ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, March 8, 2011

Critical Thinking မိတ်ဆက် (၂)


     Critical Thinking မှာ အခြေခံအကျဆုံး သတ်မှတ်ထားတဲ့ “စံ” တွေရှိပါတယ် ။

     အဲဒါတွေကတော့ -

       (၁)  ကြည်လင်ပြတ်သားခြင်း  (Clarity)
       (၂)  အနုစိတ်ခြင်း  (Precision)
       (၃)  တိကျမှန်ကန်ခြင်း  (Accuracy)
       (၄)  သက်ဆိုင်ဆက်စပ်ခြင်း  (Relevance)
       (၅)  ရှေ့နောက်ညီညွတ်ခြင်း  (Consistency)
       (၆)  ကျိုးကြောင်းဆီလျော်တဲ့ မှန်ကန်ခြင်း  (Logical correctness)
       (၇)  ပြည့်စုံခြင်း  (Completeness)
       (၈)  တရားမျှတခြင်း  (Fairness) တို့ ဖြစ်ကြပါတယ် ။

(၁) ကြည်လင်ပြတ်သားခြင်း (clarity)

     “ရှုပ်ထွေးခြင်းတွင် ပေးဆပ်ရသော တန်ဖိုးများရှိသည် ။” (Crosby, Stills, and Nash)

     လူတစ်ယောက်ရဲ့ ဆွေးနွေးငြင်းခုံချက် သို့မဟုတ် အဆိုပြုချက်တစ်ခုကို ထိထိရောက်ရောက်
တန်ဖိုးမဖြတ်ခင် သူ့စကားကို ရှင်းရှင်းလင်းလင်းနားလည်ဖို့ လိုပါတယ် ။ ဒီကိစ္စဟာ လွယ်မယောင်
နဲ့ခက်တတ်ပါတယ် ။ ဘာလို့လဲဆိုတော့ လူတွေဟာမကြာခဏဆိုသလို သူတို့ပြောချင်တာကို ရှင်း
ရှင်းလင်းလင်းကွဲကွဲပြားပြား ဖေါ်ထုတ်ပြောမပြနိုင်ကြလို့ပါပဲ ။ ကြည်လင်ပြတ်သားမှု လိုအပ်ချက်
ဟာ ပျင်းရိမှု ၊ ပေါ့လျော့မှုနဲ့ အရည်အချင်းမပြည့်စုံမှုတွေကြောင့် ဖြစ်တတ်ပြီး ရံဖန်ရံခါမှာတော့
တတ်ယောင်ကားကြိုးပမ်းမှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ။

     စာရေးဆရာတစ်ယောက်ပုံဖေါ်သလိုဆိုရင်တော့ “ဝေဝါးနောက်ကျိခြင်းဟာ ကောင်းမြတ်ခြင်း
ကို အနှောင့်အယှက်ပေးရုံတင်မကပါဘူး ၊ တစ်ခါတစ်ရံမှာ အသက်အိုးအိမ်နဲ့ မျှော်လင့်ခြင်းတွေကို
တောင် ဖျက်ဆီးတတ်ပါတယ်” တဲ့ ။ ဥပမာ - အမြန်လမ်းပေါ်က ဆိုးဆိုးရွားရွားနေရာမှားရေးထား
တဲ့ ဆိုင်းပုဒ်မျိုး ၊ ရည်ရွယ်ချက်ကောင်းပေမယ့် စကားလုံးအထားအသိုမှားလို့ ချစ်သူတွေရဲ့ကြား
နှလုံးသားကွဲကြေထိခိုက်စေတာမျိုးတွေလည်း ပါပါတယ် ။ ဘာသာစကားအပေါ် သတိဝီရိယထား
ပြီးဂရုစိုက်နိုင်ကာမှ မလိုအပ်တဲ့နားလည်မှုမှားယွင်းတာနဲ့ စိတ်ပျက်စရာတွေကို ရှောင်ရှားနိုင်မှာ
ဖြစ်ပါတယ် ။

