ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, July 12, 2011

ချိန်တန်ပြီလား မလေးရှား

  

   ဇူလိုင် ၉ ရက်နေ့မှာ မဲရွေးချယ်မှုတရားမျှတရေးခေါင်းစဉ်နဲ့ လူပေါင်းသောင်းချီပြီး ကွာလာလန်ပူမြို့
ထဲမှာ ဆန္ဒပြခဲ့တာ ကြားသိကြမှာပါ ။ သံယောဇဉ် နက်နက်နဲနဲရှိလှတယ် မဟုတ်ပေမယ့် ဘဝရဲ့ ဆယ်စု
နှစ်တစ်ခုနီးနီး အချိန်အကုန်ခံခဲ့တဲ့ နေရာဒေသမို့ မေ့လို့မရပဲ မကြာခဏစိတ်ထဲကြုံရင်ကြုံသလို ပြန်ဝင်
လာတတ်ရာက အခုဖြစ်သွားတဲ့ဖြစ်ရပ်က အရင်သိထားမိတာတွေနဲ့ တွဲယှဉ်စဉ်းစားစရာတွေ ဖြစ်လာ
ပါတယ် ။

   မလေးရှားလို့ဆိုရင် လူတွေရဲ့စိတ်ဝင်စားမှုကို ဆွဲဆောင်ပေးနိုင်ခဲ့တဲ့ အကြောင်းရင်း နောက်တစ်ခု
ကတော့ မကြာခင်က ထွက်လာခဲ့တဲ့ ၊ သြစတြေးလျရဲ့ ခိုလှုံသူအယောက် ၄,၀၀၀ လက်ခံမယ်ဆိုတဲ့
သတင်းကြောင့်ဆိုရင် မှားမယ်မထင်ပါဘူး ။ အဲဒီသတင်းကြောင့် ယိုးဒယားခိုလှုံရာစခန်းတွေမှာ
တတိယနိုင်ငံထွက်ဖို့ မစောင့်နေနိုင်တော့လို့ မလေးရှားကို သွားချင်သူတွေတောင် ရှိတယ်လို့ ကြား
မိလိုက်ပါသေးတယ် ။ အဲဒီလိုအတွေးဝင်မိသူတွေ မျောက်သစ်ကိုင်းလွတ်နိုင်တဲ့အရေး တွေးပြီး ရင်
တော့လေးပါတယ် ။

   မလေးရှားအကြောင်းရေးမယ်ဆိုတော့ သိထားတာတွေက ဟိုတစ်ပိုင်း သည်တစ်ပိုင်းနဲ့မို့ ဆက်စပ်
ရတာ အခက်သားပါ ။ နောက်ပြီး အမှန်အတိုင်းပြောရရင် လက်ရှိ မလေးရှားရောက်နေသူ အများစု
လိုပါပဲ ၊ ကျနော်လည်း အောက်ခြေ အလုပ်သမားဘဝမှာတင် အချိန်တွေအကုန်များခဲ့ပြီး နိုင်ငံ့ရေးရာ
တွေကိုတော့ Star သတင်းစာမှာ ပါတာတွေနဲ့ နိုင်ငံသားမိတ်ဆွေတွေ ပြောသလောက်တင် ကွက်
ကွက်ကလေး သိခဲ့ပါတယ် ။ ပိုကျယ်ပြန့်ပြီး ဘေးကနေမြင်တဲ့ သုံးသပ်ချက်တွေကိုတော့ အဲဒီနိုင်ငံကို
စွန့်ခွာခဲ့ပြီးနောက်ပိုင်းမှ သိလာရတာ များပါတယ် ။

   ဘယ်လိုပဲဖြစ်ဖြစ် မလေးရှားလို့ဆိုလိုက်တာနဲ့ ပထမဦးဆုံး အတွေးထဲဝင်လာတာတွေတော့ ရှိပါ
တယ် ။ တဆက်ထဲမှာပဲ ယိုးဒယားက ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့ရွေးချယ်ထားတဲ့ စကား
စုနဲ့လဲ တွဲပြီးသတိရမိပါတော့တယ် ။ အဲဒါကတော့ “Amazing Thailand” ပါတဲ့ ။

   မလေးရှားမှာလည်း အံသြကုန်နိုင်ဘွယ်ရာတွေ အသင့်အတင့် ရှိပါတယ် ။

   ဥပမာ ၂၀၀၇-၂၀၀၈ လောက်မှာ အမေရိကန်လုပ် ဂျက်တိုက်လေယာဉ်နှစ်စင်းက အင်ဂျင်တွေ
ပျောက်ဆုံးသွားခဲ့တာမျိုးပေါ့ဗျာ ။ ဂျက်တိုက်လေယာဉ်ရဲ့အင်ဂျင်ဆိုတာ ပဲလှော်နဲ့လဲစားတဲ့ ဒန်ခွက်
မှမဟုတ်တာနော ၊ မထူးရင်တောင် ဆန်းတော့ဆန်းတာ သေချာပါတယ် ။

