စာရိုက်ဖို့ Microsoft word file တစ်ဖိုင် ဖွင့်လိုက်တယ် ။
စိတ်ထဲမှာ ပေါ်လာတဲ့အထဲက စာပိုဒ် ၃-၄-၅ ပိုဒ် ရိုက်ထုတ်လိုက်တယ် ။
ခဏထိုင်ပြီး ပြန်ကြည့်လိုက်တော့ ။
အင်း ... ဒါတွေဟာ ငါ့အကြောင်းတွေပဲ ၊
ငါ့အကြောင်းနဲ့ ငါ့အတွေးတွေ ရေးနေလို့ကတော့
ဘယ်သူတွေက စိတ်ဝင်စားမှာ ၊ အကျိုးရှိမှာမို့လဲ ။
--------------
မကြာခင်ကမှ ကျော်ဖြတ်ခဲ့ရတဲ့
မဖြစ်ညစ်ကျယ် ကျောင်းစာတွေကြောင့်
ဦးနှောက်ထဲမှာ ရှင်းနေတယ် ။
စာစုတွေ ရေးချနေပေမယ့် အာရုံက ပျံ့လွင့်နေတယ် ။
စာတွေက တောင်စဉ်ရေမရ ဖြစ်နေသလိုပဲ ။
ဒီထက်ဆိုးတာက
အဓိပ္ပါယ်မရှိတာတွေကို ချရေးနေရသလို စိတ်ထဲထင်မိတယ် ။
စိတ်သွားရာ “ကိုယ်” ပါလေ့ရှိပါတယ် ။
စိတ်က ဘယ်မှ မသွားနိုင်တော့ ၊ “ကိုယ်” လဲ ......
--------------
အစအန ရှာတဲ့အနေနဲ့ စာတွေ လိုက်ဖတ်ကြည့်တယ် ။
လွဲချော်နေတဲ့ အမြင်တွေကို သတိထားမိတယ် ။
ဖြည့်ဆည်းမှုလေးတွေ လိုအပ်နေသေးတဲ့ အတွေးရိုင်းလေးတွေကို မြင်မိတယ် ။
လစ်ဟာနေတဲ့ စကားလုံးလေးတွေနဲ့ ညှိနှိုင်းမှုရှိသင့်တယ်လို့ ထင်တဲ့
အပြောအဆိုတွေကလည်း အများကြီး စီးဆင်းနေပြန်တယ် ။
အေးမြတဲ့ စီးဆင်းမှုနဲ့ လားရာလမ်းကြောင်းကို ရှာဖွေနေတဲ့ ၊
အရောင်ကင်းတဲ့ စမ်းရေစီးကြောင်းဟာလဲ ၊
ဆန္ဒနဲ့ဦးတည်ချက်လွဲပြီး နောက်ကျိသွားပြန်တယ် ။
-------------
ကိုယ်ကော ပြည့်စုံနေပြီလား ၊ ဘာတွေလိုနေသလဲ ။
လျှောက်လှမ်းဖို့ ရွေးချယ်ထားတာတွေကကော ဦးတည်ရာကောင်းရဲ့လား ။
လုပ်ကိုင်နေတာတွေဟာ အကျိုးရှိလာမှာလား ။
အရင်က မရှိခဲ့တဲ့ ဘဝအာမခံချက်ဟာ လက်တစ်ကမ်းကို ရောက်လာပြီလား ။
မဟုတ်ရင်လည်း ၊ အမှောင်ထဲမှာ စမ်းတဝါးဝါး လျှောက်နေမိဆဲလား ။
--------------
စိတ်မကောင်းဖြစ်မိတာပဲလား ။
မကျေမချမ်း ဖြစ်မိတာပဲလား ။
အားမလိုအားမရ ဖြစ်နေတာလား ။
အားတင်းစုစည်းရုန်းကန်နေမိတာလား ။
ဇဝေဇဝါ ။
တာဝန်ယူသင့်တယ်လို့ ယူဆသူတွေကို ၊ အပြစ်တင်ရကောင်းမလား ။
မည်းမည်းမြင်ရင် ထရမ်းချင်သူတွေကို လေပြေနဲ့ ရင်ဆိုင်ထောက်ပြနေရဦးမှာလား ။
ကိုယ့်လမ်းမှမမြင်ပဲ လျှောက်လှမ်းနေသူတွေကို အားမလိုအားမရ ဒေါသထွက်နေရမလား ။
အကြောင်းကြောင်းကြောင့် အကျိုးအနေနဲ့ ၊
ကိုယ့်ရဲ့ အနှစ် ၂၀ ကင်းလွတ်ခဲ့တဲ့
ပညာရေးနဲ့ ဘဝတည်ဆောက်မှု အခွင့်အရေးတွေအတွက်
တရားခံရှာ အပြစ်တွေ လိုက်တင်နေရရင် ကောင်းမလား ။
မဟုတ်ရင်လည်း
ဖြစ်နေတာတွေထဲကပဲ ကိုယ့်ဆန္ဒနဲ့ မကိုက်ညီတာတွေ ၊
သဘောချင်း မတိုက်ဆိုင်သူတွေကို ရှာဖွေထုတ်နှုတ်ပြီး
