အေးချမ်းမှုကို ကျနော် ခုံမင်ပါသည် ။
သို့ကြောင့် လမ်းသွားလျှင်ပင် ဖြတ်လမ်းနှင့် လမ်းကြားကလေးများသည် ကျနော့်လက်စွဲအဖြစ်
အသုံးခံကြရသည်။ လမ်းခရီးတိုင်းသည် ဆူးခလုတ်ဟူ၍ မရှိ ။ ဘဝရေပြင်သည် ထာဝရတည်ငြိမ်
----------------------------------------------
လမ်းကြားကလေးထဲသို့ ကျနော် ချိုးဝင်လိုက်သည် ။
လမ်းကလေးထဲ သုံးလေးလှမ်းမျှ လှမ်းဝင်မိသည်နှင့် အလုပ်လုပ်နေသော မျက်လုံးအစုံက အရေး
ပေါ်သတင်းတစ်ခု ပေးပို့လာသည် ။ ရင်ထဲသို့ ဒိန်းဒလိန်းနတ်သည် မပြောမဆို ဝင်ရောက်လာပြီး
စည်းချက်မကျတကျ ၊ ဆူညံစွာ တီးခတ်လေတော့သည် ။
--------------------------------------------
လမ်းကလေး၏ ထက်ဝက်မကျတကျတွင် ဧရာမကြွက်ကြီး လေးကောင်သည် ၊ လမ်းဘေးနားတွင်
စုရုံးနေကြလေသည် ။ နောက်ဆုတ်ပြေးလျှင် အမဲဖျက်ခံရသလို ဒုက္ခလှလှတွေ့ပေတော့မည် ။
စိတ်အာရုံကို စုစည်းကာ ၊ ခြေလှမ်းမှန်နိုင်သမျှမှန်အောင်ထိန်းရင်း ၊ ကြွက်ကြီးများနှင့် သင့်တော်
လောက်မည့် အကွာအဝေးကို ခြားနားထားရှိ၍ လှမ်းလျှောက်လာမိသည် ။
အနားမှဖြတ်သွားရင်း ညာသံပေး၍ ကိုက်ဖြတ်ခံရမည့်အရေးကို မျှော်လင့်ထားသော်လည်း ၊ မိမိ
ဘက်သို့ တုတ်တုတ်မျှမလှည့်ကြ ။ အသင့်အတင့်သက်သာသောစိတ်ဖြင့် ငဲ့၍ကြည့်မိသည် ။
မဲလုံးလုံး သားကောင်တစ်ကောင်သည်ကား ကြွက်လေးကောင်၏လက်မှ လွတ်လမ်းမမြင်ပဲ ၊ အလူး
အလိမ့်ဖြင့် ဝိုင်းဝန်းကိုက်ဖြတ်ခြင်းကို ခံနေရသည် ။
ကံကြမ္မာသည်ကား ကျနော့်ဖက်မှာ ရှိနေဆဲ ။
-------------------------------------------
နိုင်ငံရပ်ခြားမှာ တရားမဝင် နေထိုင်လုပ်ကိုင်သူတစ်ယောက်အနေနဲ့ မလေးရှားမှာ ပထမဆုံးအကြိမ်
ရဲတွေ နဲ့ကြုံတွေ့ခဲ့ရတာကလေးကို ပုံဖေါ်ကြည့်တာပါ ။
၁၉၉၁-၂ ဝန်းကျင်လောက်မှာဖြစ်ပြီး ကွာလာလန်ပူမြို့လည်ပိုင်း Pertama shopping complex
မျက်စောင်းထိုးလောက်မှာရှိတဲ့ ၊ ရဲစခန်းဘေး လမ်းကြားလေးထဲက အတွေ့အကြုံလေးပါ ။ ရဲစခန်း
ရှိမှန်း သတိမထားမိပဲ လမ်းကြားထဲဝင်ခဲ့မိရာက ဘင်္ဂလားဒေ့ရှ်တစ်ယောက်ကို ရစ်နေတဲ့ ရဲလေး