   နောက်ထပ် မှတ်မှတ်ရရ ထူးဆန်းတာတစ်ခု ရှိပါသေးတယ် ။ ကျနော်နေခဲ့တဲ့ ၁၉၉၀ ပြည့်လွန်
နှစ်တွေထဲတင် မာဒေးကား (Merdeka - လွတ်လပ်ရေး) ကွင်းအရှေ့က Sultan Abdul Samad
Building အဆောက်ဦကြီးဟာ မီးနှစ်ကြိမ်တောင် လောင်ခဲ့ပါတယ် (Wikipedia မှာတော့ တစ်ကြိမ်
ပဲ ပါပါတယ်) ။ အဲဒီအဆောက်အဦဟာ သမိုင်းဝင်အဆောက်အဦဖြစ်သလို ၊ မလေးရှားရင်းဂစ်ငွေ
သန်းပေါင်းများစွာအကုန်ခံပြီး ပြင်ထားတာမကြာသေးရုံမက ၊ အရင်တုန်းက မီးတစ်ခါမှမလောင်ခဲ့ပဲ
နဲ ကျနော်ရှိနေစဉ်အတွင်းကျမှ ၊ နှစ်နည်းနည်းပဲခြားပြီး မီးနှစ်ခါလောင်ခဲ့တာ ထူးတော့ထူးသလို ခံ
စားမိခဲ့ပါတယ် ။

   အဲဒီအဆောက်အဦနဲ့ပတ်သက်လို့ ပြောဖို့ကျန်သွားတာက အဲဒီနေရာဟာ ဖက်ဒရယ်တရားရုံး ၊
တရားရုံးချုပ်နဲ့ အခြားတရားရုံးတွေကနေ တရားခွင်ကျင်းပရာနဲ့ စာရွက်စာတန်းတွေ သိမ်းဆည်း
ထားရာ နေရာလည်း ဖြစ်ပါတယ် ။ ကျနော့်မိတ်ဆွေ “မလေး” ကောင်လေးတစ်ယောက်ပြောမှ ရှင်း
သလိုဖြစ်သွားပါတယ် ။ “အဲဒါ အမှုဖျောက်ချင်သူတွေက မီးရှို့လိုက်တာ” တဲ့ ။ ကောင်းရော ။ တရား
ဝင်ကြေငြာချက်မှာတော့ ဝါယာရှော့ ဖြစ်တယ်ပေါ့ဗျာ ။ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ လူမပြတ်တဲ့နေရာ ၊
သမိုင်းဝင်ပြီး အရေးကြီးတဲ့နေရာ ၊ မကြာခင်ကမှ ပြင်ဆင်ထားတဲ့နေရာမှာ မီးနှစ်ခါလောင်စေနိုင်
လောက်တဲ့ အကြောင်းရင်းကို မသိရပေမယ့် “amazing Malaysia” လို့သာ ပြောလိုက်ချင်ပါတယ် ။

   အခြားအံ့သြဘွယ်ရာတွေလည်း ရှိပါသေးတယ် ။

   ဥပမာ ၊ လက်ရှိဝန်ကြီးချုပ်ဟာ မွန်ဂိုလီးယားအမျိုးသမီးတစ်ယောက် အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်
သက်နေပေမဲ့ နိုင်ငံရေးမှာ (အလွယ်တကူ) မားမားမတ်မတ် ဆက်ရပ်နေနိုင်တာမျိုး ၊ လက်ရှိအ
တိုက်အခံခေါင်းဆောင် အန္နဝါအီဗရာဟင် (Anwar Ibrahim) ကို အရင် (ဖားတစ်ပိုင်း ငါးတစ်ပိုင်း
အာဏာရှင်) ဒေါက်တာမဟာသီရဲ့ အစီအမံနဲ့ ပထမဆုံးအကြိမ် ဖမ်းဆီးခဲ့စဉ်က ရဲချုပ်ကိုယ်တိုင်က
လက်သီးနဲ့ထိုးခဲ့တာမျိုး ၊ လက်ရှိ (လက်ဝါးကြီးအုပ်) အာဏာရပါတီရဲ့ အစိုးရကိုဆန့်ကျင်ပြောဆိုတဲ့
ပြည်နယ်ပါလီမန်ထဲက အတိုက်အခံ ကိုယ်စားလှယ်တွေကို ရဲတွေနဲ့ အတင်းအဓ္ဓမ ဆွဲခေါ်ထုတ်
သွားတာမျိုးတွေပေါ့ဗျာ ။ မကောင်းမြင်တယ်လို့ စွပ်စွဲရင်လဲ ခံရမှာပဲ ၊ သိသာလွန်းတာတွေမို့ တန်း
ပြီးသတိရမိတာတွေကို ပြောတာပါ ။

   ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာ့အကျင့်ပျက် ခြစားမှုစာရင်းမှာ အဆင့် ၅၆ (၂၀၁၀) မှာရှိနေတဲ့နိုင်ငံအတွက်
သိပ်တော့မဆိုးလှဘူးလို့ ဖြေသာလို့ရနိုင်တာလေးတွေလည်း အများကြီးရှိပါတယ် ။

   အထူးသဖြင့် အာဏာရှင်ဆန်တယ်လို့ အစွပ်စွဲခံရတဲ့ ဒေါက်တာမဟာသီလက်ထက် ၂၂ နှစ် (၁၉၈၁-
၂၀၀၃) အတွင်းမှာ နိုင်ငံတိုးတက်မှုတွေ သိသိသာသာ ရှိခဲ့တယ်လို့ ယေဘုယျဆိုနိုင်ပါတယ် ။ သူ့ရဲ့
အစီအမံတွေကြောင့် တောင်ကိုရီးယားနိုင်ငံနဲ့ အသင့်အတင့်ဆင်တူတဲ့ စက်မှုလုပ်ငန်းငယ်ကဏ္ဍ တိုး
တက်ဖြစ်ထွန်းမှုတွေက သက်သေခံနေပါတယ် ။ ဒါကြောင့်လည်း အဲဒီစက်မှုလုပ်ငန်းငယ်တွေကို
ဖြည့်ဆည်းဖို့ အလုပ်သမားတွေ လိုအပ်လာရာက ၊ မြန်မာပြည်အပါအဝင် နိုင်ငံခြားသားအလုပ်သမား
တွေ အတောမသတ် ရောက်လာကြတာ တွေ့သိကြမှာပါ ။ ခုတော့ UNHCR ရဲ့ ၂၀၀၉ ခန့်မှန်းချက်
အရ မြန်မာပည်သူပြည်သား ၅၀၀,၀၀၀ လောက်ရှိနိုင်တယ်လို့ သိရပါတယ် ။

