ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, March 12, 2011

ခက်ဗမာ



     ပို့စ်ခေါင်းစည်းကြည့်ပြီး စိတ်ထဲဇဝေဇဝါများ ဖြစ်သွားကြသလား ။
     ဗမာစာ ဗမာစကားခက်လို့ အတိုဆုံးစကားလုံးချုပ်ကြည့်လိုက်တာပါ ။ (နောက်ပြီး မျက်စိထဲစူးဝင်
စိတ်ဝင်စားသွားအောင် ဖန်တီးကြည့်တာလို့လည်း သဘောထားချင်ထားလို့ရပါတယ်) ။
     ဘာလဲ မခက်ဖူးလို့ငြင်းချင်လို့လား ၊ ဘယ်ရမတုံးဗျ ၊ ကိုယ့်ဘလော့နဲ့ကိုယ်ဆိုတော့ တစ်ဖက်သတ်
ဇွတ်ငြင်းပစ်မှာပေါ့ .. ဟဲ ဟဲ ။

     ကျုပ်ကတော့ ထိုင်း နဲ့ ဗမာတို့ရဲ့ စာနဲ့စကားကို ခက်တဲ့ဖက်မှာမတိမ်းမယိမ်းလို့ပဲ သဘောထားတယ် ။
     ဟုတ်တယ်လေ .. ကျနော်တို့က မွေးကတည်းက သိမြင်ကြားလာကြရလို့သာ လွယ်တယ်ထင်ကြတာ
ကိုး ၊ ပိုက်ဆံပေးပြီးသင်ခိုင်းရင်တောင် လိုအပ်တဲ့လူတွေကလွဲပြီး ဘယ်သူမှဒုက္ခခံမသင်ဖူး စိတ်ချ ။

     ဒါတင်ဘယ်ကပါ့မလဲ ၊ ကိုယ့်နားမှာရှိတဲ့လူတွေကိုမေးကြည့် .. သဒ္ဒါကောကြေကြသလားလို့ …
     အင်္ဂလိပ်စာသင်ရာမှာသုံးလို့သာ ကတ္တား ၊ ကံနဲ့ တြိယာလောက်ကိုမှတ်မိကြတာ ၊ ဒိထက်ပိုပြီး ဆက်
ပြောခိုင်းရင် ပြုံဖြီးဖြီးကြီးလုပ်နေကြမယ့်သူက ဆယ်ယောက်မှာကိုးယောက်လောက်မရှိရင် ကံကောင်း
တယ်မှတ် ။ သိပြီးသားတွေများ လာထပ်ပြောနေရသေးတယ်လို့ ပြောချင်လို့လား .. ဘယ်ကမလဲဗျ ..
ခေါင်းစဉ်နဲ့မဆီ မဆိုင်တွေပါလျှောက်ရေးဦးမှာ ။ စိတ်နောက်ဖို့သာပြင်ထား ။

     ကြာတော့နည်းနည်းကြာခဲ့ပါပြီ ၊ တောင်သာမြို့မှာ ခဏရောက်နေစဉ်တုန်းကပေါ့ ။
     သိကျွမ်းလာသူတွေထဲမှာ တရုတ်ကြီးတစ်ယောက်ပါလာတယ်ဗျ ။
     တစ်နေ့တော့ စကားစမြည်ပြောဖြစ်ရင်း သူကမေးလာတယ် ..

ဦးကြီး   ။  ။ “ဟေ့ .. မင်းတို့ဖားကန့်က ဘယ်လိုနေသတုန်းကွ ..”
ကျနော် ။  ။ “ဖားအံပါခင်ဗျ ၊ ဟိုကတော့ ဒီနဲ့စာရင် သစ်ရိပ်ဝါးရိပ်ကလေးများ ပေါတာပေါ့ဗျာ ..”
ဦးကြီး   ။  ။ “အေး .. ဒါနဲ့ ဟိုကွာ .. မက်သနောမှာ ချနေကြတာကော ဘယ်လိုတုန်း .. ပြီးသွားပလား”
ကျနော် ။  ။ “ဟာ .. မယ်သဝေါပါဗျာ ၊ ခုတော့လည်း အတော်ငြိမ်သွားပါပြီ ဦးကြီးရာ ..”