ယောက်နဲ့ကြုံခဲ့ရာမှာ ၊ တရုတ်နဲ့ဆင်တဲ့ ကျနော့်အတွက် ကံကြမ္မာ မျက်နှာသာရခဲ့တယ်လို့ ဆိုရပါ
မယ် ။ အဲဒီနေရာဟာ လက်ရှိ Sogo ကုန်တိုက်ရဲ့ အရှေ့တစ်လမ်းခြားမှာဖြစ်ပြီး ၊ Sogo ကုန်တိုက်
ကတော့ မရှိသေးပါဘူး ။
--------------------------------------------
၁၉၉၃ သင်္ကြန်ကာလမှာပါ ။
အဖေါ်ကောင်းတာနဲ့ ကွာလာလန်ပူမြို့ သံတမန်တွေစုဝေးရာရပ်ကွက်ထဲက Jalan U Thant
(ယူသန့်လမ်း / ဦးသန့်လမ်း) ဖက်ကို မိတ်ဆွေ ၃ ယောက်နဲ့အတူ တက္ကစီဌားပြီး Cheras လမ်းမ
ကြီးအတိုင်း ထွက်လာခဲ့ပါတယ် ။ အဲဒီတုန်းက ကနေ့ highway ကြီးလည်း မရှိသေးပါဘူး ။
မြို့ထဲဝင်စမှာပဲ ရဲကားတစ်စီးလိုက်လာပြီး ၊ တားပါလေတော့တယ် ။
အတိုချုပ်ရရင်တော့ ၊ မလေးစကား အပြောနိုင်ဆုံးကျနော်က ညှိနှိုင်းပေးရပြီး ၊ ရင်းဂစ်ငွေ ၄၀ ကျော်
ကျော်နဲ့ ဈေးတည့်သွားခဲ့ပါတယ် ။ ငွေတွေစုပြီး ရဲလက်ထဲကို ကမ်းပေးလိုက်တဲ့အချိန်မှာ ၊ အဲဒီရဲက
“ဟေ့ ဟေ့ ဘယ်လိုလုပ်တာလဲ” ဆိုပြီး ငွေကိုင်ထားတဲ့ ကျနော့်လက်ကို သူ့ဦးထုပ်နဲ့ လှမ်းအုပ်လိုက်
ပါတယ် ။ ကြည့်လိုက်တော့မှ ၊ ဘယ်ဟုတ်မတုန်း ၊ ဘေးနားက ကားတစ်စီးဖြတ်သွားတာနဲ့ကြုံလို့ ၊
သူလာဟ်ယူတာ သူများမြင်သွားမှာစိုးပြီး ပြူးပြူးပြာပြာ ဖြစ်သွားတာကိုး ။
ဒီလိုနဲ့ ခရီးဆက်ခဲ့ပြီး ၊ မြန်မာသုံရုံးဝင်းထဲမှာ ပြည်ပသင်္ကြန်ကို ပထမဆုံးအကြိမ် ကြုံခွင့်ရခဲ့ပါတယ် ။
ဒါပေမယ့် အတူပါလာသူတစ်ယောက်ကတော့ မင်းက တော်တော်ကြောက်တတ်တယ်လို့ အပြစ်ဆို
ပါတယ် ။ ခက်တာက သူကိုယ်တိုင်လည်း ဆက်သွယ်ပြောဆိုမတတ် ၊ ကျနော်တို့အားလုံးဟာလည်း
အဲဒီတုန်းက စလုပ်နေတဲ့ တရားမဝင်အလုပ်သမား မှတ်ပုံတင်စာရင်း လုပ်ထားပြီးပေမယ့် ဘာအခွင့်
အရေးရှိမှန်း မသဲကွဲသေးတဲ့အချိန်မှာပဲ ရှိနေပါသေးတယ် ။ ဇာတ်လမ်းရှည်ရင် နှပ်ချေးပါ ထွက်နိုင်
ချေရှိတာကြောင့် ၊ တိုတိုနဲ့ဖြတ်ခဲ့တာက ပိုကောင်းတယ်လို့ ကျန်တဲ့သူအားလုံးက ယူဆနေခဲ့တာပါ ။
