ကမ္ဘာ့နိုင်ငံအတော်များများမှာ “ရဲ”လို့ဆိုလိုက်ရင် လူချင်လူခင်ပေါတယ်ရယ်လို့ ကြားရခဲပါတယ် ။
မလေးရှားက polis / mata-mata (မျက်လုံးများ) လို့ ခေါ်ကြတဲ့ “ရဲ” တွေဟာလည်း ဒီစက်ကွင်း
ကနေ မလွတ်ကင်းနိုင်ကြပါဘူး ။ (မြန်မာပြည်မှာလည်း “ပြည်သူ့ရဲ ၊ ပြည်သူ့တပ်မတော်” စသည်ဖြင့်
အမွမ်းတင်ပေမယ့် လက်တွေ့လုပ်ကိုင်တာတွေကပဲ အဓိပ္ပါယ်အစစ်အမှန်ကို ဖေါ်ဆောင်ပေးသလို
ပါပဲ) ။ ဒီပို့စ်မှာတော့ တရားမဝင် (နဲ့မဝင့်တဝင်) ဘဝမှာ တွေ့ကြုံခဲ့ရတာလေးအချို့ကို ပြောမှာဖြစ်
တာကြောင့် ကောင်းတာနဲ့စာရင် မကောင်းတာက အကဲသာမှာသေချာပါတယ် ။
မလေးရှားရဲတွေဟာ အရပ်သားအုပ်ချုပ်တဲ့နိုင်ငံရဲ့ ဥပဒေဖေါ်ဆောင်ရေး ယန္တယားတစ်ခုဖြစ်တာ
မလေးရှားရဲတွေဟာ အရပ်သားအုပ်ချုပ်တဲ့နိုင်ငံရဲ့ ဥပဒေဖေါ်ဆောင်ရေး ယန္တယားတစ်ခုဖြစ်တာ
ကြောင့် လုပ်ပိုင်ခွင့် အသင့်အတင့်ရှိတယ်လို့ ပြောနိုင်ပါတယ် ။ လုပ်ပိုင်ခွင့်အာဏာနဲ့ သဘာဝအ
တိုင်း ကပ်ပါလာတာကတော့ အကျင့်ပျက်ချစားမှုနဲ့ လုပ်ပိုင်ခွင့်အာဏာကို အလွဲသုံးမှုတွေပါပဲ ။
ရဲလို့ပြောလိုက်ရင် အမျိုးအစား အမျိုးမျိုးကွဲနေပေမယ့် အဓိကအနေနဲ့ ရာဇဝတ်မှုတွေကို အရေး
ပိုင်တဲ့ ၊ လူသိများတဲ့ ရိုးရိုးရဲတွေအကြောင်းပဲ ပြောသွားမှာပါ ။ မလေးရှားရဲမှာ အယောက်တိုင်း
ခြောက်လုံးပြူးသေနတ် ကိုင်ဆောင်ရပါတယ် ။ ယာဉ်ထိန်းရဲလည်း ကိုင်ရတာတူပေမယ့် ဝတ်စုံမှာ
တော့ ကွာပါတယ် ။ ဒါပေမယ့် ယာဉ်ထိန်းရဲကိုလည်း လျှော့တွက်လို့ မရပါဘူး ။ သေနတ်နဲ့ဆိုတော့
အခန့်သင့်တဲ့အခါမျိုးတွေမှာ တရားမဝင်အလုပ်သမားတွေကို ဒါးပြတိုက် .. အဲ .. စစ်ဆေးအရေး
ယူတတ်ပါတယ် ။ (အမှန်ကတော့ ကြောက်နေသူတွေကို အခွင့်ကောင်းယူ ၊ စစ်ဆေးထိမ်းသိမ်းပြီး
လုပ်ပိုင်ခွင့်ရှိတဲ့ ရဲတွေဆီကို လွဲပေးတာပါ) ။
ရိုးရိုးရဲတွေဖက် ပြန်ဆက်ရအောင် ။
သူတို့ထဲက အများစုဟာ ၊ ဟွန်ဒါမိန်းမစီးပုံစံ ဆိုင်ကယ်တွေနဲ့ နှစ်ယောက်တစ်တွဲ ကင်းလှည့်
တတ်ပြီး ၊ အချို့ကတော့ နှစ်ယောက် သို့မဟုတ် လေးယောက်တစ်တွဲ ကားနဲ့လှည့်တတ်ပါတယ် ။
ကားနဲ့ဆိုရင်တော့ MP5 လို sub-machine gun တစ်လက်လည်း ပါတတ်ပါတယ် ။ လက်နက်တွေ
ဟာ အလှမဟုတ်ဘဲ လိုအပ်ရင် တကယ်ပစ်ခွင့်ရှိပါတယ် ။ မိတ်ဆွေတစ်ယောက်ကိုယ်တိုင် မြို့ထဲ
မှာ ၊ အစစ်ဆေးမခံဘဲ ထီးချွန်နဲ့ ထိုးပြီးထွက်ပြေးဖို့ကြိုးစားတဲ့ အင်ဒိုနီးရှားတစ်ယောက်ဟာ နောက်
