ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, November 14, 2010

ပွင့်သွားတဲ့ Pandora Box


   Mount Olympus က မီးကို ခိုးယူခဲ့တဲ့ Epimetheus အတွက် နတ်တကာတို့ရဲ့ အထွဋ်အခေါင် Zeus 
ရဲ့ လက်ဆောင်၊ ကောင်းမြတ်ခြင်းတွေနဲ့ ပြည့်စုံတဲ့ Pandora.  သူမ ယူဆောင်လာတဲ့ Pandora Box
ကတော့ လူသားတွေအတွက် ဒုက္ခမျိုးစုံကို ဆောင်ကြဉ်းပေးခဲ့တယ်။ ကံကောင်းထောက်မစွာ မျှော်လင့်
ချက် ဆိုတာလေးတော့ သေတ္တာထဲမှာ ကျန်ရစ်ခဲ့လို့ တော်ပါသေးရဲ့။

   ဒေါ်အောင်ဆန်းစုကြည် လွတ်လာတာကိုတော့ အများစု သိပြီးဖြစ်မှာပါ။ ဟုတ်ပါတယ်၊ ဒေါ်စုကို ကျနော်
Pandora Box နဲ့ ခိုင်းနှိုင်းလိုက်တာပါ။ ပေးလာတဲ့ အခြေအနေတွေနဲ့ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်က လူ
တွေရဲ့ ကပြအသုံးခံမှုအပေါ်မှာ မူတည်ပြီး ကြိုတင်ခန့်မှန်းလို့ မရနိုင်မယ့် အခင်းအကျင်းတွေဟာ ဒေါ်စုကို
ဗဟိုပြုပြီး ဖြစ်တည်လာမှာကို တွေးမိပြီး ဒီလိုခိုင်းနှိုင်းလိုက်တာပါ။ (အတိအကျ မဟုတ်ပေမယ့် သဘောသ
ဘာဝကို ဆိုချင်တာပါ။)

   အဓိကဇာတ်ကောင်တစ်ကောင်ဖြစ်တဲ့ စစ်အစိုးရ၊ တွက်ကိန်း ဆင်ကိန်းပေါင်းများစွာနဲ့ နောက်ဆုံးမှာ
တော့ ဒေါ်စုကို လွတ်ပေးလိုက်ပါပြီ။ ဘာတွေဖြစ်လာမလဲ ဆိုတာကတော့ လူတိုင်းအတွက် စိတ်ဝင်စား
စရာပဲလို့ပြောရင် မှားမလား။ ပထမဆုံး မြင်ရတာကတော့ ဒီလောက် ဆယ်စုနှစ်နဲ့ချီပြီး ကြိုးစားပန်းစား
နှိပ်ကွပ်ထားတာတောင် ထောင်နဲ့ချီတဲ့လူတွေရဲ့ အရောင်တောက်တဲ့ မျှော်လင့်ချက်မျက်လုံးတွေနဲ့ စုစည်း
လာကြတာဟာ စစ်အစိုးရအတွက်တော့ သိပ်ပြီး လိုလိုလားလား ဖြစ်စရာမြင်ကွင်းတော့ မဟုတ်လှဘူး။
ခုလောက်ဆိုရင် နဖူးချင်းတိုက်ပြီး ရှေ့လုပ်ငန်းစဉ်တွေကို အရေးပေါ် တိုင်ပင်ကောင်း တိုင်ပင်နေကြမှာပါ။

   ရွေးကောက်ပွဲတောင်မှ ကမ္ဘာအနှံ့က လူတွေအပါအဝင် ပြည်သူတွေရဲ့ ဟက်ဟက်ပက်ပက်နဲ့ စိတ်ဝင်စား
မှု စိတ်အားထက်သန်မှုကို မရခဲ့ဖူးလေ။ ခုတော့ လူတွေရဲ့ အခြေအနေကိုကြည့်ပြီး တိုင်းပြည်ရဲ့လားရာဟာ
အချိန်မရွေး တစ်မျိုးတစ်ဖုံပြောင်းသွားနိုင်တာကို သတိပြုမိနေလောက်ပါပြီ။ ဒီတော့ ညစ်ကွက်တွေ ထုတ်
လာဖို့က ရာခိုင်နှုန်းများသလို ကမောက်ကမ ဖြစ်သွားဖို့ကလည်း တဲတဲကလေးပါ။ အသွားမတော်တစ်လှမ်း
အစားမတော်တစ်လုပ် အနေအထားပါ။ အထူးသဖြင့် မွေးထားမိတဲ့ လက်ပါးစေလို့ ခေါ်လို့ရလောက်တဲ့
လူအချို့ကို ဒီအချိန်မှာ မထိန်းနိုင်ရင် .. ဥပမာ ဒေါ်စုအပါအဝင် အန်အယ်လ်ဒီခေါင်းဆောင် အဖွဲ့ဝင်
တွေအပေါ် တစ်စုံတစ်ခု ကြံလိုက်မိရင်တော့ .. အဲ၊ ၈၈ ဖြစ်ခဲ့တာက နည်းသေးတယ်လို့ ပြောရပါလိမ့်မယ်။
သတ်ကြ သေလိုက်ကြမှာက သောက်သောက်လဲ။ အချိန်သိပ်မရှိသေးလို့ အတိုချုပ်ပဲ ခြုံငုံပြီးပြောလိုက်
တာပါ။