ဒီအဖြစ်အပျက်မှာ သင်္ခန်းစာတစ်ခု ရခဲ့ပါတယ် ။ အဲဒါကတော့ ၊ တစ်ယောက်ထဲသွားလာလှုပ်ရှားရင်
ဘေးပိုကင်းတယ်ဆိုတာပါ ။
ကျနော်တို့တတွေလည်း ဖြစ်ပြီးမှ ပြန်ကြည့်လိုက်တော့ ၊ သွားတဲ့ ၄ ယောက်ထဲမှာ တစ်ယောက်က
မွတ်ဆလင်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ် ပုံပေါက်ပါတယ် ။ နောက်တစ်ယောက်က မလေးလူမျိုးလိုလို ၊
နောက်ထပ် တစ်ယောက်က အင်ဒိုနီးရှားလိုလိုနဲ့ ကျနော်ကတော့ တရုတ်မျက်နှာနဲ့ဆိုတော့ ၊ ရဲ
လိုက်မယ်ဆိုလည်း လိုက်ချင်စရာပါပဲ ။
-------------------------------------------------
၁၉၉၃ နှစ်လယ်ကျော်ခဲ့ပါပြီ ။
အလုပ်မှာ အဆင်ပြေပေမယ့် တရားမဝင်အလုပ်သမားဘဝကနေတော့ တရားဝင်ဖြစ်လာဘို့ လည်
ပင်းညောင်ရေအိုးဖြစ်လောက်အောင် စောင့်နေကြရဆဲပါ ။ တရားမဝင်သူတွေကို လိုက်လံဖမ်းဆီးနေ
တဲ့ စစ်ဆင်ရေး (operasi) တွေကလည်း ခြိမ့်ခြိမ့်မသဲရင်တောင် မှိုပေါက်သလို ဟိုနားသတင်းကြား
ဒီနားသတင်းထွက်နဲ့ အချိန်မျိုးပါ ။
မကြာခင် ကျနော်တို့စက်ရုံဆီကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပါတော့တယ် ။
သတင်းကြိုရထားပေမယ့် ခြေချော်လက်ချော်တွေများပြီး အယောက် ၂၀ လောက် မိသွားပါတယ် ။
စဖြစ်တာနဲ့ ကျနော်က စက်ရုံနောက်မှာမို့လို့ နောက်ခြံစည်းရိုးကိုဖြဲပြီး အနောက်ဖက်က စက်ရုံဝင်း
ထဲကို ဆင်းပြေးရုံပါပဲ ။ ဒါပေမယ့် ဆင်ခြင်စဉ်းစားမှု နည်းပါးနေသေးတဲ့အချိန်လည်းဖြစ် ၊ အလုပ်ထဲ
က အဖေါ်တစ်ဦးဖြစ်သူ “ဆရာစံ” လို့ခေါ်ကြတဲ့ ကရင်တိုင်းရင်းသားတစ်ယောက်ကြောင့် ဆက်မပြေး
ဖြစ်ပဲ ၊ စက်ရုံခြံစည်းရိုးရဲ့တစ်ဖက် ၁၀ ပေကျော်လောက်နက်ပြီး ခြုံတွေဖြစ်နေတဲ့နေရာမှာ ထိုင်ပုန်း
နေမိခဲ့ကြပါတယ် ။
စာအရင်းချုပ်တော့ အဖမ်းခံလိုက်ရပါတော့တယ် (အသေးစိတ်ကိုတော့ နောင်မှရေးပါဦးမယ်) ။
သူဌေးက စာရွက်စာတန်းတွေနဲ့ လိုအပ်တဲ့ ငွေပမာဏကိုပေးပြီး ပြန်လွတ်လာနိုင်ခဲ့ကြပေမယ့်
သင်္ခန်းစာ တစ်ခုထပ်ရလိုက်ပါတယ် ။ ကိုယ်ပိုင်ဥာဏ်နဲ့ တွေးခေါ် တွက်ချက် ဆုံးဖြတ်လုပ်ကိုင်ဘို့
ပါ ။