ကနေ ပေါင်ကိုအပစ်ခံရတာ တွေ့ဖူးပါတယ် ။
ကျနော်တို့ တရားမဝင်အလုပ်သမားတွေနဲ့ ရင်းနှီးတဲ့သူတို့ရဲ့လုပ်ရပ်ကတော့ နေရာတကာမှာ
ရုတ်တရက် မှတ်ပုံတင်အစစ်ဆေးခံကြရတာပါပဲ ။ I.C လို့ မေးပြီး စစ်တတ်ပါတယ် ။ မပါဘူးဆိုလို့
ကတော့ “ဂွင်” တစ်ခုတော့ ရပြီပေါ့ဗျာ ။ ကျစ်ထားတဲ့ နယားကလေးတွေကို အသိမ်းတော်ရင်
တော်သလို ၊ အညှိအနှိုင်းနဲ့ အကွက်ဖေါ်တတ်ရင်တတ်သလို နည်းပါးတဲ့နှုန်းထားနဲ့ လိုရာခရီးကို
ဆက်ခွင့် ရနိုင်မှာဖြစ်ပါတော့တယ် ။
ဒီလို တရားမဝင်အလုပ်သမားတွေနဲ့ဆုံတွေ့ရာမှာ ရင်ကိုကော့ပြီး ကေသရာဇာခြင်္သေ့ကြီးတွေလို
ရဲစွမ်း သတ္တိနဲ့ ပြည့်စုံပုံရတဲ့ ရဲတပ်ဖွဲ့ကြီးဟာ ၊ ရာဇဝတ်သားတွေနဲ့ ရင်ဆိုင်ရာမှာတော့ ရယ်ရမလား ၊
လှောင်ပြောင်ရလေမလား မသဲမကွဲခံစားမိရပါတော့တယ် ။ တခါတရံမှာလည်း စည်းဝါးကိုက် လက်
ဝါးချင်း ရိုက်ထားသလားလဲ အောက်မေ့ရပါသေးတယ် ။
တစ်ကြိမ်မှာဆိုရင် နာမည်နည်းနည်းရှိတဲ့ ရာဇဝတ်သားတစ်ယောက်ကို ဆေးရုံလာတင်ရာမှာ အဲဒီ
လူက အိပ်သာတက်မယ်ဆိုပြီးအသွား ၊ ပါတဲ့ရဲနှစ်ယောက်ထဲက ရဲတစ်ယောက်တည်းလိုက်ပို့တုန်း
သေနတ်လုပြီး ဆေးရုံပေါ်က တွယ်ဆင်းထွက်ပြေးပါတယ် ။ ဆေးရုံဝင်းဘေးကထွက် ၊ ကားတစ်စီး
ကိုသေနတ်ပြတားပြီး မောင်းထွက်သွားခဲ့ပါတယ် ။ ဒါပေမယ့် မကြာခင် လမ်းသေထဲဝင်မိပြီး ဆက်
သွားလို့မရတော့ပါဘူး ။ ဒါနဲ့ပြန်ဆင်းပြီး လမ်းထိပ်ကိုခြေလျင်ပြန်ထွက် ၊ နောက်ကားတစ်စီးကို ထပ်
တားပြီး ဆေးရုံရှေ့ကနေ ပြန်ပတ်မောင်းထွက်သွားခဲ့ပါတယ် ။ ဒီအဖြစ်အပျက်မှာ ကြားထဲကြာတဲ့
အချိန်ဟာ မနည်းပါဘူး ။ ဒါပေမယ့် ဘယ်လိုမှ တရားခံကို ပြန်မဖမ်းနိုင်ခဲ့ဘူးလို့ သတင်းစာထဲမှာ
ဖတ်လိုက်ရပါတယ် ။ ရှေ့ကပို့စ်မှာ ပြောခဲ့သလိုပဲ amazing Malaysia လို့ ပြောရမယ် ထင်ပါတယ် ။
လက်နက်ကိုင် ရာဇဝတ်သားတွေနဲ့ ပတ်သက်လို့လည်း ၊ စိတ်ဝင်စားစရာတစ်ခုကို တွေ့မိပါတယ် ။
ကျနော် မလေးရှားကို စရောက်ခဲ့တဲ့ ၁၉၉၀ ခုနှစ်ကနေပြီး သက္ကရာဇ် ၂၀၀၀ ကျော်လာတဲ့ကာလအထိ
ရဲတွေနဲ့ လက်နက်ကိုင်ရာဇဝတ်သား (အထူးသဖြင့် ဒါးပြ) တွေရဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေအကြောင်း
ဖတ်ကြည့်တဲ့အခါ မြို့ လယ်တည့်တည့်ကျတဲ့ Sungai Wang (ငွေမြစ်) shopping plaza မှာဖြစ်ခဲ့တဲ့
