ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, June 4, 2011

သွားရာ ၊ လားရာ ၊ လေနှင်ရာ ၊ ရောက်ရှိရာ


    အချို့က ဒီကနေ့ ကမ္ဘာပေါ်မှာ လူတွေဟာ ယဉ်ကျေးမှုထုံးတမ်းတွေကို စွန့်ပယ်ပြီး ရုပ်ဝတ္ထုတွေကို
ရှေ့တန်းတင်လာကြတယ်လို့ ယုံကြည်ကြပါတယ် ။ တနည်းအားဖြင့် လူမှုရေးနဲ့ ထုံးတမ်းဓလေ့တွေမှာ
ယိုယွင်းပျက်စီးတဲ့ဘက်ကို ဦးတည်လာတယ်လို့ ဆိုချင်တာပါ ။ မှန်တယ်လို့ ထောက်ခံမှု ပေးတဲ့ ကိစ္စ
ရပ်တွေ အများကြီးရှိသလို ၊ သမိုင်း ၊ အတိတ်အရိပ်နဲ့ လူသားတွေထားရှိ ခဲ့ကြတဲ့ ယဉ် ကျေးမှုဓလေ့
နဲ့ လူ့တန်ဖိုးတွေ ရှိနေ ကျန်နေတုန်းပဲဆိုတာကို ထင်ဟပ်တဲ့အဖြစ်တွေကိုလည်း မြင်နေရပြန်ပါတယ် ။

     လောကကြီးမှာ ကောင်းတာနဲ့ မကောင်းတဲ့အင်အားစုကြား ၊ ခေတ်သစ်နဲ့ ရှေးရိုးစွဲတန်ဖိုးတွေရဲ့
အားပြိုင်မှုတွေကြားမှာ ၊ မကောင်းတဲ့အင်အားစုတွေလွမ်းမိုးပြီး ခေတ်ကြီးဟာလည်း ခြေရာဟောင်း
တွေ မကျန်လောက်အောင်ပဲ ပြောင်းလဲခဲ့ပြီလား ။

     မနှစ်က သတင်းအင်တာဗျူးတစ်ခုမှာ နားထောင်ကြည့်ပါတယ် ။
     အများသိတဲ့ Lady Gaga ကို သတင်းထောက်ကမေးထားတာပါ ။
     “ယောင်္ကျားတွေဆီက ဘာကိုမျှော်လင့်သလဲ” တဲ့ ။
     သူပြန်ဖြေတာကို ကြားလိုက်ရတဲ့ ကျနော့်မှာ တစ်တီတူးလို ခြေနှစ်ချောင်းထောင်သွားလောက်
အောင် ပက်လက်လန်သွားရမလို ဖြစ်သွားခဲ့ပါတယ် ။ မွေးရာပါဖြစ်ပေမယ့် ၊ တစ်တစ်ခွခွပြောရင်
တော့ ယဉ်ကျေးမှုရှိတဲ့ လူသားတွေအတွက် မသင့်တော်ဘူးယူဆလို့ အတိအကျ မပြောတော့ပါဘူး ၊
အချို့လည်း နားထောင်ဖူးလို့ သိပြီးဖြစ်ကြမှာပါ ။ ဘယ်လိုပဲဖြစ်ဖြစ် “လူမှုရေး သို့မဟုတ် ယဉ်ကျေး
မှု ပျက်စီးယိုယွင်းတာ (social decay)” လို့ နာမည်တပ်ချင်ပါတယ် ။ လူ့ဘောင်လောက တိုးတက်
မြင့်မားလာရာက ယှဉ်တွဲထွန်းကားလာတဲ့ ဖျော်ဖြေမှုကဏ္ဍတစ်ခုထဲမှာတင် လုံးထွေးနစ်မွန်းနေရာ
က ကိုယ့်အသိုင်းဝိုင်းကွက်ကွက်ကလေးကို တစ်ကမ္ဘာလို့ ထင်မြင်ပြီး လက်လွတ်စပယ် ပြောဆို
လိုက်တာလို့ မြင်ပါတယ် ။
----------------------------------------------------------

     အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးလောကကို ကြည့်ပါ ။
     စောင့်ထိန်းအပ်တဲ့ လူ့ကျင့်ဝတ်တွေ ချွတ်ချုံကျနေပါပြီလို့ စိတ်ပျက်နေသူတွေ သူတို့နိုင်ငံထဲမှာ
အများကြီးပါ ။

     တကယ်လဲ အကျိုးစီးပွားဦးထိပ်ထားလွန်းတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ အဖွဲ့အစည်းတွေရဲ့
စိုးမိုးနေမှုတွေဟာ စိုးရိမ်စရာ ကောင်းလောက်အောင်ဖြစ်နေတာလည်း လူအတော်များများအတွက်
အမှန်ပါ ။ ဒါတွေ ကို ပြောင်းလဲပစ်နိုင်မယ်လို့ ယုံကြည်ကြတဲ့ “မျှော်လင့်ချက်” တွေပေးနိုင်တဲ့ “အို
ဘားမား” တက်လာတာဟာ ၊ သူတို့ပြည်သူပြည်သားတွေရဲ့ ကောင်းတဲ့ဖက်က ပင်ကိုယ်စိတ်တွေ
အလေးသာနေသေး တုန်းဆိုတာ ဖေါ်ညွှန်းနေတယ် ။ သူ့သမ္မတသက်တမ်းအတွင်းမှာ  အောင်မြင်
မှု နည်းနေတာကတော့ ထည့်တွက်စရာတွေအများကြီးရှိတဲ့ ကဏ္ဍနောက်တစ်ခုပါ ။
------------------------------------------------------