တဖျစ်တောက်တောက်လုပ်ရင်းနဲ့
အခက်ခဲတွေကို ယာယီ အာရုံလွဲ မေ့နေရုံလမ်းမျိုး
ရွေးရလေမလား ။
-------------
စိတ်ထဲမှာ ဒွိဟ ဖြစ်နေတယ် ။
ဝိရောဓိတွေ ရှိနေတယ် ။
ပြတ်သားမှုတွေ လိုအပ်နေတယ်လို့ ထင်မိတဲ့အခါလည်း ရှိတယ် ။
ဒါပေမယ့်
ပြတ်သားမှုအပါအဝင် ဘယ်အရာတွေက
တကယ်လိုအပ်နေတဲ့အရာတွေလဲ ။
ကျနော် လမ်းစပျောက်နေတာလား ။
-------------
တစ်ဖက်အခြမ်းကို မျှော်ကြည့်ပြန်တော့ ...
လူအချို့ လဲနေကြတယ် ၊
လူအချို့ အသက်လု ပြေးလွားနေကြတယ် ၊
ဆာလောင်မွတ်သိပ်နေသူတွေကလည်း အများကြီး ၊
မျက်ရည်တွေစီးပြီး ၊ အမုန်းနဲ့ အာဃာတတွေဟာလည်း
အောက်စီဂျင်အပြည့်ရတဲ့ မီးလိုဖြစ်နေတယ် ။
အတော်များများသော လူတွေမှာလဲ
ဘဝကိုယ်စီရဲ့ ရှိသင့်တဲ့ အခွင့်အလမ်းနဲ့ လမ်းစတွေ
ကွယ်ပျောက်နေကြတယ် ။
အားနည်းချို့တဲ့သူတွေကို ဖေးမရမလား ။
လဲနေတဲ့သူတွေကို ဖေးမတွဲကူရမလား ။
လိုအပ်နေတာလေးတွေကို ဖြည့်ဆည်းပေးဆပ်သင့်သလား ။
ဒါနဲ့ ကိုယ့်မှာကော
အစွမ်းအစ အတိုင်းအတာ ဘယ်လောက်များ ရှိနေပြီလဲ ။
ဘယ်လိုပဲဖြစ်ဖြစ် တနိုင်တပိုင်တော့ ကြိုးစားသင့်တယ်လို့
ပိုင်းဖြတ်လုပ်ကိုင် ရှေ့တိုးသင့်သလား ။
မဟုတ်ရင်လည်း
သူတစ်ပါးကို မထိခိုက်ရင်တော်ပြီ ၊ ကိုယ့်လမ်းကိုယ်ရွေးပြီးလျှောက် ၊
ကိုယ်စိတ်ချမ်းသာရင်ပြီးတာဘဲလို့ သဘောထားရမလား ။
ကူညီချင်နေတယ် ဆိုတွေကကော
ကိုယ့်စိတ်ချမ်းသာအောင် ကူညီချင်တာလား ။
ငရဲလို စတာတွေနဲ့ ကြောက်အောင် ခြောက်လှန့်ခံထားရတာကြောင့်
ဒီသံသရာက လွတ်မြောက်ချင်လို့လား ။
မဟုတ်ရင်လည်း
အပြစ်တင်မခံချင်လို့ ကိုယ့်အားနည်းချက်တွေကို ဖုံးဖိနေမိတာလား ။
ကိုယ့်မာနတံခွန် တလူလူထူနိုင်အောင် တည်ဆောက်နေတာလား ။
အဆုံးအစမရှိတဲ့ အသိ ၊ အမြင် ၊ အတွေးတွေနဲ့
ဝင်လာတဲ့ အချက်အလက်တွေဟာ
နောက်ဆုံးတော့
အသိနဲ့ ခံစားချက်တွေမဲ့တဲ့
ဟာလာဟင်းလင်းပြင်ကြီးတစ်ခုဆီကို
ဦးတည်တွန်းပို့နေသလိုပါပဲ ။
မောင်ရေခဲ တဖြစ်လဲ မန်းကိုကို ၊ ဘယ်သွားမလဲ ။
သိပ်တော့ မသေချာဘူး ။
ခင်ဗျားကော .... ဘယ်လဲ ..... ။
** ဒါဟာ ပို့စ်တစ်ပုဒ် မဟုတ်ပါဘူး ၊
စိတ်ရဲ့ မှတ်တမ်းတစ်ခုသာပါ ။
လူတိုင်းမှာလည်း ရှိနိုင်ပါတယ် ။
ကိုယ်ပိုင်တာတွေကို ထာဝရ သိမ်းဆည်းထားလို့ရသလို ၊
ထုတ်ပြောလိုတယ် ဆိုရင်လည်း ၊
တံခါးတွေကို အမြဲတမ်းဖွင့်ထားပါတယ် ။
အမှန် အမှားရယ်လို့ မရှိပါဘူး ။
ခပ်တည်တည်နဲ့ အာလူးကျွေးနေတာလဲ များပြီ ၊ ဘာဆက်လုပ်ရင် ကောင်းမလဲ ...
