ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, July 22, 2011

ရိုက်ချက်ပြင်းပြင်း သတင်းလေးတွေ


 (၁)    နှစ်ပေါင်း ၁၅၀ (၁၈၄၃-၂၀၁၁) ကျော် ရပ်တည်ခဲ့ပြီး ကမ္ဘာပေါ်မှာ အရောင်းရအများဆုံး သတင်း
         စာအဖြစ် ရပ်တည်ခဲ့တဲ့ News of the World သတင်းစာဟာ ဂျူလိုင် ၁၀ ရက်နေ့တုန်းက သ
         တင်းဌာနအင်ပါယာထောင်ထားတဲ့ ပိုင်ရှင် Rupert Murdoch ရဲ့ ထုတ်ဝေရောင်းချမှု ရုတ်ချည်း
         ရုပ်ဆိုင်းလိုက်တာကို ခံလိုက်ရတဲ့သတင်း ။

   လက်ရှိအင်္ဂလန်ဝန်ကြီးချုပ်ရဲ့ ဆက်သွယ်ရေးအရာရှိ ၊ ရဲချုပ် ၊ ရဲလက်ထောက်ကော်မရှင်နာနဲ့ သ
တင်းအယ်ဒီတာတွေ ရာထူးကနေ နှုတ်ထွက်ပေးရလောက်အောင် ရှုပ်ထွေးတဲ့ဒီကိစ္စဟာ ၊ ပင်ရင်းပြ
ဿနဖြစ်တဲ့ ဖုန်းတွေခိုးနားထောင်တာကို ဖွင့်ထုတ်ခဲ့တဲ့သတင်းထောက် ၁၈ ရက်နေ့က သေဆုံးသွား
တဲ့အတွက် ၊ သပွတ်အူပိုခွေ သွားတာတော့ သေချာပါတယ် ။ စောင့်ကြည့်ရဦးမယ့် ကိစ္စပါပဲ ။

(၂)   နာဆာရဲ့နှစ် ၃၀ ကြာ (April 12, 1981 - July 21, 2011) သမိုင်းဝင်လွန်းပျံယာဉ်စီမံကိန်းဟာ
        အခုနောက်ဆုံးခရီးစဉ်တစ်ခုကို လွတ်တင်အပြီးမှာ အဆုံးသတ်လိုက်တော့မယ် ဆိုတဲ့သတင်း ။

   ငယ်ငယ်ကတည်းက အကျွမ်းတဝင်ဖြစ်ခဲ့တဲ့ အာကာသတစ်ခေတ်ဆန်းချိန်က ဒီလွန်းပျံယာဉ်ဟာ
အဆုံးသတ်သွားတော့မယ်ဆိုတော့ စိတ်ပဲ မကောင်းရမလိုလို တစ်မျိုးပါပဲ ။ ဒီလွန်းပျံအစီအစဉ်ဟာ
အမေရိကန်သမ္မတရီဂင်ရဲ့ ဆိုဗီယက်ပြည်ထောင်စုကို ပြိုကွဲဖို့ တွန်းအားပေးနိုင်ခဲ့တဲ့ အာကာသလက်
နက်စီမံကိန်းနဲ့ တိုက်ရိုက်မသက်ဆိုင်ရင်တောင်  အဲဒီလက်နက်စီမံကိန်းနဲ့ ယှဉ်တွဲတည်ရှိ အထောက်
အကူပြုခဲ့တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ် ။


(၃)   ကင်ညာနိုင်ငံက လူ ၄ သိန်းဝန်းကျင် ခိုလှုံနေတဲ့ ၊ ကမ္ဘာအကြီးဆုံး ခိုလှုံရာ (refugee) စခန်း
        ကြီးဟာ ၊ စစ်ဘေးဒဏ်ကြောင့်သာမက အာဖရိကတိုက်ရဲ့ မိုးခေါင်ရေရှားမှုကြောင့် လူသောင်း
        ချီ ထပ်တိုးလာပြီး အစာရေစာတွေနဲ့ပတ်သက်လို့ အခက်အခဲတွေဖြစ်နေတဲ့သတင်း ။