     ကမ္ဘာနဲ့ချီပြီး ကြည့်ပြန်တော့ ခေတ်ဟောင်းတွေဟာ သမိုင်းထဲမှာပဲ ကျန်ရစ်ခဲ့ပြီ ဆိုတဲ့ အယူ
အဆကို တစိတ်တပိုင်းချေဖျက်မယ့် ကိစ္စတစ်ခုကို သွားမြင်ပါတယ် ။ အဲဒါကတော့ ခေတ်ကုန်ပြီလို့
ယူဆနေကြတဲ့ ဘုရင်စနစ်ကို ကိုယ်စားပြုတဲ့ တော်ဝင်လက်ထပ်ပွဲပါ ။

     တော်ဝင်မိသားစုဟာ တိုင်းသူပြည်သားတွေရဲ့ အခွန်ငွေနဲ့ ထောက်ပံ့မှုတွေကို မတန်မရာရယူနေ
တယ် ၊ ဝန်ထုပ်ဝန်ပိုးဖြစ်နေတယ်လို့ ယူဆတဲ့သူတွေ ၊ တစ်နည်းအားဖြင့် (ရွေးကောက်တင် မြှောက်
တာကို အခြေခံတဲ့) သမ္မတစနစ်ကို ယုံကြည်ကြတဲ့သူတွေ ရာစုနှစ်ပေါင်းများစွာ အခြေခိုင် အင်အား
ကောင်းလာပေမယ့် တော်ဝင်လက်ထပ်ပွဲကို စိတ်ဝင်စားမှုမှာတော့ လျှော့မသွားတာကိုက လူတွေရဲ့
တွင်းစိတ်ကို နည်းနည်း လှစ်ဟပြနေပါတယ် ။

     တကမ္ဘာလုံးကိုကြည့်ပါ ။
     နတ်သမီးပုံပြင် ၊ မင်းသား မင်းသမီးပုံပြင်တွေနဲ့ကင်းပြီး ကြီးပြင်းလာသူတွေ ရှားမှာပါ ။ ပုံပြင်
ဇာတ်လမ်းအားလုံးဟာ လူ့ယဉ်ကျေးမှုရဲ့ အခြေခံအစိတ်အပိုင်း တစ်ခုလို့တောင် ပြောလို့ရနိုင်ပါ
တယ် ။ ကောင်းတာကိုဦးတည်ပြီး မကောင်းတာကို ကွက်ကွက်ကွင်းကွင်းနဲ့မြင်အောင် ရွံရှာအောင်
မျိုးစေ့ချသင်ပြပေးတဲ့ အကောင်းဆုံး သင်္ခန်းစာတွေပါ ။ မကြာတော့တဲ့ အနာဂါတ်မှာ ဒါတွေဟာ
ကွယ်ပျောက်သွားဖို့လည်း မရှိသေးပါဘူး ။ ဒီတော့ မင်းသား မင်းသမီးလေးတွေရဲ့ ဘဝကို စိတ်ကူး
ယဉ်နေခဲ့ကြသူ ကမ္ဘာသူ ကမ္ဘာသားတွေမှာ တော်ဝင်လက်ထပ်ပွဲကို မျှော်လင့်စောင့် စားနေကြတာ
ဟာ သဘာဝရဲ့ အစိတ်အပိုင်းတစ်ခုပါ ။
------------------------------------------------

     မြန်မာပြည်ကကော .. ။
     အချို့က မြန်မာပြည်မှာ လူတွေရဲ့ စိတ်ဓါတ်ဟာ ပြင်လို့မရလောက်အောင် ပျက်စီးယိုယွင်းနေကြပြီ
လို့ ပြောချင်ကြပါတယ် ။ မှန်သင့်သလောက်လဲ မှန်ပါတယ် ။

     ကြည့်တဲ့အခါ လူထုအများ သိထားနားလည်သင့်တဲ့ ကမ္ဘာအနှံ့က အသိပညာ ဗဟုသုတတွေနဲ့
ရာစုနှစ်ဝက်လောက် ဖြတ်တောက်ထားတာမို့ အချို့နေရာတွေမှာ သိသူနဲ့ မသိသူ ၊ အလိုက်သင့်
ပျော့ပျောင်းသူနဲ့ သဘောထားတင်းမာသူတွေအကြား အတွေးအမြင်အသိတွေ ကြီးကြီးမားမား ကွဲ
ပြားခြားနားနေတာတွေကတော့ အတော်စိတ်ပျက်စရာပါ ။ ဒီနေရာမှာ “ပန်းသီးမစားဖူးသူကို အရသာ
သိကိုသိရမယ်” ဆိုပြီး လုပ်လို့မရတာ၊ ပန်းသီးအခွံလောက်ပဲစားပြီး “အရသာခါးပါတယ်” ဆိုသူတွေ ၊
မစားပဲနဲ့ “ခါးမှာသေချာတယ်” ဆိုသူမျိုးတွေ ရှိနေတာကိုလည်း ထည့်တွက်ရပါမယ် ။ ဘယ်လိုပဲဖြစ်
ဖြစ် အကြောင်းရှိလို့ အကျိုးတွေ ဖြစ်ခဲ့ပါပြီ ။ အားလုံးဟာလည်း ဆက်စပ်နေတာမို့ တစ်ခုပြင်ရုံနဲ့
အားလုံးကောင်းသွားမယ်လို့တော့ အိပ်မက်မက်လို့ မရပါ ။

