စီးပွားရေးအကြောင်းလေးတွေ သိသလောက် ပြောကြည့်ချင်တယ် ။
စီးပွားရေးလို့ စပြောလိုက်တာနဲ့ အခက်အခဲတစ်ခုဖြစ်လာတယ် ။ ပြောချင်တဲ့အကြောင်းက
economy ပါ ၊ ဒါပေမယ့် business ကလည်း စီးပွားရေးလုပ်ငန်း ၊ ကုန်သွယ်မှုလို့ အဓိပ္ပါယ် ဆိုထား
ပေမယ့် သာမန်အရပ်စကားနဲ့ကတော့ စီးပွားရေးလို့ပဲ အဓိပ္ပါယ်ထွက်နေတာမို့ တူသလိုဖြစ်နေလို့ပါ ။
ရည်ညွှန်းချင်တာက ဗမာစကားမှာ စကားလုံးတွေ လိုအပ်သလောက် မကြွယ်သေးတာကိုပါ ။
ဗမာစာသည် ဒို့စာ ၊ ဗမာစကားသည် ဒို့စကားဆိုပြီး မျက်ကန်းမျိုးချစ်တွေ လုပ်ခဲ့ကြရာက ကိုယ့်စာကို
တော့ဖြင့် ဖွံ့ဖြိုးတိုးတက် ကျယ်ပြန့်အောင် မလုပ်ခဲ့ကြလို့ ၊ မျက်စိစုံမှိတ်ပြီး နိုင်ငံတည်မြဲရေး ၊ ရထား
တဲ့အာဏာနဲ့ နယ်မြေတွေ မဆုံးရှူံးရေးတို့ကို အာရုံစိုက်ခဲ့တာကြောင့် လူမှုရေး ၊ စီးပွားရေး ၊ နိုင်ငံရေး
တွေ အားလုံးချွတ်ချုံကျပြီး နောက်ဆုံးမှာတော့ အချို့လူတွေ သိပ်ကိုလိုလားတောင့်တနေကြတဲ့ စစ်
ရေးမှာပါ လာပြီးထိခိုက်တဲ့အခါကျ ၊ ဟိုဟိုဒီဒီ မဲရ ပုံချနေကြရတာတောင် မမှတ်ကြသေးတော့လည်း
ရေရှည်ခက်ကြဦးမှာတော့ သေချာပါတယ် ။ (တိုင်းရင်းသားတွေ အပါအဝင် အားလုံးကိုပြောတာ
နော်) ။ အိန္ဒိယတွေတောင်မှ သူတို့ဘာသာစကားမှာ စကားလုံးတွေ ပြည့်ပြည့်စုံစုံရှိလို့ သူများတွေ
ဆီက ယူငင်မွေးစားစရာမလိုဘူးလို့ ကြွားသွားတာ တွေ့လိုက်ရဖူးပါတယ် ။
ပြောရင်းနဲ့ အဝေးကြီးရောက်ကုန်ပြီ ၊ လိုရင်းကတော့ အားလုံးဟာ ဆက်စပ်နေကြတယ်လို့ ပြောရ
မှာပါပဲ ။ ကံ ကံ၏အကျိုးဆိုတာ ပါးစပ်ကပဲရွတ်ကြပြီး ၊ လက်တွေ့လိုက်မလုပ်ကြတော့ ဒုံရင်းဒုံရင်းနဲ့
ပတ်ပြေးနေရတာကိုပဲ အဟုတ်မှတ်လာကြတော့တယ် ။ အတတ်နဲ့ ပညာတွေကို ရယူ ဝေဌ အသုံးချ
ဖို့ပျက်ကွက်လာကြတယ် ။ နိုင်ငံရေး ၊ လူမှုရေးပညာတွေထွန်းကားပြီး အတွေးအခေါ်တွေ ရှိလာ ၊ မြင့်
မားလာမှ အပေါ်ကပြောတဲ့ ဘာသာစကားဆိုတာလည်း မြင့်မားလာနိုင်မယ် ။ ဒါကို အရှိန်အဟုန်မြင့်
