်နေတယ်လို့ ငယ်ပေမယ့်စဉ်းစားမိခဲ့ပါတယ် ။ စဉ်းစားမိသလိုပဲ ဒီအတိုင်းမနေပဲ မေးမြန်း
ခဲ့ဖူးပါတယ် ။ စစ်တပ်ကို မြို့ပြင်ဆီမဖယ်ခိုင်းဖူးလားပေါ့ ။

     သိရသမျှတော့ အဲဒီခေတ်က ပါတီကောင်စီတွေရဲ့တောင်းဆိုချက်ကို စစ်တပ်က ကျပ်သိန်း ၈၀
ပေးမှ ဖယ်ပေးနိုင်မယ်ဆိုပြီး အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ် ။ ပြည်နယ်အဆင့်လောက်ရာထူး
တွေမှ လစာတစ်ထောင်ကျော်လောက်ရကြတဲ့ ပါတီကောင်စီဝင်တွေခမျာ ဘာမှမတတ်နိုင်ခဲ့ကြပဲ
ခုထက်ထိ ဘားအံမြို့လယ်မှာ စစ်တပ်ကနေရာယူထားနေဆဲပါ ။

     အဲဒီတုန်းကတွေးလို့မရခဲ့တာဟာ စစ်တပ်ကဘာလို့မြို့လယ်မှာ နေနေရသလဲဆိုတာတစ်ခုထဲ
မဟုတ်ပါဘူး ။ နောက်တစ်ခုကတော့ တိုင်းပြည်အုပ်ချုပ်နေတယ်ဆိုတဲ့ ဦးဆောင်လမ်းစဉ်ပါတီနဲ့
ကောင်စီတွေက ဘာလို့များစစ်တပ်ကို အမိန့်မပေးနိုင်ရတာလဲဆိုတာပါ ။

**   ကျနော့်ရဲ့ကလေးဘဝဟာ ပြည့်စုံကုံလုံတဲ့ဘဝတော့ မဟုတ်ခဲ့ပါဘူး ။ ဒါပေမယ့် ပူပင်ကြောင့်
ကြနေရမယ့်ဘဝလည်း မဟုတ်ပြန်ပါဘူး ။ ဒီတော့ ငွေကြေးအခက်အခဲဆိုတာ နားမလည်ခဲ့တာ
အမှန်ပါ ။

     တစ်ရက်မှာ ကျနော်တို့ကြက်ခြေနီအဖွဲ့က ရံပုံငွေရှာပါတယ် ။ နာမည်ခံတာကတော့ “အလုပ်
တစ်ရပ် ငွေတစ်ကျပ်” ပါ ။ အဓိက အိမ်တစ်အိမ်ဝင်ပြီး ခြင်သားလောင်းတွေရှိမရှိကို အိမ်သာရေ
အိုးကအစ ရေပုံးရေထည့်ရာတွေကို လိုက်ကြည့်ပြီး သွန်တန်သွန်နဲ့ အခြားအိယောင်ဝါးကလေး
တွေလုပ်ပြီး တစ်ကျပ်ယူတာပေါ့ဗျာ ။ အအေးတစ်ခွက် တစ်ကျပ်ခေတ်ပေါ့ ၊ ဘာမှမရှိလောက်တဲ့
ပမာဏမို့ လူတိုင်းပေးနိုင်ပါတယ် ။

     ဒီလိုသွားတဲ့အခါမှာ ရပ်ကွက်လူကြီးအနည်းဆုံးတစ်ယောက် လိုက်ပေးပါတယ် ။ ဒါနဲ့တစ်အိမ်
ရောက်သွားတဲ့အခါ အခြားအိမ်တွေနဲ့စာရင် အကာအရံတွေဟာ ကျိုးတိုးကျဲတဲဖြစ်နေတာ သတိ
ထားမိပါတယ် ။ ဒါပေမယ့်စိတ်မဝင်စားမိပဲ ဟိုလုပ်ဒီလုပ်လုပ်ပြီး ပိုက်ဆံတစ်ကျပ်တောင်းဖို့ပဲ စိတ်
စောနေခဲ့ပါတယ် ။ ပြီးတဲ့အခါကျတော့ ရပ်ကွက်လူကြီးက အိမ်ရှင်နာမည်ကိုခေါ်ပါတယ် ။ တော်
တော်နဲ့မထူးပဲ အတော်ကြာမှ အမျိုးသမီးတစ်ယောက်အသံထွက်လာပါတယ် ။ သူ့ယောင်္ကျား
အိမ်မှာမရှိဖူးလို့ လှမ်းအော်ပြောပါတယ် ။