     တဖက်မှာလည်း မြန်မာပြည်သူပြည်သားအများစုဟာ ကမ္ဘာပေါ်က အခြားသာမန်သူသူငါငါတွေ
လိုပါပဲ။ ငယ်စဉ်ကတည်းက လူသားတစ်ယောက်စီရဲ့ ရှိသင့်တဲ့စာရိတ္တတွေကို လမ်းညွှန်ပေးတဲ့ ပုံပြင်
ဇာတ်လမ်းတွေနဲ့ ကြီးပြင်းလာကြပြီး အရိုးစွဲနေပြီးသားပါ ။ ဒါကြောင့်လည်း လူတွေရဲ့ လုပ်ပုံ ကိုင်ပုံ ၊
တွေးပုံတွေကို ကြည့်ရင် ဥပမာ - စိတ်ထွက်ပေါက်အနေနဲ့ မျှော်လင့်ချက်ပေး ၊ စိတ်ပျက်မှု တွေကို
လမ်းလွဲပေးတဲ့ နှစ်လုံး သုံးလုံးထီ ချဲတွေကို ထိုးနေကြတာမျိုးတွေရှိပေမယ့် မကောင်းမှန်း ၊ မလုပ်
သင့်မှန်း အတွင်းစိတ်ထဲက သိမှတ်နေကြပါတယ် ။ အခွင့်ရတဲ့ အခါမျိုးတွေမှာ ဒီထီချဲတွေကနေ
လမ်းလွဲထွက်နိုင်သလောက် လွဲသွားကြတာကို တွေ့ရနိုင်ပါတယ် ။ ဒီတော့ စိတ်ထွက်ပေါက်နဲ့
မျှော်လင့်ချက်ယောင်ယောင်ပေးတဲ့ ပေါင်ချိန် ရုပ်ရှင်ဇာတ်ကားတွေ အပေါ် စွဲစွဲမြဲမြဲကြိုက်ကြတာ
မဆန်းပါဘူး ။ အခုတော့လည်း ကိုရီးယားခေတ်ပေါ့လေ။ အချို့ကျတော့ အရက်လိုဟာတွေဖက်
လှည့်ပြီး အသက်တိုတဲ့လမ်းကို ရွေးကြသလို ၊ နိုင်ငံခြားထွက် အလုပ်လုပ်ကြတာဟာလည်း အလို
အလျောက်လုပ်မိကြတဲ့ ထွက်ပေါက်တစ်ခု ဖြစ်လာပါတယ် ။ ဆိုလိုတာက လူတွေအတွက် ထွက်
ပေါက်ရှာလုပ်ကိုင်သွားကြတာတွေဟာ စီးပွားရေးကြပ်တည်းလို့ချည်း မဟုတ်ပါ ။ အမှန်တရားကို
လိုလားတဲ့ အတွင်းစိတ်က လှုံ့ဆော်မှုတွေ ပါပါတယ် ။

     ဒီနေရာမှာ ဘောင်တစ်ခုကို ထီးထီးမားမားတွေ့မိပါတယ် ။ အဲဒါကတော့ အာဏာပိုင်တွေ ဖန်တီး
ထားတဲ့ အမြစ်တွယ်နေပြီဖြစ်တဲ့ ကြောက်စိတ်ပါ ။ အကျိုးဆက်အနေနဲ့ မြန်မာပြည်က လူများစုဟာ
လေသလပ်ပြီးပါးလျကုန်ဆုံးမှာကို ကြောက်ဖို့ တွန့်ဆုတ်နေကြပေမယ့် ၊ ခွက်ကြီးနဲ့ အခပ်ခံရလို့ ရုတ်
တရက်ခန်းခြောက်သွားမှာကိုတော့ ကြောက်နေမိကြပြီး လုံးပါးအပါးခံနေကြပါ တယ် ။ မှန်ကန်တဲ့
ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရင်တောင် ဆယ်စုနှစ်ပေါင်းအများကြီး ကုစားရမယ့် ဒဏ်ရာပါ ။
ဒါကိုမြင်လို့လည်း ဒေါ်စုက ကြောက်ရွံ့ခြင်းမှကင်းလွတ်ခြင်းလို စာအုပ်မျိုး ကို လူတွေလက်ထဲ ပို့ပေး
ပေမယ့် ပြည်တွင်းကလက်ခံရယူသူနည်းပြီး ပေးချင်တဲ့သတင်းစကား လိုသလောက် ခရီးမရောက်
ဖူးလို့ ဆိုနိုင်ပါတယ် ။

     ဒီလိုတွေပြောနေလို့ မြန်မာပြည်ကြီး မပြောင်းလဲနိုင်ဘူးလားဆိုရင်တော့ ၊ ပြောင်းလဲမှာပါလို့ ပြော
ရပါမယ် ။ ဒါပေမယ့် အခုပြောင်းလဲချင်သလား ၊ နောက်နှစ်တစ်ရာလောက်မှ ပြောင်းမလား ၊ ဒါမှ
မဟုတ် တရုတ်လက်ဝေခံအနေနဲ့ ပြောင်းလဲလာမယ့် အလွယ်တကူ ထွက်ပေါက်မျိုးကို ရွေးမလာ
ဆိုတာကတော့ ပြည်သူပြည်သားအား လုံးရဲ့ ရွေးချယ်မှု ၊ သတင်းစကားနဲ့ အသိတွေ ရောက်ရှိ
ပေါက်ရာက်မှုတွေအပေါ် မူတည်ပါတယ် ။ ဒီတော့ပြောင်းလဲမှုတွေအတွက် လက်ဆင့်ကမ်းတာ ၊
ဝေမျှတာ ၊ လက်တွဲအားကူတာတွေဟာတော့ ကျနော်တို့ လောလောဆယ် လုပ်လို့ရနိုင်တာတွေပါ ။