     တမင်လုပ်ပြောတာမဟုတ်တဲ့ တရုတ်ကြီးကို စိတ်ဆိုးရလည်းခက်ခက်ပါ ။

     နောက်တစ်ယောက်ကတော့ ဘန်ကောက်မှာတွေ့ခဲ့ရတဲ့ မော်လမြိုင်သားမွတ်ဆလင်ပါ ။
     သိကျွမ်းလာပြီးနောက်ပိုင်း သူပြောတဲ့စကားလုံးအချို့ကို သတိထားမိတယ် ။ “ပြေစာ” တဲ့ ၊ “အိုဗာ
စီး” တဲ့ ။ ပထမတော့ ဘယ်ကငွေချေဖြတ်ပိုင်းနဲ့ နိုင်ငံခြား(oversea)ဖုန်းတွေအကြောင်း လာလာပြော
နေပါလိမ့်ပေါ့လေ ။ နောက်မှ ဆက်စပ်တွေးပြီးသဘောပေါက်သွားတယ် ။ သူပြောချင်တာက “ပြေစာ
= visa” ၊ “အိုဗာစီး = overstay” ကိုးဗျ ။ ကိုယ့်မိတ်ဆွေကို တောသားလို့တော့ မပြောရက်ခဲ့ပါဘူးဗျာ ။

     သူများတွေကို ပြောမယ့်သာပြောတာ ကိုယ်လည်းတခါတရံဖြစ်တတ်တာပါပဲ ။
     ကျနော်တို့(ပိုး)ကရင်တွေမှာ သိသာတဲ့စကားဝဲတာတွေရှိပါတယ် ။ ဥပမာ “မြန်မြန်ပြန်” ဆိုရင် “မြောင်
မြောင်ပြောင်” လို့အသံထွက်တတ်ကြပါတယ် ။ “နင်” ဆိုရင် “နီင်” ၊ “ဆုံ” ကို “ချုံ” စသည်ဖြင့်ပေါ့လေ ။
မှတ်မိတာတစ်ခုက လူဝင်မှုကြီးကြပ်ရေးမှာ လုပ်အားပေးတုန်းက ရွာတွေမှာ မှတ်ပုံတင်လိုက်လုပ်ပေးရာ
မှာ “သန်း” ဆိုတဲ့ စကားလုံးနဲ့ “သောင်း” ဆိုတာကို ကရင်အချင်းချင်းတောင် အသံမဖမ်းတတ်တော့လို့
ထင်ရာစာလုံးပဲ ရေးထည့်ခဲ့ကြတာတွေကိုပါ ။

     ဆက်စပ်ပြီး ဘားအံသားတွေပြောလေ့ရှိတဲ့ ဇာတ်လမ်းတိုကလေးတစ်ခုသတိရတယ် ။
     ဘားအံမှာ “ရွှေထုံမောင်” ဆိုတဲ့ အအေးဆိုင်တစ်ဆိုင်ရှိတယ် ။ သူ့ဆီက သံဗူးဖျော်ရည်ကို လူကြိုက်
များကြတယ် ။ လူငယ်တွေဆို အဲဒီခေတ်မှာနာမည်ကြီးတဲ့ ကိုင်ဇာရဲ့ “ကိုယ်ရံတော်တပ်မှူးလေး” သီချင်း
စာသားကိုတောင် “ရွှေထုံမောင်သံဗူးလေး” ဆိုပြီး ဖျက်ဆိုရလောက်အောင်ပါပဲ ။ (ကျုပ်တို့မြို့ကလည်း
ကရင်ပြည်နယ်မြို့တော်ဆိုပေမယ့် တောမြို့ကြီးသာသာလောက်ဆိုတော့ ဂလိုပဲရှိမပေါ့ဗျာ) ။