ဒါးပြတိုက်မှုတစ်ခုပဲ ထူးခြားတာ သွားတွေ့မိပါတယ် ။ အဲဒါကတော့ ဒီအဖြစ်မှာ ရဲတွေက သေနတ်နဲ့
ဝိုင်းပစ်ပေမယ့် ၊ ဒါးပြလေးယောက် ထဲက တစ်ယောက်ဟာ ဒဏ်ရာတွေနဲ့ အသက်ရှင်ကျန်ခဲ့တာပါပဲ ။
ဆိုလိုတာကတော့ အခြားဖြစ်ရပ်တွေမှာ ဒါးပြလို့ အစွပ်စွဲခံရသူတွေ တစ်ယောက်မှ အသက်ရှင်
မကျန်ရစ်ခဲ့ဖူးပါဘူး ။ ပြီးရင်လဲ ဖြစ်ပြီဟေ့ဆိုရင် လူလေးယောက်နဲ့ ကားကတစ်စီး တွဲပြီးဖြစ်လေ့ရှိ
ပါတယ် ။ တစ်ကြိမ်မှာဆို အမျိုးသမီးတစ်ယောက်တောင် ပါလိုက်ပါသေးတယ် ။ ပစ်ခတ်ကြလို့
သေပြီဟေ့ဆိုရင်လည်း ကားပေါ်မှာချည်းပါပဲ ။ အဲဒီဖြစ်ရပ်တစ်ခုစီရဲ့နောက်မှာ အရင်က ဖြေရှင်းလို့
မရခဲ့တဲ့ အမှုပေါင်း ၂၀-၃၀ စီဟာ လည်း သေသွားတဲ့သူတွေကနေ ကျူးလွန်ခဲ့တာလို့ ရဲဌာနကနေ
ပြောလေ့ရှိပါတယ် ။ တိုက်ဆိုင်တာလားဆိုတာတော့ သက်ဆိုင်သူတွေပဲ သိကြပါလိမ့်မယ် ။
သက္ကရာဇ် ၂၀၀၀ ဝန်းကျင်လောက်မှာတော့ ရဲတွေအတွက် တွဲဖက်စရာ “ဘက်”၊ ဒါးပြအဖွဲ့တစ်ဖွဲ့
ပေါ်လာခဲ့ပါတယ် ။ သူတို့ကို “M16 gang” လို့ အမည်ပေးထားပါတယ် ။ M16 မောင်းပြန်သေနတ်
၁-၂ လက်လောက် ကိုင်ထားလို့ပါ ။ ဒီအဖွဲ့က ဒါးပြတိုက်ပြီဆိုရင် အကွက်အင်မတန်ကျပါတယ် ။
ကွာလာလမ်ပူမြို့နယ်တွေက shopping plaza အောက်တွေမှာဖွင့်ထားတဲ့ ရွှေဆိုင်အတန်းတွေကို
ပစ်မှတ်ထားတတ်ပါတယ် ။ ဆိုင် ၃-၄ ဆိုင်ကို တစ်ဆက်ထဲ ဒါးပြတိုက်သွားတာပါ ။ အဲဒီဆိုင်တွေမှာ
နှစ်လုံးပြူးကျည်နဲ့ပစ်ရတဲ့ pump gun တွေနဲ့ အစောင့်တွေ ထားလေ့ရှိပေမယ့် သူတို့လည်း ပြားပြား
ဝပ်ရတာပါပဲ ။ အချိန်တိုတိုကလေးအတွင်းမှာ စနစ်တကျလှုပ်ရှားသွားတတ်သလို ၊ လက်လည်း
မနှေးတဲ့ ဒီဂိုဏ်းကိုတော့ ရဲတွေကနေ ဘယ်တော့မှအချိန်မှီရောက်လာပြီး ရင်ဆိုင်တယ်လို့ကိုက
မကြားဖူးမိပါဘူး ။
တစ်ချိန်မှာတော့ police beat force လို့ခေါ်တဲ့ အရပ်ဝတ်အရပ်ကားနဲ့ sub-machine gun ကိုင်
ရဲလေးယောက်ဟာ အဲဒီဒါးပြဂိုဏ်းနောက်ကို အချိန်မှီလိုက်ပါတော့တယ် ။ ရဲကားလိုက်လာမှန်းသိ
တော့ ဒါးပြကားလဲ တိုက်မြင့်အိမ်ရာဝင်းတစ်ခုထဲ ကွေ့ဝင်သွားရာက လမ်းပိတ်သွားပါတယ် ။ ဒါနဲ့
ကားပေါ်ကဆင်းကြပြီး မီတာ ၅၀ လောက်အကွာမှာ ကားရပ်ပြီးဆင်းလာတဲ့ ရဲတွေနဲ့ ရင်ဆိုင်ပစ်
ခတ်ကြပါတော့တယ် ။ အဖြေကတော့ သူရဲကောင်း “ရဲ” ၄ ယောက်အနေနဲ့ အောင်မြင်စွာ ထွက်
ပြေးလွတ်မြောက်လာခဲ့ပါတယ်တဲ့ဗျာ ။ သတင်းစာ အင်တာဗျူးထဲမှာ ရဲတစ်ယောက်ပြောတာက