   တစ်ဖက်မှာလည်း ဒေါ်စုမှာက တောင်ကြီးကို ချီမ ရမလောက် ဖြစ်နေတဲ့ တာဝန်နဲ့ ဝတ္တရားတွေက
စောင့်ကြိုနေပါတယ်။ ကြိုးတန်းပေါ် လျှောက်နေရတဲ့ အနေအထားမဟုတ်ပေမယ့် ရေရှည်ဆွဲသွားရင်တော့
အမေရိကန်သမ္မတ အိုဘားမားလို အရှိန်လျော့သွားနိုင်ပါတယ်။ စစ်အစိုးရကို အချိန်သွားထပ်ပေးမိရင်
ဒိုင်ထပ်စားသွားနိုင်ပါတယ်။ ရင်ဆိုင်ရမှာတွေက နိုင်ငံရေး၊ တိုင်းရင်းသား၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံတကာ
အရေး စသည်ဖြင့် မဗေဒါတစ်ယောက်ထဲ ဘဲအုပ်က တစ်ရာနှစ်ရာကို ကိုင်တွယ်ရမှာမို့ ဒေါ်စုနဲ့ ဝန်းရံပေး
ကြသူတွေ၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ စစ်အစိုးရတို့ရဲ့ ကံ ဥာဏ် ဝိရိယ တွေအပေါ်မူတည်ပြီး ဖြစ်တည်
လာမှာတွေကတော့ နေ့တိုင်းထွက်တဲ့ အောင်စာရင်းလို အင်မတန်စိတ်ဝင်တစား စောင့်ကြည့်ချင်စရာပါပဲ။

   Pandora Box လေးက ထွက်လာမယ့် (ကျနော်တို့ ခင်ဗျားတို့အပေါ် သက်ရောက်မှုရှိမှာ သေချာတဲ့)
ဒုက္ခ သုခတွေကို စောင့်ကြည့်ရင်း ကိုယ့်လုပ်စရာရှိတာကို ဆက်လုပ်သွားကြရအောင်ဗျာ။


မန်းကိုကို
၁၄၊ ၁၁၊ ၂၀၁၀

2 comments:

  1. အင်း.... ပန်ဒိုရာ.. ပန်ဒိုရာဘောက်စ်

    လှည့်ကွက်ဆင်ကွက်တွေကတော့ ရှိနေတာပါပဲ.. အခုလည်း ဘယ်လိုလှည့်ကွက်တွေ သုံးမလဲဆိုတာ ကြည့်ရတော့မယ်.... အရေးကြီးတာက ယုံကြည်မှုနဲ့ ဆက်လျှောက်ဖို့ပါပဲ

    ReplyDelete
  2. အမှန်ဆိုရရင် ကျနော်လည်း အကောင်းဆုံးကို ဖြစ်စေချင်တာပါပဲ၊ ဒါပေမယ့် မျှော်တော့ မမျှော်လင့်ပါဘူး။ ဖြစ်လာဖို့ ရာခိုင်နှုန်းက အစဉ်အလာမှ မရှိပဲနော။

    ဖြစ်လာမယ့် အရာတွေကတော့ ရုပ်ဘယ်လောက်ဆိုးမလဲနဲ့ ပုံဘယ်လောက်အထိ ပျက်မလဲဆိုတဲ့ နှစ်ခုထဲက ရွေးရမလိုပါပဲ။

    ဒေါ်စုအနေနဲ့ ထွက်ထွက်ချင်း infromation input တွေများပြီး “ဟုန်”သွားတာမျိုးမဖြစ်ပဲ မှန်ကန်ထိရောက်တဲ့ လမ်းတွေကို ရွေးပြီး အချိန်တိုတိုအတွင်း လျှောက်သွားနိုင်ဖို့ပဲ ဆန္ဒပြုရတော့မှာပါပဲ။

    ReplyDelete