     ဒီတင် ရပ်ကွက်လူကြီးက ကျနော်တို့ကို အခြားတစ်အိမ်ဆီ အသာခေါ်ထုတ်သွားခဲ့ပါတယ် ။
ပြီးတော့လည်း ဒီအိမ်အကြောင်းကျနော်သိတယ် သူတို့တကယ်ပိုက်ဆံမရှိလို့ မတောင်းပါနဲ့တော့
လို့ပြောပါတယ် ။ စားဖို့သောက်ဖို့တောင် အခက်အခဲရှိတယ်လို့လည်း ထပ်သိရပြန်ပါတယ် ။
(ပုန်းနေတယ်လို့လည်း နောက်တော့ပြောပြပါသေးတယ်) ။

     တမင် “ဖဲ့တယ်” လို့တော့သဘောမထားပါနဲ့ဗျာ ၊ စိတ်ထဲပြေးမြင်မိတာကိုပြောရရင် အဲဒီအချိန်
က ကျနော့်အဖြစ်ဟာ ငွေကြေးတတ်နိုင်လို့ စင်္ကာပူကို အကုန်အကျခံအလုပ်သွားလုပ်ပြီး မလေး
ရှား ထိုင်းနိုင်ငံတွေမှာအလုပ်လုပ်နေကြသူတွေနဲ့ ခိုလှုံသူ (ဒုက္ခသည်) တွေအကြောင်း မကြားဖူး
မသိဖူးပဲ ကိုယ်ချင်းစာဖို့ အခက်အခဲရှိသူတွေနဲ့ သွားတူနေတယ်ရယ်လို့ပါ ။ အခက်အခဲရှိသူတွေ
အကြောင်း ရိုးရိုးသားသားတကယ်ကို တခါမှမသိခဲ့ဖူးပဲ ထူးဆန်းနေမိခဲ့ပါတယ် ။

**   နောက်ဆုံးတစ်ခုကတော့ အလုပ်သမားတွေနဲ့ အလုပ်ရှင်တွေ ပွဲစားတွေကြား ရှိကြတဲ့သ
ဘောထားလေးတွေပါ ။

     ကြုံခဲ့တွေ့ခဲ့ရသမျှ အလုပ်သမားတွေထဲမှာ အလုပ်ရှင်နဲ့ပွဲစားတွေကို အကောင်းပြောသူ အင်မ
တန်နည်းတာကို သွားတွေ့မိပါတယ် ။ ခေါင်းပုံဖြတ်တဲ့လူတွေ ၊ မတရားအမြတ်စားတဲ့သူတွေဖြစ်
လို့ မတရားတဲ့သူတွေဆိုပြီး ပုံဖေါ်ကြ နောက်ကွယ်မှာ အမျိုးမျိုးပြောကြပြီး အချို့ဆိုရင် ဆဲဆိုနေ
ကြတာတွေတောင်ရှိလို့ မုန်းတီးကြတယ်လို့တောင် သဘောထားလို့ရပါလိမ့်မယ် ။ ဟုတ်တာတွေ
လည်း အများကြီးကိုး ။

     ကျနော် ရိုးရိုးသားသားစဉ်းစားမိပါတယ် ။ အလုပ်ရှင်မရှိပဲ ဘယ်သူ့ဆီသွားပြီး အလုပ်လုပ်ကြ
မလဲ ၊ ဘယ်လိုရှင်သန်စားသောက်ကြမလဲ ၊ ပွဲစားမရှိပဲ ဘယ်သူ့ကိုအားကိုးကြမလဲ အခက်အခဲ
တွေကို ရင်ဆိုင်ကြမလဲလို့ပါ ။ နေရာအတော်များများမှာ အလုပ်သမားတွေက အလုပ်ရှင်နဲ့ အဆင်
ပြေအောင်လုပ်ပေးနိုင်မဲ့ ပွဲစားတွေကို လိုက်ရှာကြ အားကိုးကြတာပါ ။ သူတို့မရှိတဲ့ဘဝဟာ ဘယ်
လိုနေလိမ့်မလဲ ကျနော့်အတွက်စဉ်းစားရအင်မတန်ကိုကြပ်တဲ့ကိစ္စကြီးတစ်ခု ဖြစ်ခဲ့ပါတယ် ။