     ဒီနေရာမှာ တလောက တွေ့ရတာတချို့ရှိပါတယ် ။ အဲဒါတွေကတော့ လာဟ်ယူတဲ့ကျောင်းစာ
ရင်းတွေ လူသိရှင်ကြားဖေါ်ထုတ်တာ ၊ သတင်းလွတ်လပ်ခွင့်ပေးသယောင်ယောင်လုပ်တာတွေပါ ။
ဒါဟာ ဒီမိုကရေစီ စနစ်ဆီ တကယ်ပဲ ဦးတည်နေသယောင် ၊ ပွင့်လင်းမြင်သာမှုရှိသယောင်ယောင်
လုပ်ရပ်မျိုးတွေဖြစ်ပြီး ဒီလုပ်ရပ်မျိုးတွေကို အများကြီးထပ်ကြုံကြရဦးမှာပါ ။ ဒါတွေဟာ ဆန်စင်ရာ
ကျည်ပွေ့လိုက်ပြတာတွေသာဖြစ်လို့ ဘယ်ဒီမိုကရေစီပေတံနဲ့တိုင်းတိုင်း ၊ “သုည” ဆိုတာပဲ အဖြေ
ထွက်မှာပါ ။ တကယ်တန်း စိတ်စေတနာရှိတယ် ၊ မှန်ကန်တယ်ဆိုတာကို လက်ရှိအာဏာရအစိုးရ
ဟာ သူတို့ကိုယ်ကို သက်သေထူ သက်သေပြဖို့ ကြိုးစားလာတဲ့အခါမှာတော့ မျှော်လင့်ချက်အမှန်
တွေ တကယ်ရှင်သန်ခွင့် ရှိလာမှာပါ ။
---------------------------------------------------

     မြန်မာပြည်က အဖွဲ့အစည်းတွေရဲ့ ဦးတည်ရာလမ်းတွေဟာ ကျဉ်းမြောင်းကြတယ်လို့ အချို့က
ဆိုပြန်ပါတယ် ။ 

     မှန်သင့်သလောက် မှန်တာပါပဲ ။ စိတ်မကောင်းစရာကတော့ အင်အားအကြီးဆုံး ၊ တနည်းအား
ဖြင့် လက်နက်နဲ့ အာဏာကို လက်ဝါးကြီးအုပ်ထားတဲ့ အဖွဲ့အစည်းတွေက ဦးဆောင်ပြီး ကျဉ်းမြောင်း
နေကြတဲ့ ကိစ္စပါ ။

     ဒါနဲ့တဆက်ထဲပြောချင်တာကတော့ တိုင်းရင်းသားအဖွဲ့တွေပါ ။ ကေအန်ယူကတော့ ကိုယ့်နဲ့
အနီးဆုံးမို့လို့ တိုက်ရိုက်ဦးတည်ပြောတယ်လို့ သဘောထားလို့ ရပါတယ် ။ စိတ်ဆိုးမယ့်သူတွေ အ
မျာကြီးရှိနိုင်ပေမယ့် စိတ်ခံစားမှုနောက်မလိုက်ပဲ ၊ အမှားတွေ့ရင်သာ ထောက်ပြကြဖို့ စကားခံထား
လိုပါတယ် ။

     လိုရင်းနဲ့တည့်တည့်ပြောရရင်တော့ ကေအန်ယူအပါအဝင် တိုင်းရင်းသားအဖွဲ့အတော်များများ
ဟာ မြို့နေလူထုတွေနဲ့ ကင်းကွာနေတယ်လို့ ပြောချင်ပါတယ် ။ ပြည်မအာဏာကိုင်ထားသူတွေရဲ့
ဝါဒဖြန့်ချက်တွေက ဆယ်စုနှစ်များစွာ အလုပ်လုပ်ခဲ့ပြီးသွားပါပြီ ။ တိုင်းရင်းသားတွေဖက်ကတော့
တန်ပြန်နိုင်ဖို့ ပျက်ကွက်ခဲ့ကြပါတယ် ။

     အမှန်တော့ မြန်မာပြည်အာဏာပိုင်တွေ ဆိုတာကလည်း အရင်ကသူပုန် တွေကနေ ကံအား
လျှော်စွာ အာဏာရအောင် အခြေအနေပေးခဲ့တာမို့ အစိုးရတက်လုပ်ခွင့်ရခဲ့ရာ ကတစ်ဆင့် ဆင်း
သက်လာတာပါ ။

