ﻩ နှစ်လေးဆယ်မှာတခါ
အိန္ဒိယသမုဒ္ဒရာအောက်
ကျရောက်မည့်
ဆူနာမိ ရိုင်းလိုက်ပြန်၏ ...
ﻩﻩ ဆုမတြာ ဖူးကက်နဲ့ မြန်မာ
သီရိလင်္ကာနဲ့ အိန္ဒိယဆိပ်ကမ်း
သွေးရည်တွေ လွှမ်းခဲ့ပေါ့ ...
ﻩﻩﻩ သေသူတွေရဲ့ ရုပ်အလောင်း
မြင်မကောင်းရှုမကောင်း
ပုပ်ဟောင်နံစော်လှ
ဆည်လို့ရသူရ မရသူလဲမရ
အို ဒုက္ခ ဒုက္ခ ...
ﻩﻩﻩﻩ ရက်နှစ်ဆယ်
သားငယ်လေးတယောက်
နှစ်ပါတ်ထဲ အရောက်မှာ
ပျဉ်စနဲ့ အမှိုက်စတွေထဲ
အလားမှောက်ပြီး
ဝါးဝါးငိုညည်း မျောပါပြီးနေစဉ်
ကယ်တင်သူတွေနဲ့ တွေ့အလာ
အို .. မမေ့ပါဘူး မေခလာရယ် ...
ﻩﻩﻩﻩﻩ ကမ်းပါးနဲ့ဆိပ်ကမ်း
မြို့လမ်းနဲ့ရွာခြေ
လူနေတဲ့မြို့ တစပင်မကျန်
မြေကိုလှန်၍ တွန်းကန်ဖြိုဖျက်
မြို့ပျက်ရွာပျက် အခြေပျက်ကြ
ဆူနာမိနဲ့ ဒုက္ခသည်ဘဝပါ ...
ﻩﻩﻩﻩﻩﻩ ခုတော့ သူကြွယ်နိုင်ငံကြီးတွေရှိ
ဓိပတိခေါင်းဆောင်ကြီးငယ်
အသွယ်သွယ်တို့
မျက်နှာချင်းဆိုင်
ကွန်ပြူတာကိုင်ပြီး
ကယ်ဆယ်ရေးနဲ့
တည်ဆောက်ရေးအတွက်
တွက်ချက်ကြရာ
မြန်မာနဲ့ အိန္ဒိယ မပါ
ငွေအသပြာ ကုဋေကဋာ
ခြောက်ဘီလီယံပါတဲ့
ဒီလို ကယ်ဆယ်ရေးနဲ့
တည်ဆောက်ရေးအလုပ်တွေ
ရှုပ်ထွေးများပြားနေချိန်မှာ
သီရိလင်္ကာကမ်းခြေ တနေရာက
အဒေါ်ကြီးတယေက်
ရေနောက်မျောပါသွားသတဲ့
သူ့မြေးကလေးများကို
မျက်ရည်များနဲ့
မျှော်နေဦးနေမှာပါ ..... ။
မောင်စင်ကြယ်
(ပန်းကြာခိုင် - ကဗျာစု)
စကားချပ် - ဂျပန်ပြည်စူနာမီ ၊ မကြာခင်ကဖြစ်သွားခဲ့တဲ့ နယူးဇီလန်ငလျင် ၊ မြန်မာပြည်က နာဂစ်နဲ့
လူမသိသူမသိ အသိအမှန်ပြုမခံခဲ့ရတဲ့ ဘေးဒုက္ခအားလုံး ၊ ဒီလိုပဲ အလားတူအဖြစ်အပျက်
တွေနဲ့ ခံစားကြရသူများအတွက် ရည်စူးပါတယ် ။
- (မန်းကိုကိုဟာ ကဗျာဆရာမဟုတ်ပါ ၊ စာရေးဆရာလဲမဟုတ်ပါ ၊ ဘာမှလည်း မဟုတ်ပါ ။)
အင်း...ဒုက္ခ...ဒုက္ခ
ReplyDeleteသဘာဝကပေးတဲ့ အလှနဲ့ သူကပဲပေးတဲ့ ဘေးဆိုးတွေ
ReplyDeleteအခုလိုတွေးနေတုန်း ဗြုန်း....ဆို
ကမ္ဘာကြီးက ပြောတယ်
သူနေမကောင်းဘူးတဲ့
၂၀၁၂ မှာ အချို့သူတွေပြောကြသလို ကမ္ဘာကြီး အဆုံးသတ်သွားရင်တော့ ကိစ္စဝိစ္စ ဘာမှရှိတော့မှာမဟုတ်ပါဘူး ။ ဒါပေမယ့် ဖြစ်နိုင်ခြေကလည်း နည်းလေသမို့ အခက်သား ။