“ဒါးပြတွေကိုင်တဲ့ M16 သေနတ်ဟာ မီတာ ၁၅၀ အထိ ထိရောက်ပြီး ၊ ကျနော်တို့ရဲ့ MP5 တွေက
တော့ မီတာ ၁၀၀ အထိပဲ ထိရောက်တာမို့ ယှဉ်မပစ်နိုင်ပဲ ဆုတ်လာရတာပါ” တဲ့ဗျာ ။ အရှေ့မှာ
ပြောထားသလို မီတာ ၅၀ အကွာမှာ ရှိနေခဲ့ကြတာရယ် ၊ ပေါက်ပေါက်ဖေါက်သလို ပစ်လို့ရတဲ့ sub-
machine gun “၄” လက်ကိုမှအားမနာ ပြောမှပြောတတ်ပါလေတယ် ။ (ဖြစ်တဲ့အချိန်မှာ ဘေးမှာ
လူတစ်ယောက်မှမရှိသလို ၊ ရဲတွေကလည်း လူတွေထိမှာစိုးလို့ မပစ်တာပါလို့လည်း မပြောပါဘူး) ။
ဒီဖြစ်ရပ်မှာ သတင်းစာထဲပါတဲ့အရေးအသားအရ ရဲတွေကနေ တစ်ချက်လောက်ပြန်ပစ်တယ်
တောင် မပါခဲ့တာကလည်း ဂုဏ်သိက္ခာထပ်ဆင့်ကျစရာပါ ။ ဒိနောက် ဒါးပြအဖွဲ့ဟာ လမ်းမဖက်
ထွက်သွားပြီး ကားတစ်စီးတားပြီး လွတ်မြောက်သွားခဲ့ပါတယ် ။ ကျန်ခဲ့တဲ့ သူတို့ရဲ့ကားပေါ်မှာတော့
(ကျဉ်) မောင်းရိုက်တံကျိုးသွားတဲ့ ခြောက်လုံးပြူးတစ်လက်တောင် ၊ အလေးမခံချင်လို့လားတော့
မပြောတတ်ပါ ၊ ချန်လို့များတောင် ထားခဲ့လိုက်ပါသေးတယ် ။
ပြောခဲ့တာတွေကတော့ မလေးရှားရဲတွေနဲ့ပါတ်သက်လို့ အပေါ်ယံ မှတ်မိသမျှတွေထဲက အစွန်း
ရောက်တာလေးတွေပေါ့ဗျာ ။ အသေးအမွှား ကိစ္စရပ်လေးတွေ ၊ ငွေတောင်း ငွေညှစ်တဲ့ ဖြစ်ရပ်တွေ ၊
တခါတရံလည်း ပြုံးချင်စရာ အဖြစ်ကလေးတွေ ကြုံ ရတတ်ပါသေးတယ် ။
မလေးရှားခေတ်ဦးပိုင်းမှာ ရဲတွေဟာလည်း သိပ်ကြီးမလည်လှသေးတော့ လ္ဘက်ရည်ထွက်သောက်
ရာက သူတို့နဲ့ကြုံမိတဲ့ မြန်မာပြည်သားတစ်ယောက်ကို ငွေများများလည်း မညှစ်နိုင်တာနဲ့ ပါလာတဲ့
မလေးငွေ ၅ ရင်းဂစ်ထဲကပဲ ထက်ဝက်ကို မရမက ခွဲယူသွားတာမျိုး ၊ ချောင်းဆိုးဆေး (ငါး သို့မဟုတ်
ဖင်စီဒိုင်း) ရောင်းတဲ့လူရဲ့အိမ်ကို ဝင်ရှာရာက ဆေးဂါလံပုံး လေးပုံးတွေ့ရာမှာ နှစ်ပုံးပဲ “မ”သွားပြီး ပြ
ဿနာလည်းမလုပ်တာမျိုး ၊ work permit အတုနဲ့ အစစ်ကိုင်ထားတဲ့ သူငယ်ချင်းနှစ်ယောက် အတူ
သွားရာက အစစ်သမားကို အတုပါဆိုပြီးငွေညှစ်လို့ ပေးလိုက်ရတာမျိုး ၊ မသင်္ကာသူကို လက်ထိပ်
ခတ်ပြီး နောက်ထပ်မသင်္ကာစရာလူကိုလိုက်ဖို့ အဲဒီလူကိုကားပေါ်မှာချန်ထားရာက နောက်ခန်းမှာ
ထည့်ထားတဲ့ sub-machine gun ပါဖြောင်ပြီး ထွက်ပြေးသွားတာမျိုးတွေအပြင် ၊ ဂိုဒေါင်တစ်ခုကို
ဝင်ခိုးနေတဲ့ လူ ၁၀ ယောက်လောက်ကနေပြီး ရောက်လာတဲ့ (သေနတ်နဲ့) ယာဉ်ထိန်းရဲကို ဝိုင်းလိုက်