   အဲဒီငါးသိန်းကို များတယ်ထင်ရင်တော့ အင်ဒိုနီးရှားကနေဝင်လာတဲ့ လူအရေအတွက်နဲ့ နှိုင်းယှဥ
ကြည့်လို့ ရပါတယ် ။ ၁၉၉၀ ခုနှစ်ကျော်လောက်ကတည်းက အင်ဒိုနီးရှားက လာပြီးအခြေချသူတွေနဲ့
လာအလုပ်လုပ် သူတွေ စုစုပေါင်းခန့်မှန်းခြေ နှစ်သန်းလောက်ရှိတယ်လို့ မလေးမိတ်ဆွေများက
ပြောကြပါတယ် ။ ကျနော်တို့ အလုပ်ရုံ စက်ရုံတွေမှာလည်း မလေး-အင်ဒိုမိဘတွေက မွေးဖွားလာ
သူတွေကို တွေ့ရသလို သွားသွားလာလာနဲ့ အလုပ်လာလုပ်သူတွေလည်း အများကြီးပါပဲ ။ သူတို့
ရဲ့ပြဿနာကတော့ ပညာရေးဖက်မှာ အင်မတန်အားနည်းပြီး ဒါးပြမှုအပါအဝင် ဥပဒေချိုးဖောက်မှု
အချိုးမှာ ဒေသခံနိုင်ငံသားတွေထက် မြင့်တာပါပဲ ။ အကျိုးဆက်ကတော့ အင်ဒိုနီးရှားမျက်နှာပုံဆို
ရင် ရဲတွေရဲ့ အနှောင့်အယှက်ပေးတာ အများဆုံးခံရတော့တာပါ ။

   တရားမဝင်အလုပ်သမားချင်းအတူတူ တရုတ်နဲ့ဆင်တဲ့ ကျနော်တို့လိုလူတွေကတော့ ကံမျက်နှာ
သာ နည်းနည်းပိုရတယ်လို့ ဆိုရပါမယ် ။ ပြောဖို့ကျန်ခဲ့တာက ၁၉၉၀-၉၁ လောက်မှာ ကျနော်တို့
မြန်မာပြည်သူပြည်သားခန့်မှန်းခြေ ၂၀,၀၀၀ လောက်ပဲ ရှိသေးတာပါ ။ အခုခေတ် မလေးရှားရောက်
သူတွေ သိချင်မှ သိနိုင်မှာတစ်ခုကတော့ ၁၉၉၀ ခုနှစ်ဝန်းကျင်လောက်အထိ ယိုးဒယား-မလေးရှား
နယ်စပ်ကနေ မြန်မာပတ်စ်ပို့သုံးပြီး ကားနဲ့တရားဝင် ဝင်လာလို့ရသေးတာပါပဲ ။ လာဟ်တော့ နည်း
နည်းထိုးရတာပေါ့ဗျာ ။

   ပြောရင်းနဲ့ အတော်လေးတော့ လမ်းချော်သွားခဲ့ပါပြီ ။

   ပြန်ကောက်ရရင်တော့ မလေးရှားဟာ နိုင်ငံရေးအရ လမ်းဆုံလမ်းခွဆီကို ရောက်နေကောင်း ရောက်
နေလောက်ပြီလို့ လက်ရှိအနေအထားတွေက ပြဆိုနေပါတယ် ။ လမ်းမချိုးရင်တောင်မှ လမ်းယောင်
ယောင်ကလေးကွေ့သွားဖို့ သေချာတယ်လို့ မြင်မိပါတယ် ။

   မလေးမှာနေစဉ် မသိသာပေမယ့် တဖြည်းဖြည်းသိလာရတာက ဒီနိုင်ငံဟာ တဝက်တပျက်ဒီမိုကရေ
စီစနစ်ကို ကျင့်သုံးတယ်ဆိုတာပါပဲ ။ အဲဒီမှာ နေထိုင်လုပ်ကိုင်စဉ်ကတော့ နိုင်ငံရေးစိတ်ဝင်စားတဲ့ အ
လုပ်သမားအချို့နဲ့ စကားနည်းနည်းပါးပါးတော့ ပြောဖူးပါတယ် ။ သူတို့ကနေပြီး အစိုးရအဖွဲ့ဝင်အများ
စုကို မိကျောင်း (buaya) တွေလို့ခေါ်ခဲ့ကြတာကို ရုတ်တရက်တော့ အံ့သြခဲ့မိပါတယ် ။ (မြန်မာအသုံး
နှုန်းနဲ့ကတော့ “စားဖားကြီး” လို့ ဖလှယ်လို့ရနိုင်ပါလိမ့်မယ်) ။ ကျနော်ကတော့ အဲဒါတွေကို အပြစ
မမြင်မိပဲ  မြန်မာပြည်ထက်သာတဲ့ စနစ်ရှိတာမို့လို့ သဘောကျနေခဲ့မိတာတော့ အမှန်ပါ ။

