ဘားအံမြို့ကနေ အရှေ့စူးစူးကို ၃၅ မိုင်လောက် သွားမိရင် ကော့ကရိတ်မြို့ရှိပါတယ် ။
အဲဒီသွားတဲ့ လမ်းမအတိုင်း ဘားအံကထွက်လာရင် ရွာကလေးတွေ အများကြီးရှိပေမယ့် ပထမဆုံး
သတိထားမိနိုင်တာကတော့ ၁၂-၁၃ မိုင်လောက် အကွာက အိန္ဒုရွာကြီးပါ ။ ဒီရွာက ဒုံးယိမ်းအဖွဲ့ဟာ
ကရင်ပြည်နယ်နေ့တိုင်း ဝင်ပြိုင်လေ့ရှိပြီး အကကောင်းတယ်လို့လည်း နာမည်ရှိပါတယ် ။ (မှတ်မိသမျှ
တော့ တစ်ခါမှ ပထမဆု မရဘူးတာကလွဲရင်ပေါ့လေ) ။
ကရင် ၊ ပအို့ဝ်း ၊ မွန် ၊ ဗမာတွေ အဓိကနေတဲ့ရွာကြီးဖြစ်ပြီး အချို့အဆောက်အဦတွေမှာတော့ အိန္ဒု
မြို့လို့တောင် နာမည်တွေရေးထားတာကို တွေ့ရနိုင်ပါတယ် ။ ရွာထဲမှာ အရှေ့ဖက် ကော့ကရိတ်ကို
သွားတဲ့လမ်းနဲ့ တောင်ဖက် မော်လမြိုင်ကိုသွားတဲ့ လမ်းခွဲရှိတာကြောင့်လည်း အသင့်အတင့်စည်ကား
တယ်လို့ ဆိုနိုင်ပါတယ် ။ အချို့မြဝတီကလာတဲ့ ကုန်တင်ကားတွေဟာ ဘားအံဖက်မသွားတော့ပဲ
ကုန်စည်ဒိုင်တွေရှိတဲ့ မော်လမြိုင်မြို့ဖက်ကို ဒီကဘဲ ကွေ့သွားတတ်ကြပါတယ် ။
ကော့ကရိတ်ဖက်ကို နောက်ထပ် ၅-၆ မိုင်လောက်ဆက်မောင်းရင် လူသိများတဲ့ သာမညတောင်
ရှိတာမို့လည်း ခရီးတစ်ထောက်အဖြစ် အရေးပါတဲ့နေရာ ဖြစ်ပါတယ် ။ ဒါတင်မက တောင်ဖက် မော်
လမြိုင်လမ်းကို ဆက်သွားရင် မကြာခင်မှာဘဲ ဒီဖက်က နယ်သားနယ်သူတွေအားလုံးသိတဲ့ ဆန္ဒန်ဂူ
လမ်းခွဲကို ရောက်နိုင်ပြန်ပါတယ် ။
နောက်ဆုံး လူသိများတဲ့ ထွက်ကုန်တွေအချို့ဟာ ဒီနယ်ကနေထွက်ပါသေးတယ် ။ အဲဒါကတော့
လက်ယက္ကန်းရုံတွေကထွက်ပြီး မြန်မာတစ်ပြည်လုံးကိုဖြန့်တဲ့ ကရင်ရိုးရာအဝတ်အစားတွေနဲ့ အခြား
လွယ်အိတ်တို့လို အသုံးအဆောင်တွေပါပဲ ။ ဒါလောက်ဆိုရင် အိန္ဒုရွာကြီးရဲ့ အရေးပါပုံနဲ့ အချက်အချာ
ကျပုံကိုသိလောက်ကြပါပြီ ။
--------------------------------------
ဟုတ်ကဲ့ လာလည်ချင်စရာကောင်းလာအောင် ကြွားနေပေမယ့် အခုပြောချင်တဲ့အကြောင်းက
အဲဒီရွာအကြောင်း မဟုတ်ပါဘူး ။ အိန္ဒုမရောက်ခင် တစ်မိုင်ခွဲ နှစ်မိုင်လောက်ဝေးတဲ့ မျပေ (မြပြည်)