    (အခု အာဏာကိုင်ထားတဲ့အစိုးရတွေဟာ အရင်ကသူပုန်တွေလို့ ဆိုရတာဟာ ယေဘုယျတော့
ဆန်ပါတယ် ။ ဒါပေမယ့် အမေရိကန်လို နိုင်ငံမျိုးကအစ တရုတ်လိုနိုင်ငံမျိုးအဆုံး ၊ မြန်မာနိုင်ငံ အပါ
အဝင် ကနေ့အာဏာ ပိုင်ဆိုင်သူတွေဟာ အရင်က သူပုန်မှ သူပုန်စစ်စစ်တွေပါ ။ ခုချိန်မှာ လက်ထဲ
အာဏာရောက်လာရာက ကိုယ့်ဘာသာအမွှန်းတင်ခွင့်ရလို့ နောက်ပြန်ရက်စွဲတွေတပ်ပြီး “မျိုးချစ်
တော်လှန်ရေးသမား” တွေဆိုပြီး ဖြစ်သွားကြတာပါ ။ အချို့ကတော့ မြန်မာပြည်လို နိုင်ငံမျိုးကို တိုင်း
တစ်ပါးသားအောက် ရောက်ခဲ့ရတာမို့ဆိုပြီး သီးခြားခွဲထုတ်ချင်ကြပါလိမ့်မယ် ။ ဒါကလည်း အင်မတန်
ဆွေးနွေးငြင်းခုံရမယ့်ကိစ္စပါ ။ ဘာလို့လည်းဆိုတော့ ၊ တိုင်းတပါးသားတို့ ၊ နယ် ချဲ့တို့ ၊ ကျူးကျော်
သူတို့ဆိုတဲ့ စကားလုံးတွေကို ဘယ်လိုအဓိပ္ပါယ်ယူသလဲဆိုတာကိုက စိတ်ခံစားမှုနောက် မလိုက်ပဲ ၊
သမာသမတ်ကျကျ ဆွေးနွေးစရာတွေ လိုနေသေးတာမို့ပါ ။ ဒီနေရာမှာ အနိုင်ရလိုစိတ်နဲ့ ပြောချင်သူ
တွေ အများကြီး ရှိနိုင်ပါတယ် ။ နောင်ကိုရေးမယ့် နိုင်ငံရေးမိတ်ဆက် ပို့စ်တွေမှာ ဒါတွေနဲ့ပတ်သက်လို့
ရုပ်လုံးပေါ်လာအောင် ဆက်ရေးနိုင်ဖို့တော့ မျှော်လင့်ထားပါတယ် ။ သင်ပြဖို့ ရည်ရွယ်ချက်နဲ့ မဟုတ်
ပါ ၊ တွေ့မိ သိမိသမျှကို တင်ပြမျှဝေ ဆွေးနွေးနိုင်ကြဖို့ပါ ။ ဒါတောင် မြန်မာ့ နည်းမြန်မာ့ဟန် နိုင်ငံရေး
ဆိုပြီး တီထွင်လိုသူတွေ ရှိနေသေးရင်တော့ “မဆလ” ခေတ်ထက်အများကြီးဆိုးတဲ့ သုံးထပ်ကွမ်းမူကွဲ
“မွဲပြာနိုင်ငံ” သာ ဖြစ်ဖို့ မြင်ယောင်မိပါတယ် ။ စိတ်ဓါတ်ယိုယွင်းပျက်စီးတာကတော့ ဂုဏ်ထူးဆောင်
အပိုဆုပေါ့ ။)

     ထားတော့ ၊ တန်ပြန်ဝါဒဖြန့်ဖို့ ပျက်ကွက်တာကြောင့် ဖြစ်လာတဲ့အကျိုးဆက် အခြေအနေမှန်
တစ်ခုကို တည့်တည့်ပြောမယ်ဗျာ ။

     ကရင်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် သူပုန်တွေကို မြို့ပေါ်နေလူအများစုက ကြောက်
တာတစ်ခုထဲ သိတယ်လို့ပြောရင် လက်ခံကြမှာလား ။ သူပုန်ဆိုတာဟာ တော်လှန်ရေးသမားတွေ
လို့မြင်အောင် အဖွဲ့အစည်းတွေကလည်း လူထုရဲ့အသိကို မထိုးဖောက်နိုင်ခဲ့ကြဘူး ၊ သို့မဟုတ် ထိုး
ဖောက်ဖို့ မကြိုးစားခဲ့ကြပါဘူး ဆိုရင်ကော လွန်မလား။

     ဒီတော့ ဆယ်စုနှစ်နဲ့ချီတဲ့ ဝါဒဖြန့်ချက်တွေ ၊ တနည်းအားဖြင့် ဦးနှောက်ဆေးတဲ့ လုပ်ရပ်တွေနဲ့
ဖြတ်သန်းလာခဲ့ရသူတွေကို သူပုန် သို့မဟုတ် တော်လှန်ရေးသမားဆိုသူတွေဟာ လက်ရှိအာဏာ
ပိုင်တွေထက်ပိုကောင်းပြီး လိုလားနှစ်သက်စရာကောင်းတဲ့သူတွေပါလို့ သက်သေမပြနိုင် သို့မဟုတ်
သိနားလည်အောင်မလုပ်ပဲ စိတ်ကွက်လို့ မရကောင်းပါဘူး ။

     တဆက်ထဲမှာပဲ လက်ရှိအနေအထားအတိုင်း ဆက်သွားနေကြဦးမယ်ဆိုရင် ၊ အနာဂါတ်မှာ သူ
ပုန်နာမည်ခံရာကနေ အခွင့်အရေးရလာတဲ့ အခါမျိုးမှာ အစိုးရဖြစ်လာနိုင်ဖို့ အခက်အခဲတွေ အများ
ကြီးရှိလာနိုင်တာကို သတိပြုကြဖို့ လိုလာပြီလို့ သတိပေးလိုပါတယ် ။