   ခုတော့ သိလာတာတွေလည်းပိုများလာပြီး အမြင်တွေလည်း ပြောင်းခဲ့ပါပြီ ။ တက္ကသိုလ်ကျောင်း
တွေမှာ နိုင်ငံရေးလုပ်ခွင့်ပေးဖို့ ကျောင်းသားတွေရဲ့တောင်းဆိုတာ ၊ အပေါ်ကပြောခဲ့တဲ့ အတိုက်အခံ
တွေကို ပါလီမန်ထဲက အတင်းဆွဲထုတ်တာ ၊ ဆန္ဒပြမှုတွေကို လုံးဝသည်းမခံတာတွေဟာ တဝက်
တပျက်ဒီမိုကရေစီဆိုတဲ့စကားစုကို အတည်ပြုပေးနေတာပါပဲ ။

   တဆက်ထဲမှာလည်း အရင်ကသိပေမယ့် သတိမထားမိခဲ့တဲ့ အဖြစ်အပျက်တွေက ပြန်ပေါ်လာပြန်
ပါတယ် ။ ဥပမာ ၊ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီမိုဟာမက်ဟာ သူအာဏာရှိစဉ်က ဇင်ဘာ
ဘွေသမ္မတ ရောဘတ်မူဂါဘီကို ဒေါ်လာတစ်သန်းတန်တဲ့ ကျွန်းသစ်တွေကို လက်ဆောင်ပေးခဲ့တာ
မျိုး ၊  Internal Security Act ကိုသုံးပြီး အတိုက်အခံတွေကို လိုရင်လိုသလို ဖမ်းထဲ့တာမျိုး ၊ ခုရက်
ပိုင်းမှာ တောင်းဆိုကြသလို မဲမသမာမှုတွေ အမှန်တကယ် ရှိနေတာတွေပါ ။

   ထပ်ဆင့်ပြီး ရုပ်ဆိုးစေတာကတော့ တာဝန်ရှိသူတွေရဲ့ ဗြောင်ငြင်းတတ်တဲ့  အလေ့တွေပါ ။

   အများပြည်သူသိသွားတဲ့အခါမှာ ၊ မူဂါဘီကို လက်ဆောင်ပေးတာဟာ ဘာမှားလို့လဲလို့ မဟာသီ
က ပြောခဲ့ပါတယ် ။ ပါလီမန်ရဲ့ အတည်ပြုချက်မရှိပဲ အလွတ်သဘောပေးခဲ့တာဖြစ်ပြီး ခုထိလက်ဖျား
နဲတောင် အတို့မခံရသေးပါဘူး ။ မဲမသမာမှုနဲ့ ပတ်သက်လို့လည်း မဲပေးတဲ့ကာလမှာ အာဏာရပါတီ
က ဘတ်စ်ကားကြီးငယ်နဲ့ အခြားနေရာက သူတို့ပါတီဝင်တွေကို  ရွေးကောက်ပွဲကျင်းပရာဆီ (ghost
vote ထည့်ဖို့) ခေါ်လာရာက သတင်းကြိုရတဲ့အတိုက်အခံတွေက လမ်းပိတ်ထားလို့ ပြဿနာဖြစ်ပြီး
သတင်းစာတွေထဲမှာ ပါတဲ့အထိတောင် ဖြစ်ခဲ့ပေမယ့် “ပါတီဝင်တွေကို လေ့လာရေးခရီး ခေါ်သွား
တာပါ” လို့ ဗြောင်ငြင်းပါတယ် ။ နောက်တစ်ခု တွေ့မိတာကတော့ သြစတြေးလျက ရုပ်မြင်သံကြား
အစီအစဉ်တစ်ခုမှာပါ ။ တာဝန်ရှိတဲ့လူ တစ်ယောက်ကို အင်တာဗျူးလုပ်ရာမှာ မလေးရှားမှာ ခိုလှုံခွင့်
တောင်းခံသူ (asylum seeker) တစ်ယောက်မှ မရှိပါဘူးလို့ ငြင်းသွားတဲ့အကွက်ကို ခုထိမြင်ယောင်
တုန်းပါ ။ လူလိမ်မျက်နှာဆိုတာ ဒီလိုပါလားလို့တောင် တွေးနေမိခဲ့ပါသေးတယ် ။

   အဆုံးသတ် အတိုချုပ်ကတော့ ၊ မလေးလူမျိုးတွေကို ပထမဦးစားပေး အခွင့်အရေးတွေပေးပြီး ၊
တဖက်ကလည်း အလုအယက်အာဏာမြဲဖို့လုပ်ရင်း ၊ တိုင်းပြည်တိုးတက်အောင် မျှလုပ်ဖို့ကြိုးစား
နေတဲ့ မလေးရှားနိုင်ငံဟာ ၊ စိန်ခေါ်မှုတွေ အများကြီးနဲ့ ရင်ဆိုင်နေရပါတယ် ။ ဘာသာရေးအစွန်း
ရောက်မှု ၊ လူမျိုးရေးနဲ့ အခွင့်အရေးမညီမျှမှု ၊ အာဏာနဲ့လုပ်ပိုင်ခွင့်တွေ လူအချို့လက်ထဲ ပိုပိုမိုမို
ရောက်ခဲ့တာကြောင့် လက်ဝေခံစီးပွားရေးသဘောသဘာဝ ထွန်းကားလာခဲ့မှု ၊ ဒေါက်တာမဟာသီ
လက်ထက်မှာ အာဏာကန့်သတ်ခဲ့တဲ့ ဘုရင်တွေရဲ့အခန်းကဏ္ဍ တွေကစပြီး အကြောင်းရင်းစုံကို
ဟန်ချက်ညီအောင်လုပ်ရတာဟာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါဘူး ။