     ဆန်းစစ်ဝေဖန်တွေးခေါ်သူတွေမှာတော့ ဘာသာစကားလုံးတွေရဲ့ ရှင်းလင်းမှုကိုသာမက အ
တွေးအမြင်တွေကိုပါ ရှင်းလင်းအောင်ကြိုးစားကြပါတယ် ။ ဘဝရည်မှန်းချက်တွေပြည့်ဝဖို့အတွက်
ကိုယ့်ပန်းတိုင် ၊ အဓိကကျတာတွေ ၊ ကိုယ်ပိုင်စွမ်းရည်တွေနဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်းနား
လည်ရပါမယ် ။ ဒါ့ပြင် ကြုံတွေ့နေရတဲ့ပြဿနာနဲ့ အခွင့်အလမ်းတွေကိုလည်း နားလည်ရပါမယ် ။
ဒီလို မိမိကိုယ်ကိုနားလည်နိုင်ဖို့ဟာ အတွေးအမြင်ရှင်းလင်းမှုကို တန်ဖိုးထားလိုက်လျှောက်မှ ရနိုင်
တာပါ ။

(၂) အနုစိတ်ခြင်း (Precision)

     ဒါကိုတော့ လူသိများတဲ့ ရှားလော့ဟုမ်း သို့မဟုတ် မောင်စံရှားဝတ္ထုတွေမှာ ရင်းနှီးထားကြပါ
လိမ့်မယ် ။ ရှုပ်ထွေးလှတဲ့အမှုကိစ္စတွေမှာ အခြားသူတွေမမြင်မိတာတွေကို သူရဲ့အနုစိတ်တဲ့ အာရုံ
စိုက်စောင့်ကြည့်မှုတွေကရလာတဲ့ သဲလွန်စတွေကတစ်ဆင့် ကျိုးကြောင်းသင့်တဲ့ဆင်ခြင်မှု အဆင့်
ဆင့်ဖြတ်ပြီးကောက်ချက်ဆွဲနိုင်လို့ သူများမဖြေရှင်းနိုင်တဲ့ပုစ္ဆာတွေကို အောင်အောင်မြင်မြင်အဖြေ
ရှာရှင်းသွားနိုင်တာကို တွေ့နိုင်ပါတယ် ။

     အနုစိတ်ဖို့ရဲ့ အရေးကြီးပုံတွေကို ဆေး ၊ သင်္ချာ ၊ ဆောက်လုပ်ရေးနဲ့ စက်မှုပညာတွေလို အထူး
ပြုဘာသာရပ်တွေမှာ တွေ့နိုင်ပါတယ် ။ တွေ့ကြုံနေရတဲ့ ပြဿနာဟာဘာလဲ ၊ တိုက်ရိုက်မဟုတ်
ရင်လည်း အခြားဖြေရှင်းနည်းဘာတွေရှိလဲ ၊ နည်းလမ်းတွေရဲ့ အားသာချက်အားနည်းချက်တွေ
ဟာဘာတွေလည်း စသည်ဖြင့်နေ့စဉ်ဘဝမှာအနုစိတ်အဖြေရှာတဲ့ အလေ့အကျင့်ရှိလာမှသာ တ
ကယ့်ဆန်းစစ်ဝေဖန်တွေးခေါ်သူတစ်ဦး ဖြစ်လာနိုင်မှာပါ ။

(၃) တိကျမှန်ကန်မှု (Accuracy)

     ကွန်ပြူတာမှာ အများသိစကားတစ်ခုရှိပါတယ် ။ အမှိုက်ဝင်အမှိုက်ထွက်လို့ဆိုနိုင်မယ့် “garbage
in, garbage out” ဆိုတာပါ ။ စိုက်တဲ့အတိုင်း ရိတ်ရလိမ့်မယ်ဆိုတဲ့စကားလိုပါပဲ ။ လူမှာလည်း
ဘယ်လောက်တော်တော် သတင်းအချက်လက်အမှားတွေအပေါ်မူတည်ဆုံးဖြတ်ရင် ဆိုးရွားတဲ့
ဆုံးဖြတ်ချက်တွေပဲထွက်လာမှာ သေချာပါတယ် ။

