ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, January 1, 2011

နှစ်အသစ်နဲ့ စိတ်အဟောင်း



     အနောက်တိုင်း (Gregorian) ပြက္ခဒိန်ကို လက်ခံသူတွေ၊ အပျော်အပါး နှစ်သက်သူတွေ၊ ရှည်လျား
တဲ့ တစ်နှစ်တာခရီးအတွက် အပန်းဖြေအနားယူချိန် လိုချင်နေသူတွေ၊ ဘာသာရေးနဲ့ ဓလေ့ထုံးတမ်းတွေ
အရ ယုံကြည်ကျင့်သုံး နေကြသူတွေအတွက်တော့ နှစ်သစ်တစ်နှစ်ဟာ ကြိုဆိုနေပါပြီ။ အနောက်နိုင်ငံမှာ
သန္ဓေတည်ပြီး လူအတော်များများ လက်ခံကျင့်သုံးကြတဲ့ နှစ်သစ်သံန္နိဋ္ဌာန် (New Year Resolution)
တွေလည်း လှိုင်လှိုင်ချနေကြတာမို့ အများနဲ့ဝိုင်းပျော်ရင်း၊ မိတ်ဆွေသင်္ဂဟများရဲ့ သဘောထားလေးတွေ
တီးခေါက်ရင်း တွေးမိတာလေးတွေကို စီကုံးလိုက်ရပြန်သဗျို့။

     အတွေးထဲ တန်းစီပြီးဝင်လာတာကတော့ ပြည်တွင်းပြည်ပက အဖွဲ့အစည်းတွေ၊ တော်လှန်ရေးအဖွဲ့
အစည်းဆိုသူတွေ၊ နအဖ တာဝန်ရှိသူတွေ၊ ဘလော့ဂါတွေ၊ ဒါမှမဟုတ်ရင်လည်း အခြေခံ အကျဆုံး ခင်
ဗျားတို့ ကျနော်တို့တစ်ဦးစီကို ခွဲခြမ်းပြီးမြင်ကြည့်ကြရင်ဖြစ်စေ အားလုံးပေါ့ဗျာ။

     တစ်နှစ်တာ သို့မဟုတ် အချိန်အတိုင်းအတာတစ်ခု သို့မဟုတ် သိတတ်တဲ့အရွယ်ကစပြီး ဖြတ်ခဲ့ပြီး
သမျှ အချိန်တွေမှာ လုပ်ကိုင် တွေ့ကြုံ ဖြတ်သန်းခဲ့ရတာတွေမှာ အလိုမကျတာကြောင့်ဖြစ်ဖြစ်၊ သူများ
ကို အားကျလို့ဖြစ်ဖြစ်၊ လိုအပ်တယ်လို့မြင်ပြီး လုပ်ဖို့ဆုံးဖြတ်တာကြောင့်ဖြစ်ဖြစ် နှစ်သစ်သံန္နိဋ္ဌာန်များ
ယောင်မှားပြီး ချမိကြမယ်ဆိုရင်ဖြင့် ကမ္ဘာ့ကုလသမဂ္ဂသုံးသလို အချို့ကိစ္စရပ်များအတွက် စိုးရိမ်မိပါ
သည် ဆိုတာမျိုးလေးတွေ နည်းနည်းတော့ ပြောပါရစေဗျာ။ စကားလုံးလှလှတွေနဲ့ လူ့ကျင့်ဝတ်ပိုင်းမှာ
အသာစီးနေရာကြိုယူ လူလည်ကျ ပလီပလာလုပ်တယ်လို့ စွပ်စွဲရင်လည်း မှန်သော်ရှိ မမှန်သော်ရှိ စွပ်
စွဲသူများ စိတ်ချမ်းသာစေဖို့ ဟုတ်ပါတယ်လို့ ကြိုဝန်ခံပါရစေ။

     ပြီးဆုံးခဲ့တဲ့ တစ်နှစ်တာအတွင်း ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကိုကြည့်တော့ တစ်ခါတစ်ရံ ဖုန်
ထရုံလောက် လုပ်နိုင်ကိုင်နိုင်ကြပြီး တုန်ခါမြည်ဟီးတဲ့ အကျိုးဖြစ်ထွန်းမှုတွေ ဖြစ်မလာတာ ကြာလှပါပြီ။
လူထု၊ သတင်းနဲ့ စာနယ်ဇင်းတွေကို အကျိုးရှိရှိ အသုံးမချချင်တာလား၊ အခက်အခဲတွေများ ရှိနေသ
လား၊ ဒါမှမဟုတ်လည်း ကံမကောင်းလို့လားတော့ မပြောတတ်ပါ အားမရ တာတော့ အမှန်ပါ။ ဒီတော့
နှစ်သစ်သံန္နိဋ္ဌာန်များ ချမယ်ဆိုရင်ဖြင့် အဲဒါလေးတွေကို ကျော်လွှားနိုင်ကြစေဖို့ရာ မမေ့မိဖို့ ဆုများ
လည်းတောင်းမိပါရဲ့။ ရေးရင်းနဲ့ ဆက်စပ်ပြီး ဒေါ်အောင်ဆန်းစုကြည်အကြောင်း များလည်း တွေးမိသ
ဗျာ။ သူအပြင်ပြန်ရောက်လာတာဟာ အင်မတန် မင်္ဂလာရှိတဲ့ အဖြစ်ပါပဲ။ လစ်လျူရှုသူတွေကလွဲပြီး
ကျန်တဲ့အအများစုသော မြန်မာပြည်သူပြည်သားများရဲ့ ယုံကြည်အားထားရာ မီးရှူးတန်ဆောင်ကြီး
အနေနဲ့ နှစ်သစ်မှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာပြီး အမျိုးသားရင်ကြား စေ့ရေးနဲ့ အခြားလိုအပ်တဲ့နေရာ
တိုင်းမှာ ထိရောက်တဲ့ဦးဆောင်မှုတွေ ပေးနိုင်ပါစေလို့ ဆန္ဒပြုမိပါတယ်။