----------------------------------------------------
အပေါ်က အတွေ့အကြုံ ၃ ခုကို ချုပ်ကြည့်ရင် -
(၁) ခရီးလမ်းကို ကြိုကြည့် ၊ ကြိုတင်တွေးပြီး တွက်ဆပြင်ဆင် ၊
(၂) သီးခြား သွားလာလှုပ်ရှား ၊
(၃) သူများကို အားမကိုးနဲ့ ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချပြီး ၊ လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ်
- ဆိုပြီး ထွက်လာပါတယ် ။ ဒါတွေဟာ ကျနော့်ကို နှစ်ပေါင်းများစွာ အန္တရယ်နည်းအောင် အထောက်
အကူတွေ ပေးခဲ့ပါတယ် ။
ဒါပေမယ့် ယုံကြည်မှုများပြီး တွက်ကိန်းမှားတဲ့အခါမျိုးမှလည်း ဒုက္ခရောက်နိုင်ပါသေးတယ် ။ ကံ ၊
ဥာဏ် ၊ ဝိရိယတွေရဲ့ အညမည ဖြစ်စဉ်နဲ့ ရှောင်လွဲလို့မရတဲ့ အကြောင်းအကျိုးတရားတွေလို့ပဲ ဆိုရ
မလား မပြောတတ်ပါ ။ ဒါကို ၂၀၀၁ ဝန်းကျင်လောက်မှာ ကြုံလာခဲ့ရပါတော့တယ် ။
-----------------------------------------------------
ရွာထိပ်က တရုတ်ဆိုင်မှာ ဈေးဝယ်ပြီးကာနီးမှာ ရဲနှစ်ယောက်ဟာ ဆိုင်ကယ်ကိုယ်စီနဲ့ ဆိုင်ရှေ့မှာ
လာရပ်လိုက်ပါတယ် ။ ဘာကိုမှကြည့်ပြီး ဝင်လာတာမဟုတ်ပဲ ၊ လာနေကျပုံစံနဲ့ တခါထဲတန်းဝင်လာ
တာ ဖြစ်ပါတယ် ။ work permit ရှိသူတစ်ယောက်ရဲ့ ပတ်စ်ပို့မိတ္တူကို ကိုင်ထားတဲ့ကျနော်ကတော့
သိပ်စိတ်မပူဖြစ်လိုက်ပါဘူး ။
ဈေးဝယ်ပြီးလို့ ဆိုင်ပြင်ထွက်လာပြီး ဆိုင်ကယ်ပေါ်တက်လိုက်တာနဲ့ ရဲနှစ်ယောက်ဟာ အနားရောက်
လာပြီး မှတ်ပုံတင်ဆိုပြီး စလာပါလေတော့တယ် ။ ဒါနဲ့ အသင့်ပါလာတဲ့ ပါမစ်မိတ္တူကိုထုတ်ပြလိုက်ပါ
တယ် ။ ဒါပေမယ့်မပြီးသေးပဲ မင်းနာမည်ဘယ်လိုခေါ်လဲလို့ မေးလိုက်ပြန်ပါတယ် ။
ကျနော်နာမည်ကိုပြောပြလိုက်တဲ့အခါ ရဲနှစ်ယောက်က မိတ္တူကိုကြည့်လိုက်ကြပါတယ် ၊ ပြီးတော့
မဲ့ပြုံးပြုံးပြီး “လာ လာ ၊ မင်းစခန်းကိုလိုက်ခဲ့” လို့ ဆိုပါတော့တယ် ။ တဆက်ထဲမှာ ကျနော်ပေးလိုက်
တဲ့ မိတ္တူကိုလည်း လှည့်ပြလိုက်ပါသေးတယ် ။ စိတ်ထဲမတော့ “ဟာ သွားပါပြီ” လို့ ရေရွတ်လိုက်မိ
ပါတယ် ။ ပါမစ်ရှိသူတွေရဲ့ မိတ္တူတွေကို အလဲအလှယ် နဲ့ကိုင်ရမိရာက လူရောကုန်ပြီး ၊ ပြောတဲ့နာ