     တစ်နေ့တော့ ဒီဆိုင်မှာ ကရင်တစ်ယောက်နဲ့ မွန်တစ်ယောက်ဆုံကြတယ် ။ အသံဝဲတဲ့မွန်ကနေ
sparkling မှာတဲ့အခါ “စ-်ပ-်ကရင်” ဖြစ်သွားတယ်ဆိုပဲ (ပစောက်ထည့်ဖတ်ပေးပါ) ။ ဒီမှာတင် ကရင်
ကလည်း အားကျမခံ ဆိုင်းပုဒ်ပေါ်ရေးထားတဲ lemon ကို လက်ညိုးထိုးပြီး အသံဝဲဝဲနဲ့မှာလိုက်ပါတယ် ။
“လီ-မွန် ၊ လီ-မွန်” တဲ့ဗျား (“-” နေရာမှာ ဝစ္စနှစ်လုံးပေါက်တွေ ဖြည့်ဖတ်ပေးကြပါ) ။

     ဘာသာစကားအခက်အခဲနဲ့ပတ်သက်လို့ ကျနော်တို့ရဲ့ ခလောက်နို့ရွာမှာလည်း ပြောစမှတ်ရှိပါ
တယ် ။ မ-ဆ-လ ခေတ်ကပေါ့ဗျာ ၊ ခလောက်နို့ရွာမှာ ကျေးရွာကောင်စီဖွဲ့တော့ ကောင်စီစာရေးရာ
ထူးကို ဘားအံမြို့မှာ အလယ်တန်းအထိသွားတက်ဖူးတဲ့ လူတစ်ယောက်ကိုခန့်လိုက်ကြပါတယ် ။
မြို့တော်နဲ့ သုံးမိုင်လောက်ပဲဝေးပေမယ့် ဗမာစကားကို သိပ်မရေလည်ကြတော့ ဗမာကျောင်းနေဖူး
သူကို အားကိုးကြမယ်ပေါ့ဗျာ ။

     ဒါနဲ့တစ်နေ့တော့ မြို့ကလူကြီးတွေဆင်းလာပြီး မလုပ်စဖူး ခလောက်နို့မှာ အာဇာနည်နေ့ကျင်းပ
မယ်ဆိုပြီး စီစဉ်ခိုင်းတော့တာပဲ ။ အခမ်းအနားမှူးကတော့ ကံကောင်းသူမောင်ရှင် ကောင်စီစာရေး
ပေါ့ ။ စာရေးကြီးမှာ အခမ်းအနားမစခင်ကတည်းက ပွဲမဝင်ခင်ကြိုတင်ပြင်ဆင်ရလေသပေါ့ ၊ ရှေ့က
နေ“တိုင်”ပေးရမယ့် စကားတွေကို ပါးစပ်ကတတွတ်တွတ်နဲ့ပေါ့ ။

     ကဲ အခမ်းအနားစပါပြီ ။ ထုံးစံအတိုင်း နိုင်ငံတော်အလံကို အလေးပြုတာနဲ့ စကြတာပေါ့ ။

     “နိုင်ငံတော်အလံအား .. အလေးပြု ….. နေမြဲ ..”

     အဆင်ပြေသွားပါတယ် ၊ အဆင်ပြေဖို့လည်း ကြိုတင်တွက်ဆပြီး “ပြည်ထောင်စု မြန်မာနိုင်ငံ” ဆိုတာ
ကြီးကို တမင်ဖြုတ်အတိုချုပ်ထားခဲ့တာလေ ။ ဒုတိယအဆင့်အနေနဲ့ကျတော့ …

     “ကျဆုံးလေပြီးသော .. ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ………………………………………………....”

     ခက်ပြီ နည်းနည်းရှည်တာနဲ့ စာရေးကြီးမှာ စကားစ ရှာမရတော့ပါဘူး ။
     ခဏလောက်ကျတော့ တတ်သမျှမှတ်သမျှ နှုတ်ကထွက်လာပါတော့တယ် ။

     “သူ၏သူငယ်ချင်းများအား ………………………………………………………. ခေါင်းငြိမ့် ..”