   ကျနော်တို့ငယ်ငယ်က အီသီယိုးပီးယားမှာ အစာရေစာခေါင်းပါးခဲ့တာကို သွားသတိရမိတယ် ။
အဆိုတော်မေဆွိတောင် သီချင်းတစ်ပုဒ် ဆိုထားပါသေးတယ် ။ မြန်မာပြည်မှာ သုံးသလို “စားစရာ
မရှိ ၊ လျော်စရာရှိ” ဆိုသလို ၊ အာဖရိကရဲ့ “စားစရာမရှိ ၊ လူသတ်ဘို့ ကျဉ်ဆံတွေတော့ရှိ” လို့ ပြော
ရမလောက်ဖြစ်နေတဲ့ အခြေအနေတွေဟာလည်း စိတ်မသက်မသာစရာပါ ။ တွေးမိတာက ၊ ကိုယ်
မငတ်လို့ ဒီလို စိတ်မသက်မသာ ဆိုတာလောက် ဖြစ်နိုင်တာပါ ။ ကိုယ်တိုင်ခံရရင်တော့ ကြည်နူးစရာ
ကောင်းလိမ့်မှာတော့ မဟုတ်ဘူး ။ တဆက်ထဲ မြန်မာပြည် မှာကော ? အင်းလေ သိပ်မစဉ်းစားတာ
ကောင်းပါတယ်လေ ၊ လုပ်စရာရှိတာကိုပဲ နိုင်သလောက် အချိန်တန်ရင် လုပ်သွားတာပဲ ကောင်းပါ
တယ် ။

(၄)   မကြာခင်က ရုံတင်ခဲ့တဲ့ Harry Potter ရုပ်ရှင်ကတော့ ရုံဖွင့်ပထမအပတ် ဝင်ငွေအများဆုံး
        ရုပ်ရှင်အဖြစ် စံချိန်တင်သွားတဲ့သတင်း ။

   JK Rowling ရေးထားတဲ့ Harry Potter စာအုပ်တွေဖတ်ပြီးလို့ ဘာဖြစ်မလဲဆိုတာ သိထားပြီးတာ
တောင် ရုပ်ရှင်အနေနဲ့ ကြည့်ချင်နေကြသေးတဲ့ ပရိသတ်ထုကြီးကတော့ သြချရလောက်ပါပေတယ် ။
အဲ .. ဒါက သတင်းအကြောင်းနဲ့ သိပ်တော့မဆိုင်ဘူးထင်ပါတယ်   :-)

(၅)   ထိုင်းအိမ်ရှေ့မင်းသားရဲ့ လေယာဉ်တစ်စင်းဟာ မကြာခင်က ဂျာမဏီနိုင်ငံမှာ အထိန်းသိမ်းခံ
        လိုက်ရတဲ့ သတင်း ။

   အကြောင်းရင်းကတော့ ဂျာမဏီနိုင်ငံသား စီးပွားရေးသမားတစ်ဦးကနေ သူအစုစပ်ပါဝင်တဲ့ (လေ
ဆိပ်ဟောင်း ဒုံမွမ်း ကိုသွားတဲ့) အမြန်လမ်းမကြီးတစ်ခုနဲ့ပတ်သက်လို့ ငွေဆုံးရှူံးရတဲ့အတွက် လျှော်
ကြေးငွေရလိုမှုနဲ့ပတ်သက်ပြီး ထိုင်းအစိုးရဆီကနေ တောင်းခံခဲ့ရာမှာ ၊ ထိုင်းနိုင်ငံအတွင်း ဘယ်လိုမှ
တရားရင်ဆိုင်လို့ လွယ်တဲ့အဆုံး ၊ ဂျာမဏီမှာ အပန်းဖြေရတာ သဘောတွေ့နေတဲ့ ထိုင်းအိမ်ရှေ့
မင်းသားရဲ့ လေယာဉ်ကို ဂျာမဏီဒေသန္တရတရားရုံးတစ်ရုံးရဲ့အမိန့်နဲ့ လေယာဉ်ကို ထိန်းသိမ်းထားလိုက်
တာဖြစ်ပါတယ် ။

   ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒါဟာပုဂ္ဂလိကပိုင်ဖြစ်တယ်လို့ ငြင်းဆိုထားပြီး လေယာဉ်ပြန်ရဖို့ကြိုးစား
နေပါတယ် ။ မနေ့တနေ့ကတော့ လေယာဉ်ကို ပြန်လွတ်ပေးတော့မယ်ဆိုပြီး သတင်းထွက်လာရာမှာ
ဟုတ်မလိုလိုနဲ့ မနေ့ကတစ်ခါ လေယာဉ်အတွက် အာမခံကြေးသွင်းရမယ်ဆိုပြီး သတင်းထပ်ထွက်လာ
တော့ ၊ ထိုင်းမျိုးချစ်များလည်း ဖီလင်ငုတ်သွားကြမှာ သေချာပါတယ် ။ ထိုင်းနိုင်ငံမှာ အခွင့်ထူးခံ ရေ
ပေါ်ဆီလူတန်းစားတွေရဲ့ စိတ်ကြိုက်လုပ်ကိုင်နေကြတာတွေဟာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေဆဲပါ ။ ခု
လို ဥပဒေစိုးမိုးတဲ့ ဂျာမဏီနိုင်ငံမှာ သူတို့ရဲ့အိမ်ရှေ့မင်းသားတောင် ဒီလိုအဖြစ်မျိုးနဲ့တွေ့တော့ အခွင့်
ထူးခံတွေရဲ့ တစ်စိတ်တစ်ပိုင်းလည်းဖြစ် ၊ ပတ်သက်ကာကွယ်ပေးရမယ့် နေရာမှာလည်းရှိနေတဲ့ ထိုင်း
အစိုးရအတွက် ချွေးပျံရမယ့်အနေအထားဖြစ်သွားတာ စိတ်ဝင်စားစရာပါ ။