     ကြိုးစားပမ်းစားနဲ့ ကိုယ့်နယ်မြေ “ခွင်”တွေကို အတော်အသင့် ကာကွယ်နေနိုင်ခဲ့တဲ့ တော်လှန်ရေး
အဖွဲ့အစည်းများမှာလည်း နိုင်ငံရေးအမြတ်ထုတ်နိုင်ခဲ့တဲ့ ဒီကေဘီအေခွဲထွက်အဖွဲ့နဲ့ အခြားချွင်းချက်
အချို့ကလွဲရင် ထူးထူးခြားခြား တိုးတက်ပြောင်းလဲလာတာတွေ မြင်ရလောက်တဲ့ လုပ်ကိုင်မှုတွေလည်း
မမြင်ရတာ ကြာကြာလှပေါ့။ ကိုယ့်ပြည်သူတွေအတွက် ဘာတွေများ လုပ်ပေးဖို့အစီအစဉ်တွေ ရှိသလဲ
ဆိုတဲ့ မေးခွန်းမျိုးကိုတော့ လူကြီးသူမများရဲ့ အမျှော်အမြင်ကြီးလှတဲ့ အမှာစကားတွေအရ မမေးရဲပေ
မယ့် ထိုင်းနိုင်ငံမှာရောက်နေကြတဲ့ လူဦးရေတစ်သန်းထက်မနည်းတဲ့ တိုင်းရင်းသားတွေကို ဈေးကွက်
တစ်ခုလိုမြင်ကြည့်ပြီး ဒီလူတွေရဲ့ ဆယ်ပုံတစ်ပုံလောက်ရှိတဲ့ အရေအတွက်များသာ စည်းရုံးမိလိုက်နိုင်
လို့ကတော့ သိကြားမင်းကျောက်ဖျာတောင် တင်းသွားစေနိုင်လောက်တဲ့ အင်အားတွေအဖြစ် စုစည်း
နိုင်လိမ့်မယ်လို့ စိတ်ကူးများလည်း ယဉ်မိသေးသဗျာ။ တော်လှန်ရေးခေါင်းဆောင်ဆိုသူများ နှစ်သစ်
သံန္နိဋ္ဌာန်အတွက် အဲဒီလူတွေကိုအမှတ်တရနဲ့ တွေးမိ သတိရမိနိုင်ကြပါစေဗျာ။

     နအဖ အာဏာပိုင်တွေအတွက်လည်း သိသလိုလိုရှိပေမယ့် ဘယ်တုံးကမှ စိတ်မကူးခဲ့မိတဲ့ ထူးထူး
ဆန်းဆန်း လူ့အခွင့်အရေး ဆိုတာတို့၊ ဒီမိုကရေစီရဲ့အနှစ်သာရတို့၊ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အဓိပ္ပါယ်၊
လူတွေခံစားနေကြရတဲ့ ဒွတ်ခအပေါင်း စတာတွေကို ခြေချော်လက်ချော်တွေးမိဖို့ မမျှော်လင့်မိပေမယ့်
ငါတို့ငယ်ငယ်တုံးက လူတွေနည်းနည်း ပိုချောင်လည်ခဲ့ကြတာ ဘာလို့များ ငါတို့ခေတ်မှာ လုပ်ကိုင်စား
သောက်ရ ပိုခက်နေပါလိမ့်၊ ငါတို့ဘယ်လောက်ကောင်းအောင်လုပ်လုပ် ဘာလို့များ အကောင်းတစ်
ချက်မှ အမြင်မခံရတာပါလိမ့်လို့များ စိတ်ထဲဝင်လာမိကြဖို့ မျှော်လင့်မိသဗျ။ ဒါ့ပြင် စစ်တပ်နဲ့ အရပ်ဖက်
ပေါင်းပြီး ရှိသမျှအရပ်ဖက်အုပ်ချုပ်ရေး စီးပွားရေး လူမှုရေးတွေမှာ နေရာတကာ စစ်တပ်ချည်းဝင်ယူ
ထားတာ၊ အရပ်သား တိုင်းရင်းသားတွေအပါအဝင် အမြင်မတူတို့ရန်သူလုပ်ပြီး ဖိနှိပ် ကိစ္စတွေတုံးပစ်
ခဲ့တာ၊ နိုင်ငံတကာမှာ သိက္ခာအဖတ်ဆယ်လို့ မရတာတွေစသည်ဖြင့်တွေကို နောင်ကိုဘယ်လိုများ
ဖြေရှင်းရမှာပါလိမ့်လို့များ တွေးမိပြီးအဖြေရှာဖို့ နှစ်သစ်သံန္နိဋ္ဌာန်တွေများ ချမိကြရင်တော့လည်း အ
တိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားပေါ့။ အာဏာပိုင်တွေနဲ့ ပူးတွဲအကျိုးရှာဖွေနေ ကြသူတွေပါအတူ
တကွ အကောင်းဖက်ဦးတည်မယ့် သံန္နိဋ္ဌာန်တွေချနိုင်ကြရင်တော့ အပိုဆောင်းမင်္ဂလာ ကလေးတွေ
ပေါ့ဗျာ။