လို့ ရဲခမျာထွက်ပြေးရတာမျိုးတွေလည်း ရှိခဲ့တာပါပဲ ။
နောက်မှတ်မှတ်ရရ ရာဇဝတ်မှုအချို့ကတော့ မြို့ထဲကဘဏ်တစ်ခုကို ဒါးပြတိုက်ဖို့ကြိုး စားသူတစ်
ယောက်ဟာ ရဲတွေရောက်လာလို့ ခြောက်လုံးပြူးနဲ့ ခြောက်ချက်ပစ်ပီးလို့ ကျဉ်ဆံကုန်သွားတော့ ၊
သူ့ခြောက်လုံး ပြူးနဲ့ ရဲကိုပစ် (ပေါက်) ပြီး ထွက်ပြေးဖို့ကြိုးစားရာက အသေပစ်သတ်ခံလိုက်ရတဲ့
သတင်း ၊ ဘဏ်တစ်ခုမှာ သေနတ်နဲ့ အစောင့်ချထားသူတစ်ယောက်ဟာ သူ့ဘဏ်ကိုဒါးပြတိုက်ခံ
ရတာနဲ့ သေနတ်အသာချ ၊ အိမ်မှာသွားပြန်ပုန်းနေပြီး ၊ ပြီးလောက်ပြီဆိုမှ ပြန်လာတဲ့သတင်း တွေ
ကအစ အများကြီးပါပဲဗျာ ။
အသေးစိတ်ကတော့ ပြောလို့မကုန်နိုင်သလို ၊ ဒီကြားထဲ ရဲသတင်းပေးလုပ်ပြီး အနေချောင် အစား
ချောင်အောင် လုပ်ပြီးနေတဲ့ မြန်မာပြည်သား လူများလည်း ရှိတာပါပဲ ။ ကျနော်သိတဲ့ သတင်းပေး
လုပ်သူ တစ်ယောက်ကတော့ မလေးအမျိုးသမီးတစ်ဦးနဲ့တောင် အိမ်ထောင်တွေကျပြီးမှ ဆိုင်ကယ်
တိုက်ပြီး ဆုံးပါးသွားပါခဲ့တယ် ။ ကလေးတစ်ယောက်နဲ့ကျန်ခဲ့တဲ့ သူ့မိန်းမကို သနားကြပေမယ့် ၊ ကာ
ယကံရှင်ကိုတော့ ဘယ်သူမှ ဂရုဏာသက်တယ်ရယ်လို့ မကြားခဲ့ရပါ ။ နိုင်ငံရပ်ခြားမှာ ရပ်တည်ရှင်
သန်ဖို့ကြိုးစားရင်း ကြွေရတဲ့အသက်တွေထဲက တစ်ချောင်းသာပေါ့ဗျာ ။
သက္ကရာဇ် ၂၀၀၀ ဝန်းကျင်နဲ့ နောက်ပိုင်းလောက်မှာတော့ နိုင်ငံခြားသားအလုပ်သမားတွေလဲ များ
လာတာတစ်ကြောင်း ၊ ဌာနေကုလားလူမျိုးတွေရဲ့ ဂိုဏ်းဂဏဖွဲ့လာတာတွေနဲ့ အသေးစား ဥပဒေ
ချိုးဖောက်မှုတွေ မိုးထိုးလောက်အောင် များပြားတိုးတက်ခဲ့တာတွေဟာ မလေးရှားက “ရဲကိုကို” တွေ
အတွက်တော့ အလုပ်အင်မတန်များလာစေတဲ့အပြင် ၊ လိုက်လျောညီထွေအောင် ရပ်တည်နိုင်ဖို့ရာ
စိန်ခေါ်နေတဲ့ အချက်တွေပါပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် ၊ အောက်ခြေမှာ သပွတ်အူမွှေနေတဲ့ ဇာတ်လမ်း
တွေနဲ့ရှုပ်ပွနေပြီး ၊ အုပ်ချုပ်သူအာဏာပိုင်တွေရဲ့ လက်ကိုင်တုတ်အဖြစ်လည်း အသုံးခံနေကြတဲ့ မ
လေးရှားရဲတွေဟာ မျက်နှာစာမှာ ဒဏ်ရာဒဏ်ချက်များစွာနဲ့ ဆက်ပြီးရပ်တည်သွားနေအုံးမှာပါပဲ ။
မန်းကိုကို
၁၅ ၊ ၀၇ ၊ ၂၀၁၁
Note
- ဒီပို့စ်ဟာ အတွေ့အကြုံတွေအပေါ်မူတည်ပြီး အပေါ်ယံကြော ဖြန့်ပြီးရေးထားတာပါ ။ ဒါကြောင့်
မှီးငြမ်းဖို့တော့ မသင့်တော်လှပါဘူး ။
- ရဲတပ်ဖွဲ့ရဲ့ အမည်အပြည့်အစုံကတော့ “မလေးရှားဘုရင့်ရဲတပ်ဖွဲ့” ဖြစ်ပါတယ် ။ အရေအတွက်