မည်နဲ့ မိတ္တူထဲကနာမည် လွဲသွားခဲ့လို့ပါပဲ ။
ရဲနှစ်ယောက်မှာ တစ်ယောက်က မလေးလူမျိုးဖြစ်ပြီး ၊ နောက်တစ်ယောက်ကတော့ အိန္ဒိယနွယ်ဖွား
တစ်ယောက်ဖြစ်ပါတယ် ။ ပထမတော့ မလေးလူမျိုးကို ပြောဆိုရတာလွယ်မယ်ထင်ပြီး စကားပြော
ကြည့်တဲ့အခါ စားနေကျကြောင်ဖားတစ်ကောင်ဖြစ်နေတာ သိလိုက်ရလို့ ၊ မထူးဘူးဆိုပြီး လိုက်သွား
ခဲ့ရပါတော့တယ် ။
ဆိုင်ကယ်နဲ့ထွက်လာပြီး မကြာခင် လမ်းမကြီးပေါ်မှာ ခဏရပ်လိုက်ပါတယ် ။ ခွင်ချက်ဖို့ ကြိုးစားမှု
တစ်ခုလုပ်တာပါ ။
အင်ဒိုနီးရှားတွေပါတဲ့ ဗင်ကားတစ်စီးကိုတားပြီး အကြံအဖန်လုပ်ဖို့လုပ်ရာမှာ ၊ အားလုံး တရားဝင်
အလုပ်သမားတွေဖြစ်တာကြောင့် မအီမလယ်နဲ့ လွတ်ပေးလိုက်ပါတယ် ။ အဲဒီလိုစစ်နေတုန်းမှာ ကျ
နော့်ကို ဒီအတိုင်းချန်မထားပဲ ဆိုင်ကယ်နဲ့တွဲပြီး လက်ထိပ်ခတ်မယ်ဆိုပြီး လုပ်နေပါသေးတယ် ။
သွားသာသွားပါ ကျနော်အတူလိုက်ခဲ့ပါ့မယ် ၊ ထွက်မပြေးပါဘူးလို့ပြောတော့ ယုံကြည်သွားပုံရပြီး ၊
ဖြစ်နိုင်ချေရှိတဲ့ သူတို့ရဲ့ခွင်ဘက်ကို အာရုံလှည့်သွားပါတယ် ။ ကျနော်ကိုယ်တိုင်လည်း ရုပ်ပျက်ဆင်း
ပျက် ပြေးလွားရတာမကြိုက်လို့ ၊ ပြေးစရာအကြောင်း ဘယ်လိုမှမရှိပါဘူး ။
အဲဒီကပြီးတဲ့အခါ pondok polis လို့ခေါ်တဲ့ ၊ သူတို့ရဲ့ ကင်းစခန်းကို ခေါ်သွားပါတယ် ။ ကျနော့်ကို
ခေါ်ထားပြီး ၊ ပြန်ပေးဆွဲတဲ့ပုံစံမျိုးနဲ့ ရနိုင်သလောက် ငွေညှစ်တော့မယ်ဆိုတာ သေချာသွားပါပြီ ။
ကံကြမ္မာက မျက်နှာသာပေးလာပါတယ် ။ တာဝန်ကျနေတဲ့ ရဲတစ်ယောက်ကနေ ၊ အထဲမှာလူရှိ
တယ်လို့ပြောတာနဲ့ ခဏတုန့်သွားကြပါတယ် ။ ဘယ်သူလဲဆိုတော့ ၊ အင်ဒိုနီးရှားသူဌေးတစ်ယောက်
လို့ ဆိုပါတယ် ။ ဒါနဲ့ ကျနော့်ကိုခေါ်လာတဲ့ရဲနှစ်ယောက်လည်း အကြံအိုက်သွားပုံရပြီး အချင်းချင်း
အတိုင်အဖေါက်နဲ့ အချက်ပေးပြီး ထွက်လာကြပြန်ပါတယ် ။ မနီးမဝေးနေရာလောက်မှာရှိတဲ့ ၊ လူနည်း
တဲ့ ကုလားလ္ဘက်ရည်ဆိုင်တစ်ဆိုင်ကိုဝင်သွားပြီး လ္ဘက်ရည်မှာသောက်သလိုနဲ့ ညှိနှိုင်းမှုစတင်ရပါ
တော့တယ် ။