     ဒါကို အမေရိကန်တွေ တန်ဖိုးကြီးကြီးပေးလိုက်ရတဲ့ ဗီယက်နမ်စစ်ပွဲမှာတွေ့နိုင်ပါတယ် ။ အဲဒီ
စစ်ပွဲအတွက် အတောမသတ်နိုင်တဲ့ မူဝါဒနဲ့ဆုံးဖြတ်ချက်အမှားတွေကို ချမှတ်ခဲ့တဲ့သူတွေဟာ ငတုံး
ငအတွေမဟုတ်ကြပါဘူး ။ စာနယ်ဇင်းသမားတစ်ယောက်ပြောသလိုပါပဲ - သူတို့ခေတ် သူတို့အခါ
မှာ အကောင်းဆုံးနဲ့အတော်ဆုံးလို့ သတ်မှတ်ခံထားရတဲ့သူတွေက လုပ်ခဲ့တာပါ ။ အဓိကအားဖြင့်
ဗီယက်နမ်ရဲ့ သမိုင်းနဲ့ယဉ်ကျေးမှုနောက်ခံ ၊ ဒေသရဲ့အရေးပါပုံ ၊ လူထုထောက်ခံမှု ၊ စစ်ပွဲရဲ့တိုး
တက်မှုအခြေအနေတွေနဲ့ပတ်သက်လို့ မှားယွင်းပြီးမပြည့်စုံတဲ့သတင်းအချက်အလက်တွေအပေါ်
မူတည်ဆုံးဖြတ်ခဲ့တာကြောင့် အကြိမ်ကြိမ်မှားခဲ့ကြရတာပါ ။

     ဆန်းစစ်ဝေဖန်တွေးခေါ်သူဟာ အမှန်တရားကိုတန်ဖိုးထားရုံတင်မကပါဘူး ၊ သူတို့ဟာ တိကျ
ပြီး အချိန်နဲ့တပြေးညီတဲ့ သတင်းအချက်အလက်တွေကိုလည်း မက်မောကြပါတယ် ။ ဆိုကရေးတီး
ပြောခဲ့ဖူးပါတယ် ၊ “ဆန်းစစ်မှုမရှိတဲ့ဘဝဟာ အသက်ရှင်နေဖို့မတန်ဘူး” တဲ့ ။ ဆန်းစစ်ဝေဖန်
တွေးခေါ်သူတစ်ယောက်ဟာ လေ့လာသင်ယူတာ ၊ အသိတိုးပွားလာအောင် စုံစမ်းမှုတွေလုပ်တာ
ကို တစ်သက်လုံးမရပ်ကြပါဘူး ။

(၄) သက်ဆိုင်ဆက်စပ်မှု (Relevance)

     ပျင်းစရာကောင်းတဲ့ ကျောင်းခန်းမအစည်းအဝေး (assembly) နဲ့ သားပုပ်လေလွင့် စကားစစ်
ထိုးပွဲ ကြည့်ဖူးသူတွေအနေနဲ့ သက်ဆိုင်ဆက်စပ်မှုရှိတဲ့ ထင်မြင်ယူဆချက်နဲ့သတင်းအချက်အ
လက်တွေကို ပိုမြင်တတ်တန်ဖိုးထားတတ်ကြပါလိမ့်မယ် ။ စကားပြောကောင်းသူတွေရဲ့ လှည့်
ကွက်တစ်ခုကတော့ ပရိသတ်တွေကို အဓိကအကြောင်းအရာနဲ့ သက်ဆိုင်ဆက်စပ်မှုမရှိတဲ့ အရာ
တစ်ခုတင်ပြပြီး ဖမ်းစားအာရုံလွဲတတ်ကြတာပါပဲ ။

     အမေရိကန်သမ္မတလင်ကွန်းတောင် သူရှေ့နေဖြစ်စဉ်က ဒီနည်းကိုအသုံးပြုခဲ့ဖူးပါတယ် ။ အမှု
တစ်ခုအတွက် နောက်ဆုံးလျှောက်လဲချက်ပေးတုန်းမှာဖြစ်ပါတယ် ။ တစ်ဖက်ရှေ့နေရဲ့ အင်မတန်
ကောင်းတဲ့လျှောက်လဲချက်ကို အဲဒီလူအင်္ကျီဝတ်ရာမှာ အမှားလုပ်ထားမိတာထောက်ပြပြီး အဆုံး
အဖြတ်ပေးမယ့်ဂျူရီလူကြီးတွေရဲ့အာရုံကို အောင်အောင်မြင်မြင်လွှဲပြီး အသာစီးရယူနိုင်ခဲ့ပါတယ် ။
ဒီဖြစ်ရပ်မှာ ဂျူရီလူကြီးတွေသာ critical thinking ကိုသုံးပြီးတွေးနိုင်ခဲ့ကြရင် ဝတ်စားမှုအမှားအ
ယွင်းနဲ့ လျှောက်လဲချက်ကောင်းနှစ်ခုကြား ခွဲခြားမြင်နိုင်ကြမှာဖြစ်ပါတယ် ။

(၅) ရှေ့နောက်ညီညွတ်ခြင်း (Consistency)