အားဖြင့်တော့ တစ်သိန်းကျော်ရုံလေးလောက် ရှိပါတယ် ။
- ရဲတပ်ဖွဲ့ဟာ အခြားနိုင်ငံကတွေလိုပဲ ဌာနခွဲပေါင်း အများကြီးခွဲခြားထားပြီး ၊ အမျိုးသမီးတပ်ဖွဲဝင်
တွေလည်း အများကြီးပါဝင် တာဝန်ထမ်းဆောင်နေကြပါတယ် ။
- ရဲတပ်ဖွဲ့ဟာ မလေးလူမျိုးတွေနဲ့ အဓိကဖွဲ့စည်းထားပြီး ၊ အိန္ဒိယနွယ်ဖွားတွေက ဒုတိယနေရာ
ယူထားပါတယ် ။ တရုတ်လူမျိုးတွေကတော့ အလွန်နည်းပါးပြီး ၊ အရာရှိ အရာခံတွေလောက်
မှာပဲ တွေ့ရတတ်ပါတယ် ။
- မလေးရှား သွားလည်လိုသူတွေအတွက်ကတော့ ကုန်တိုက်တွေမှာ လုပ်စားနေတဲ့ ရဲအတုတွေ
နဲ့ လုယက်တတ်တဲ့ ကုလား(အကောင်ခပ်ကြီးကြီး)တွေကို သတိမူဖို့ လိုပါလိမ့်မယ် ။
ရေးချင်တဲ့အချက်အလက်တွေနဲ့ စုပြုံသွားပြီး ၊ ခြုံငုံသုံးသပ်တာတွေကို မလုပ်နိုင်တော့လောက်
အောင် ဖြစ်သွားပါတယ် ။ နောင်မှပဲ အကြွေးပေါ့ဗျာ ။
မှန်လိုက်လေဆရာမန်းရေ။ ဒီရဲဆိုတဲ့သတ္တ၀ါတွေမှာ ကျွန်တော်တို့လိုနိုင်ငံခြားသား အလုပ်သမားတွေဆီက ငွေညစ်ပိုင်ခွင့် တရားဝင်လိုင်စင်ရထားသလိုပဲ။ ဆရာမန်း မလေးရဲကားစီးဖူးလားဆရာ။ ကျွန်တော်တစ်ခါစီးဖူးတယ်။ ဆရာပြောတဲ့ sub - maching gun တော့မတွေ့မိဘူး ဒါပေမယ့် တခြားမလေးတက္ကစီတွေလို အမွှေးအကြိုင်အနံ့တွေ မရှိဘူးဆရာ။ ၀န်ဆောင်ခကတော့ တော်တော်ဈေးကြီးတယ်လို့ တစ်ချို့တွေပြောကြတယ်။ ကျွန်တော့တုန်းကတော့ ဘယ်လိုမှအညှစ်မခံလို့ ရင်းဂစ် (၁၀) နှင့်ပဲလိုရာခရီးကိုချောချောမောမောရောက်ခဲ့ပါရဲ့။
ReplyDeleteဒီလို ထင်သာမြင်သာမှု အပြည့်မရှိတဲ့ နိုင်ငံတွေမှာ ၊ “ရဲ” ဆိုတာမျိုးကလဲ ဥပဒေကို နံပြားလို ၊ ပလာတာလို စိတ်ကြိုက်ပုံသွင်းခွင့် ရထားသလို ဖြစ်တဲ့အပြင် ၊ မြန်မာပြည်သားဆိုရင် ဘာနောက်ခံမှ မရှိသလောက်ပဲဆိုတာ နားလည်ထားကြလေတော့ ၊ မြောင်းထဲကျတာတောင် ဖနောင့်နဲ့ အပေါက်ထပ်ခံရမယ့် ဘဝတွေပါ ။
ReplyDeleteကိုစိုးမိုးအနေနဲ့ ရင်းဂစ် ၁၀ နဲ့တင် ပြီးခဲ့တယ်ဆိုတာ ကံကောင်းလို့ ၊ work permit ရှိကြောင်း ယုံကြည်လောက်တဲ့ သက်သေ သို့မဟုတ် အသွင်ဆောင်နေလို့ ဖြစ်ပါလိမ့်မယ် ။ စက်ရုံတစ်ရုံထဲ လုပ်ခဲ့ဖူးသူ တစ်ယောက်ဆိုရင် ၊ ငွေတောင်းတာကို ဘယ်လောက်လိုချင်လဲ အမေးကောင်းလို့ ၁၀၀၀ ကနေစပြီး အတောင်းခံရတော့တာပါပဲ ။ ကံကောင်းထောက်မစွာ ပါလာတဲ့အဖော်နဲ့အတူ ဈေးအဆစ်ကောင်းလို့ ရင်းဂစ် ၂၀ စီနဲ့ အဆင်ပြေသွားတယ် ။ ဒါတောင် ရင်းဂစ် ၅၀ တန်ပဲရှိလို့ အားလုံးယူသွားတော့တယ် ။