   ပြီးခဲ့တဲ့ရက်ပိုင်းက ထိုင်းဘုရင့်မိသားစုရဲ့ အတော်ကြီးကိုများတဲ့ အသုံးစရိတ်တွေအကြောင်းကို သတိ
ရလာလို့ ပြန်ရှာရင်းတွေ့မိတဲ့ဆောင်းပါးနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ မှတ်ချက်တွေကို “ဒီနေရာမှာ
သွားဖတ် နိုင်ကြပါတယ် ။
  


(၆)   လတ်တလောမှာ ပူပူနွေးနွေးကိတ်မုန့်လို ရောင်းကောင်းတဲ့ မြန်မာ့သတင်းထူးကတော့ ၁၉၈၈
        အရေးအခင်းမှာ လူ ၂၄ ယောက်ကျော်ကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ပြီး လူ ၁၀၀ လောက်ရဲ့ သေ
        ဆုံးမှုတွေမှာ ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ ထောက်လှမ်းရေး အရာရှိဟောင်းဆိုသူ ကိုထူးထူး
        ဟန်ရဲ့သတင်းပါ ။

   ပထမဦးဆုံး မငယ်နိုင်ရဲ့ဘလော့မှာ စတွေ့မိပြီး အခြားသတင်းဌာနတွေမှာ လိုက်ဖတ်ကြည့်မိပါ
တယ် ။ ပို့စ်တစ်ပုဒ်ရေးမယ်လို့ ပြင်ဆင်စရေးပြီးကာမှ စိတ်မောမောနဲ့ ခဏပြန်နားထားရာက ဒီကနေ့
မဇ္ဈိမမှာတွေ့မိတဲ့ သူနဲ့လုပ်ထားတဲ့အင်တာဗျူးကြောင့် ရေးလက်စကို ပြန်ကောက်ကိုင်လိုက်မိတာ
ပါ ။

   ဒီကိစ္စနဲ့ပတ်သက်လို့ ပထမဆုံး တွေ့မိတဲ့ အင်္ဂလိပ်လိုသတင်းကတော့ “ဒီမှာ” ပါ ။ နောက်ထပ်
(1), (2), (3), (4), (5), (6) တွေမှာလည်းတွေ့မိရာက ပထမဆုံးအတွေးထဲဝင်လာမိတာတွေကတော့
ဇဝေဇဝါဖြစ်မိတာနဲ့ ဒီမိုကရေစီထွန်းကားတဲ့ သြစတြေးလျလိုနိုင်ငံမျိုးမှာ ဗဟုသုတနဲ့ အတွေးအခေါ်
ခေါင်းပါးသူတွေ အများကြီးရှိနေသေးတယ် ဆိုတာပါ ။ အချို့က သူ့ကို မြန်မာပြည်ပြန်ပို့ဖို့ ပြောကြ
ပါတယ် ။ လူဆိုးပါလို့ဝန်ခံတာကို လူဆိုးခေါင်းဆောင်ဆီ ပြန်ပို့လိုက်လို့ ပြောတဲ့ပုံစံမျိုး မှတ်ချက်ပေး
သူတွေ အများကြီးတွေ့ရတော့ ၊ ကျနော်လည်း စိတ်ပျက်လက်ပျက်နဲ့ ခေါင်းပဲခါနေမိရုံပေါ့ဗျာ ။