စေတာ ၊ အားပေးတာကလည်း ဗိုက်တင်းဖို့ ၊ “မန်မန်”(ထ္မင်း) စားနိုင်ဖို့ ဖန်တီးပေးတဲ့ စီးပွားရေးပဲ ။
ဒီစီးပွားရေး မတိုးတက် မအောင်မြင်တာကိုလည်း စီးပွားရေးပိတ်ဆို့လို့ ဖြစ်ရတာပါလို့ အားမနာ
လျှာမကျိုး ပြောသူတွေလည်း ရှိပြန်တော့ စိတ်တော့အတော်မောမိပါတယ် ။ အနီးဆုံးတစ်ချက်က
လူတွေအတွက် စီးပွားလုပ်ငန်းတွေလုပ်ကိုင်ဖို့ အခွင့်အလမ်းမရှိတာ ၊ ဘာအာမခံချက်မှ မရှိတာတွေ
ဟာ အရေးပါပါတယ် ။ မြန်မာပြည်မှာ စီးပွားရေးနဲ့ပတ်သက်လို့ လူလတ်တန်းစားရာခိုင်နှုန်း အင်မ
တန်နည်းတာကို လူကြီးသူမနဲ့ သတိထားကြည့်မိသူတွေ ရှိမှာပါ ။ ဒီအခြေအနေမျိုးဟာလည်း လက်
ရှိစစ်ခေါင်းဆောင်တွေ မဖြစ်စေချင်တဲ့ တော်လှန်ရေး ၊ လူထုအုံကြွမှု ၊ ဆူပူမှု စသည်ဖြင့် ဘယ်လို
နာမည်တပ်ခေါ်ခေါ် ခေါ်ချင်တဲ့အရာတွေကို ဖြစ်လာအောင် အားပေးပါတယ် ။ ဖြစ်လည်း မဖြစ်သင့်
တဲ့ အနေအထားပါ ။
ဒါကြောင့်လည်း မြင်သာတဲ့ ၊ အများအကျိုးကို ပိုဖြစ်စေတဲ့ ၊ တာဝန်ယူမှုရှိတဲ့ ဒီမိုကရေစီစနစ်ကို
လူအများက မျှော်မှန်းကြတာလည်း သဘာဝပါပဲ ။ (လက်ရှိ လိမ်စင်ကြီးမျိုးတော့ မဟုတ်ဘူးပေါ့) ။
အနောက်နိုင်ငံအများစု ကျင့်သုံးနေကြတဲ့ ဒီမိုကရေစီစနစ်နဲ့ လစ်ဘရယ်စီးပွားရေးဝါဒတွေဟာ
လည်း ကိုယ်ပိုင်အကျိုးကို အာရုံထားတာများလွန်းတဲ့အခါ ၊ လောဘအတောမသတ်နိုင်တဲ့ လူအချို့
နဲ့ ပေါင်းစပ်လိုက်မိတဲ့အခါမျိုးတွေမှာ ပြဿနာရှိလာတတ်ပြန်ပါတယ် ။ (ဒါကို လက်ညှိုးထိုးပြီး ဒီမို
ကရေစီနဲ့ ဒီစနစ်ကို လိုလားတပ်မက်သူတွေဟာ မကောင်းပါဘူးလို့ ဇွတ်ပြောတဲ့သူတွေကိုတော့
ရူးနေတယ်လို့ လိုရင်းပဲ ပြောပါရစေ) ။ ဒီစနစ်တွေထက်ကောင်းတဲ့ စနစ်မျိုးတွေ မဖန်တီးနိုင်မချင်း
ကတော့ ဒီလိုပဲ သွားနေကြရမှာပါပဲ ။ အစွန်းထွက်လာမယ့် လောဘ မောဟတွေကို ထိန်းကျောင်း
ညှိနှိုင်းပေးနိုင်ဖို့ပဲ လိုပါတယ် ။
အနောက်နိုင်ငံတွေထဲက ခုဖြစ်နေတာတွေကိုကြည့်ရင် လက်ရှိ ဂရိနိုင်ငံသတင်းတွေကို တွေ့ကြ