     အဆုံးသတ် ပြောချင်တာကတော့ ၊ တိုင်းရင်းသားတွေအပါအဝင် ပြည်သူလူထု အရပ်ရပ်ဟာ
နယ်မြေ ၊ အချိန် ၊ အသက်သွေးနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေလည်း အတောမသတ်နိုင်အောင်
ဆုံးရှူံးခဲ့ကြရပြီးပါပြီ ။ သွားချင်တဲ့ခရီး ၊ ရေစီးကြောင်း ၊ လေစီးကြောင်းတွေကို ပြည်မအာဏာပိုင်
တွေလိုပဲ “ငါတို့အားလုံးသိတယ်” ဆိုပြီး လုပ်မနေကြပါနဲ့တော့ ။ ဘယ်အရာတွေကိုမှ အလဟဿ
အဖြစ်မခံကြပါနဲ့တော့ ။ ကျနော်တို့လို ဘေးကနေ အော်နေကြသူတွေရဲ့ စကားတွေကိုလည်း နား
ထောင်ကြည့်ကြပါဦး လို့ပြောရင်း ခဏနားပါဦးမယ် ။



မန်းကိုကို
၀၂ ၊ ၀၆ ၊ ၂၀၁၁

4 comments:

  1. ဒီစာရေးတာ မြန်မာအချင်းချင်း ရန်ငြိုးထားစေလို၍ မဟုတ်ဘူးဆိုတာကို ကြိုတင်ပြီး ပြောပရစေ။ တက္ကသိုလ်တွေကရေးထားတဲ့ နိုင်ငံရေး စာအုပ်တွေက လက်တွေ့မကျဘူး ဆိုတာ တကယ်ပါ။ ဒီမိုသမားဆိုရင် လူကောင်းဖြစ်တယ်။ စစ်သားဆိုရင် လူကောင်းဖြစ်တယ်။ တိုင်းရင်းသားတွေဟာ ရိုးသားတယ်ဆိုတဲ့ စကား တွေဟာ လက်တွေ့မကျပါဘူး။ လောဘ၊ ဒေါသ၊ မောဟ စိတ်တွေ ကြီးနေရင် လူဆိုးပဲဖြစ်ပါတယ်။ ငါ့လူမျိုးဆိုတဲ့ အစွဲအလန်းကြီးပြီး ဗမာကို မုန်းနေတဲ့ သူတွေရဲ့ အဖြစ်ကို ပြောပြပါမယ်။ ရခိုင်တစ်ယောက်က မြန်မာနိုင်ငံဆိုတာ ဗမာတွေကိုပဲ ကိုယ်စားပြုထားတဲ့ နာမည်မိုလို့ လက်မခံဘူးတဲ့။ ကျုပ်ကလဲ ရခိုင်ပြည်နယ်ဆိုတဲ့ နာမည်က ရခိုင်ပြည်နယ်ထဲက လူမျိုးအားလုံးကို ကိုယ်စားမပြုဘူး။ ရခိုင်ပြည်နယ်ဆိုတဲ့ နာမည်ကို ဖျက်ပေးပါလို့ ပြောတဲ့အခါ ထွက်ပြေးသွားတယ်ဗျာ။ ကရင်ဘိုးတော်ကြီးကလဲ ကော်မန့်မှာ ဗမာဘုရင်တွေ ရခိုင်တွေကို သတ်တဲ့အကြောင်း သုတေသနလုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ကျုပ်ကလဲ သူ့စကားအတိုင်းပဲ KNU က ဗမာတွေကို သတ်တာတွေနဲ့ ဗုဒ္ဓဘာသာကရင်တွေကို တိရိစ္ဆာန်တွေလို နှိမ်ချခဲ့ပုံတွေကို သမိုင်းသိအောင် ရေးပြဖို့ တန်ပြန် တောင်းဆိုလိုက်ပါတယ်။ အဲဒီတော့ လူမျိုးအချင်းချင်း ရန်တိုက်ပေးတယ်ဆိုပြီး ကျုပ်ကို စွတ်စွဲတယ်ဗျာ။ တိုင်းရင်းသားတွေလဲ ရိုးသားမှုမရှိဘူးဆိုတာ မြင်တွေ့နိုင်ပါတယ်။ ကရင်ဘိုးတော်ကြီးနဲ့ ဆီပုံးမှာ ဆွေးနွေးထားတာကို ဖတ်ကြည့်ပါ။ (အောက်မှ အထက်သို့ ဖတ်ပါရန်။)


    ဘလော့ပိုင်ရှင်ကြီးသို့ : ဗမာတွေကို မုန်းအောင် ပြောတုံးက အဲလိုမပြောပါပဲ။ ကရင်တွေလုပ်ရပ်ပြောတဲ့အခါမှ လူမျိုးရေးအချင်းချင်း အဆင်မပြေစေချင်လို့ဆိုပဲ။ သဘောထားကြီးတယ်ပေါ့?
    2011-06-04 10:36 PM

    ဘလော့ပိုင်ရှင်ကြီးသို့ : ဗမာတွေကို မုန်းအောင် ပြောတုံးက အဲလိုမပြောပါပဲ။ ကရင်တွေလုပ်ရပ်ပြောတဲ့အခါမှ လူမျိုးရေးအချင်းချင်း အဆင်မပြေစေချင်လို့ဆိုပဲ။ သဘောထားကြီးတယ်ပေါ့?
    2011-06-04 10:36 PM

    မန်းကိုကို : အများအကျိုးမို့ စိတ်တော့မကောင်းပါဘူး ၊ ယာယီ နာကျင်သွားမယ်ဆိုတာ နားလည်ပါတယ် ။ ဒါပေမယ့် အခြားသူတွေအတွက်လည်း ထည့်တွက်ရပါတယ် ။ ကံကောင်းပါစေ ။
    2011-06-04 10:35 PM