ရဲကားကတော့ operasi (စစ်ဆင်ရေး) ကားပဲ စီးဖူးလိုက်ပါတယ် ။ ဆိုင်ကယ်နဲ့က တစ်ခါပါ ။ ဒါပေမယ့် ရဲတွေနဲ့ ကာလရှည်ကြာ ထိတွေ့မြင်ကြား နေရတာနဲ့ သတင်းတွေ နားထောင်မိ ဖတ်မိခဲ့တာကြောင့် အသင့်အတင့် သိနေခဲ့တာပါ ။ သေနတ်အကြီးကတော့ ကားနောက်ဖုံးထဲမှာပါ ။ ပို့စ်ထဲပြောခဲ့သူက အတွေ့အကြုံရှိသူမို့လို့ သေနတ်ခိုးသွားနိုင်ခဲ့တာပါ ။
ရေးရင်းနဲ့ အရှိန်ရလို့ ထိုင်း ၊ မလေး ၊ စင်္ကာပူ ရဲတွေနဲ့ ကြုံခဲ့ရတဲ့ အဖြစ်တစ်ခုစီကို ရေးရင်ကောင်းမလားလည်း စိတ်ကူးမိပါတယ် ။
ရေးပါဗျာ ဖတ်ရတာပေါ့
ReplyDeleteဖိလစ်ပိုင်ရဲရော ဘာထူးလဲဗျာ Tourist ကားကို Hijack လုပ်ခံရတော့ CNA မှာ live ရှိုးကြည့်ရင်းနဲ့ ငယ်ငယ်က စစ်တိုက်တမ်းကစားတုန်းကတောင် သူတို့လောက် ကြည့်ရမဆိုးဘူးထင်မိတယ်...
ဖိလစ်ပိုင်ကတော့ တကယ့် ပြဿနာအထုပ်ကြီး တစ်ခုပါပဲ ။
ReplyDelete“ရဲ” တစ်မျိုးထဲတင် မဟုတ်ပါဘူး ။ များများစားစား သိတယ်မဟုတ်ပေမယ့် ၊ သူတို့နိုင်ငံမှာ အခြေခံ လူမှုရေး အသိုင်းအဝိုင်းမှာကိုက အတော်ရင်လေးစရာတွေ ဖြစ်နေတယ်လို့ နားလည်ရပါတယ် ။
အနည်းဆုံးတော့ မွတ်ဆလင် အစွန်းရောက်တွေကိစ္စ ၊ ကွန်မြူနစ်သူပုန် ကိစ္စနဲ့ တရားမဝင် သေနတ်တွေ ပလူပျံနေပြီး ၊ အရှေ့တိုင်းရဲ့ ကောင်းဘွိုင်ဒေသလို ဖြစ်နေတာတွေဟာ နိုင်ငံရဲ့ စိန်ခေါ်မှုကြီးတွေလို့ ပြောလို့ရမယ် ထင်ပါတယ် ။
ထိုင်း ၊ မလေး ၊ စင်္ကာပူမှာတွေ့ရတဲ့ သူတို့နိုင်ငံသားတွေ ၊ လုပ်ငန်းအရ ဆက်ဆံခဲ့ရသူတွေနဲ့ သူတို့နိုင်ငံ ရောက်ဖူးသူတွေရဲ့ အဆိုတွေအရ ၊ အဲဒီမှာ သိပ်ကြည်နူးစရာကောင်းတဲ့ အနေအထား ရှိပုံတော့ မပေါ်ဘူး ။ ဒါပေမယ့် သူတို့အကြောင်းရေးဖို့ နောက်ခံမပြည့်စုံတာမို့ ၊ အချို့နေရာတွေလောက်မှာပဲ ကြားညှပ်ရေးထည့်သွားဖို့ ရှိပါတယ် ။
Anonymous ပြောတဲ့ကိစ္စလည်း အနည်းအကျဉ်း ဖတ်မိ ကြားမိပါတယ် ။ ကမ္ဘာလှည့် ခရီးသည်တွေအတွက် ၊ ကျေနပ် ပျော်ရွှင် လုံခြုံမှုတွေ ပေးနိုင်တဲ့ ခရီးတော့ ဟုတ်ဟန်မပေါ်တာ သေချာပါတယ် ။
ဟ ကိုမန်းကြီး မလေးကိုရောက်နေတာလားဗျ ။
ReplyDeleteရေးချက်ကတော့ လန်နေတာပဲ ။
မဟုတ်ပါဘူး ဆရာရယ် ၊ ထွက်လာခဲ့တာ ကြာခဲ့ပါပြီ ။
ReplyDeleteသိထားခဲ့တာတွေနဲ့ ထပ်သိလာရတာတွေကို ပေါင်းစပ်ပြီး ရေးထားတာပါ ။