     Critical thinking မှာ ဘာကြောင့်ရှေ့နောက်ညီညွတ်ဖို့လိုတယ်ဆိုတာ အလွယ်တကူမြင်နိုင်
ပါတယ် ။ သာမန်တွေးတောဆင်ခြင်ရုံနဲ့ လူတစ်ယောက်မှာ ရှေ့နောက်မညီတဲ့ယုံကြည်မှုတွေရှိရင်
အဲဒီအထဲက အနည်းဆုံးတစ်ခုတော့ မှားနေရတော့မယ်ဆိုတာ ပြောနိုင်ပါတယ် ။ ကျိုးကြောင်း
သင့်စဉ်းစားသူတွေဟာ အမှန်တရားကိုအထူးတန်ဖိုးထားတာကြောင့်လည်း သူတို့ကိုယ်တိုင်ရဲ့အ
တွေးနဲ့ သူတစ်ပါးဆွေးနွေးငြင်းခုံအဆိုပြုချက်တွေထဲက ရှေ့နောက်မညီတာတွေကို သတိထား
လေ့ရှိကြပါတယ် ။

     ရှေ့နောက်မညီတာ နှစ်မျိုးရှိပါတယ် ။ ပြောဆိုတွေးတောမှုတွေမှာ ရှေ့နောက်မညီတာမျိုးနဲ့
အပြောတစ်မျိုးအလုပ်တစ်မျိုးလုပ်တတ်တဲ့ လက်တွေ့ရှေ့နောက်မညီတာတွေပါ ။ ရွေးကောက်ပွဲ
ကတိတွေကို အရွေးခံရပြီးတာနဲ့ဖျက်တတ်တဲ့အမတ် ၊ တရားဟောပြီး နောက်မီးလင်းတဲ့ဘာသာ
ရေးဆရာ ၊ မူးယစ်ဆေးဝါးရောင်းတဲ့ မူးယစ်ဆေးဖြတ်ဆရာဝန်ဆိုတာမျိုးတွေဟာ အလွယ်တကူ
တွေ့နိုင်တဲ့ နမူနာတွေပါ ။

     လူဆိုတာဟာ ကိုယ့်ကိုယ်ကိုအင်မတန်လှည့်ဖျားတတ်တဲ့အမျိုးပါ ။ သာမန်အခြေအနေမျိုးမှာ
သတိမထားမိနိုင်တဲ့ အပြောနဲ့အလုပ်မညီတာတွေကိုကြည့်ရင် ဥပမာ လူတစ်ယောက်ကို သူ့ဘဝ
မှာ ဘာအရေးကြီးဆုံးလဲလို့မေးရင် မိသားစုပဲလို့ မဆိုင်းမတွဖြေတတ်ကြပါတယ် ။ ဒါပေမဲ့ သူ့ရဲ့အ
ချိန်နဲ့လုပ်အားတွေကို ဘယ်နေရာတွေမှာ ရင်းနှီးမြှုပ်နှံအသုံးချသလဲဆိုတာ စောင့်ကြည့်ရင် (သူတို့
ဘာသာ သတိမထားမိပဲ) ကိုယ့်စကားနဲ့ကိုယ်မညီသူတွေ အတော်များများကို တွေ့လာရနိုင်ပါ
တယ် ။ ဒီလိုပဲ ကိုယ့်ဘာသာသတိမထားမိပဲ (မသိစိတ်မှာ) ရှေ့နောက်မညီညွတ်တဲ့ ယုံကြည်မှု
တွေထားမိတာ ဘဝမှာအများကြီးရှိနေတတ်ကြပါတယ် ။ ဒါတွေကိုမြင်ပြီး ရှောင်နိုင်လာတာနဲ့အ
မျှ ဆန်းစစ်ဝေဖန်တွေးခေါ်သူ (critical thinkinger) တစ်ယောက် ဖြစ်လာနိုင်မှာပါ ။

(၆) ကျိုးကြောင်းဆီလျော်တဲ့ မှန်ကန်ခြင်း (Logical correctness)