ရွာအကြောင်းနဲ့ နည်းနည်းပတ်သက်နေပါတယ် ။ မျပေရွာဟာ ကရင်ရွာဖြစ်ပေမယ့် လှည်းလမ်းနဲ့
အထဲ (မြောက်) ဖက်တွေ ဝင်သွားရင်တော့ ပအို့ဝ်းရွာတွေ ရှိပါတယ် ။ စပါး ၊ နှမ်းနဲ့ မြေပဲလို သီးနှံ
တွေ စိုက်ပျိုးတဲ့နေရာတွေလည်း ဖြစ်ပါတယ် ။
မှတ်မှတ်ရရ ငယ်စဉ်က ဘားအံဗိုလ်ချုပ်လမ်းမဘေးမှာနေတော့ မနက်ခပ်စောစောဆိုရင် ရွာ
တွေကဈေးသည်တွေ လမ်းလျှောက်ပြီးဖြတ်သွားတာကို နေ့တိုင်းတွေ့နေရပါတယ် ။ ဘားအံမြို့
ထိပ်ကို လိုင်းကားတွေနဲ့ အရောက်လာတယ်လို့ ထင်မိပါတယ် ။ ပြီးတော့ တစ်မိုင်ခွဲလောက်ဝေးမယ့်
မြို့ထဲကဈေးကြီးကို အထမ်းအပိုးတွေနဲ့ လမ်းလျှောက်ကြရတာ လွယ်တဲ့ကိစ္စတော့ မဟုတ်လှပါ ။
ဒီလိုလမ်းလျှောက်ကြသူတွေထဲမှာ ထူးထူးခြားခြားမှတ်မိသူက (ပိုး) ကရင်မမျက်နှာ သိပ်မပေါက်ပဲ
သူများတွေထက် ခေါင်းတစ်လုံးလောက်ပိုမြင့်နေတဲ့ အမျိုးသမီးတစ်ယောက်ပါ ။ နောက်ပိုင်း ကိုယ်
လည်းအတန်းကြီးလာတော့ လမ်းသလားတာများပြီး ဘယ်သူ့ကိုမှ သတိမထားမိတော့ပါဘူး ။
ဒါနဲ့ပဲ မေ့မေ့ပျောက်ပျောက်ဖြစ်နေရာက ဝမ်းကွဲတစ်ယောက်ရဲ့ ပြန်ပြောပြချက်ကြောင့် ခုနကပြော
တဲ့ အမျိုးသမီးအကြောင်း ပြန်ကြားလာခဲ့ရပါတော့တယ် ။ သူဟာ အဲဒီအချိန်ကအထိလည်း အပျို
ကြီးဖြစ်နေဆဲလို့ သိရပါတယ် ။ နေတာကတော့ အပေါ်ကပြောခဲ့တဲ့ မျပေရွာနားက ပအို့ဝ်းရွာတစ်ရွာ
မှာပါ ။
---------------------------------------
ခေတ်ကတော့ မ.ဆ.လ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) ခေတ်ပါ ။
ခုခေတ်လူငယ်တွေ နားထဲထိုးထည့်နေတဲ့ တို့တာဝန်အရေးသုံးပါးဆိုတာလည်း မပေါ်သေးဘူးပေါ့ ။
ဒါပေမယ့် မှီသူများလည်း သိကြမယ့် “တို့အရေး” ဆိုတဲ့စကားလုံးနဲ့ အဆုံးသတ်ရတဲ့ ကြွေးကြော်သံ
တွေကတော့ ပေါချင်းသောချင်းပေါ့ ။
ဒါနဲ့ပဲ ကျနော်တို့လို နယ်ကလူတွေအဖို့မှာတော့ တာဝန်အရေးတစ်ပါးအနေနဲ့ “သောင်းကျန်းသူ
ဆန့်ကျင်ရေး အခမ်းအနား” တွေ ၊ ဝါးချွန် တုတ်ချွန်တွေကိုင်ပြီး သောင်းကျန်းသူဆန့်ကျင်ရေး လှုပ်