     တဆက်ထဲ တွဲဖက်ပဟေဋ္ဌိတစ်ခုကတော့ အလုပ်သမား သို့မဟုတ် လယ်သမားလူတန်းစား
တွေက အရင်းရှင်တွေကိုတော်လှန်တိုက်ဖျက်ပြီး သူတို့ချည်းဘယ်လိုလုပ် နေကြမလဲဆိုတာကိုပါ ။
ဆိုးလှပါတယ်ဗျာ ၊ သူတစ်ပါးရယ်စရာတွေဟာ ကိုယ့်အတွက်တော့ ပုစ္ဆာကြီးတွေဖြစ်နေခဲ့တာ
ရှက်ရမလား ခက်ရမလားဆိုတာ တွေးမရပဲ မိုးဒီ ၊ မော့စ်နဲ့ နာမည်ကြီးခဲ့တဲ့ အငြိမ့်လူရွှင်တော်တွေ
ရဲ့ ရှူံ့ချည်ပွချည်ဖြစ်နေတဲ့ မျက်နှာတွေကိုသာ ပြေးမြင်ယောင်မိနေကြောင်းပါ ။



မန်းကိုကို
၁၀၊ ၀၄၊ ၂၀၁၁

8 comments:

  1. ဆောရီးကိုမန်းရေ မအားတာနဲ့  ကိုမန်းကိုအဖေါ်မလုပ်နိုင်တာ
    သိကြားမင်းဆိုတာ အရာရာ သိကြားနိုင်လို့  သိကြားခေါ်တာမဟုတ်ဘူးဗျ။
    ပါဠိ သက္ကကနေ မြန်မာ သိကြား အဲကနေ နတ်တို့ ဘုရင်ဆိုပြီး မင်းထည့်လာတာလေ ။
    သူ့ ကို နတ်ထဲ မမြင့်ပါဘူးပြောရတာ ကျောတော့ချမ်းသား ။ ခုလက်ရှိ သိကြားက သောတာပန် အရိယာမို့ ကိုယ့်ထက်တော့သာနေတာမို့ ပါ ။
    နတ်ပြည်ရဲ့  infrastructure နဲ့ ကြည့်ရင် စတုမဟာရာဇ် ကအောက်ဆုံး ။ သူ့ အပေါ်သိကြားနေတဲ့ တာဝတိံသာမို့  သူ့ အထက် နတ်ဘုံ ၄ဘုံ ကျန်သေးကြောင်းပါ။
    အသုရာတို့ ဟာ မူလ တာဝတိံသာ ပိုင်ရှင်တွေတဲ့  ။ သူတို့ မူးနေတုန်း သိကြားက ဖြတ်အုပ်ထားတာ ဆိုဘဲဗျ။( ဒါက သိကြားသောတာပန်မတည်ခင်ကပါ ) အသုရာတို့ ဟာ တာဝတိံသာက ကန်အချခံရပေမဲ့  သူတို့ ကံကြွင်းကြောင့် သမုဒ္ဒရာအောက်မှာ ဘုံ ပေါက်ရတယ်ဆိုပါကြောင်း နဲ့  သူတို့ လဲ ကမ္မဇိတ္တိအရာ သိကြားနဲ့  သူမသာ ကိုယ်အသုဘမို့  စစ်တိုက်တဲ့ အခါတယောက်နဲ့  တယောက်အပြတ်မဆော်နိုင်ပါကြောင်း ။ ( အဲ စကားကြုံလို့ ပြောရရင် သူတို့ ချင်းကလဲ အမျိုးရင်းကြီးတဲ့  ။ သိကြားရဲ့ မယားကြီး သုဇာတာဟာ အသုရာနတ်မင်းရဲ့  ချစ်မငြီးသော သမီးတော်ပါတဲ့  ခင်ဗျား )လိင်ဆက်ဆံမှုမလိုဘဲ ဥပပါတ်သန္ဓေ နတ်တွေ ဘယ်လို ဆွေမျိုးစပ်တယ်ဆိုတာ နောက်ကြုံတော့ရေးပါအုံးမယ် ။