မလေးလူမျိုးရဲကနေ အားလုံးကို ဦးဆောင်လာခဲ့တာဖြစ်ပြီး ၊ သူကပဲ “ကဲ မင်းကိုငါတို့ ဟိုရှာဒီရှာ
မလုပ်ချင်တော့ဘူးကွာ ၊ မင်းဆိုင်ကယ်ဦးထုပ်ထဲ ပါသမျှပိုက်ဆံထည့်ပြီး ငါ့ဆီကမ်းပေးလိုက်”လို့
ပြောပါတယ် ။ ကျနော်လည်း ပါသမျှရင်းဂစ်ငွေ ၉၅ ကျပ်ကို ထည့်ပေးလိုက်ပါတယ် ။ တဆက်ထဲ
မှာလည်း မကြာခင်ကမှ ဒါးပြအတိုက်ခံထားရကြောင်းနဲ့ အခုလည်း သွားကိုက်နေလို့ ဆေးခန်းပြဖို့
ငွေထည့်လာတာပါလို့ ပြောပြလိုက်ပါတယ် ။
မမျှော်လင့်ပဲ အဲဒီရဲကနေ ကျနော့်ငွေတွေထဲက ၅၀ တန်တစ်ရွက်ကိုယူလိုက်ပြီး ၄၅ ရင်းဂစ်ကို
တော့ သွားဆေးခန်းပြဖို့ဆိုပြီး ပြန်ပေးပါတယ် ။ ဒါပေမယ့် မပြီးသေးပါ ။ ကျနော်ဌားပြီးဆောင်းလာ
ခဲ့တဲ့ ဆိုင်ကယ်ဦးထုပ်ကို ယူသွားမယ်ဆိုပြီး လုပ်ပါလေတော့တယ် ။ ကျနော်ပြန်ရင် ဆိုင်ကယ်လည်း
မပါတာမို့ ဦးထုပ်ကြီးနဲ့ဆို ယုတ္တမရှိလှတာမို့ ယူသွားမယ်ဆိုပြီး အကြောင်းပြပါတယ် ။ ၅၀ ဆုံးပြီးပြီမို့
၃၀ လောက် ပေးရတဲ့ ဦးထုပ်ကိုလည်း ပိုင်ရှင်ဆီပြန်လျော်မပေးချင်တော့ပါဘူး ။ ဒါနဲ့ တဆက်ထဲ
တွေးမိတဲ့အတိုင်းကို စကားတစ်ခွန်း နှစ်ခွန်း ပစ်သွင်းလိုက်ပါတယ် ။
“ဟုတ်ပါတယ် အကိုရယ် ၊ ပေးလိုက်တာတော့ဟုတ်ပါပြီ ၊ ဒီဦးထုပ်က အဟောင်းကြီးပါ ၊ ရှက်စရာ
ကြီးပါဗျာ” ။
ရဲနှစ်ယောက်ရဲ့မျက်နှာကို မှတ်မိပါသေးတယ် ၊ ရုပ်ရှင်တွေထဲက ငို၍မရ ပြုံး၍မရသောမျက်နှာပေး
တွေနဲ့ လူရွှင်တော်တွေလိုပါပဲ ။ ကျနော်မသိချင်ဟန်ဆောင်နေလိုက်ပါတယ် ။ ဒိနောက်မှာတော့ မလေး
ရဲကနေပြီး အီးမှန်တဲ့ မချိုမချဉ်မျက်နှာနဲ့ ဆိုင်ကယ်ဦးထုပ်ကို ပြန်ထိုးပေးရင်း နှစ်ယောက်သား ထွက်
သွားကြပါတော့တယ် ။
ကျနော်ကတော့ “သွား” ဆေးခန်းဆီဦးတည်တဲ့ အပြန်ခရီးလမ်းကို စလျှောက်လှမ်းလာခဲ့ပါတော့တယ် ။
မန်းကိုကို
၁၈ ၊ ၀၇ ၊ ၂၀၁
တစ်ခန်းရပ်ပြဇာတ်တွေ ကြည့်နေရသလိုပါဘဲလား ဆရာ မိုကန်းကန်းရယ်။ စိတ်ဝင်စားဖို့ ကောင်းလိုက်ပါဘိ။
ReplyDeleteခင်မင်လျက်
ဒီလိုပါပဲ သူကြီးရယ် ၊
ReplyDeleteကြုံဖူးတာတွေကို အသက်ကြီးမှ စုရေးလေတော့ ၊ နည်းနည်းတော့ အများသား ။