မှာပါ ။ ဥရောပသမဂ္ဂအဖွဲ့ထဲမှာ P.I.G.S “ဝက်များအုပ်စု” လို့အခေါ်ခံရတဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ
အပါအဝင်ပေါ့ ။ (P = Portugal, I = Italy, G = Greek, S = Spain) ။ ကံဆိုးထောက်မစွာပဲ
ဂရိက အဆိုးဆုံးအခြေအနေမှာလောက်ကို ရောက်နေပါတယ် ။ အခြားနိုင်ငံတွေက ငွေအကြီးအကျယ်
ချေးဌားပြီး စီးပွားရေးဦးမော့အောင် လုပ်မယ်ဆိုကာမှ ဆန္ဒပြနေကြပြန်ပါတယ် ။ ဒုတိယကမ္ဘာစစ်
အတွင်းက လူတွေရှေ့တန်းမှာ အသေခံတိုက်နေကြချိန်မှာ အနောက်က အလုပ်သမားသမဂ္ဂတွေက
သပိတ်မှောက်နေကြသလို ပုံမကျပန်းမကျအဖြစ်မျိုးကို ပြေးပြီးသတိရမိပါတယ် ။
နားလည်သိထားရတာတွေအတိုင်းဆိုရင် ဥရောပဟာ အလုပ်သမားအခွင့်အရေးကို အပြည့်အဝ
တောင်မကပဲ အပြည့်အလျှံလို့ ပြောရလောက်အောင် လုပ်ပေးထားတဲ့ ဒေသလို့ ဆိုပါတယ် ။ မကြာ
မတင်မှာတော့ ဂရိတစ်နိုင်ငံထဲတင် မကပါဘူး ၊ ဥရောပတစ်ခုလုံးမှာ ရုပ်ပိုင်းစိတ်ပိုင်း နာကျင်မယ့်
ပြုပြင်မှုတွေကတော့ လွဲရှောင်လို့မရနိုင်တော့တာ သေချာပါတယ် ။ (ကိုယ့်ဆီမှာ လူသားတစ်ယောက်
ရသင့်တဲ့ အခွင့်အရေးကိုတောင် အဆန်းလုပ်ပြောနေရပြီး သူများမှာတော့ အခွင့်အရေး အပြည့်မရလို့
ဆူပူဆန္ဒပြနေကြတာ မနာလိုဖြစ်တတ်ရင် ဖြစ်ချင်စရာပဲ) ။
ဂရိဟာ (ကုန်) သင်္ဘောလုပ်ငန်းတွေမှာ နာမည်ရှိသူတွေပါ ။ ဒါပေမယ့် အရင်တစ်ခါ ကျနော်
ကိုဝတုတ်ဘလော့မှာ သွားပြောမိသလိုပဲ ၊ အရင်လူတွေ အပြည့်အဝခူးခပ်စားသွားကြတာ အရှိန်လွန်
အချိန်လွန်သွားခဲ့ပါပြီ ။ ခုလို အခက်အခဲကြုံ အနှုတ်လက္ခဏာဖြစ်လာနေချိန်မှာမှ အရင်လူတွေ ရွှေ
ထီးဆောင်းခဲ့ရတဲ့ခေတ်ကို ပြန်တမ်းတပြီး ဆန္ဒပြ ၊ ခွာရာသွားတိုင်းတဲ့အခါကျတော့ ပြဿနာတက်
တော့တာပါပဲ ။ အသူရာချောက်ထဲကို လက်ချင်းချိတ်ပြီး ခုန်ဆင်းတာနဲ့ပဲ တူပါတော့မယ် ။
ဒီလိုတွေပြောလို့ ရှုပ်ကောင်းရှုပ်သွားပါလိမ့်မယ် ။ အကြောင်းရှိပါတယ် ။ ဂရိအပါအဝင် ဥရောပ
နိုင်ငံအများစုဟာ တိုးတက်ပြီးနိုင်ငံစာရင်းဝင်တွေပါ ။ ဒီနိုင်ငံတွေရဲ့ စီးပွားရေးသရုပ်သကန်က ကုန်