ရှားမှုတွေဆိုပြီး ပါတီ ကောင်စီလူကြီးတွေလာမယ့်လမ်းမှာ တန်းစီစောင့်ခိုင်းတာ ၊ ကားဖြတ်လာရင်
တို့အရေးတွေ အော်ပြရတာတို့ကတော့ လုပ်ရိုးလုပ်စဉ် ဖြစ်နေပါတယ် ။ အာဏာပိုင်တွေကိုကြောက်
တော့ အလုပ်ပျက်ခံပြီး လုပ်ကြရတာပါပဲ ။ ဒါပေမယ့် ဘယ်လက်နက်ကိုင်ပုန်ကန်တဲ့အဖွဲ့ကမှ နှောင့်
ယှက်တာမျိုး မရှိခဲ့လို့ပဲ တော်ပါတော့တယ် ။ ဝါးချွန် တုတ်ချွန်တွေနဲ့လူတွေက ဘာများလုပ်နိုင်မှာမို့
တုန်း ။
ဒီအထဲမှာ မျပေရွာနဲ့အနီးတစ်ဝိုက်က ပအို့ဝ်းရွာတွေလည်း စက်ကွင်းဘယ်လွတ်ပါလိမ့်မလဲ ။
တစ်ရက်မှာတော့ ညွှန်ကြားချက်အရ တစ်အိမ်တစ်ယောက် လမ်းဘေးမှာ တုတ်ချွန် ဝါးချွန်တွေနဲ့
မနက်စောစော သွားစောင့်ကြရပါတော့တယ် ။ လူပေါင်း ၃-၄၀၀ လောက်ထဲက အမေနဲ့နှစ်ယောက်
ထဲနေတဲ့ ကလန်ကလား ပအို့ဝ်းအမျိုးသမီးကြီးလည်း ပါတာပေါ့ ။
မနက် ၇ နာရီလောက်ကတည်းက စောင့်ခိုင်းထားတဲ့စောင့်ဆိုင်းချက်ဟာ ၈ နာရီလည်း လူကြီးမလာ ၊
၉ နာရီလည်း ဘာမှမမြင် ၊ ၁၀ နာရီလည်း ဘယ်သူမှပေါ်မလာကြသေးပါဘူး ။ မနက်စာလည်း မစား
ရသေး ၊ ဘယ်မှလည်း သွားခွင့်မရတဲ့ ရွာသူရွာသားတွေမှာတော့ ထိုင်သူထိုင် ထသူထနဲ့ ကားလမ်း
ဘေးတစ်လျှောက် တစ်ဖက်တစ်ချက်မှာ တစ်ယောက်တန်းစီပြီး ဇွဲကောင်းကောင်းမကောင်းကောင်း
ဆက်စောင့်နေကြရပါတော့တယ် ။
၁၁ နာရီထိုးကာနီးလောက်မှာပေါ့ ၊
ကျနော်တို့ရဲ့ဇာတ်လိုက် ကလန်ကလားမမကြီးဟာ ရုတ်တရက်ထပြီး လမ်းဘေးကိုတဟုန်ထိုးပြေး
ထွက်သွားခဲ့ပါတယ် ။ လူအတော်များများက တွေ့လိုက်ကြတာမို့ ဘာများဖြစ်တာပါလိမ့်ဆိုပြီး လိုက်
ကြည့်ကြပါတယ် ။ တကယ့်ကို မထိတ်သာ မလန့်သာကြီးပါ ။
မီတာ ၅၀ လောက်ပြေးပြီးနောက် လမ်းဘေးကခြုံတွေကို လွန်သွားလို့တစ်စက္ကန့်လောက်မကြာခင်
မှာပဲ အင်မတန်ကျယ်လောင်တဲ့ အသံတစ်သံကို လူတွေအားလုံးနီးပါး ကြားလိုက်ကြရပါတော့တယ် ။
“လျှော ........ ” ၊
ကောင်းရော ... ၊
ဘယ်ကတည်းက အောင့်ထားမှန်းမသိရတဲ့ အပေါ့အပါးကို ၊ ထိန်းချုပ်နိုင်စွမ်း မရှိတဲ့အဆုံးမှာတော့