   တဖက်မှာလည်း ပညာတတ်များပြီး အသိဥာဏ်ပညာ တိုးပွားလာတဲ့ ၊ အသင့်အတင့် ချမ်းသာ
ကြွယ်ဝလာတဲ့ မလေးရှားဟာ ၊ ခေတ်နဲ့အညီ စီးဆင်းမျောပါဖို့ တာစူနေပါတယ် ။ ဒါကိုဟန့်တားဖို့ ၊
လမ်းလွဲအောင်လုပ်ဖို့ဟာ ဘယ်လောက်အထိ ခက်ခဲကြီးမားသလဲ ၊ ဘယ်လောက်အောင်မြင်နိုင်
မလဲဆိုတောတွေကတော့ စောင့်ကြည့်ကြတာပေါ့ဗျာ ။



မန်းကိုကို
၁၂ ၊ ၀၇ ၊ ၂၀၁၁ 

11 comments:

  1. မလေးရှား အချိန်တန်ပြီလား... ဆိုရင် ကျနော့် အထင်တော့ မတန်သေးဘူး လို့ ပြောရမယ်။ အန်နွားအီဘရာဟင် ကိုလဲ ပညာတတ်လူလတ် တန်းစား အများစု မကြိုက်ကြဘူး။ တခြားဘယ်မှာမှ မရှိတဲ့ ဘူမိပုတ္တရ ပေါ်လစီ ကိုချမှခဲ့တဲ့ မဟာသီယာကို မှ အခုအချိန်အထိကြိုက်တဲ့ သူ (မလေး) များနေတာကလား။ ဒါပေမယ့် ဒစ်ခရင်မစ်နေးရှင်း တွေကတော့ အခုအထိ ကျယ်ကျယ် ပြန့်ပြန့်။ အဗ္ဘဒူလာအာမက် ဘာဒါဝီ ကျတော့လဲ အေးလွန်းလို့..တဲ့။ နာဂျစ် ကျပြန်တော့ လဲ နှာကျစ် လို့ တောင် ခေါ်ရမလိုပဲ။ သူ့ ဇာတ်ထုပ်တွေ လိုက်ရှင်းနေရတာနဲ့ တောင် မအားနိုင်ဘူး ဖြစ်နေတယ်။ ကျနော်ကိုယ်တိုင် မျက်ရည် ယိုဗုံး ရှူခဲ့ရတဲ့ လူနည်းစု တမီလ်တွေရဲ့ ဆန္ဒဖော်ထုတ် တဲ့ ပွဲမှာလဲ အဖျားရှူုး။ တမီလ်လုံထိမ်း အဖွဲ့ တွေကိုယ်တိုင် ၀င်ဖြိုခွင်းတာ တွေ့ရတယ်။ ဒါပေမယ့် သူတို့ဆီမှာ ပွင့်လင်း မြင်သာမှု အများကြီး တွေ့ရတယ်။ နောက်ပြီး နစ်နစ်နာနာဖြစ် အောင် လုပ်မပြစ်ဖူး။ သာတာကတော့ အများးးးးးးးကြီး သာတယ်။ အနည်း ဆုံးတော့ ၀န်းကြီးချုပ်တစ်ယောက်လက်ထက်မှာ မြင်သာထင်ရှား တဲ့ တိုးတက်ပြောင်းလဲ မှု့တွေ့ တွေရတယ်။ ၀န်ကြီးချုပ်အသစ်တွေကို အားနည်းချက်တွေကို ထောက်ပြလွန်းလို့ သက်ရှိသမိုင်းဝင် ဒေါက်တာမဟာသီယာ ကို ၀န်ကြီးချုပ်အသစ်တွေ သဘောမကျကြပေမယ့် သူချမှတ်ခဲ့တဲ့ ဗွီးရှင်းတွမ်တီးတွမ်တီး ပရော်ပါဂန်ဒါ အတိုင်းပဲသွားကြတာ ထူးခြားချက်ပဲ။

    ReplyDelete
  2. ဟုတ်ပါတယ် Datuk ရယ် ၊ ပြောသွားတာတွေအားလုံး မှန်ပါတယ် ။ မတူတာက ကျနော်တို့ မြင်ကြည့်ကြတဲ့ “ထောင့်”တွေသာ ကွာသွားတာပါ :-)