     ဘလော့တွေ၊ သတင်းဋ္ဌာနတွေကတော့ ကိုယ့်ဆန်ရင်းမို့လို့ နာနာမထောင်းချင်ပါဘူး။ ဒါပေသိ
တခါတရံ ချွတ်ချော်တိမ်းပါးမှုကလေးတွေက များလေတော့ မိတ်သင်္ဂဟအပေါင်း ကောင်းမွန်သင့်
တော်တဲ့ နှစ်သစ်သံန္နိဋ္ဌာန်ကလေးများ တွေးမိ ချမိကြလေမလားလို့ မျှော်လင့်မိပြန်ပါတယ်။ ဒေါ်စု
ဓါတ်ပုံကို အဝင်တံခါးလိုနေရာမှာ သွားချပြီး လိုချင်တဲ့လေးစားမှု မရတဲ့အခါ သူတပါးကိုအပြစ် သွား
တင်တာမျိုး၊ တိုင်းရင်းသားဘလော့ဂါတွေမှာလည်း ကိုယ့်အမျိုးသားသတင်းကိုတောင်မှ သူတပါးဆီ
ကယူပြီး “ဟုဆို .. ဟုဆို” ပေါင်းများစွာထပ်ကာထပ်ကာသုံးပြီး ကိုယ့်အရည်အချင်းတွေကို ကြောင်
လက်သည်းဖွက်သလို လုပ်နေကြတာမျိုး၊ ရန်-ငါစည်း ပြတ်တယ်ဆိုပြီး မိတ်ဆွေဘလော့ တွေကိုတောင်
မှ အသိအမှတ်ပြုဖို့ အချိန်မရှိပဲ ရန်သူဆိုသူများရဲ့ သတင်းတွေကိုပဲ အာရုံစိုက် အမွန်းတင်ရင်း အချိန်
ကုန်ခံနေတာမျိုး “ .. တာမျိုး၊ … တာမျိုး” ပေါင်းမြောက်များစွာတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရ
ပါတယ်၊ စိုးရိမ်ပူပန်မိပါတယ်၊ မျှော်လင့်မိပါတယ်လို့ ပြောရင်း …. နှစ်သစ်သံန္နိဋ္ဌာန်လှလှ .. အဲ ..
ကောင်းကောင်း သို့မဟုတ် သင့်တော်ရာကလေးများကို ချနိုင် ကြပါစေ ….

နှစ်သစ်မှာ ကျန်းမာ ချမ်းသာပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေရယ်လို့သာ ….


မန်းကိုကို
၀၁၊ ၀၁၊ ၂၀၁၁

4 comments:

  1. ❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤
    ╔═════════ ೋღ❤ღೋ ═════════╗
    * ░H░A░P░P░Y░* ░N░E░W░ * ░Y░E░A░R░ *
    ╚═════════ ೋღ❤ღೋ ═════════╝
    ❤♫❤♫❤.•*¨`*•..¸♥☼♥ ¸.•*¨`*•.♫❤♫❤♫❤

    ♫♫♫♥♥♥♥Wish you Happy, healthy, peaceful, successful and prosperous new year 2011.......

    ReplyDelete
  2. နှစ်အသစ်နှင့် စိတ်အဟောင်း
    အသက်တစ်ချောင်းအတွက် လှူပ်ရှားရဦးမယ်။

    ReplyDelete
  3. နှစ်သစ်မှာ လူသား အားလုံးအဆင်ပြေဖို့ ဆန္ဒပြုပါတယ်...
    ဟက်ပီးနယူးရီးယားပါ မန်းကိုကို..

    ReplyDelete
  4. ဘားပြောရမှန်း မသိတော့ပါဘူးဗျာ၊ အားလုံးကို ထပ်တူထပ်မျှပါပဲ လို့သာ ပြောချင်ပါတော့တယ်။ :-)

    ReplyDelete