ရုပ်ပျက်ဆင်းပျက်ကိုပြေးပြီး ခြုံကွယ်မှာလွှတ်ထုတ်ရာမှာ လမ်းဘေးမှာရောက်နေကြသူ အားလုံးလိုလို
ကြားလောက်အောင်ကို ကျယ်လောင်တဲ့အသံထွက်လာစေခဲ့တာမို့ လူတွေဟာ ပထမတော့ ပါးစပ်ဟ
သွားမိကြပြီး ရယ်လိုက်ကြရာမှာ မကြာခင်ဖြတ်လာတဲ့ လူကြီးတွေရဲ့ကား လွန်သွားတာတောင်မှ မရပ်
မိကြတော့ပါဘူ ။ ခုထက်ထိလည်း လူတွေပြောပြောပြီး ရယ်စရာတစ်ခုအဖြစ်နဲ့ မှတ်မှတ်ရရကျန်ရစ်တဲ့
အဖြစ်လေးတစ်ခုပေါ့ဗျာ ။
=============================
လမ်းဘေးမှာရှိတဲ့ မူလတန်းကျောင်းကလေးမှာဖြစ်ပါတယ် ။
မြို့က ပါတီ ကောင်စီနဲ့ အရာရှိတွေ စုံစုံညီညီရောက်နေကြပါတယ် ။
ရွာသားတွေကော ရွာလူကြီးတွေကော စုံသလောက် ရှိနေကြပါပြီ ။
အခမ်းအနားတစ်ခုလုပ်မှာဖြစ်ပြီး ၊ အဲဒီအခမ်းအနားကတော့ မ.ဆ.လ ခေတ်ရဲ့ထုတ်ကုန် “သောင်းကျန်းသူ ဆန့်ကျင်ရေး အခမ်းအနား” ပဲဖြစ်ပါတယ် ။
ရွာရဲ့အမည်ကတော့ “ခလောက်နို့” ပါ ။
မြို့ကလူကြီးတွေထဲကတစ်ယောက်က မနေနိုင်တော့လို့ ရွာသူကြီးကို မေးလိုက်ပါတယ် ။
အရာရှိ - ဥက္ကဋ္ဌ ၊ ဘယ်လိုလည်း ခင်ဗျားတို့ရွာသားတွေ တစ်ယောက်မှလည်း ညွှန်ကြားထားတဲ့
အတိုင်း ဝါးချွန် တုတ်ချွန်တွေ မပါကြပါလား ။ အသေအချာ မစီစဉ်ထားဘူးလား ။
သူကြီး - စိတ်ချဆရာ ငါ “ကျော်ခီ့”တို့ကို အသေအချာမှာထားပြီးသား ၊ မကြာခင် သူတို့တတွေ
တစ်ရွာလုံးအတွက် ယူလာကြမယ် ၊ စိတ်မပူနဲ့ ။
အရာရှိ - သေချာရဲ့လား ၊ အခမ်းအနားက စတော့မယ် ။
သူကြီး - ငါတကယ်ပြောတာပါ ၊ သူတို့လှည်းနဲ့ သယ်လာကြမှာပါ ။
ရွာသူကြီးစကားက မှန်ပါတယ် ၊ မကြာခင်မှာဘဲ “ကျော်ခီ့” နဲ့အဖွဲ့ လှည်းကြီးပေါ်မှာ တစ်ရွာလုံးစာ
ကို တင်ဆောင်ပြီးတော့ ကျောင်းဝင်းထဲကို ဝင်လာခဲ့ပါတော့တယ် ။
ဒါပေမယ့် ... ဒါပေမယ့်ပေါ့ ခင်ဗျာ .....
အရာရှိနဲ့အတူ ဝင်လာတဲ့လှည်းကို မြင်လိုက်ကြရသူ မြို့မှလူကြီးအပေါင်းရဲ့နှုတ်က အာမေဍိတ်သံတွေ
တပြိုင်ထဲထွက်သွားကြပါတယ် .... ဟိုက် ရော .....