     မြို့ကလာတဲ့လူကြီးအများစုက ဒီနယ်သားတွေမို့ ရယ်ချင်ပေမယ့် နားလည်ခွင့်လွတ်ပေးကြပါတယ် ။
ဒါပေမယ့် မပြီးသေးပါဘူး ။ အလေးပြုခေါင်းငြိမ့်ထားတာ တစ်မိနစ်ကျော်လာပေမယ့် “နေမြဲ” ဆိုတဲ့စကား
သံက ထွက်မလာနိုင်သေးဖူး ။ မျက်လုံးလှန်ပြီးကြည့်တဲ့သူကလည်းကြည့်ကြတဲ့အခါ ချွေးတွေပြန်နေတဲ့
စာရေးကြီးကိုတွေ့ရတယ် ။ အတော်လေးကြာတော့မှ ရွှေဥာဏ်တော်ပွင့်လင်းသွားရှာတယ်ထင်ပါရဲ့ ၊ အ
သံထွက်လာတယ် …

     “ခေါင်း .. ထောင် …”

     ကဲ မှတ်ပလား ။



မန်းကိုကို
၁၂၊ ၀၃၊ ၂၀၁၁

10 comments:

  1. An Asian Tour OperatorMarch 12, 2011 at 3:07 PM

    သူကပဲ ခက်ဗမာ လုပ်လိုက်ချေသေး တယ်။ သူတို့ ကရင်စကားကျတော့ မခက်တာ ကျနေတာပဲ။ အရှေ့ပိုးကရင် ဘာသာစကား စာအုပ် က တတောင်လောက် အလျား ရှိပြီး တမိုက်လောက် ထူတယ် (၄ အုပ်တွဲ) ရှိတယ်။ ဒါတောင် စီစဉ်တဲ့ သူ က မပြည့်စုံသေးပါဘူး ဆိုသေးတယ်။ တခြား စကော ကရင်၊ ဂေဘား၊ ဂေခို၊ ဘွယ် ၊ တလေဘွာ ၊ တလေကီ၊ မိုးနေပွား၊ မိုးနေကူး (တောင်ပေါ်ကရင်၊ တောင်အောက်ကရင်၊ တောင်စကောစက ကရင် :-) ) စကား တွေမပါသေးဘူး။ ;P

    ReplyDelete
  2. အင်္ဂါဟူးMarch 12, 2011 at 7:36 PM

    ဟုတ်ပ... စာဖြူ စာနီတွေက ရှိသေး.. နန်း လို့ ခေါ်တာရော နန့် လို့ ရှေ့မှာ တပ်တာရော...ခက်ကရင်ပါပဲကွယ်.. ဟီးဟီး

    စာတွေ ငုံ့ဖတ်နေတာ တော်သေးတယ်.. ခေါင်းထောင် ဆိုမှ မနည်းပြန်ဖော့ရတယ်.

    ReplyDelete
  3. ဟာ ... ကရင်တွေ ပညာတတ်ပေါလို့ စာပေနဲ့စကားတွေ အမျိုးမျိုးတီထွင်နိုင်တာ မနာလိုကြဖူးထင်ပါရဲ့ ... :-)

    ဒီကြားထဲ Datuk AATO က ဘာသာစကားစာအုပ်နဲ့ တစ်ထောင့်တစ်ည ပုံပြင်စာအုပ်ကိုများ လာမှားရတယ်ရယ်လို့ ... :-)

    ReplyDelete
  4. ကျော်ထင်March 13, 2011 at 3:34 AM

    လန်းသဗျာ။ အတော် ရယ်ရတယ်။ ဒီမှာ ပြေးရလွှားရလို့၊ အိပ်ရတာတောင် ကျောမလုံလို့ လေနေတာ။ ဆြာမန်းပို့စ် ဖတ်ပြီး မျက်လုံးနဲနဲကျယ်ပြီး alert ပြန်ဖြစ်လာတယ်။