ReplyDeleteတွေ့ကြုံခံစားကြရတဲ့ ဒုက္ခဝေဒနာတွေက ကင်းဝေးဖို့တောင်းခဲ့ကြတဲ့ ဆုတွေအများစုကလည်း မပြည့်ခဲ့ကြတာ သေချာပါတယ် ။ ဒါပေမယ့် လျော့နည်းသက်သာအောင်တော့ နည်းလမ်းလေးတွေရှိတာ သတိထားမိတယ် ။ ဒါပေမယ့် ဒါတွေကလည်း လူ့ကျင့်ဝတ်နဲ့ ဝတ္တရားတွေကို သတိရှိစောင့်ထိန်းမှုတွေနဲ့ အချိုးကျနေတတ်ကြပြန်တယ် ။
ဒါတွေကို ဒီကနေ့ခေတ်မှာ သတင်းနဲ့စာနယ်ဇင်းတွေက ထိန်းညှိပေးနိုင်ကြပြန်တယ် ။ သူတို့က “မှန်”တွေလို အသုံးချခံတတ်ကြတယ် ။ (အခန်းတစ်ခန်းမှာ မှန်တွေအပြည့်တပ်ထားရင် လူတွေဟာတစ်ယောက်ထဲ ရှိနေပေမယ့် မမှန်တာကို အလုပ်နည်းကြတယ် - တဲ့) ။ မလေးရှားမှာ တစ်ခါကြုံတယ် ၊ ရွာတစ်ရွာ ရွှံ့တွေနဲ့မျှောပါသွားတာပါ ။ သတင်းသမားတွေ ရောက်သွားခဲ့ပြီး ကယ်ဆယ်ရေးသမားတွေ နောက်ကျရောက်တာနဲ့ အလုပ်မကျွမ်းကျင်တာတွေကို တင်ပြနိုင်ခဲ့ကြတယ် ။ (ဒါဟာ တဝက်တပျက် ဒီမိုကရေစီနိုင်ငံလို့ နာမည်တပ်ခံထားရတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အကောင်းဖက်ဦးတည်တဲ့ အဖြစ်အပျက်) ။
ဘားအံမြို့မှာ ငယ်ငယ်တုန်းကစပြီး သဘာဝဘေးတွေကြောင့် သေကြေခဲ့ကြတာတွေကို တစ်ဆင့်စကားတွေနဲ့ပဲ တသက်လုံးကြားလာခဲ့ရတယ် ။ ၁၉၉၀ ခုနှစ်ကျော်တွေက ဘားအံ-ရန်ကုန်လမ်းတစ်လျှောက် အကြိမ်တော်တော်များများ ရေကြီးခဲ့တယ် ။ တောင်ပြိုလို့ ရွာလုံးကျွတ်ပျောက်သွားတာတွေ ၊ ရွာအတော်များများ ရေနဲ့မျောပါခဲ့ကြတာတွေ ၊ နောက်ပြီး သတင်းထဲမှာ ၃-၄ ယောက်ဆိုပေမယ့် ကိုယ်တွေ့သမားတွေရဲ့ လူရာနဲ့ချီသေတယ်ဆိုတဲ့ မန်းစက်တော်ရာ တောင်ကျရေအဖြစ် ၊ ဒီနှစ်စမှာ အအေးလှိုင်းကြောင့် စာရင်းမရှိအင်းမရှိ သေခဲ့ကြတာတွေ ၊ နှစ်တိုင်း နွေရာသီရောက်တိုင်း အပူကြောင့်သေဆုံးကြရတဲ့ (အထူးသဖြင့် အထက်အညာဖက်က သက်ကြီးရွယ်အိုတွေရဲ့) အလေးထားမခံရတဲ့အရေး စတာတွေက စာရင်းရဲ့ ပထမစာမျက်နှာပဲ ရှိပါဦးမယ် ။
မြန်မာပြည်က လူတွေရဲ့အသက်ဟာ အခြားဒေသကလူတွေထက် တန်ဖိုးများပိုနည်းနေသလား ၊ တန်ဖိုးနည်းအောင် ဘက်စုံ အဆင့်စုံကနေပြီး လုပ်မိထားကြလို့လား ၊ ဘယ်သူတွေအပေါ် ပုံချရရင်ကောင်းမလဲ ၊ ကံကိုပဲ ပုံချရလေမလား ၊ မြန်မာပြည်ကလူတွေ ခုထက်ပိုကောင်းတဲ့ အနေအထားမျိုးကို ထိုက်တန်သလား ၊ ဘာတွေများ လုပ်ပေးလို့ရနိုင်မလဲ ၊ ရှေ့ဆက်ဘယ်လိုရင်ဆိုင် ဘာတွေဖြစ်လာကြဦးမှာလဲ ၊ အကောင်းဖက်ကို မျှော်လင့်ချက်တွေများ ရှိလာနိုင်ဦးမှာလား ......
အဲဒါ ဘဘာဝ ဘေးဆိုးတွေရဲ့ တရားခံက ဘူလူလဲ။
ReplyDelete