    ReplyDelete
  2. ဆရာလုပ်တာနဲ့ အလိမ်ခံရတဲ့ဘုရင်ကြီး ကိုယ်ကျင့်တရား ကောင်းသူတွေမှ မြင်ရတယ်ဆိုတဲ့ အဝတ်အစားတွေဝတ်ပြီး ကိုယ်လုံးတီးဖြစ်ရတဲ့ဘဝကို သွားသတိရမိတယ်ဗျ ၊ ဒါပေမယ့် အခြားလာဖတ်သူတွေ ဗဟုသုတရနိုင်တာမို့ ကိုယ်လုံးတီးဖြစ်ရကျိုး နပ်ပါတယ်ဗျာ .. :-)

    Average Joe (မြန်မာပြည်မှာ မောင်မောင် ၊ အင်္ဂလန်က Johnny ၊ နဲ့ သူသူကိုယ်ကိုယ်ကုလား Mohamad) ကျနော့်မှာတော့ ဆရာပြောသလောက် မလေ့လာမိခဲ့ဖူးဘူးတော့ အဲဒီလောက်တွေ မသိလှဘူးလေ ။ ဘယ်လိုပဲဖြစ်ဖြစ် ကိုတင့်ဦးပြောတော့လည်း သိကြားမင်းဟာ ဂရိနတ်မင်းကြီး Zeus နဲ့ သိပ်မကွာတော့သလိုပဲ ။ ဒါပေမယ့် စစ်စစ်ပေါက်ပေါက် မေးခွန်းတွေအတွက် အဖြေတွေကိုတော့ ကျနော်တိုတတွေ ဒီတစ်သက် သိဖို့အခွင့်အလမ်း ရှိမယ်တော့မထင်ဘူး ။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာရှင်းပြမှာတွေကို စိတ်ဝင်စားပါတယ် ၊ ပြောမှသာပြောပါ ။

    ကျနော့်ကိုယ်ပိုင်အတွေးနဲ့ ဘာသာတရားကြီးတွေ အားလုံးကိုခြုံကြည့်ပြီး ငြင်းလို့မရတဲ့အချက်တွေ ၊ လူတွေ ဥာဏ်မမီနိုင်တာတွေနဲ့ ပတ်သက်လို့ ကောက်ချက်အချို့ ဆွဲမိတာတွေတော့ ရှိပါတယ်ဗျာ ။ ဒါပေမယ့် အသက်ရလာတာနဲ့အမျှ ပိုပိုသိလာပြီး သေမှပဲ ကျေနပ်တဲ့အဖြေတွေ ရလာမလားတော့ မသိပါဘူးဗျာ ။

    ReplyDelete
  3. ကိုမန်းပြောမှဘဲ သိကြားလဲ ဖွန်ကြောင်ရတော့တယ် ။ :P
    အင်း
    ရေးတုန်းကတော့ အချိန်လေးရတုန်း ကိုမန်းဆွဲထုတ်ထားတဲ့  အစပေါင်း သောင်း ခြောက်ထောင်ထဲက တိုတို နဲ့ ဖြတ်လို့ ရမယ်ထင်တဲ့  ဟာလေးတခု ( အန္တရာယ်အနဲဆုံးဟာကို)ကောက်ကိုင်တာဘဲ ။ enter ခေါက်လွှတ်ပြီးမှ ငါ့ဟာ ရောနေပါလားဆိုပြီး ပြန်ပြင်ပြောရတော့မဲ့  အခြေအနေကို သတိထားမိပါ့ဗျာ။
    သိကြားလဲ ခုလောက်ရှိ ဒီကောင်တွေ ငါ့အတင်းတုတ်နေတယ်ဆိုပြီး ထိုင်တဲ့ ဆိုဖါမာနေတော့မယ်ထင်ပ ။
    ဦးပေါ်ဦးဟာသလေးတခု သတိရမိသေးတယ် ။ ဘိုးတော်က မေးသတဲ့  ။ ဟေ့ပေါ်ဦးရတဲ့  ။ ငါ့နန်းတော်မှာ သိကြားပေါက်ဆိုတာ သိကြားမင်းက လူမင်းကိုကိုယ်ထင်ပြ ဆူံမဘို့ ထားတာဆိုတဲ့  ။ ငါ နန်းတော်ထဲနေလာတာ ကြာကြာလှဘီ ။ ဘယ်မလဲ မင်းသိကြားဆိုဘဲ ။ အဲနဲ့  ဦးပေါ်ဦးကလဲ သူ့ ဆရာကျေနပ်အောင် ကြိတ်ပုံက သိကြားလာဆုံမတယ်ဆိုတာ ညံ့တဲ့ ဘုရင်မှပါဘုရား ။ အရှင်မင်းကြီးက တော်တီးရောတော်မို့  သိကြားလာဘို့ မလို လို့ မှတ်ပါတဲ့  ။