ReplyDeleteသေချာတာတော့ အစဖေါ်ထားမိတဲ့ critical thinking ကို အဆုံးသတ်ဖို့ ကြိုးစားရမယ် ။ အမှတ်စဉ် “၃-၂” ရေးပြီးရင် အနည်းဆုံး fallacies တွေအကြောင်းတော့ ရေးဖို့စိတ်ကူးထားတယ် ။ အဲဒီစာတွေရေးရင်း ကိုယ့်ဘာသာ နည်းနည်းပြန်ကြည့်မိရင် လှုပ်ရှားလုပ်ကိုင်ရတာ ၊ ကြပ်တော့အကြပ်လာသား :-)
မကြာမတင်မှာ international trade (cert 4) နဲ့ politics မိတ်ဆက်ပို့စ်တွေ ရေးမယ်လို့တော့ စိတ်ကူးနေပါတယ် ။ တတ်ကျွမ်းနားလည်သူ မဟုတ်ပဲ ၊ နားလည်အောင် ကြိုးစားဖတ်ပြီးမှ ဘာသာပြန် အစီအစဉ်ချရတာမို့ အင်မတန်တော့ အနှေးသားပါပဲ ။
စိတ်ဝင်စားတာတွေရှိလို့ အချွန်နဲ့ တွန်းလိုသူများရှိရင်လည်း တွန်းကြည့်ကြပါ ၊ တိုက်ဆိုင် စိတ်ဝင်စားလို့ ရှာဖွေရေးသားတာတွေလည်း ရှိလာနိုင်ပါတယ် ။ လတ်တလော စိတ်ဝင်စားလို့ ကျောင်းစာကြည့်တိုက်က ဌားပြီး ၊ မဖတ်ပဲ ဖက်ပြီးအိပ်ရုံလောက် လုပ်နေရတဲ့ စာအုပ်တွေလည်း ရှိတယ်ဗျာ ။ စွန့်ဦးတီထွင် လုပ်ငန်းအကြောင်း (intrepreneurship) ၊ philosophy, grant writting, business networking (စီးပွားရေးကွန်ယက်) စသည်ဖြင့်ပေါ့ ။
ဒါတွေက စဉ်းစားထားတဲ့ ရည်ရွယ်ချက်တစ်ခုနဲ့လည်း သက်ဆိုင်နေလို့ပါ ။
ဥပမာ ငွေကြေးမတည်ပေးတဲ့ အထောက်အပံ့အချို့နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်အကူအညီတွေ လိုက်ပေးရင်း ၊ သီးခြားရပ်တည်နိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်လာကောင်း ဖြစ်လာနိုင်ဖို့ ဆိုတာမျိုးပါ ။
လုပ်ချင်တာတွေကို အကောင်အထည်ဖေါ်ရင်း နောက် ၂-၃ နှစ်လောက်ဆိုရင်တော့ အင်တာနက်ထဲလောက် ဆုံဖူးသူတွေအချို့နဲ့လည်း ကိုယ်တိုင်ကိုယ်ကျ ဆုံလာရနိုင်ပါတယ် ။ မျက်နှာချင်းဆိုင်ပြီး ဆွေးနွေးဖလှယ်ဖို့ အခွင့်အရေးတွေလည်း ရှိလာနိုင်ပါတယ် ။ ကျနော်ကတော့ ခုနာမည်ရယ် ၊ နာမည်အရင်းရယ် နှစ်ခုလုံးနဲ့ အလင်းထဲကပဲ ရပ်တည်လှုပ်ရှားသွားမှာပါ ။ ဘယ်သူမဆို အပြန်အလှန် ဆက်ဆံမှုကို ရွေးချယ်နိုင်ကြသလို ၊ မသိသလိုလုပ်ပြီး ရှောင်နေကြဖို့လည်း အခွင့်အရေးရှိကြမှာပါ :-)
သတိထားဖို့ လိုမှာကတော့ ၊ အထင်နဲ့အမြင် လွဲတတ်ပါတယ် ။