    ကျနော်မြင်တာကတော့ ပြောင်းလဲမှုတွေဟာ ဖြစ်နေပါပြီ။ ဒါပေမယ့် revolution မဟုတ်ပဲ evolution ဖြစ်နေလို့သာ မသိသာတာပါ ။ ဒါက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကတည်းက စသိခဲ့တာတွေနဲ့ နှိုင်းပြောတာပါ ။ အဲဒီတုန်းက ဒေါက်တာမဟာသီကို သူ့ပါတီအတွင်းမှာပဲ စိန်ခေါ်နိုင်မယ့် လူတွေအကြောင်း ဟိုတစ်စ သည်တစ်စ ထွက်လာခဲ့ပေမယ့် ၊ နောက်ဆုံးတော့ ချိုမိုင်မိုင် “က”သွားကြသူတွေပဲ များပါတယ် ။ အခြား DAP တို့လို အတိုက်အခံ တရုတ်ပါတီဆိုရင် ရွေးကောက်ပွဲလုပ်တဲ့အခါ van ကားကလေး တစ်စီးနှစ်စီးနဲ့ မဲထည့်မယ့်သူတွေကို အခမဲ့ကြိုပို့နေချိန်မှာ ၊ အာဏာရပါတီက ဘတ်စ်ကားကြီးငယ်နဲ့ သူ့နယ်ခံကော အခြားနယ်ကလူတွေပါ ဘုံးဘောလအောသယ်ပို့ပြီး လုံးဝဥသုံ လက်ဝါးကြီးအုပ်ခဲ့တဲ့ခေတ်လေ Datuk ရဲ့ ။

    အဲဒီကမှ အာဏာရပါတီနဲ့ ပေါင်းနေတဲ့ ကုလားပါတီဆိုရင် သိသာလာတယ် ၊ မဲဆန္ဒတွေ လျော့လျော့ပြီးရလာတာ ။ အဲဒီအချိန်မှာ ဘာသာရေးအခြေခံတဲ့ PAS ပါတီဆိုရင် ၊ မြောက်ပိုင်းက Kelantan ပြည်နယ်တစ်ခုထဲ ထိန်းချုပ်နိုင်တဲ့ အခြေအနေပါ ။ အဲဒီပြည်နယ်လဲ မဟာသီရဲ့ အာဏာရပါတီက ကျဉ်ထားတာရယ် ၊ ဘာသာရေးဖက် အာရုံစိုက်တာရယ်ကြောင့် မယ်မယ်ရရ တိုးတက်မှုတွေ မပြနိုင်ခဲ့ဘူး ။ နောက်တစ်ဆင့်မှ အရှေ့မြောက်ပြည်နယ် Terangganu ထင်ပါတယ် ၊ ခုနPAS နဲ့ မဟာမိတ်လုပ်ထားတဲ့ အတိုက်အခံအဖွဲ့ တစ်ဖွဲ့က နိုင်လာပါတယ် ။

    အန္နဝါအီဗရာဟင်ကို ဘေးဖယ်ထောင်ချပြီး party keadilan rakyat (ပြည်သူ့တရားမျှတရေး ပါတီ) ပေါ်လာစေခဲ့တာကတော့ ဒေါက်တာမဟာသီရဲ့ ခြေစချော်တဲ့အကွက်လို့ ထင်ပါတယ် ။ အဲဒါကနေ စလိုက်တာ ၊ ဆန္ဒပြတာတွေကို အရင်လိုပဲ ရမယ်ထင်ပြီး ခပ်ကြမ်းကြမ်း ကိုင်လိုက်ရာမှာ ၂၀၀၇ ရွေးကောက်ပွဲမှာ အာဏာရပါတီ “သွား” တွေ အတော်ကျွတ်သွားတယ်လို့ သိရပါတယ် ။ ပြည်သူက ဒဏ်ခတ်တာပါ ။ ပြည်နယ် ၅ ပြည်နယ်မှာ ရွေးကောက်ပွဲနိုင်ပြီး ဘက်ပြောင်းလာတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ၊ အတိုက်အခံတွေ လက်ရှိအစိုးရကို ဖြုတ်ချလို့ ရလုနီးပါးဖြစ်ခဲ့တာတွေဟာ ပေါ့ပေါ့သေးသေး ပြဿနာမဟုတ်တာ သေချာပါတယ် ။

    ဒါပေမယ့် ကျနော်မသိတာတွေနဲ့ အခြားစိန်ခေါ်မှုတွေလည်း အများကြီး ရှိနေနိုင်ပါသေးတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် သေချာတာကတော့ အပေါ်မှာ နည်းနည်းပြောခဲ့တဲ့ လက်ဝေခံစီးပွားရေးစနစ် အပါအဝင် ၊ လူမျိုးရေး ၊ လူတန်းစား ၊ လူအစုအဖွဲ့အစည်းတွေကြားမှာ ညှိနှိုင်းလို့မလွယ်တဲ့ ပဋိပက္ခတွေက အများကြီး ရှိနေပါသေးတယ် ။ ဒီမှတ်ချက် တစ်ခုထဲမှာလည်း ပြည့်စုံအောင် ရေးပြလို့ မလွယ်ပါဘူး ။

    ဒီတစ်ခါဖြစ်တဲ့ ဆန္ဒပြပွဲဟာ ၊ အကိုင်အတွယ်မတော်ရင် ၊ ကံမကောင်းအကြောင်းမလှရင် လက်ရှိအာဏာရ ပါတီနဲ့အစိုးရဟာ သမိုင်းမှာပဲ ကျန်ရစ်နေခဲ့နိုင်ပါတယ် ။ ဒါ့ပြင် ဒီဖြစ်ရပ်ဟာ အနည်းဆုံးတော့ အတိုက်အခံ အင်အားစုတွေအတွက် စိတ်ဓါတ်ရေးရာ ခွန်အားတွေပေးနိုင်ပြီး ၊ အင်အားပြတဲ့ပွဲလည်း ဖြစ်ပါတယ် ။ အာဏာရထားသူတွေအနေနဲ့ သူတို့ရဲ့ ရွှေရောင်လွှမ်းတဲ့ခေတ် မကုန်သေးဘူးလို့ အထင်ရောက်နေသေးရင်တော့ အင်မတန်မှားမယ့် အနေအထားတစ်ရပ် ဖြစ်သွားပါလိမ့်မယ် လို့တင်ပြရင်း ခဏနားပါဦးမယ် Datuk ရယ် :-)