ထုတ်လုပ်မှုကို အခြေမခံတော့ပါဘူး ။ သယံဇာတတွေလည်း မရှိတာကြောင့် လူသားအရင်း အမြစ်နဲ့
ပညာကိုအခြေခံတဲ့ R & D (Research and Development) လို့ခေါ်တဲ့ သုတေသနလုပ် ၊ တီထွင် ၊
ဝန်ဆောင်မှုပေး စတာတွေဖက်ကို အာရုံစိုက်လာရပါတယ် ။ (တိုင်းရင်းသားတွေ အပါ အဝင် တတိ
ယနိုင်ငံရောက် မြန်မာပြည်သူပြည်သားတွေ သတိပြုသင့်တဲ့အချက်ပါ ။ အခွင့်အရေးရှိရင် အတတ်
ပညာတစ်ခုခုကို အချိန်ရှိတုန်း အမိအရယူထားကြဘို့ အားပေးချင်ပါတယ်) ။
ဒီနေရာမှာ ခက်တာတစ်ခုက ၊ ဥရောပနိုင်ငံ အားလုံးလိုလို WTO လို ကုန်သွယ်မှုနဲ့ တရားသော
ယှဉ်ပြိုင် စီးပွားလုပ်ကိုင်မှုတွေကို အားပေးတဲ့အဖွဲ့ဝင်နိုင်ငံတွေဖြစ်ပေမယ့် ၊ တကယ်တန်းမှာတော့
ပြိုင်ဆိုင်မှုဆိုတာ နည်းပါးနေသလို လူများစုကလည်း ရွှေထီးဆောင်းခေတ်ထဲမှာ ရှိနေတုန်းလို့ စိတ်
ကူးယဉ်အိပ်မက်နေကြဆဲပါ ။ ဒါကြောင့်လည်း အစိုးရကနေ အသုံးစရိတ်တွေဖြတ်မယ်လုပ်တာနဲ့ ဆူ
ပူကုန်ကြတော့တာပါပဲ ။ (တဖက်မှာလည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ “ကုန်ထုတ်စွမ်းအား” ဟာ စက်မှု
တော်လှန်ရေးနောက်ပိုင်းမှာ တိုးတက်လာတဲ့ပညာတွေနဲ့ ပေါင်းစပ်ပြီး အစွမ်းကုန်ဆွဲဆန့်ထုတ်
ထားရာက ထပ်ပြီးချဲ့ကားလို့ မရတော့တဲ့ အကန့်အသတ်ရှိတာကိုလည်း သတိပြုဖို့ လိုပြန်ပါတယ်) ။
ပြောမယ့်သာပြောရတယ် ၊ တကယ်တန်းမှာ globalization, WTO နဲ့ F.D.I လို့ခေါ်တဲ့ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း အပါအဝင် တစ်ခုစီကို ပို့စ်တွေရေးပြီး ဆက်စပ်ပြမှသာ ကျနော်ဘာ
ကြောင့် ဒီလိုတွေပြောသလဲဆိုတာ ပြည့်ပြည့်စုံစုံ လိပ်ပတ်လည်မှာပါ ။ တခါ ဒါတွေရေးပြ ပြောပြနိုင်
လို့ အားလုံးကိုသိတယ် ၊ နားလည်တယ် ၊ မှန်တယ်လို့ အဓိပ္ပါယ်မထွက်ပြန်ဘူးဗျ ။ မြင်တာ ထင်တာ
တွေကို ရောနှောပြီးပြောနေတာ ။ ဒီလောက်ပြောရင် လာဖတ် သူတွေကို စိတ်ရှုပ်အောင် ၊ လာဖတ်
မိတာ အချိန်ကုန်ရုံပဲလို့ထင်အောင် အောင်အောင်မြင်မြင် တင်ပြနိုင်ပြီ ထင်ပါရဲ့ .....