ဖြစ်လည်းဖြစ်စရာပါပဲ ၊
လှည်းပေါ်မှာပါလာခဲ့တာကတော့ အားအကောင်းဆုံး နွားနှစ်ကောင်နဲ့ ဆွဲလာရပြီး သစ်လုံးကြီး တစ်လုံးလုံးကိုချွန်ထားတဲ့ တစ်ရွာလုံးစာ တုတ်ချွန်ကြီးဖြစ်နေလို့ပါပဲ ။
မန်းကိုကို
၁၃ ၊ ၀၆ ၊ ၂၀၁၁
( မှတ်ချက် ... ကျော်ခီ့ = မောင်ကျား ၊ ကိုကျား )
ခလောက်နို့ ကတော့ နာမယ် ကျော်မယ်ဆိုလဲ ကျော်သင့်ပါတယ်လေ။ :)
ReplyDeleteဒါနဲ့ ပဒို..ဆဒ္ဒန်ဂူ စာလုံးပေါင်း တချက်စစ်လိုက်ပါဦး။
Selamat petang Datuk ...
ReplyDeleteစာလုံးပေါင်းထောက်ပေးတာ ကျေးဇူးပါ ၊ ဘားအံသူ ဘားအံသားတွေက ခေါင်းမာတယ် ၊ အဲဒီစာလုံးကို အဲဒီလိုပဲ ပေါင်းကြတယ် :-)
ခလောက်နို့က နာမည်ကျော်ပေမယ့် အမှန်မှာတော့ ရိုးရိုးသားသား ဆင်းရဲတဲ့ ရွာကလေး ငါးရွာကို ပေါင်းထားတာပါ ။ မြေးတွေကို ရိုက်နှက်ဆုံးမတာမျိုး မလုပ်ပဲ ပုံပြင်ကလေးတွေနဲ့ ဆုံးမတတ်တဲ့ ဦးပန်းမွှေးဆိုသူကြောင့် လူသိ လူပြောများလာခဲ့ရတာပါပဲ ။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ဖက်ကလည်း စိတ်ကူးကြွယ်တဲ့သူတစ်ဦး ပေါ်ခဲ့ဖူးတာမို့ ဝမ်းသာဂုဏ်ယူ ရမှာပေါ့လေ ။
ကိုမန်းကိုကို ပို့စ်ပိုပြီး ပြည့်စုံသွားအောင် ဒီလို သောင်းကျန်းသူဆန့်ကျင်ရေး အခမ်းအနားတွေမှာ အော်ရတဲ့ ကြွေးကြော်သံတွေ ဖြည့်ပေးလိုက်မယ်။
ReplyDeleteတိုင်းရင်းသား စည်းလုံးညီညွတ်ရေး (ဒို့အရေး)၂
စီးပွားရေးစီမံကိန်း အောင်မြင်ရေး (ဒို့အရေး)၂
အဖျက်သမားချေမှုန်းရေး (ဒို့အရေး)၂
ဆိုရှယ်လစ် ခေတ်ပြောင်း တော်လှန်ရေး (အောင်ရမည်)၂ (သို့မဟုတ် တခါတလေကျတော့ )
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် (အောင်ရမည်)၂
အောင်ရမည်အတွက် တခါတလေ ကွဲပေမဲ့ အပေါ်က ဒို့အရေးသုံးခုက အခမ်းအနားတိုင်း နေ့ကြီးရက်ကြီးတိုင်းမှာ အတူတူပါပဲ။ လူမှန်းသိတတ်စအရွယ်ကနေ ၈၈ July အထိ ကြက်တူရွေးစာကျက်သလို အော်လာတဲ့ ကြွေးကြော်သံတွေပါ။
ခုလို အမှတ်ရအောင် ပြန်လာနွှေးပေးတာ ကျေးဇူးတင်ပါတယ် ။
ReplyDeleteကျနော်ကတော့ မေ့များတောင် မေ့နေပါပြီ ။