     ကျိုးကြောင်းဆီလျှော်အောင်တွေးဖို့ဆိုတာဟာ မှန်မှန်ကန်ကန်ဆင်ခြင်ဖို့ပဲဖြစ်ပါတယ် ။ ဒါဟာ
ကျနော်တို့စွဲကိုင်ထားတဲ့ ယုံကြည်ချက်တွေကနေ အခြေအမြစ်ရှိတဲ့ကောက်ချက်တွေ ထုတ်ယူဖို့
ဖြစ်ပါတယ် ။ ဆန်းစစ်ဝေဖန်တွေးခေါ်ဖို့ရာမှာ တိကျပြီးကောင်းကောင်းသက်သေထူထားတဲ့ ယုံ
ကြည်ချက်တွေလိုပါတယ် ။ ဒါပေမယ့် ထပ်တူအရေးကြီးတာက ကျနော်တို့ဟာ အဲဒီယုံကြည်ချက်
တွေကနေ အလိုက်သင့်ကျိုးကြောင်းကျတဲ့ အဆုံးသတ်ကောက်ချက်တွေကို ဆင်ခြင်ထုတ်ယူနိုင်
ဖို့ပါပဲ ။ ကံမကောင်းတာကတော့ လူ့အရေးကိစ္စတွေမှာ ကျိုးကြောင်းမကျတဲ့အတွေးအခေါ်တွေ
ဟာ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပါတယ် ။ ဥပမာအနေနဲ့ အရာရာထွင်းဖောက်မြင်နိုင်တဲ့နတ်ဘုရား
တွေကိုယုံကြည်ကိုးကွယ်သူဟာ အဲဒီနတ်ဘုရားတွေမမြင်နိုင်အောင် ရေချိုးခန်းထဲမှာအဝတ်ဝတ်
ပြီးရေချိုးတာမျိုးဟာ ဘယ်လိုမှကျိုးကြောင်းမကျနိုင်ပါဘူး ။

(၇) ပြည့်စုံခြင်း (Completeness)

     အခြေအနေတိုင်းလိုလိုမှာ ကျနော်တို့ဟာ အပေါ်ယံ ခပ်တိမ်တိမ်အတွေးထက် နက်နဲပြီးပိုပြည့်
စုံတဲ့ တွေးခေါ်မှုတွေကို ကြိုက်တတ်ကြပါတယ် ။ ဒီလိုကြိုက်လို့လဲ မစေ့စပ်တဲ့စုံစမ်းစစ်ဆေးမှု ၊ အ
လျင်စလိုဆုံးဖြတ်တဲ့ တရားခွင်ကအမှုကိစ္စ ၊ အပေါ်ယံရွှေမှုန် ကြဲသတင်း ၊ ဝေဝါးဝါးလမ်းညွှန်ချက် ၊
ပေါ့ပျက်ပျက်ဆေးကုထုံး စတာတွေကို မျှမျှတတရှုတ်ချ ကြပါတယ် ။ ချွင်းချက်တွေတော့ရှိပါ
တယ် ။ သတင်းစာတစ်စောင်ရဲ့ အယ်ဒီတာအာဘော်တိုတိုကလေးထဲမှာ “လူသားမျိုးဗီဇသုတေသ
နရဲ့ ထားရှိအပ်တဲ့ကျင့်ဝတ်” ဆိုတာမျိုးကို ကျယ်ပြန့်လှတဲ့ ပညာရပ်ဆိုင်ရာတင်ပြမှုတွေနဲ့ ဆွေး
နွေးချက်တွေကို အပြည့်အစုံပါအောင်မထည့်နိုင်တာ လူတိုင်းလိုလိုနားလည်ပေးနိုင်ကြမှာပါ ။
ဘယ်လိုပဲပြောပြော အပေါ်ယံခပ်တိမ်တိမ်ထက် နက်နဲပြည့်စုံတဲ့တွေးခေါ်မှုက ပိုပြီးကောင်းမွန်အ
သုံးကျတာကို အထူးပြောစရာလိုလိမ့်မယ်မထင်ပါဘူး ။

(၈) တရားမျှတခြင်း (Fairness)