    ReplyDelete
  5. အေးဗျာ .. ဆရာကျော်ထင်ကြီး အဆင်မှပြေရဲ့လား ။

    laptop တစ်လုံးဆွဲ ၊ ကျောပိုးအိတ်တစ်လုံးလွယ်ပြီး ကွင်းပြင်မှာအိပ်များ နေရသလားဗျ ၊ အတွေ့ကြုံရှင်းလင်းပွဲလေး လုပ်ပါဦး ။ ကြည့်ရတာ ငလျင်ဗဟိုက ဆရာတို့နဲ့ သိပ်ဝေးပုံမရဘူး ။

    ဒီလိုအချိန်မှာတော့ ဘုရားတရားပဲ ကိုယ့်နဲ့အနီးဆုံး ရှိနေနိုင်တာပါ ။ ကျနော်လည်း ကိုယ့်အသက်တာတိုတိုလေးမှာ အကျိုးရှိတာလေး တစ်ခုခုလောက် လုပ်သွားနိုင်ပါ့မလားလို့ တွေးနေမိသေးတယ် ။

    ဒါနဲ့ ကိုကျော်ထင်ရဲ့ဘလော့က http://www.futureroadvisions.blogspot.com/ လား ၊ စီဘောက်မှာတောင် ပြီးခဲ့တဲ့နှစ် ဇွန်လရက်စွဲနဲ့ ကျနော်အော်ထားတာ တွေ့မိတယ် ။ အဲဒီတုန်းကတော့ မျက်စိလည်ပြီး ရောက်သွားခဲ့တာထင်တယ် ။ မဟုတ်ရင်လည်း မငယ်နိုင်ဘလော့ကနေတစ်ဆင့် ရောက်သွားတာနေမယ် ။

    ReplyDelete
  6. ကျော်ထင်March 14, 2011 at 2:52 AM

    ဆြာမန်းရေ ကျနော်က ဘလော့ ကိုယ်ပိုင်ထောင်မထားဘူးဗျ။ စာရေးတာ၊ ဖတ်တာ စိတ်ဝင်စားပေမယ့် ကိုယ်ပိုင်ဘလော့ လုပ်လောက်အောင် အချိန်မပေးနိုင် manage မလုပ်နိုင်လို့ပါ။ အဲဒီဘလော့ပိုင်ရှင်က မငယ်နိုင်ရဲ့ real world friend ဦးကျော်ထင်ဖြစ်မယ်ထင်ပါတယ်။ ကျနော့်ရဲ့ handle name နဲ့ တိုက်တိုက်ဆိုင်ဆိုင်သွားတူနေလို့ မငယ်နိုင်ဆီမှာတောင် တခါပြောဖြစ်သေးတယ်။
    အတွေ့အကြုံကတော့ ဗျာ ငလျင်ဗဟိုနဲ့ 300 km လောက်ဝေးတဲ့ ဒီဖက်မှာတောင် မတ်တပ်ရပ်နေလို့ မရအောင် သွက်သွက်ခါသွားတယ်။ တိုကျိုမြို့လယ်မှာ အဆောက်အဦး အပျက်အစီး မရှိသလောက်ဖြစ်ပေမယ့် ရထားလိုင်းတွေ အားလုံးရပ်သွားတဲ့အတွက် လူတွေအားလုံးညလုံးပေါက် ဘူတာတွေ၊ စားသောက်ဆိုင်တွေ၊ Internet cafe, comic cafe, shelter စတဲ့နေရာတွေမှာ သောင်တင်ကုန်ကြတယ်။ Nuke power plant တွေ မလည်ပတ်နိုင်လို့ power blackout ဖြစ်ကုန်တယ်။ မနက်ဖန်တောင် ဒီမှာ ကျုပ်တို့ မြန်မာပြည်လိုပဲ အလှည့်ကျ မီးဖြတ်မယ်။ အပျက်အစီးအများဆုံး အသေအပျောက်အများဆုံးကတော့ အရှေ့မြောက်ဖက် ကန်းရိုးတန်းနဲ့ နီးတဲ့ မြို့တွေပဲ။ မြို့လေးတွေဆို အကုန် နေ့မြင်ညပျောက်ဖြစ်ကုန်တယ်။ အိမ်တွေ အလုံးလိုက် ကားတွေ အစီးလိုက် ဆူနာမီထဲ ပါကုန်တယ်။ သင်္ဘောတွေ ဟိုင်းဝေးလမ်းမပေါ်တင်လိုတင်၊ Sendai city လေယဉ်ကွင်းထဲ ရောက်လိုရောက် နဲ့ပဲ၊ အသေအပျောက်ကတော့ တကယ် ကောက်ရထားတဲ့ အလောင်း အခုထိ ၁ထောင်ကျော်လောက် ထက် အများကြီးပိုများနိုင်တယ်။ ချီးကျူးစရာကတော့ အစိုးရအဖွဲ့ပဲ၊ တီဗီမှာကြည့်ရင် မြင်ပါလိမ့်မယ် ၀န်ကြီးချုပ်နဲ့ ၀န်ကြီးတွေအားလုံး အသင့်အနေထားနဲ့ စက်ရုံလုပ်သားတွေလို ယူနီဖောင်း အပြာနဲ့၂၄နာရီ အလုပ်လုပ်နေတယ်။ သူတို့ကိုယ်တိုင်ပဲ Nuke plant investigation, operation, repair လုပ်တာတွေကို expert group နဲ့ အတူအနီးကပ် လိုက်ကြီးကြပ်နေတယ်။ ဒီလိုကြီးမားလှတဲ့ disaster မျိုး အခြားနိုင်ငံမှာဖြစ်ရင် ဒီထက် အဆပေါင်းများစွာ အပျက်အစိး အသေအပျောက်များ မှာ အသေအချာပဲဗျ။