   နောက်နေ့မှာတော့ မိုးမခမှာ သတင်းတိုအနေနဲ့ တွေ့မိပါတယ် ။ တနေ့တုန်းကတော့ ဧရာဝတီမှာ
“ထူးထူးဟန်၏စကား ယုံကြည်သူနည်းပါး” ဆိုပြီး အရင်းမရှိ အဖျားမရှိနဲ့ အဆိုးဖက် လမ်းကြောင်း
ထားပေးတဲ့ခေါင်းစဉ်နဲ့ သတင်းအဖြစ် ပါလာပါတယ် ။ တဆက်ထဲမှာ သရော်စာအနေနဲ့လည်း ပါလာ
လိုက်ပါသေးတယ် ။ တဆက်ထဲမှာ လူမသိသူမသိ ရောင်တော်ပြန်ကွန်မန့်ရေးသူတွေကလည်း ပေး
ထားတဲ့လမ်းကြောင်းအတိုင်း ဝင်လာကြတာတွေ့လို့  စောင့်ကြည့်နေမိပါသေးတယ် ။

   အဲဒီ ၂၀ ရက်နေ့မှာပဲ မဇ္ဈိမမှာ “ICC အမြန်ရောက်လိုသူ အငြင်းပွားဖွယ်ရာ ဦးထူးထူးဟန်” ဆိုတဲ့
ခေါင်းစဉ်နဲ့ သတင်းတစ်ပုဒ် ထပ်ပါလာပြန်ပါတယ် ။ သူတို့တင်ပြပုံကတော့ ပိုမျှတတယ်လို့ မြင်မိပါ
တယ် ။ ဒီကနေ့ “ဇာတ်လမ်းက ခုမှစတာ ဆိုသော ဦးထူးထူးဟန်” ဆိုတဲ့ခေါင်းစဉ်နဲ့ အင်တာဗျူး
ထပ်ပါလာတော့မှ ပိုပြီးပြည့်စုံလာတာမို့ ၊ မြင်မိတာတွေကို ပြောချင်စိတ်ပေါ်လာပါတယ် ။

   ပထမဦးဆုံးအနေနဲ့ ကိုထူးထူးဟန်ရဲ့ ပြောခဲ့တာတွေကို အားလုံးမှန်တယ်လို့ ကျနော် မပြောနိုင်
ပေမယ့် အချို့အချက်တွေကတော့ အတော်စိတ်ဝင်စားစရာကောင်းသလို ခုထိလည်း “ကိုအိုးဝေ
အောင်” တစ်ယောက်ပဲ ၈၈-၈၉ ရန်ကုန်တိုင်း “အကသ” လှုပ်ရှားမှုနဲ့ အစည်းဝေးတွေမှာ မတွေ့ဖူးဘူး
လို့ပြောတာပဲ တွေ့ရပါသေးတယ် ။ အခြားလူတွေရဲ့ ပြောတာတွေအတော်များများကတော့ အကျိုး
အကြောင်းဘာမှမသိပဲနဲ့တောင် ဖြေရှင်းလို့ရတာတွေပါနေတာကြောင့် အပေါ်မှာရေးခဲ့သလို “ရောင်
တော်ပြန်” တွေပဲများတယ်လို့ ရေးခဲ့တာပါ ။

    အချို့အချက်ကလေးတွေကို မြင်ကြည့်မယ်ဗျာ ၊ ဝါသနာပါရင်လည်း ဝိုင်းစဉ်းစားကြစေချင်ပါတယ် ။

(က) ဧရာဝတီမှာပါတဲ့ “နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း” က ကိုတိတ်နိုင်ရဲ့
အပြောအရ ၁၉၉၀ ခုနှစ်လောက်မှာ ကိုထူးထူးဟန်ဟာ ၁၆ နှစ်ပဲရှိသေးတယ်လို့ ဆိုပါတယ် ။ ဒါမှန်ရင်
၁၉၈၈ မှာ သူဟာ ၁၄ နှစ်အရွယ် ကလေးသာသာပဲ ရှိပါဦးမယ် ။ မိုးမခရဲ့ အပါအဝင် အဆိုတွေအရ
လည်း သူအသက် ၄၀ မပြည့်သေးဘူးလို့ဆိုပေမယ့် ၁၉၈၈ မှာပါဝင်ခဲ့ပြီး အခုဓါတ်ပုံမှာ နားသယ်စတေ
ဖြူနေတဲ့လူတစ်ယောက်ဟာ ၄၀ ပြည့်ပြီးသူတစ်ယောက်လို့ ယူဆစရာတွေ ရှိနေပါတယ် ။

(ခ) စိတ်ကျဝေဒနာအတွက် ကျန်းမာရေးစောင့်ရှောက်ခံနေရသူကို စိတ်ပိုင်းဆိုင်ရာချွတ်ယွင်းမှုတို့ ၊
စိတ်ရောဂါဖြစ်ဖူးသူ ဖြစ်နေသူ စသည်ဖြင့် အဆင့်ကျော်ပြီးသုံးစွဲဖို့ မသင့်တော်ပါဘူး ။