     ဆန်းစစ်ဝေဖန်တွေးခေါ်သူတစ်ဦးအတွက် နောက်ဆုံးလိုအပ်ချက်ကတော့ - သဘောထားကြီး
တဲ့ ၊ မျက်နှာမလိုက်တဲ့ ၊ မမှန်မကန်လိုရာဆွဲဘက်လိုက်မှုနဲ့ ကြိုတင်မှန်းဆချက်ကင်းတဲ့ - “တရား
မျှတမှု” ပဲဖြစ်ပါတယ် ။ ဒါဟာ အလွယ်တကူတော့ မရနိုင်ပါဘူး ။ သမိုင်းနဲ့ လူမှုရေးသိပ္ပံတွေကို
သာမန်သိရုံလောက်နဲ့တင်ပြောနိုင်တာကတော့ လူတွေဟာ မကြာခဏဆိုသလို မသိကျွမ်းတဲ့စိတ်
ကူးအကြံဥာဏ်တွေကို အလွယ်တကူလက်ခံဖို့ငြင်းဆန်တာ ၊ ကိစ္စရပ်တွေကို တင်ကြိုဆုံးဖြတ်တာ ၊
ကိုယ့်နဲ့မတူသူတွေကို အတန်းအစားခွဲတာ ၊ အမှန်တရားကို ကိုယ်ကျိုးစီးပွား အဖွဲ့အစည်း နိုင်ငံ
အကျိုးစီးပွားနဲ့ယှဉ်ပြီး ချိန်ထိုးတာတွေနဲ့ အသားကျနေတတ်တာ တွေ့နိုင်ပါတယ် ။ ဒါတွေကနေ
လုံးဝကင်းလွတ်နိုင်မယ်လို့ ထင်မြင်မယ်ဆိုရင်တော့ ဘယ်တော့မှလက်တွေ့ကျမှာမဟုတ်ပါဘူး ။

     အတိုင်းအတာတစ်ခုအထိ နားလည်လို့ရနိုင်တာကတော့ လူအားလုံးဟာ တစ်ဦးစီရဲ့ဘဝအ
တွေ့အကြုံနဲ့ ပတ်ဝန်းကျင် ယဉ်ကျေးမှုဓလေ့တွေကနေ အင်အားကောင်းကောင်းနဲ့ ပုံဖေါ်ထား
တယ်ဆိုတာပါ ။ ဒီတော့ လူသားတွေအနေနဲ့ အတိုင်းအတာတစ်ခုအထိ ကြိုတင်မှန်းဆဆုံးဖြတ်
တာ ၊ ဘက်လိုက်တာတွေကနေ လုံးဝဥဿုံလွတ်ကင်းဖို့ လက်တွေ့မကျသလို ဖြစ်နေတယ်လို့
ယူဆနိုင်ပါတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် အခြေခံအားဖြင့် တရားမျှတတဲ့စိတ်ထားဟာ ဆန်းစစ်ဝေ
ဖန်တွေးခေါ်သူတစ်ဦးအတွက် မရှိမဖြစ်ပင်ကိုယ် အရည်အချင်းတစ်ခု ဖြစ်ပါတယ် ။



မန်းကိုကို
၀၈၊ ၀၃၊ ၂၀၁၁

မပျင်းရိသူများအတွက် -

လေ့ကျင့်ခန်း (၁) – ကိုယ်သင်ယူခဲ့ဖူးသမျှ မဟုတ်ရင်လည်း ကြုံခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေ ကနေ
                         ခင်ဗျားကိုဘယ်လောက်အတိုင်းအတာအထိ ရှင်းရှင်းလင်းလင်း တိတိကျကျဖြစ်
အောင်တွေးနိုင်ဖို့ ၊ ကျိုးကြောင်းဆင်ခြင်နိုင်ဖို့စသည်ဖြင့် ထောက်ကူပြင်ဆင်ပေးခဲ့သလဲဆိုတာ စာရွက်
တစ်ရွက်ပေါ်မှာ ရေးချလိုက်ပါ ။ ခင်ဗျားသိတဲ့သူတွေထဲက (မိဘ ၊ ဆရာ ၊ အသိမိတ်ဆွေ) ဘယ်သူ
များ critical thinking စံနှုန်းတွေကို ကောင်းကောင်းမွန်မွန် ထိထိရောက်ရောက် အသုံးချတာ တွေ့
ဖူးသလဲ ။ သူတို့ရဲ့လုပ်ကိုင်ပုံကို ပြန်လှန်စဉ်းစားမေးခွန်းထုတ်ကြည့်ပါ ။

လေ့ကျင့်ခန်း (၂) - ခင်ဗျားဟာ ရှေ့နောက်မညီ တွေးတောလုပ်ကိုင်ခဲ့ဖူးသလား ။ ဒါမှမဟုတ် ကိစ္စ
                        တစ်ခုခုမှာ မျှတတဲ့အမြင်မျိုး မထားခဲ့မိပဲ ဖြစ်ခဲ့ဖူးသလား ။ တွေးတောသုံးသပ်ပြီး
အဖေါ်ရှိရင်လည်း အပြန်အလှန်ဖလှယ်ကြည့်ပါ ။

Critical Thinking မိတ်ဆက် (၁)
Critical thinking မိတ်ဆက် (၃-၁)

Reference
- Bassham G, Irwin W, Nardone H & Wallace J 2008, Critical Thinking: a student’s introduction, 3rd edn, McGraw-Hill Higher Education, New York.