    ReplyDelete
  7. TV မှာတော့ အသင့်အတင့်တွေ့မိပါတယ် ။
    အစိုးရအဖွဲ့အကြောင်းကြားမိတော့ သြစတြေးလျမုန်တိုင်း ၊ နယူးဇီလန်ငလျင်တွေကို သွားသတိရမိတယ် ။ သူတို့လည်း အိပ်ချိန်တောင် ရှိကြသေးရဲ့လားလို့ ထင်ရလောက်အောင် အလုပ်လုပ်ခဲ့ကြတာပါပဲ ။ သူတို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေဆိုတာက ရုပ်ပိုင်းတင်မက စိတ်ပိုင်းပါဖွံ့ဖြိုးတာလို့ သဘောပေါက်ရတယ် ။ လူတစ်ယောက်ရဲ့အသက်ကို တန်ဖိုးထားသလို အုပ်ချုပ်သူတွေမှာလည်း တာဝန်ယူမှုတွေက အားကျစရာပါပဲ ။

    ဒီနေရာမှာ အချို့သူတွေ ထောက်ပြတာတစ်ခုရှိတယ် ။
    သြစတြေးလျဝန်ကြီးချုပ်ဟာ အမျိုးသမီးတစ်ယောက် ၊ ပြီးတော့ ဘာသာမရှိသူ ၊ ဒါ့ပြင် လက်မထပ်ပဲ partner ဆိုသူနဲ့အတူနေတဲ့သူ ။ မြန်မာပြည် “စံ” တွေနဲ့တိုင်းရင်တော့ အတော်လေး နိမ့်ကျနေမှာပေါ့ ။ ဒါပေမယ့် သူလုပ်ပုံကိုင်ပုံနဲ့ ဒုက္ခရောက်သူတွေအတွက် တကယ်ကိုယ်ချင်းစာ ခံစားရပြီး မျက်ရည်ပါကျတာတွေကိုကြည့်ရင် ယဉ်ကျေးပါတယ် ၊ ဘာသာရေးကိုင်းရှိုင်းပါတယ် ဆိုသူတွေအတွက် ရှက်ချင်ရင် လဲသေနိုင်လောက်ပါတယ် ။