အဲ .. မတော်သေးဘူးဗျ ၊ မြန်မာပြည်အကြောင်း ကျန်သေးတယ် ။
အတိုချုပ်မယ်နော် ၊ နှစ်ခုမြင်တယ် ။
(၁) ဒေါ်လာဈေး
(၂) ကချင်မှာ သေနတ်ပေါက်တာ ။
ဒေါ်လာဈေးဆိုပေမယ့် မြန်မာငွေမာနေတဲ့ကိစ္စလို့ ပြောလို့ရမယ် ။
# ဒေါက်တာလှိုင်မြင့်ရေးထားသလို မြန်မာပြည်က စစ်ဗိုလ်ချုပ်တွေနဲ့ အခြားစီးပွားမတရားဖြစ်နေ
ခဲ့သူတွေ နိုင်ငံခြားကို ငွေတွေထုတ်သွားတယ်ဆိုတာမျိုးက ဖြစ်နိုင်တယ်လို့ ယူဆမိတယ် ။ ပထမ
တစ်ချက် - အတွေ့အကြုံအရ မြန်မာပြည်က ဥပမာ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေ ပြည်ပထွက်
ပြီး သိန်းထောင်ချီတန်တဲ့ ပစ္စည်းဝယ်ထွက်ပြီဆိုရင် မြန်မာငွေလည်ပတ်မှုတန့်သွားပြီး မြန်မာငွေဈေး
တက်လာတတ်တယ် ။ နောက်တစ်ခုက ရိုးရိုးအမြင်နဲ့ပဲကြည့်ရင် မြန်မာပြည်မှာ ဘာမှ မည်မည်ရရ
တိုးတက်မှု ၊ ယုံကြည်ရမှုတွေ ရှိမလာပဲနဲ့ ငွေကြေး ဖောင်းပွမှု တန့်သွားတာဟာ သွေးရိုးသားရိုးလို့
သဘောထားလို့ မရပါဘူး ။ (အတိုအထွာ သိထား တာတွေကိုတော့ မရေးတော့ပါဘူး) ။
# သေနတ်ပေါက်တာနဲ့ ပတ်သက်လို့ကတော့ မြန်မာပြည်စစ်တပ်ထဲမှာ အချင်းချင်း မကြေလည်မှု
တွေရှိသလို လက်ရှိအရပ်ဝတ်အတုနဲ့ အစစ်ရောထားတဲ့ အစိုးရသစ်ဆိုတာနဲ့တစ်ဖက် လွန်ဆွဲမှုတွေ ၊
အာရုံလွဲဖို့ လိုအပ်နေတာတွေ ၊ ဗိုလ်ချုပ်သိန်းစိန် တရုတ်သွားပြီး မကြာခင်ဒီကိစ္စ ဖြစ်လာတာတွေ ၊
ဒေါ်အောင်ဆန်းစုကြည် မကြာခင်နယ်ထွက်မယ့်ကိစ္စတွေကို ထည့်တွက်ရမှာဖြစ်ပါတယ် ။ ကစား
ကွက်တစ်ကွက်ဖြစ်ပေမယ့် အောက်ကလူတွေကတော့ အသေခံ ၊ အခက်အခဲတွေကို ယာယီအာရုံ
ပြောင်းနိုင်တဲ့အမြတ်ရ ၊ တရုတ်နဲ့ ညှိနှိုင်းပြီးအမြတ်ထုတ်ဖို့ ကြိုးစားမှာတွေကတော့ သေချာသလောက်
ပါပဲ ။
မန်းကိုကို
၁၇ ၊ ၀၆ ၊ ၂၀၁၁
မှတ်ချက် - စီးပွားရေးအကြောင်းကို တောင်တစ်လုံး မြောက်တစ်လုံးလေ့လာရင်း ဘယ်က စရေးရ
မှန်းမသိလို့ ရေးချင်ရာရေးလိုက်တယ်ဗျာ ၊ တစ်ဖက်ကလည်း “Critical Thinking မိတ်
ဆက် အပိုင်း (၃)” ရေးရင်း အိပ်ငိုက်လွန်းလို့ ဒီပို့စ်ကို ရေးထုတ်လိုက်တာပါ ။ ဘယ်လိုပဲ
ဖြစ်ဖြစ် စိတ်ထဲတော့ နည်းနည်းပေါ့သွားပါတယ် ။ ကိုယ့်ဘာသာစိတ်ချမ်းသာအောင်လုပ်
တာကို ဒုက္ခခံလာဖတ်ကြလို့ မေတ္တာတွေကို ခံယူဖို့လည်းအသင့်ပါခင်ဗျာ ....