အချိန်ယူပြီး အမှားပြင်ရေးထားတဲ့စာတွေလို အပြင်မှာ ကျနော် ပြောနိုင်ချင်မှ ပြောနိုင်ပါလိမ့်မယ် ။ စိတ်ဆန္ဒရှိတာတွေကို ပြောထုတ်ထားတဲ့အတိုင်း ၊ သူတော်စင်ကြီး တစ်ယောက်အဖြစ် စောင့်ထိန်းနေထိုင် နိုင်သူတစ်ယောက် ၊ ဖြစ်နိုင်ချင်မှလည်း ဖြစ်နိုင်ပါလိမ့်မယ် ။ ကြိုတင်ပြင်ဆင်(လျှော့တွက်ထား)ရင် စိတ်ပျက်အားလျော့တာတွေ နည်းပါလိမ့်မယ် ။
စိတ်ဆန္ဒတွေ ပြည့်နိုင်ကြပါစေ ။
လမ်းလျှောက်ရင်း လမ်းပျောက်နေသူပါ... မောင်ရေခဲ မဟုတ်တဲ့ ကိုယ်လည်း စမ်းတ၀ါးဝါး လျှောက်နေဆဲပါပဲ။
ReplyDeleteကျွန်တော်အနေနဲ့ကတော့ လူတဦးတယောက်ဟာ သူ့ဘ၀မှာများပြားစွာတွေးခေါ်ပြီးမှသာလျင် လမ်းခွဲလို့ခေါ်တဲ့ ဒီနေရာကိုဆိုက်ရောက်လာရခြင်းဖြစ်တယ်လို့ ခံယူပါတယ်။ ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး - Self-Help စာအုပ်တွေများများဖတ်ပြီးလိုက်လုပ်ရင် စမ်းဝါးနေတဲ့လမ်းတွေ ရှင်းလာမယ်လို့ယုံကြည်ပါတယ်။ ဒါကတော့ ရိုးရိုး ရှင်းရှင်းကလေးပါ။
ReplyDeleteခဏထိုင်စဉ်းစားလိုက်တော့ အချက်တချို့ထွက်လာတယ် ။
ReplyDelete- ကျောင်းစာတွေအပေါ် အာရုံစိုက်တာများသွားရာက ၊ အားလုံး ကိစ္စတွေပြီးလို့ စိတ်လျှော့လိုက်ချိန် ၊ အတွေးဗလာ ခဏဖြစ်သွားတဲ့ အချိန်မှာ အာရုံစူးစိုက်ဖို့လိုတဲ့ စာရေးဖို့အလုပ်ကို လုပ်ဖို့ကြိုးစားမိတာကြောင့် ကမောက်ကမ ဖြစ်နေခဲ့တာ တစ်ချက် ဖြစ်နိုင်ပါတယ် ။
- ဘဝလုံခြုံမှု အသင့်အတင့် ရှိလာပေမယ့် ၊ ရှေ့မှာ ရင်ဆိုင်ရမှာတွေအတွက် ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းပါးနေသေးတဲ့ သူတစ်ယောက်ရဲ့ ပွင့်အံလာမှုတစ်ခုလို့လည်း ပြောလို့ရမယ်ထင်တယ် ။
- ကိုယ်ရည်ကိုယ်သွေး တိုးတက်ရေး - Self-Help စာတွေဖတ်ရင် အကျိုးရှိမှန်း သိပေမယ့် ၊ လက်ရှိဘဝကို ရောင့်ရဲ့တဲ့စိတ် ၊ ပျင်းရိတဲ့စိတ် ၊ (critical thinking ထဲကလိုပဲ) အပြောင်းအလဲကို ကြောက်တတ်တဲ့ စိတ်တွေက အနှောင့်အယှက် ပေးနေတယ်လို့ နားလည်မိတယ် ။
Have a look at this video about change:
ReplyDeleteNote: Very interesting!
http://www.youtube.com/watch?v=RpiDWeRN4UA
Note 2: This guy wrote a book too. Check it out!
Note 3: You need to watch 4 - 5 videos of him on the subject about CHANGE to understand how we can get hold of CHANGE from its root. Cheers...
Thanks, I'll look into it soon.
ReplyDelete