    ဒါနဲ့ ဒေါက်တာလွမ်းဆွေရဲ့လင့် “http://drlunswe.blogspot.com/2011/02/blog-post_3099.html” ကို ဖတ်မိသေးလားဗျ ။ ပြည်ထောင်စုစိတ်ဓါတ်အပြည့်နဲ့ နှင်တဲ့သူကနှင် ခွဲထွက်တဲ့သူတွေက ခွဲထွက်နဲ့ အားရစရာပါပဲ ။ မြင်ကွင်းတစ်ခုလုံးနဲ့ တစ်ဖက်သားရဲ့ ခံစားချက် ခံယူချက်တွေကို မကြည့်ပဲ အတ္တနဲ့ မာနတွေကိုရှေ့တန်းတင်ပြီး စိတ်အာသာပြေအောင် စကားအခိုးတွေ ထုတ်လွတ်နေကြတာဟာ စိတ္တဇတီးလုံးတွေနဲ့ ဖြစ်ချင်ရာဖြစ်နေတဲ့ နိုက်ကလပ်ထဲ အကမတတ်ပဲ ရောက်နေရသလို ခံစားမိတော့တာပါပဲဗျာ ... :-)

    ReplyDelete
  8. ကျော်ထင်March 14, 2011 at 11:02 PM

    ဆြာမန်း ညွှန်းလို့သွားဖတ်လိုက်ပါတယ်။ ဘက်နှစ်ဖက်လုံးက ပြောဆိုနေတာတွေကိုကြည်ပြီး အတော် စိတ်ပျက်တယ်။ သူများနိုင်ငံတွေမှာ သဘာဝဘေးအန္တရယ်တွေကို ညီညီညာညာ၊ အမြော်အမြင်ရှိရှိ၊ အားကြိုးမန်တက် နဲ့ တွန်းလှန်ကျော်လွှားနေချိန်မှာ ကိုယ့်နိုင်ငံသားတွေ အတွေးအမြင်တွေကို မြင်ရတာ ရှက်စရာလဲ ကောင်းတယ်။ ဒီတိုင်းပြည်အပေါ်မှာလဲ မျှော်လင့်ချက် လုံးလုံးမရှိတော့လောက်အောင် ခံစားမိတယ်။

    ReplyDelete
  9. ကိုကျော်ထင် စိတ်ပျက်မယ်ဆိုလည်း ပျက်လောက်ပါတယ် ။
    ကျနော့်အနေနဲ့ မြင်မိတာလေးတွေ နည်းနည်းတော့ရှိတယ်ဗျ ။

    ပထမအချက်က ကျနော်သိသမျှ ရခိုင်ဘလော့ဂါနဲ့ အဖွဲ့အစည်း အတော်များများက လာဝင်ရေးထားတာ တွေ့ရတယ် ။ အချို့သူတွေ ပြောတဲ့အထဲမှာ valid point တွေ ပါကြပါတယ် ၊ ဒါပေမယ့် အုတ်ရောရော ကျောက်ရောရောနေရာမှာ မှတ်ချက်သွားပေးမိတဲ့ အခါကျတော့ အားလုံးအတူတူနဲ့ အနူနူလိုဖြစ်ကုန်ပြီး အလဟဿဖြစ်သွားကြတယ်လို့ ထင်တယ် ။

    နောက်တစ်ချက်က ဗမာတွေဖက်က ရေးတယ်ဆိုတဲ့သူတွေထဲမှာ ပွဲတိုင်းကြော်တဲ့ သူတွေကများနေတာ တွေ့ရတယ် ။ ဒါ့ပြင် အရေအတွက်ကလည်း နည်းနည်းလေးဆိုတာ သတိထားမိတယ် ။ ဒီတော့ လူဦးရေအချိုးနဲ့စာရင် ဒါးခုတ်ရာလက်ဝင်မရှိုချင်တဲ့ဗမာတွေ ၊ ငယ်တဲ့အမှုကို မကြီးစေချင်တဲ့ဗမာတွေ အများကြီးရှိပါသေးတယ်လို့ အကောင်းဖက်ကလည်း မြင်လို့ရနိုင်ပါတယ် ။