နှစ်ပေါင်းအများကြီး ဖြတ်သန်းလာခဲ့ရတာတွေမို့ ဒီလိုကြုံဖို့ မလွယ်သူတွေအတွက် နည်းနည်းလောက် ချပြဝေမျှတာပါ ။
အင်းကိုမန်းပို့စ်ကိုဖတ်တာနောက်ကျသွားတယ် ဒါပေမယ့်ကံကောင်းလို့ မလေးကိုအလည်အပတ်သွားခဲ့ပေမယ့် အလုတော့မခံခဲ့ရပါဘူး။ ဒါပေမယ့်အပြင်တက္ကစီမစီးဘူး။ တည်းခိုတဲ့ဟိုတယ် တက္ကစီနဲ့ပဲသွားလို့ဖြစ်မယ်ထင်တယ်နော့။
ReplyDeleteမလေးရှားမှာ အသေးစား အမှုအခင်းတွေ များတယ်ဆိုပေမယ့် ၊ လူတိုင်းတွေ့ရ ကြုံရမယ်လို့တော့ တထစ်ချယူဆလို့ မရနိုင်ပါဘူး ။
ReplyDeleteတဖက်မှာလည်း သတိလေးတွေ ထားနိုင်ရင်တော့ မဖြစ်သင့်ပဲ ဖြစ်သွားတတ်တာအချို့ကို တားနိုင်မှာသေချာပါတယ် ။
ဟိုတယ်တက္ကစီ သုံးတာဟာလည်း အင်မတန်ကောင်းတာပါပဲ ။ မလေးရှားဖြစ်ဖြစ် ယိုးဒယားဖြစ်ဖြစ် တက္ကစီပေါ်တက်လိုက်တာနဲ့ ကားနံပါတ်နဲ့ ကားမောင်းသမားနံပါတ်ကို မှတ်ထားနိုင်ရင်တော့ အလုပ်ပိုပေမယ့် အရေးပေါ်တဲ့အခါတွေမှာ အသုံးဝင်တတ်ပါတယ် ။ ဥပမာ ပိုက်ဆံအိတ် မေ့ကျန်တာမျိုးတွေက အစပေါ့ ။
မိတ်ဆွေတစ်ယောက် ကြုံဖူးတာတော့ ကားသမားက တရားမဝင် အလုပ်သမားတွေ ပါလာမှန်းသိလို့ သူ့အပိုင်တစ်နေရာမှာရပ် ၊ တံခါးကိုအသေပိတ်ပြီး ပိုက်ဆံညှစ်တာပါပဲ ။
နောက်တစ်မျိုးကတော့ ချိတ်ဆက်ထားတဲ့ ရဲကားနဲ့တွေ့ရင် ၊ မဟုတ်ရင်လည်း ဂွင်မှန်မယ်ထင်ရင် ရဲတွေကို မီးအချက်ပြပြီး သူ့ခရီးသည်ကို ထိုးအပ်တာမျိုးပါ ။ အမှားမရှိလဲ ရဲကိုကိုတွေက အကြောင်းတစ်ခုခုရှာတတ် ငွေညှစ်တတ်တာမို့ အဖေါ်မပါရင် ပိုသတိရှိဖို့ လိုပါလိမ့်မယ် ။
လုယက် အလစ်သုတ်မှုများတာတွေကို မလေးရဲတွေက သိပ်ဂရုမစိုက်ပဲ နိုင်ငံခြားသားတွေဆီက ပိုက်ဆံဘယ်လိုရအောင် ဖန်ရမလဲဆိုတာလောက် အာရုံများနေကြတဲ့အကြောင်းကို အောက်ကလင့်မှာ ကြည့်လို့ရပါတယ် ။ ဌာနေခံတွေအနေနဲ့လည်း ကိုယ်ထူကိုယ်ထ ကာကွယ်မှုတွေ လုပ်နေကြရတာ တွေ့ရပါလိမ့်မယ် ။ http://asiapacific.anu.edu.au/newmandala/2011/09/03/human-rights-in-malaysia/
ဒါပေမယ့် အပေါ်ကပြောခဲ့သလိုပဲ သတိလေးရှိတာ ကောင်းပေမယ့် အစိုးရိမ်မလွန်ဖို့တော့ လိုပါမယ် ။ ခရီးသွားတာရဲ့ အပျော်တွေကို အနှောင့်အယှက် ပေးနိုင်တာနဲ့ ကြောက်တယ်လို့ထင်ရင် ပိုပြီးဖြဲခြောက်တတ်တဲ့ စားဖားတွေရဲ့ သဘောသဘာဝကြောင့်ပါ ။
ဘယ်လိုပဲဖြစ်ဖြစ် အမြဲတမ်း အဆင်ပြေ ကံကောင်းနေနိုင်ပါစေ ။