    ReplyDelete
  4. ကဲ သိကြား သနစ်ကို ထပ်ကာလှစ်ရရင်တော့
    သိကြား ဇာတ်ကြောင်းမှာ source material က ၄ခု ကွဲနေပါကြောင်း
    ၁) ပါဠိတော်လာ သိကြား
    ၂) အဋ္ဌာကထာ ဋီကာလာသိကြား
    ၃) ဟင်ဒီဇာတ်လာ သက္ကရဲ့ ဇာတ်ကြောင်းတချို့  နဲ့ 
    ၄) စာရှာမရ ။ကျွန်တော်တို့ ရှေးလူကြီူးများမှန်းဆော်ရမ်းဆော်သိကြားပါခညာ ။
    ပါဠိတော်မှာတော့ သက္ကပဥှာ ၊ ( သိကြား အမေး ဘုရားအဖြေ ။ ) ။ ဓဇဂ္ဂသုတ် ( သိကြားစစ်ထွက်ခန်း) တို့ အထင်အရှား ပါပြီး ၊ မင်္ဂလသုတ်ဟောဘို့ တောင်းပန်တဲ့  အညတရဒေ၀တာဟာ သိကြားလို့ လဲ ဖွင့်ပါကြောင်း
    အဋ္ဌာကထာ ဋီကာလာ သိကြားကတော့ ဘုရားလောင်းဆီမာရ်စစ်အလာမှာ ဒရောသောပါးပြေးတဲ့  သိကြား ၊ ၊ မောင်မာဃ တဖြစ်လဲ သိကြား နဲ့  သုဇာတာ ဇာတ်၊ စိဉ္စမာန နဲ့  သစ္စကကို အောင်တောမူခန်းမှာ ကူခဲ့တဲ့ သိကြား နဲ့  ကုသဇာတ် ၊ ယုန်မင်းဇာတ် ၊ ဝေဿန္တရာဇာတ နဲ့  စန္ဒကိန္နရီဇာတ် အပါအ၀င် ဇာကတတော်တော်များများမှာ ဘုရားလောင်းကို ကူခဲ့တဲ့ သိကြား တို့  ကိုစိတ်ချရတယ်လို့  မှတ်ရပါကြောင်း
    ဟင်ဒီလာ ရာမဇာတ်၊နဲ့  တခြားဟင်ဒိဇာတ်တော်တော်များများမှာ ပါတဲ့  သိကြားနဲ့  သင်္ကြန်းတွင်း တက္ကစီနဲ့  ဆင်းတဲ့ သိကြားကတော့ သတ်သတ်လို့ ယူသင့်ပါကြောင်း
    နောက်ဆုံးကတော့ ကျွန်တော်တို့  မှန်းဆော်ရမ်းဆော် သိကြား ဖြစ်တဲ့  မယ်လမု လင် ကိုသိကြား ၊ နဲ့  ဘုရားသမိုင်း မနဲမှာလာတဲ့  သိကြား ၊ လျက်ဆားရောင်းတဲ့  သိကြားတွေကိုတော့ ယုံသင့်မှ ယုံပါလို့  တင်ပြအပ်ပါတယ် ။
    ( ရှာရှာဖွေဖွေ ထူးဆန်းတာပြောရရင်တော့ မြန်မာမှု အတွင်း ၃၇မင်း အပြင် ၃၇မင်းမှာ ၂ခုလုံးမှာ ၂ကိုယ်ခွဲ ပါနေတာ သိကြားနတ်သာ ရှိပါကြောင်း ) ( အင်း လွယ်တဲ့ အစဆိုကောက်ဆွဲ မိပါတယ် ။ ကောက်ရိုးပွေ့ မိနေပါလား )
    ကိုမန်းရဲ့ ကျန်တဲ့  အစတွေကတော့ အနဲ ဆုံး မြန်မာရာဇ၀င်ဆို သီပေါခေတ် ၊ ကမ္ဘာဆိုရင် ၁၉၂၀ လောက်ထိ ပြန်လှန်ရမှ ဆွေးနွေးတာ လိပ်ပါတ်လည်မှာမို့  ခုတော့အကြွေးဗျာ ။