    ဆိုးတဲ့အပိုင်းကတော့ အရင်ကျနော်ဆွေးနွေးဖူးသလို ဗမာတွေဖက်က “မင်းတို့နယ်ကို ငါတို့သိမ်းထားပြီးသားကွ ၊ ငါတို့အောက်မှာ ငြိမ်ငြိမ်နေ” ဆန်ဆန် အတွေးအခေါ် အရေးအသားတွေက နကိုကတည်းက မာန်ကြီးတယ်လို့ နာမည်ရထားတဲ့သူတွေကို ဆွပေးသလိုဖြစ်ပြီး ရိုင်းစိုင်းလာကြတဲ့အချိန်မှာ ပွဲပျက်တာပါပဲ ။

    အသေးစိတ်တွေကတော့ အများကြီးပါပဲ ၊ ရေးလို့မကုန် ပြောလို့မခန်းမို့ အသာထားတာပဲ ကောင်းပါလိမ့်မယ် ။ ဆက်စပ်ပြီးတွေးမိတာတစ်ခုက လွန်ခဲ့တဲ့ရက်ပိုင်းက ဘန်ကောက်ပို့စ်သတင်းစာထဲက ဆောင်းပါးတစ်ပုဒ်မှာ ဆောင်းပါးရှင်ရဲ့ ထိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တစ်ယောက်နဲ့ အမေးအဖြေ လုပ်ထားတာအပေါ်မူတည်ပြီး ရေးထားတယ်ဗျ ။ အနှစ်ချုပ်ကတော့ ထိုင်းနိုင်ငံရေးဟာ ထိန်းကွပ်လို့မရတော့လောက်အောင် ကမောက်ကမဖြစ်နေပြီး အဆိုးဖက်ကို ဦးတည်သွားဖို့ပဲ မြင်မိတဲ့အကြောင်းပေါ့ဗျာ ။

    ကျနော်ကတော့ ဒါကိုလူမှုရေးကိစ္စလို့ ယေဘုယျထင်မိတယ် ။
    မြန်မာပြည်လဲ မတူပေမယ့် လိုအပ်ချက်ကတော့ တစ်မျိုးထဲပါ ။
    လုပ်သင့်တာကတော့ လူတွေရဲ့ အတွေးအခေါ်နဲ့ စိတ်ဓါတ်တွေကို အခြေခံအဆင့်ကနေစပြီး ပြောင်းလဲနိုင်အောင် ကြိုးစားကြဖို့ပါပဲ ။

    လွယ်ကူတဲ့ကိစ္စ မဟုတ်တာမှန်ပေမယ့် စိတ်ထားတွေ မြင့်မြတ်အောင် မထားနိုင်ကြသမျှ ကာလပတ်လုံးနဲ့ လိုအပ်တဲ့ အသိပညာ ဗဟုသုတတွေ နည်းနေသမျှကာလပတ်လုံး မြန်မာနဲ့ထိုင်းနိုင်ငံအပါအဝင် နိုင်ငံအတော်များများဟာ သူတို့ကြုံနေကြရတဲ့ ဒုက္ခဆင်းရဲတွေကနေ လွတ်ကြဖို့ မမြင်မိပါဘူး ။ နေရာအတော်များများမှာ လူတွေဟာ သူတို့နဲ့တန်ရာကို ရနေကြတာလို့ မပြောချင်ပေမယ့် ပြောရတော့မှာပါပဲ ။ (ကျနော်တို့ ကရင်တွေ အပါအဝင်ပေါ့ဗျာ ၊ အဲ .. ကျနော်ကိုယ်တိုင်လည်း ပါတာပါပဲ) ။

    ReplyDelete