4 comments:

  1. ကိုကိုမောင်(ပန်းရနံ့)July 1, 2011 at 11:07 AM

    လေ့ကျင့်ခန်းလေးတွေ ချရေးလို့ ပြချင်ပေမဲ့ မျှတတဲ့ အမြင် မရှိသူ တစ်ယောက်ယောက်က ရှေ့နောက် မညီဘူး ပြောလာမှာလဲ ခပ်လန့်လန့်ရယ်။း)))

    ခင်မင်လျက်

    ReplyDelete
  2. အတွေ့အကြုံ ၊ အမြင် ၊ သင်ကြားသိထားတာတွေကို ချရေးချင်သလောက် ချရေးနိုင်ပါတယ် သူကြီးရယ် ။ မျှတတဲ့အမြင်နဲ့ ရှေ့နောက်ညီတဲ့လူတစ်ယောက် ဖြစ်လာဖို့အတွက် တစ်ဆင့်ပြီးတစ်ဆင့် ဖြတ်ကျော်ရသလို ၊ ကိုယ့်အနေအထားကို ချပြရာက ကျိုးသင့်ကြောင်းသင့် ဆွေးနွေးထောက်ပြတဲ့သူရှိရင် အကျိုးအမြတ်တောင် ရနိုင်ပါသေးတယ် ။

    ကျနော်ကိုယ်တိုင်လည်း လေ့လာကျင့်သုံးနိုင်အောင် ဒီလိုစာတွေကို ရှာဖွေလေ့လာရင်း တနိုင်တပိုင် ဝေဌတာပါ ။ ဒီတော့ အပြန်အလှန် အသွားအလာတွေရှိရင် အလေ့အကျင့်နဲ့ ဆပွားအကျိုးတွေ ရှိနိုင်တာကြောင့် အမြဲတမ်း လမ်းဖွင့်ထားပါတယ်ဗျာ ။

    တစ်ခုရှိတာက အသားလွတ် အဆော်ခံရမှာကို မကြိုက်လို့ဆိုပြီး ကြိုတင်တောင်းဆိုရင်တော့ သူကြီးအတွက် အဲဒီလိုကွန်မန့်တွေကို ဖျက်ပေးပါ့မယ် သူကြီးရယ် ... :-)

    ReplyDelete
  3. ကိုမန်း
    ဒါက ကိုယ်တိုင်ကိစ္စရေးရမှာဆိုတော့ ရေးချင်တယ်ဗျာ ။ အထူသဖြင့် နက်ထဲ ကျွန်တော်ကျွန်မ ဗမာပညာရေးက အဆင့်မမီလို့ ပါ ဆိုပြီး တွေ့ တိုင်း ကိုယ်တွေ့ ကိုေ၇းချင်တာ အူယားနေတာဘဲ ။ ဘယ်လောက်ထိ logical thinking ကိုအားပေးတဲ့ ဆရာတွေ နဲ့ နေခဲ့ရလဲဆိုရင် ဘာဘွဲ့ မှ မရသေးတဲ့  ကျောင်းသား တပည့်လေးက ပရော်ဖက်ဆာဘိုးအေ ညွှန်ချုပ်ရဲ့  လူနာလွှဲစာ မှတ်ချက်ကို သဘောမတူကြောင်း လူတွေကြားထပြောတာကို ပြုံးကြည့်နေတဲ့  clinical professor ဟာ ခုထိ ဗမာပြည်တွ င်းမှာ လက်ရှိ အလုပ်လုပ်နေတုန်း ဆိုတာမျိုးပေါ့ဗျာ ။
    ခက်တာက အဲမျိုးတွေက ကိုယ်တွေ့ ရေးပြရင် ကျွန်တော့ အကြောင်းတွေ ပါလာတော့မယ် ။ လောလောဆယ်တော့ ကျွန်တော့အကြောင်းက ရေးလောက်သေးတယ်မထင်ဘူးဗျာ ။

    ReplyDelete
  4. ဆရာတင့်ပြောတာ မှန်ပါတယ် ။ ဒါပေမယ့် နေရာကွက်ကွက်ကလေးတွေမှာပဲ မှန်နေတဲ့အခါကျတော့ ခက်တော့တာပါပဲ ။