    ReplyDelete
  5. နကိုက သကြားဆိုရင် ဖြူဖြူအတုံးကလေးတွေမှတ်တာ ဆရာလုပ်မှပဲ သကြားဖြူ ၊ သကြားညို ၊ မုန့်လုပ်သကြား ၊ သကြားခဲ ၊ ထန်းလျက် ၊ တင်လဲနဲ့ ကြံသကာတွေဆိုသလို ဖြစ်ကုန်ပြီ ... :-)

    အင်း .. ဘယ်က စပြောရမှန်းတောင် မသိတော့ဘူး ။
    မာဃသိကြား ၊ ဘုရားလောင်းတောထွက်ရာက သိကြား ၊ တရားနာတဲ့သိကြားတွေကတော့ လူသိများပါတယ် ။ ဗြမ္မဟာကြီးဦးခေါင်းဖြတ်တဲ့ သိကြားနဲ့ တက္ကစီသိကြားက အတူတူမို့လား ။ ယုံလို့မရဖူးလား ။ ပြီးတော့ အသူရာတို့ ဗြမ္မဟာတို့နဲ့ စစ်တိုက်ခဲ့တဲ့ သိကြားမင်းက အခုသိကြားပဲလား ၊ မာဃသိကြားက နောက်ပေါက် (လက်လွဲယူထားတဲ့) သိကြားများလားလို့ ။ ပြီးတော့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာ ကွဲပေမယ့် အချို့ကျမ်းတွေမှာတော့ မြစ်ဖျားက အတူတူပဲလို့ နားလည်ထားတာဗျ ။ ဒီတော့ သူသိကြားနဲ့ ကိုယ့်သိကြား ခွဲထုတ်လို့ ရပါ့မလား ။

    ဆရာ့သိကြားတွေများလို့ ကျနော်လည်း ဘာတွေမေးနေမိမှန်း မသိတော့ပါဘူးဗျာ ။ ဒါနဲ့ အပေါ်မှာ ပြောခဲ့တဲ့ Zeus နဲ့ သိပ်မကွာဖူးဆိုတာက ဖွန်ကိစ္စကို မဆိုလိုပါဘူး ။ ကိစ္စများမြောင်လူတို့ဘောင် မဟုတ်ပဲ နတ်တို့ဘောင် လို့ဆိုရမလို ဖြစ်နေတာမျိုးတွေကို နှိုင်းချင်တာပါ ။ အဆိုးအကောင်း အနိမ့်အမြင့်တွေနဲ့ လူတွေလိုပဲ ခံစားချက်တွေနောက် လိုက်လျှောက်သလို ဖြစ်နေတာတွေဟာ အနောက်တိုင်းလေ့လာပုံ လေ့လာနည်းတွေနဲ့ လေ့လာကြည့်ကြရင်တော့ ဘယ်လိုများ နေလေမလဲလို့လည်း တွေးမိပါသေးတယ် ။

    ReplyDelete
  6. ကိုမန်းရဲ့  အဆိုပေါ့ဗျာ ။ ဟင်ဒီနဲ့ ဗုဒ္ဓဘာသာ နတ်ဘုံတွေတူသလားဆိုတာတော့ အကျဉ်းလေးဖတ်ချင်ရင် ဒီကောက်နှုတ်ချက်လေးသာကြည့်ပါဗျာ ။ အကျယ်ကတော့ ဒီကောက်နှုတ်ချက်လေး ကူးလာတဲ့  လူသေလူဖြစ်ဝိနိစ္ဆယ ရဲ နှာ ၄၃၄ကနေ ၄၅၃ထိမှာ ရှုနိုင်ပါတယ် ။ အဲဒီအချိန်က အကျော်အမော်ဆရာတော်များ စုပေါင်းခုံတင်ဆုံးဖြတ်ခဲ့တာပါ ။