    ReplyDelete
  3. အဲဒါဆိုလဲ နောက်တစ်ပိုင်း (တစ်ပုလင်း၏တ၀က်မဟုတ်) ဆက်ဖို့ တိုက်တွန်းပါတယ် ဗျား။

    ReplyDelete
  4. ရေးဖို့တော့ စိတ်ကူးမိပါတယ် Datuk ရယ် ၊ ပြည့်ပြည့်စုံစုံ မလေ့လာမိခဲ့တဲ့ အခါကျတော့ စိတ်က သိပ်မလုံဘူးလေ ။

    အခြေအနေ ကြည့်ပါဦးမယ် ၊ ဖတ်တဲ့သူတွေကို လမ်းမလွဲစေနိုင်လောက်ဘူးလို့ ထင်ရင်တော့ ရေးပါ့မယ် ။ မဟုတ်ရင်လည်း အကြွေးပေါ့ဗျာ ။ နောက်နှစ်ပိုင်းအတွင်းမှာတော့ မဖြစ်မနေ လေ့လာ လာရမှာပါ ။ အဲဒီကျရင်တော့ ပိုသေချာပါလိမ့်မယ် ။

    ReplyDelete
  5. You asserts,
    "လက်ရှိဝန်ကြီးချုပ်ဟာ မွန်ဂိုလီးယားအမျိုးသမီးတစ်ယောက် အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်နေပေမဲ့ နိုင်ငံရေးမှာ (အလွယ် တကူ) မားမားမတ်မတ် ဆက်ရပ်နေနိုင်တာမျိုး"

    However, here is the news that he will earn a doctorate in law degree from Monash in Ozi!

    http://asiapacific.anu.edu.au/newmandala/2011/02/25/najib-to-receive-honorary-degree-from-monash/

    ReplyDelete
  6. ထည့်ပေးတဲ့လင့်အတွက် ကျေးဇူးတင်ပါတယ် ။
    အဲဒီဆိုဒ်ကိုလည်း လင့်လုပ်ထားပေမယ့် တော်ရုံနဲ့ သွားမဖတ်ဖြစ်ပါဘူး ။ အခု သွားကြည့်ရာက မဆီမဆိုင် ထိုင်းနိုင်ငံနဲ့ပတ်သက်လို့ ကွန်မန့််ပေးထားတာတွေ ဖတ်မိရာမှာ ၊ အတော်လေး သဘောကျမိပါတယ် ။

    စာပြန်တာ လမ်းတော့လွဲသွားပြန်ပြီ ။
    လက်ရှိမလေးရှား ဝန်ကြီးချုပ်နဲ့ ပတ်သက်လို့ ၊
    Anonymous ပေးထားတဲ့ ဝက်ဆိုဒ်ထဲကပဲ "Some Australians not impressed with Najib Razak (March 8th, 2011 by Greg Lopez)" ခေါင်းစဉ်ရဲ့အောက်က "Malaysian Abroad (Mar 22, 2011 at 8:02 pm)" ဆိုသူ ရေးထားတဲ့ မှတ်ချက်ကလေးကို ကူးပြီးဖေါ်ပြပေးလိုက်ပါတယ် ။

    Here’s an Australian who’s very impressed with Najib Razak – Monash University. “Ancora Imparo” indeed!
    Dear Education Minister of Australia, please check what doctorates are being offered by your esteemed institutions, otherwise your universities will soon degenerate into the same standard as Malaysian universities.
    I wonder if the Philipines late Marcos or Indonesis’a Suharto have Australian PHDs as well? Or perhaps Muammar Gaddafi?

    (Ancora Imparo = Monash University ရဲ့ motto ဖြစ်ပါတယ်)

    မလေးရှား နိုင်ငံသားတစ်ယောက်ရဲ့ ထင်ဟပ်ချက်လေး တစ်ခုပါ ။ ပြည့်စုံတာ မဟုတ်ပေမယ့် ၊ အလွယ်တကူတွေ့ရလို့ နမူနာ ထည့်ပေးလိုက်တာပါ ။

    တစ်ခုရှိတာက “ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့” ပေးတာဟာ ၊ အခြေအနေ အများကြီး ထည့်တွက်ဖို့တော့ လိုပါတယ် ။ အချို့နေရာမှာ ငွေရေးကြေးရေး ကိစ္စတွေပါသလို ၊ အပြန်အလှန် အကျိုးတွေ ထည့်တွက်ကြလေ့ ရှိတာကြောင့် ခုလိုလုပ်တာဟာ သိပ်မသင့်တော် (သိပ်မကြိုက်) လှပေမယ့် ၊ သက်ဆိုင်သူတွေရဲ့ ဆုံးဖြတ်ချက်ကို သိပ်တော့ မဝေဖန်ချင်ပါဘူး ။