    မန်းကိုကို : မီးမွှေးချင်ရင် သစ်သားကို ထပ်ခါထပ်ခါ ပွတ်တိုက်ပေးရပါတယ် ။ လူမျိုးရေး ဘာသာရေး ပြဿနာတွေမှာလည်း ထပ်ခါထပ်ခါ အကျိုးမရှိတဲ့ စကားတွေက လောင်ကျွမ်းစေတတ်ပါတယ် ။
    2011-06-04 10:33 PM

    ဘလော့ပိုင်ရှင်ကြီးသို့ : စာတွေကို ဖျက်ပစ်တယ်ပေါ့။
    2011-06-04 10:22 PM

    + + +
    ဖျက်လိုက်တဲ့ စာသားများ
    ဘလော့ပိုင်ရှင်ကြီးသို့ : ရှေးတုံးက ဗမာဘုရင်တွေ သတ်ခဲ့တာကိုရေးပြီး အခုခေတ်မှာ KNU သတ်ဖြတ်တဲ့ အကြောင်းကို မရေးဘူးဆိုရင် သဘာဝမကျဘူး။ KNUတွေကို စစ်ခုံရုံးတင်ဖို့တောင်းဆိုပါ။

    ဘလော့ပိုင်ရှင်ကြီးသို့ : ရခိုင်တွေ သန်းနဲ့ချီပြီး သတ်ခံခဲ့ရတာကို ဘယ်လိုရှောင်ရမလဲဆိုတာ ဗမာက သင်ခန်းစာယူရမယ်ဆို? KNU လုပ်ခဲ့တာကို ကရင်တွေလဲ သင်ခန်းစာယူရမယ်။ KNU အကြောင်းရေးပါ။
    + + +
    မန်းကိုကို : ခုနေတော့ အားလုံးအတွက် လိုနေတဲ့ ပညာရေးး၊ နိုင်ငံရေး၊ လူမှုရေးတွေကို မြှင့်တင်ဖို့ပဲ အာရုံထားချင်ပါတယ်။ လူဆိုးတွေအကြောင်းလည်း တချိန်မှာတော့ ပြောကြရမှာပါ။
    2011-06-04 10:12 PM

    မန်းကိုကို : အချင်းချင်း နားလည်မှုတွေ ပေးခဲ့ကြသူတွေ ၊ ကူညီဖေးမ ခဲ့ကြသူတွေကိုလည်း စော်ကားရာ ရောက်ပါတယ် ။ သမိုင်းဆိုတာ နောင်လာနောက်သားတွေက ဆုံးဖြတ်မှာပါ ။
    2011-06-04 10:07 PM

    မန်းကိုကို : ဒါပေမယ့် လူအချို့ရဲ့ ဥာဏ်နည်းခဲ့မှုတွေကို တစိမ့်စိမ့်တွေးပြီး စားမြုံ့ပြန် နာကျည်းနေရအောင်တော့ မီးမမွှေး ပါရစေနဲ့ ။
    2011-06-04 10:04 PM

    မန်းကိုကို : ဘယ်လူမျိုးက ဘယ်လို ၊ ဘယ်ဘာသာဝင်တွေက ဘယ်လို ဆိုတာတွေကို အပိုဆာဒါတွေ ထည့်ပြီးပြောရင် ၊ အချို့အတွက်တော့ ခဏတာ စိတ်ပျောက်စေနိုင် ပါလိမ့်မယ် ။
    2011-06-04 10:01 PM

    ဘလော့ပိုင်ရှင်ကြီးသို့ : KNUက ဗမာအရပ်သားတွေကို သတ်ခဲ့တဲ့အကြောင်း ရေးပြပါ။ KNU က ဗုဒ္ဓဘာသာ ကရင်တွေကို တိရိစ္ဆာန်တွေလို နှိမ်ချခဲ့တာကိုလဲ သမိုင်းမပျောက်အောင် ရေးပြပါ။ ကျန်းမာပါစေ။

    2011-06-04 9:52 PM
    Grandfather Tar Mike : knuအင်းစိန်တိုက်ပွဲမှာ ဗမာတွေကို ရက်ရက်စက်စက်သတ်ခဲ့တာ ကရင်အချင်းချင်းဘယ်လိုနှိပ်ကွပ်တယ်ဆိုတာ လူကြီးမင်းကိုယ်တိုင်ရေးတာ ဖတ်ချင်တယ်ဗျာ။ ကျန်းမာပါစေ။

    ဘလော့ပိုင်ရှင်ကြီးသို့ : KNU အင်းစိန်တိုက်ပွဲမှာ ဗမာတွေကို ဘယ်လို ရက်ရက်စက်စက်သတ်ခဲ့တယ်။ KNUက ကရင်အချင်းချင်း ဗုဒ္ဓဘာသာတွေအပေါ် ဘယ်လို နှိပ်ကွပ်ခဲ့လဲဆိုတဲ့ သမိုင်းကို ပြောပြပါ။

    ReplyDelete
  2. လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဒါးခုတ်ရာ လက်ဝင်လျိုသလိုဖြစ်သွားတဲ့ မိတ်ဆွေတစ်ဦးကြောင့် စကားတွေ ရှည်ရှည်ဝေးဝေး ရေးခဲ့ ရိုက်ခဲ့မိပါတယ် ။