    ကျနော်ဆိုလိုတာက မြန်မာပြည်မှာ ဆရာတင့်ပြောတာမျိုးတွေရှိသလို အဲဒီလို အနေအထားမျိုးနဲ့ တွေ့ကြုံဖြတ်သန်းဖူးသူတွေအတွက် ဝမ်းသာမိပေမယ့် အများစုမှာတော့ ဒီလိုအခွင့်အရေးမျိုးနဲ့ ဝေးနေကြရတာ စိတ်မကောင်းစရာပါ ။ ကျနော်ကိုယ်တိုင် သူငယ်တန်းကနေ အထက်တန်းကျောင်းအထိ ကျောင်း ၄ ကျောင်းလောက် ပြောင်းနေဖူးရာက တစ်မြို့ထဲမှာတောင် သင်ကြားမှုမကောင်းတဲ့ကျောင်းမှာ တစ်နှစ်လောက်နေမိတဲ့ အကျိုးအပြစ်ကို နည်းနည်း တီးခေါက်မိခဲ့ပါတယ် ။ အပြိုင်အဆိုင်ရှိတဲ့ အသိုင်းအဝိုင်း ၊ ငွေကြေးတတ်နိုင်တဲ့ အသိုင်းအဝိုင်း ၊ အသိပညာနဲ့ ကြိုးစားရကောင်းမှန်း သိတတ်လမ်းညွှန်ပေးနိုင်တဲ့ အသိုင်းအဝိုင်းတွေ စတာတွေဟာ လူတစ်ယောက်စီရဲ့ အနာဂါတ်အပေါ် အများကြီး သက်ဆိုင်သက်ရောက်မှု ရှိတတ်တာ တွေ့ရတယ်ဗျ ။ နောက်တစ်ဆင့်က နယ်နဲ့ မြို့ ၊ မြို့ကြီးနဲ့ မြို့ငယ် ၊ ပြည်နယ်နဲ့ ပြည်မတွေလည်း ကွာပြန်ပါတယ် ။

    အပေါ်ကဟာတွေကိုချုပ်ရင် မြန်မာပြည် ပညာရေးဟာ အဆင့်မမီဘူးလို့ ပြောတာကို ကျနော့်တစ်ကိုယ်စာတော့ လက်ခံမိပါတယ် ။ ဒါပေမယ့် ချွင်းချက်တော့ ရှိပါတယ် ။ အသုံးလုံးဝ မဝင်ဘူးလို့ ပြောရင်တော့ လွဲတယ်လို့ ဆန့်ကျင်ရပါလိမ့်မယ် ။ ကျနော်တို့တတွေအားလုံး မြန်မာပြည် ပညာရေးစနစ်ကနေ အခြေခံအုတ်မြစ်တွေ ကိုယ်စီတော့ ရခဲ့ကြတာချည်းပါပဲ ။ အခွင့်အခါသင့်လို့ စိတ်နဲ့လည်း ညီညွတ်ရင် ၊ ရှိထားတဲ့အုတ်မြစ်အပေါ်မှာ ထပ်ပြီး ထပ်ဆင့် ရှာမှီးကြဘို့ကတော့ ကိုယ်စီတာဝန်ပေါ့ ။ ဒါပေမယ့် ကိုယ်လုပ်သင့်တာကို မေ့နေသူတွေ ၊ သိနိုင်ဖို့ လက်တို့ပေးဖို့ လိုနေသူတွေလည်း ရှိတတ်ပြန်ပါတယ် ။ (ကျနော်ကတော့ အဲဒီ gap လေးကို ဖြည့်ပေးချင်နေတာပါ) ။

    ဆရာတင့် ဆိုလိုချင်တာနဲ့ ကျနော်ပြောနေတာတွေ နည်းနည်းလွဲများ နေမလားတော့ မပြောတတ်ဘူး ။ တစ်ခုရှိတာက ဆရာတင့်ပြောတဲ့ မရေးလောက်တဲ့ ကိုယ်ပိုင်အကြောင်းဆိုတာ ကျနော့်အတွက်တော့ အရေးမဟုတ်လှပါဘူးဗျာ ။ ရေးချင်တာ ၊ ပြောချင်တာကို ကိစ္စကြီးငယ်မဟူ ပြော ၊ ရေး ၊ ဆွေးနွေးလို့ ရပါတယ် ။ ယူတတ်ရင် အရာအားလုံးမှာ သင်္ခန်းစာတွေ ရနိုင်တာချည်းပါပဲ ။

    ReplyDelete