    http://khinlansan.blogspot.com/2010/09/blog-post_3624.html

    ReplyDelete
  7. ကျေးဇှူးပါကိုမန်းရေ
    ကိုမန်းနဲ့ ဆွေးနွေးဖြစ်တော့ သိကြား ဇာတ်ကိုပိုလည်သွားပါတယ် ။
    ကဲ
    အစကပြန်စရအောင် ။
    သိကြားမင်းဆိုတာ တာဝတိံသာ ကိုအစိုးရတဲ့ နတ်မင်းရဲ့  common name ပါတဲ့  ။
    သူလဲ သေတတ်ပျောက်တတ်တဲ့  အမျိုးပါတဲ့  ။ တယောက်ကြွ နောက်တယောက်လာ ။အဲလိုပါတဲ့  ။
    တခါတော့မန္ဓာတုစကြာမင်းဆိုတာ စကြာရတနာ အားကိုး နဲ့  နတ်ပြည်တ၀က်ခွဲနေပြီး နေတာ သိကြား ၃၆ယောက် လဲတဲ့ ထိဆိုသတဲ့  ။
    ခုသိကြားကတော့ အရင်မောင်မာဃ တဖြစ်လဲ သိကြားပါတဲ့  ။
    သူက သိကြားဖြစ်လာတော့ အသုရာနဲ့  ဖိုက်တင်းပလေးပါသတဲ့  ။
    အဲ နတ်သက်ကုန်ခါနီး symptoms တွေပြတော့ ဘုရားဆီချဉ်းကပ် တရားနာပါသတဲ့  ။ ဒီနေရာမှာ သိကြားတောင် ဘုရားဖူးခါနီးကျ ပွဲစားရှာရသေးသတဲ့  ။ ပွဲစားကတော့ ယောင် ၅ထုံးရှင် စောင်းမောင်နေ၀ါ ( ဟိုက် ) ပဉ္စသိခပါတဲ့  ။ အဲမှာ သက္ကပဥှာသုတ် (အောက်က လင့်ရဲ့  ဘယ်ဘက်ဘေး ၈ခုမြောက်သုတ္တန်ကို နာအပြီး သောတာပန်လဲတည် ။ နတ်သက်ကလဲကုန်လို့  အဂန့် မှာ သောတာပန်တည်တဲ့ ထိ တရားအားထုတ်ခဲ့တဲ့ ကောင်းမှုအရှိန်နဲ့  နေရာတင် သိကြားသစ်အဖြစ်နဲ့  ပြန်ဖြစ်ပါသတဲ့  ။ ခု လက်ရှိသိကြားဟာလဲ နတ်သက်မကုန်သေးလောက်သေးတာမို့  အဲဒီ သောတာပန်သိကြားဘဲ ဖြစ်ပါကြောင်း

    http://www.paramis.org/b/b.html

    ReplyDelete
  8. ကိုတင့်ဦးထပ်ရှင်းလိုက်တာ ရှင်းသလိုလို ရှုပ်သလိုလို ချိုချဉ်လေးတော့ ဖြစ်လာပြီပေါ့ဗျာ ။ ဒါပေမယ့် ကျနော့်ဘာသာ ရှုပ်တာလို့ ပြောလို့တော့ ရပါတယ် ။ ဘာလို့လည်းဆိုတော့ (တဆင့်ပြော) ကျမ်းဂန်လာတွေ ၊ ကိုတင့်ဦးပြောခဲ့တဲ့ အကျော်အမော်များ ၊ သမိုင်းနဲ့ လောဂျစ်တွေကို သိသမျှ ဥာဏ်မီသမျှ ရောသမမွှေမိသလိုဖြစ်ပြီး ခေါင်းမူးစရာ ဖြစ်လာသလိုလိုပါပဲ ။

    ကျနော့်အရှုပ်ကို ရှင်းဖို့ကြိုးစားရင်တော့ ကိုတင့်ဦးမကိုင်ချင်တဲ့ ဧရာမအထုပ်ကြီးတွေဖက် လှည့်သွားရင်လည်း လှည့်သွားနိုင်ပါတယ် ။