    မကြာခင်မှာပဲ မဖိတ်ခေါ်ခဲ့မိပေမယ့် ဧည့်သည်တွေ အတော်များများ ရောက်လာခဲ့ကြပါတယ် ။ ဖန်တီးသူကလည်း ရှိခဲ့ပြီကိုး ။
    လာတဲ့အထဲမှာ နာမည်ဆိုးရှိတဲ့ နိုင်ငံကြီးတစ်နိုင်ငံကလည်း ပါကြတာပေါ့ ။ အတော်များများဟာလည်း အားခဲပြီး လာကြတယ်ဆိုတာ သဘောပေါက်ပါတယ် ။

    စာရင်းချုပ်လိုက်တော့ အားလုံးလိုလို အခြေအနေကို သုံးသပ်မိပြီး စကားတွေမကျွံအောင် ချုပ်တည်းသွားကြတယ်လို့ မြင်လိုက်မိပါတယ် ။

    အဖြေကတော့ ရှင်းပါတယ် ။ ဘယ်အစု ဘယ်အဖွဲ့ထဲမှာပဲ ပါနေနေ ၊ တယူသန်နဲ့ မျက်စိမှိတ်လုပ်ကြသူတွေ နည်းတယ်ဆိုတာပါပဲ ။ အကောင်းဖက်ကကြည့်ပြီး ဝမ်းသာမိပါတယ် ။

    တဖက်မှာလည်း တချိန်က ကိုယ်တွေရဲ့ အရှင်သခင်လုပ်သွားသူတွေနဲ့ အတူ သွားနေနေပေမယ့် ၊ ကိုယ်ချင်းစာတရား မရနိုင်ပဲ မောဟပွားနေကြသူတွေ ရှိနေတာကို သိလာရတော့ ၊ ရင်များလည်း မောရပါတယ် ။

    ထပ်ဆင့်ပြီးတော့ ခေတ်အဆက်ဆက်က လူသားတွေရဲ့ အသိဥာဏ် အတွေ့အကြုံတွေကို ပေါင်းစုထားရာက ဖြစ်လာတဲ့ “ပညာ” တွေကိုလည်း တန်ဖိုးမသိ ပျက်ရယ်ပြုတတ်သူမျိုး အချို့ကို မြင်ရပြန်တော့ ၊ ထပ်ဆင့် ရင်လေးမိပြန်ပါတယ် ။

    ဘယ်လိုပဲဖြစ်စေ ကောင်းတဲ့ ၊ ကောင်းမြတ်မှုတွေကို မြတ်နိုးတဲ့ သီးခြား အင်အားစုလေးတွေအဖြစ် ရပ်တည်နေကြ သူတွေအတွက် အားတက်ရင်းနဲ့ပဲ အနာဂါတ်အတွက် မျှော်လင့်ချက်ကောင်းလေးတွေ ထားရတော့မယ် ထင်ပါတယ် ။

    အားလုံးပဲ တူညီတဲ့ အညမညအကျိုးတွေ ခံစားရရှိနိုင်ကြပါစေလို့ ဆန္ဒပြုပါတယ် ။

    ReplyDelete
  3. ၈၈ အရေးအခင်းတုန်းက မင်းမဲ့တိုင်းပြည်လို ချောက်ထဲကျဖို့ လက်တစ်လုံး
    အလို၊ (ပွဲလန့်တုန်းဖျာမခင်းချင်ကြတဲ့)နိုင်ငံရေးအမြတ်မထုတ်ပဲ မိမိဘာသာ
    ရပ်တည်နေတဲ့ KNU ဟာ ထွက်ပြေးလာတဲ့ ဗမာကျောင်းသားတွေကိုတော့
    လက်ခံကူညီခဲ့တယ်။ အဲဒီအကြောင်းရေးပါလား မန်းရဲကိုကို။

    ReplyDelete
  4. Anonymous ကို ဘယ်သူမှန်းမသိပေမယ့် ...

    - “ချောက်ထဲကျဖို့ လက်တစ်လုံးအလို” ဆိုတဲ့စကားက လူတိုင်းမသုံးကြဘူး ။
    - ကေအန်ယူနဲ့ပတ်သက်လို့ ရေးထားတာက အဓိပ္ပါယ်နှစ်ခွထွက်နေပါတယ် ။
    - “မန်းရဲကိုကို” လို့ နာမည်တပ်တာဟာလည်း ဦးတည်ချက်နှစ်ခုသုံးခုကို စဉ်းစားမိပါတယ် ။

    ချုပ်ရရင် ဘာကိုဦးတည်ပြောချင်သလဲ နားလည်လို့ မရနိုင်ပေမယ့် ရေးစရာရှိတာ ၊ ပြောစရာရှိတာတွေကို အချိန်တန်ရင်သော်၎င်း ၊ စိတ်ဆန္ဒရှိရင်သော်၎င်း လုပ်ဖြစ်မှာပါလို့ပဲ ပြောချင်ပါတယ် ။

    ဒီဘလော့ဟာ ဘလော့ဆိုတဲ့အတိုင်း သတင်းဌာနတွေလို ဟာကွက်မရှိအောင် စောင့်ထိန်းစရာမလိုပေမယ့် အတိုင်းအတာ တစ်ခုအထိတော့ ခိုင်မာတဲ့ အခြေခံတွေနဲ့ ရေးရတာမို့ ရေးချင်တိုင်းတော့ ရေးလို့မဖြစ်ပြန်ပါဘူး ။ သတင်းအချက်အလက်တွေကို ညွှန်ပြလက်ကမ်းသူတွေ ရှိရင်တော့ ပိုမြန်ဆန်နိုင်တာကြောင့် အဲဒါမျိုးတွေကို အမြဲကြိုဆိုလျက်ပါ ။

    ReplyDelete