ရှေ့ဆောင်လူငယ် ၊ လမ်းစဉ်လူငယ် ၊ ကြက်ခြေနီနဲ့ ဘင်ခရာအဖွဲ့တွေမှာ ပါခဲ့ဘူးပေမယ့် တကယ်တန်း စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း မရှိခဲ့လေတော့ ၊ ၈၈ မှာ အိပ်မက်ကလန့်နိုးပြီး မငယ်နိုင်ပြောခဲ့တဲ့ ကြွေးကြော်သံနဲ့ ဆောင်ပုဒ်တွေဟာလည်း လေထဲမှာ လွင့်ပျောက်သွားခဲ့တာပါပဲ ။
လက်ရှိ တို့တာဝန်အရေးသုံးပါး အပါအဝင် ၊ ဆောင်ပုဒ်တွေ ၊ ရိုက်သွင်းချက်တွေဟာလည်း တစ်ချိန်မှာ မ.ဆ.လ ခေတ်လိုပဲ အတွေးတိမ်တိမ်ထဲမှာပဲ ကျန်ရစ်ပျောက်ကွယ်သွားကြမယ်လို့ ယုံကြည်ပါတယ် ။ ဒီစကားမျိုးကို လက်ခံရခက်မယ့် သူတွေလည်း အများကြီး ရှိကြမှာပါပဲ ။ သမိုင်းက အဆုံးအဖြတ်ပေးတဲ့ အခါကျမှသာ စိတ်ပါပါ မပါပါ လက်ခံလာကြ ပါလိမ့်မယ် ။
လောလောဆယ်တော့ ကိုယ်လုပ်စရာရှိတာလုပ်ရင်း အတိတ်က ပုံရိပ်တချို့ကို လူငယ်တွေကို လက်ဆင့်ကမ်း ၊ လူကြီးတွေနဲ့ ဖလှယ်ရာက တခါတရံ ပျော်ပျော်ရွှင်ရွှင်လေး ဖြစ်ရအောင် ဘလော့မှာ မှတ်တမ်းတင်ထား လိုက်တာပါ ။
လျှော ဆိုတော့ မြွေများတွေ့သွားတာလားလို့ ပြီးမှပြန်စဉ်းစားယူရတယ်...
ReplyDeleteလူ ၃-၄၀၀ လောက်ကြားအောင် သွားနိုင်တဲ့မြွေဆိုရင်တော့ မြွေနဂါးပဲ ဖြစ်နိုင်တော့မယ်ထင်ပါတယ် ဆရာရယ် ... :-)
ReplyDeleteကိုဟန်ကြည်ရဲ့ ဘလော့ကိုရောက်ပြီး နိုင်ငံရေးနဲ့ပတ်သက်တဲ့ သဘောထားကို ဖတ်မိပါတယ် ။ တစ်ကိုယ်စာနဲ့ ကြုံတွေ့ရတဲ့ ဘဝနဲ့ ပတ်ဝန်းကျင်အခြေအနေအရ တွေးမြင်မိတာတွေဟာ မမှားတော့ မမှားပါဘူးလို့ ဆိုရမှာပါ ။
တစ်ဖက်မှာလည်း နိုင်ငံရေးဆိုတာ ဘာလဲဆိုတာကို ရေးခဲ့ကြသူလည်း အများကြီးရှိခဲ့ပါပြီ ၊ ကျနော်လည်း မကြာမတင်မှာ နိုင်ငံရေးမိတ်ဆက် ပို့စ်အချို့ကို ကြိုးစားပြီး (ဘာသာပြန်) ရေးသွားပါဦးမယ် ။ မျက်စိမှိတ် ယုံစရာမလိုပေမယ့် ကမ္ဘာပေါ်မှာ ကျောင်းကြီးကျောင်းငယ်တွေနဲ့ (အလုပ်ရှုပ်ခံပြီး) သင်ကြားပို့ချနေကြတဲ့ နိုင်ငံရေးအပါအဝင် လူမှုသိပ္ပံဆိုင်ရာ အမြင်နဲ့ အတွေးအခေါ်တွေကို မြည်းစမ်းကြည့်မိတဲ့ အခါမှာတော့ ၊ အမြင်အတွေး အသစ်တွေ ဝင်လာကောင်း ဝင်လာမယ်လို့ ထင်ပါတယ် ။