(ဂ) သတင်းဌာနတွေအနေနဲ့ “လူ ၁၀၀ လောက် သတ်ဖြတ်ခဲ့မှုတွေမှာ ပါဝင်ပတ်သက်နေခဲ့တယ်” လို့
ပြောတာမျိုးကို “လူ ၁၀၀ သတ်ဖြတ်ခဲ့သည်” လို့ သုံးနှုန်းတာမျိုးကို သိက္ခာရှိရှိ ရှောင်ကျဉ်သင့်ပါတယ် ။

(ဃ) ကိုထူးထူးဟန်ကို အရင်ကတော့ ထောက်လှမ်းရေးဆိုပြီး အခုထောက်လှမ်းရေးဆိုပြန်တော့ မယုံ
ကြည်တာမျိုး ၊ ခုထိ သူ့ကိုဆန့်ကျင်ပြောနေကြသူ အတော်များများဟာ အရေးယူခံရမှာမဟုတ်ပဲနဲ့ကို
ပေါ်ပေါ်ထင်ထင် မပြောလာကြတာမျိုး ၊ ပြောသူတွေကလည်း ချက်ကျလက်ကျ မပြောနိုင် မထောက်
ပြနိုင်တာမျိုး ၊ အချို့ကလည်း အခုကိစ္စကို ရင်ဆိုင်ဖြေရှင်းလုပ်ကိုင်ဖို့မတွေးပဲ သူတို့လုပ်နေကိုင်နေတာ
တွေကို ထိခိုက်မှာလောက်ပဲ စိတ်ဝင်စားနေတာမျိုးတွေဟာလည်း အခြေအနေကို အထောက်အကူ
မပြုတာတော့ သေချာပါတယ် ။

   အသေးစိတ်မပြောချင်ပေမယ့် ကိုထူးထူးဟန် ပြောထားတာတွေထဲမှာ ဟန်ချက်မညီတာတွေတော့
ရှိပါတယ် ။ ဒါပေမယ့် အချိန်မတန်သေးလို့ သူ့ဖက်က မပြောချင်သေးတာတွေလည်း ရှိနိုင်တာမို့ ညှာ
တာပြီးစဉ်းစားပေးဖို့လည်း လိုကောင်းလိုပါလိမ့်မယ် ။ နောက်ပြီး သူ့စကားတွေအရလည်း သူ “ဆင်”
ထားတဲ့ အနေအထားတွေရှိနိုင်ပါတယ် ၊ အဆုံးသတ် သို့မဟုတ် အချိန်အတိုင်းအတာတစ်ခုတော့
စောင့်ကြည့်သင့်ပါတယ် ။

   အကျဉ်းရုံးရရင်တော့ဗျာ ၊ ခုထိ ဘယ်လိုမှ ဘာမှမှန်းဆလို့မရသေးပေမယ့် ကိုထူးထူးဟန်ရဲ့ ရိုက်
ချက်ကတော့ အတော်ပြင်းတာအမှန်ပဲ ။ စုံစမ်းတာလည်း စုံစမ်းကြ ၊ ဝေဖန်တာလည်း ဝေဖန်ကြပေါ့
ဗျာ ။ ဒါပေမယ့် ဆန့်ကျင်မှာလား ထောက်ခံမှာလားလို့ မေးလာရင်တော့ ၊ ထောက်ခံအားပေးပါတယ်
လို့ ပြောလိုက်ပါရစေ ။ မြန်မာပြည်ရဲ့ အနေအထားကို တောင်အာဖရိကနိုင်ငံမှာလို အေးအေးချမ်းချမ်း
ပြေပြေလည်လည်နဲ့ ဘယ်သူမှမထိခိုက်ပဲ ဖြေရှင်းပြီးဆုံးသွားချင်စေတဲ့ စိတ်စေတနာရှိပါတယ် ။ ဒါ
ကြောင့်မို့ စစ်ခေါင်းဆောင်တွေကို ခုံရုံးတင်ဖို့ အားမပေးချင်ပေမယ့် ၊ အသည်းနှလုံးထဲက ဒဏ်ရာတွေ
ပျောက်ကင်းဖို့ ဘယ်တော့မှမဖြစ်နိုင်တော့သူတွေအတွက် ကိုထူးထူးဟန်ရဲ့ လုပ်ကိုင်ချက်ကိုတော့ အ
ပြစ်တင် တားဆီးချင်စရာ မရှိပါလို့သာ ... ။



မန်းကိုကို
၂၂ ၊ ၀၇ ၊ ၂၀၁၁

No comments:

Post a Comment