အသေးစိတ်မရေးခြင်းက လူတွေအိပ်ငိုက်မှာစိုးလို့ပါဗျာ ။
:-)
ရုပ်ခံနဲ့ လဲ ဆိုင်မယ်ထင်တယ် ပဒို :) ကျနော့် ညဥ့်နက် သန်းခေါင် အရက်နံ့ တထောင်းထောင်း နဲ့ ပြန်လာ တာ တောင် လမ်းက ဘလောက်ချက် (block check) က ကားမှန်တောင် မဖွင့် ခိုင်းပဲ လွှတ်ပေးတာ အကြိမ်ကြိမ်ကြုံ ရဘူးတယ်။
ReplyDeleteအင်း ဘယ်လိုပြောရမှန်းကို မသိတော့ပါဘူး။
ReplyDelete@ An Asian Tour Operator
ReplyDeleteမနက်မနက် မှန်ထဲကြည့်တဲ့အခါ ကမ္ဘာပေါ်မှာ အခန့်ညားဆုံးလူကို မတွေ့မိဖူးလား Datuk ရယ် :-)
ကျနော်ကတော့ အလွယ်တကူ ကံကြမ္မာ မျက်နှာသာပေးတယ်လို့ပဲ သုံးချင်ပါတယ် ။ ထိုင်းနိုင်ငံမှာ နောက်ဆုံးကြုံခဲ့ရသလိုပေါ့ ၊ ညကြီးသန်းခေါင် တက္ကစီနဲ့ပြန်လာကာမှ ရဲ ၁၀ ယောက်လောက်က လမ်းတစ်ခြမ်းလုံးကို ပိတ်ပြီးစစ်တာနဲ့ သွားကြုံတယ် ။ ချေးထုပ် တက္ကစီသမားက အဲဒီချက်ပွိုင့်ရောက်ကာနီးမှ ဘာမပြော ညာမပြောနဲ့ မလှမ်းမကမ်းမှာ ထိုးရပ်လိုက်တယ် ။ ပြီးတော့ ဝူးကနဲထိုးထွက်ပြန်တယ် ။
အဲဒီနေ့က ဘာစာရွက်စာတမ်းမှလည်းမပါ ၊ ဒီတစ်ခါတော့ သောက်ကျိုးနည်းပြီထင်တာ ။ ရဲတွေက တစ်ချက်ပဲကြည့်ပြီး သွား သွား ဆိုလို့ ၊ ရင်ထဲပေါ့သွားလိုက်တာများ ဒေါ်လာတစ်ရာနဲ့ မလဲနိုင်ဘူး :-)
@ စော(အဝါရောင်မြေ)
လူတစ်ယောက်နဲ့တစ်ယောက် တွေ့ကြုံရတာချင်း မတူကြသလို ၊ စိတ်ရင်းခံနဲ့ စိတ်ထားကြတာတွေလည်း မတူနိုင်ကြပါဘူး ။ အံသြသူတွေရှိသလို ၊ ဒါလေးများဆိုပြီး အရေးမလုပ်ချင်သူတွေလည်း ရှိနိုင်တာပါပဲ ။
မေးချင်တာ ၊ သိချင်တာ ၊ ပြောချင်တာရှိရင် ပြောချလိုက်လို့ရပါတယ် ။ ဒီဘလော့မှာ ခွဲခြားခွဲခြား လုပ်ချင်သူတွေကလွဲပြီး ဘယ်သူ့ကိုမှ မခွဲခြားပါဘူး ။ ပြည်တွင်းနေနေ ၊ ပြည်ပနေနေ ၊ ကျား မ ကြီး ငယ် ၊ ပညာမရှိ ဒေါက်တာဘွဲ့ရ အားလုံးဆီမှာ အခွင့်အရေးကိုယ်စီရှိတာ အသိအမှတ် ပြုပြီးသားပါ ။
[အာရုံနောက်လို့ သတိပျောက်နေတဲ့ အခါမျိုးကလွဲရင်ပေါ့လေ :-) ]
အတွေ့အကြုံတွေ စုံလှပါလား ဆရာမန်းရေ။
ReplyDelete