ဖြစ်နိုင်တယ်။ ဖြစ်နိုင်တယ်။ ဒါကြောင့် မြန်မာငွေ ခိုင်နေတာ ဖြစ်မယ်။ (ဘာမှ မသိဘဲ ၀င်ရောက် ထောက်ခံသွားပါကြောင်း)။း)))
ReplyDeleteခြုံကြည့်လိုက်တော့လဲ နွေးသားဘဲ.. အဲလေ.. ဖတ်လို့ကောင်းသားဘဲ။ ဗဟုသုတတွေ လက်လှန်းမီသလောက် ယူသွားပါတယ်။
ခင်မင်လျက်
ဆရာမန်းရေ။။။ ကျွန်တော် ဆရာ့စာတွေကို တစ်ခေါက်တည်းဖတ်ယုံနဲ့ သေသေချာချာ သဘောမပေါက်နိုင်ဘူးဗျာ ခဏခဏပြန်ပြန်ဖတ်နေရတဲ့စာတွေအတွက် ကျေးဇူးဗျာ။ ဆရာ့ကိုလည်း လေးစားစွာ အားပေးလျှက်ပါ။
ReplyDeleteကိုစိုးမိုးရေ ၊
ReplyDeleteဒီဘလော့က စာတွေကို တစ်ခေါက်ဖတ်ရုံနဲ့ နားမလည်နိုင်တာ အင်မတန် သဘာဝကျတဲ့ကိစ္စပါ ။
ကျနော်ကိုယ်တိုင် ပြန်ဖတ်ရင်းတောင် ခေါင်းမူးပါတယ် :-)
အကြောင်းရင်း အနည်းဆုံး နှစ်မျိုးရှိနိုင်ပါတယ် ။
- ပထမတစ်ချက်က ရေးချင်တာတွေ စုပြုံနေတတ်ပေမယ့် ၊ အချိန်မရှိဘူးလို့ ခံစားရပြီး အလောသုံးဆယ် ရေးထုတ်တတ်တာပါ ။ ကမောက်ကမ အစီအစဉ်မကျ စာတွေကြောင့် စာအစဉ်နဲ့ စီးမျောနေသလို မဟုတ်ပဲ ၊ ဘောင်ဘင်ခတ်တဲ့ လှိုင်းကြက်ခွပ်တွေပေါ် သစ်ရွက်တစ်ရွက် သွားချထားမိသလို ခံစားရနိုင်ပါတယ် ။
- နောက်တစ်ချက်က စကားကို ဟာကွက်မရှိအောင်ဆိုပြီး ၊ အဓိပ္ပါယ်တူတဲ့ ဆင်တဲ့ စကားလုံးတွေကို စုပြုံ တွဲထည့်တတ်တဲ့ အကျင့်ကြောင့်ပါ ။ အထူးသဖြင့် လူငယ်တွေအဖို့ ပြန်ပက်စရာ သိပ်ရှာမတွေ့အောင် ဖြစ်နေတတ်ပေမယ့် ၊ အင်မတန် စာလေးတတ်တဲ့ အကျင့်အလေ့တစ်ခုပါ ။
အားပေးတဲ့အတွက်တော့ ကျေးဇူးတင်ပါတယ် ။
လိုနေတာ ၊ ချော်နေတာ ၊ လွဲနေတာ ၊ လက်မခံနိုင်စရာတွေကိုလည်း ပွင့်ပွင့်လင်းလင်း ထောက်ပြ ပြောဆိုနိုင်ပါတယ် ။
တစ်ခုပဲရှိတာက “လေးစားစွာ” ဆိုတဲ့ အသုံးအနှုန်းမျိုးကိုတော့ သုံးဘို့စွဲဘို့ အချိန်ယူ စောင့်ကြည့်ပါဦး လို့ ။
sorry ko mahn
ReplyDeleteခုကိုစိုးမိုးက ကိုအောင်ဘလော့မှာ ဆွေးနွေးဘက် ကိုစိုးမိုး ဟုတ်မဟုတ် မသိပါဗျာ ။ သူ့ ဖြေဘို့ အကြွေးကျန်နေတာမို့  ကိုမန်းဆီကဘဲ လင့်ပေးပရစေ
http://thelightoftheworld-tint.blogspot.com/2011/07/to-soemoe.html
ဘာများလဲလို့ လိုက်ကြည့်မိတာ ဓမ္မကထိက စာချတဲ့ဆိုဒ်ကို ရောက်သွားတော့တာကိုးဗျ :-)
ReplyDeleteကောင်းပါတယ် ဆရာတင့်ရယ် ၊ ကိုယ်သန်ရာ နိုင်ရာကို သီးသန့်ဘလော့လုပ်လိုက်တော့ တစုတစည်းထဲ ဖြစ်သွားတာပေါ့ ။ လင့်လဲ တခါထဲ ချိတ်လိုက်ပါ့မယ် ။ ဒါပေမဲ့ သင့်တော်မယ့် လင့်တွေနားမှာ နေရာချမှာမို့ အောက်ဖက်နား ရောက်နေတာတော့ ခွင့်လွတ်ပါဗျာ ။