    ဘာသာရေးတွေဖက် အာရုံနည်းတဲ့ ကျနော်တို့လို average Joe တွေအတွက်တော့ ကျမ်းဂန်လာတွေ ပါဠိတွေဆိုတာ ဝေလာဝေးပေမယ့်
    ပုဂ္ဂိုလ်ကျော်တွေ သာမန်လူဖတ်ဖို့ရေးတဲ့စာတွေမှာ ရေးထားတာတွေကတော့ ဟိုတစ်စ ဒီတစ်စ စွဲကျန်ခဲ့ပါတယ် ။ ဒီတင် ကိုတင့်ဦးကနေ စုံစုံလင်လင်(ရိုက်ချက်အစုံပါတဲ့ ဗီဒီယိုပုံစံမျိုးနဲ့) အသေးစိတ် ချပြဖို့ကြိုးစားတဲ့အခါ စိတ်ထဲသိပ်ပြီး မချိတ်ဆက်မိသလို ဖြစ်နေတုံးပါပဲ ။

    ရှုပ်သွားမယ် ထင်တယ် ။ နမူနာ အချို့ပြောရရင် ငရဲကြီး ၈ ထပ်ဆိုတာမျိုး ၊ ဘုံ ၃၁ ဘုံ ဆိုတာမျိုးတွေဟာ အလွယ်တကူ သိထားမှတ်သားထားခဲ့ရတဲ့ အရာတွေပါ ။ ဒါ့ပြင် ကျမ်းဂန်ထဲ ဘယ်လိုဆိုထားသလဲ မသေချာပေမယ့် ဆရာတော်ကြီးတစ်ပါးရဲ့ ဟောကြားချက်ကို ကိုးကားထားတဲ့စာမှာတော့ ငရဲဟာ အခန်းငယ်ကလေးတွေနဲ့ ဖွဲ့စည်းထားတယ် ဆိုတာမျိုးတွေ သိထားရာမှာ ကိုတင့်က အသေးစိတ်စာတွေနဲ့ ဖြတ်ပြီးညွှန်းလိုက်တော့ ချင်ပန်ဇီလက်ထဲ ချည်တစ်ထုံး ထည့်ပေးလိုက်သလိုပါပဲ ... :-)

    ဒါ့ပြင် သမိုင်းနဲ့လည်း နိုင်ငံရဲ့အခြေအနေအရ ကင်းဝေးနေခဲ့ရာက အသောကမင်းကြီးဆိုတာ King Asoka , ဗုဒ္ဓမြတ်စွာဘုရားဟာ Kshatriya လို့ခေါ်တဲ့ ဇာတ်မြင့်ဟိန္ဒူ အုပ်ချုပ်သူမျိုးရိုးက ဆင်းလာတယ် ဆိုတာမျိုးတွေ သိလာခဲ့ရပြန်ပါတယ် ။ ဒါပေမယ့် ဆက်လေ့လာရင် ရဟန်းဝတ်ပြီး သီဟိုမှာ ဘွဲ့တစ်လုံးလောက် သွားယူမှပဲ အသေးစိတ် သိလာနိုင်စရာရှိတယ်လို့ ယုံကြည်တာနဲ့ ဘရိတ်အုပ်ပြီး ဆရာတင့်လာမှပဲ ပုခုံးပြောင်းပြီး အလွယ်တကူ မေးရတော့တာပါပဲ ။

    လတ်တလော စိတ်ထဲဝင်လာသလောက် ပြောကြည့်တာပါဗျာ ။ ဂူဂယ်လေး နည်းနည်းလုပ်ကြည့်တော့လည်း ရာနှုန်းပြည့် ပုံအပ်လို့မရပေမယ့် အစအနလေးတွေ ပေးနိုင်တဲ့ ဝီကီပီဒီယာထဲမှာတော့ အောက်က လင့်လေးတစ်ခုကို သွားတွေ့မိပါတယ် ။ အစုံအစေ့ မဖတ်မိပေမယ့် ယေဘုယျ အချက်လေးအချို့ကို ခုန်ဖတ်သွားလိုက်တာ စိတ်ဝင်စားစရာတော့ ကောင်းသားပါပဲ ။

    http://en.wikipedia.org/wiki/History_of_Buddhism

    အတိုအစလေးတွေမို့ ချောက်ကျနိုင်တဲ့ဖက် ဦးတည်နေရင်လည်း ဒီမှာတင် ရပ်ထားလို့ ရပါတယ်ဗျာ ။

    ReplyDelete