    မကြိုက်ရခြင်း အကြောင်းရင်းထဲက တစ်ခုကတော့ ၊ Monash ဟာ သြစတြေးလျ ထိပ်တန်းကျောင်းတွေထဲမှာ ပါနေပေမယ့် ၊ နံပါတ် ၁-၂ နေရာတွေယူထားတဲ့ Melbourne Univesity နဲ့ ANU တို့နဲ့ ယှဉ်လို့ မရတဲ့ အနေအထားမှာ ရှိနေတယ်လို့ ယူဆတာမို့ပါ ။ နောက်ထပ် ဆိုးရွားတဲ့ အချက်တစ်ခုကတော့ Melbourne University ကို တိုက်ရိုက်ဝင်ခွင့် လမ်းကြောင်းမရှိတဲ့ ကျနော့်တို့လို လူတွေအတွက် ၊ ရွေးချယ်စရာ Monash တစ်ခုထဲကျန်သလို ခံစားမိလို့ပါ ။ (undergraduate ကို ဆိုလိုပါတယ်)

    ReplyDelete
  7. 'Melbourne University ကို တိုက်ရိုက်ဝင်ခွင့် လမ်းကြောင်း
    မရှိတဲ့ ကျနော့်တို့လို လူတွေအတွက်'

    Why not? What the difference? More expensive?

    ReplyDelete
  8. မဲလ်ဘုန်းယူနီဟာ နိုင်ငံရပ်ခြားက ပညာလာသင်တဲ့ သူတွေနဲ့စာရင် နိုင်ငံသားနဲ့ အမြဲတမ်းနေထိုင်သူတွေအတွက် ဝင်ခွင့်ပိုခက်ပါတယ် ။

    သူ့ဆီမှာ ၁၂ တန်းအောင်သူ နိုင်ငံသားတွေအတွက် ပျမ်းမျှအမှတ် ၈၅ နဲ့အထက်ရမှ လက်ခံတဲ့ ဘာသာရပ်တွေချည်းပါပဲ ။ သူ့ကျောင်းဘေးမှာတင် သူ့အထဲကို ဝင်ခွင့်ရဖို့ ဖွင့်ထားတဲ့ ကောလိပ်တွေအများကြီး ရှိနေပေမယ့် ၊ အာမခံချက် အပြည့်အဝ မရှိပါဘူး ။ ကျနော်တို့လို သက်ကြီးကျောင်းသားတွေ အတွက်ကျပြန်တော့ အနည်းဆုံး တက္ကသိုလ်ဘာသာရပ် (၄) ဘာသာ သင်ယူဖူးပြီး ၊ ကျေနပ်လောက်တဲ့ အမှတ်တွေ ရရှိအောင်မြင်မှသာ လက်ခံပါတယ် ။ ဒါတောင် သင်ခဲ့တဲ့ ဘာသာရပ်တွေအတွက် credit ရဖို့ မသေချာသေးပါဘူး ။ certificate IV နဲ့ diploma အဆင့်တွေ အောင်ရုံနဲ့တော့ ကပ်လို့တောင်မရပါဘူး ။

    Monash ကတော့ certificate IV အဆင့်တွေမှာ ဘာသာစုံ ဂုဏ်ထူးထွက်ရင်ကို လက်ခံပေးပါတယ် ။ ကျောင်းလခနဲ့ ပတ်သက်လို့ကတော့ ကျောင်းတစ်ကျောင်းနဲ့တစ်ကျောင်း တစ်နှစ်စာကို အလွန်ဆုံးကွာရင် ရာကဏန်းလောက်ပါပဲ ။ ဝင်ရခက်တာနဲ့ မခက်တာပဲ ကွာတာပါ ။ ဝင်ခွင့်မှာ နည်းနည်းခက်သယောင်ရှိတဲ့ နောက်တစ်ကျောင်းကတော့ Deakin ပါ ။ ဒါပေမယ့် သူ့ကျောင်းရဲ့ ရထားတဲ့ ဂုဏ်သိက္ခာနဲ့ ကျောင်းသားတွေကို ဆွဲဆောင်ချင်တဲ့ သဘောတွေအရ ဝင်ခွင့်မှာ Monash တို့နဲ့စာရင် ဒီလောက် မခက်လှဘူးလို့ နည်းနည်းညွှန်းနေပါတယ် ။

    နိုင်ငံခြားက လာသူတွေမှာတော့ ၊ အင်္ဂလိပ်စာနဲ့ ပညာသင်ယူမှုအပိုင်းမှာ ၊ မဲလ်ဘုန်းယူနီက ၊ သူ့ကျောင်းသိက္ခာ မကျနိုင်လောက်ဘူးလို့ ယုံကြည်ရင် ၊ လက်ခံလိုက်တာများပါတယ် ။ ငွေမျက်နှာက စကားပြောပါတယ် ။

    ReplyDelete
  9. Make sense! Good luck for your uni admission!

    ReplyDelete
  10. ကျေးဇူးတင်ပါတယ် ။
    အမှန်က Monash မှာ မနှစ်ကတည်းက ဝင်ခွင့်ရပြီးသားဖြစ်ပေမယ့် defer လုပ်လိုက်တာပါ ။

    လောလောဆယ်တော့ စီးပွားရေးဖက်မှာ နည်းနည်းလေ့လာဖို့ အချိန်ခဏယူထားပြီး Melbourne Uni ဝင်ခွင့် ထပ်လျှောက်ဖို့ကို ချိန်ဆနေဆဲပါ ။

    ReplyDelete
  11. I see. You may be interested in the news below. The students at Melbourne University will have
    to pay tuition fees for the graduate (Master) degree or professional studies.

    http://www.theaustralian.com.au/higher-education/conflict-at-deals-for-top-year-12s/story-e6frgcjx-1226097787947

    ReplyDelete