ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Friday, November 12, 2010

ဒို့ ဖားအံ ထန်းတောမှာလ ...



   ဘားအံ (ဖါးအံ) သား အကြွားပိုတယ်လို့ ဆိုချင်ဆို၊
   “ဆိုရေးရှိက ဆိုအပ်လှ၏” တဲ့ဗျ။ (အမှန်ကတော့ မဆိုင်ပါဘူး၊ ကြီးကျယ်အောင် အရွှီး အရွှေကလေး
တွေနဲ့ စကြည့်တာပေါ့ဗျာ။)

   ဘားအံမြို့အရှေ့ဖက်ထွက်တဲ့လမ်းမှာ “လမ်းခွ” လို့ခေါ်တဲ့နေရာရှိတယ်ဗျ။
   အရှေ့ဖက်တည့်တည့်သွားတာက ကော့ကရိတ်-မြဝတီလမ်း။ ဘယ်ဖက်ချိုးပြီး ခွဲထွက်တဲ့လမ်းက
လှိုင်းဘွဲမြို့ဖက် သွားတဲ့လမ်း။ ဘားအံမြို့ရဲ့ ရှိသမျှ ထန်းတော တွေထဲမှာ အဲဒီနေရာတဝိုက်က ထန်းပင်
အများဆုံး။ အခြားဖက်တွေမှာလည်း ထန်းတောတွေက အများကြီးရှိသေးတယ်။ အဲ .. အညာနဲ့ ခြေရာ
တိုင်းတယ်တော့ မထင်ကြပါနဲ့၊ ပေါချင်းသောချင်း မဟုတ်ပေမယ့် မရှားလှတာကို သရုပ်ပေါ်အောင်
ပြောပြတာပါ။

  ထူးခြားချက်က ကျနော်တို့ ဘားအံမှာ ထန်းလျက် အထွက် အင်မတန်နည်းတော့သကိုးဗျ။ အနီးအနားက
ထွက်တာဆိုလို့ ဘားကပ်ရွာကတော့ ထွက်ပါရဲ့၊ သံလွင်တံတားဆောက်လိုက်တာ ရွာရော ထန်းတောပါ
တခြမ်းရွှေ့လိုက်ရတော့ မျှော်လို့မရလှတော့ပြန်ဖူး။ (ထန်းတောက ရွှေ့လို့မရတော့ လမ်းဖို့တဲ့မြေတွေ
မြိုသွားတာပါ)။ နည်းနည်းဝေးတဲ့ မွန်ရွာ ဇာသပြင်နားက ခရား သံလည်ရွာတွေက အိအိစက်စက်ထန်း
လျက်လေးတွေကတော့ ကောင်းပေမယ့် ရွှေလိုရှားပါတယ်။ ဈေးထဲတွေ့ရတာတွေက ကျောက်ပန်းတောင်း
ထန်းလျက်လို့ ခေါ်ကြတဲ့ မဲမဲလုံးလုံးနဲ့ မုန့်လုပ်ထန်းလျက်တွေပဲ များပါတယ်။ ဒါပေမယ့် ကျောက်ပန်း
တောင်းကို တစ်ခါရောက်ခဲ့ဖူးတော့ သူတို့ဆီမှာ ကိုယ့်ကိုကျွေးတဲ့ထန်းလျက်တွေက အမျိုးမျိုးရှိပြီး အင်မ
တန် ကောင်းတာကို သတိထားမိတယ်။ ဒီတော့ ကိုယ့်ဆီမှာရောင်းနေကြတဲ့ ထန်းလျက်တွေဟာ အတု
များလားလို့တောင် စိတ်ထဲတွေးမိသေးတော့တယ်။

   ထန်းလျက်အထွက်နည်းပေမယ့် ထွက်တဲ့ထန်းလျက်ကျပြန်တော့ ကောင်းနေပြန်ပါရောဗျာ။ မြို့အလယ်
နီးပါးလောက်ကျတဲ့ (ရွှေဘိုကျောင်း ထင်ပါရဲ့) ဘုန်းကြီးကျောင်းဝင်းထဲကထွက်တဲ့ အုန်း၊ ထန်း၊ ဇီးနဲ့ နှမ်း
ထန်းလျက်တွေဟာ အခြားမြို့တွေသွားလည်ရင် လက်ဆောင်ပေးဖို့ ဝယ်သွားရတဲ့ မျက်နှာပွင့်ဆေးတမယ်
ပေါ့။ တစ်ခုရှိတာက ကျောင်းထိုင်ဆရာတော်က အညာကလာတဲ့ ထန်းသမားမိသားစုကို ပုတ်ပြတ်ပေး
လုပ်တာလို့ သိရတယ်။ ဘားအံသူ ဘားအံသားတွေကိုယ်တိုင်ကတော့ ရိုးရိုးထန်းလျက်ပဲ အလုပ်များတယ်။
ကဲ ဆက်ရေးရင်တော့ ဘားအံထန်းလျက်ဋီကာဖြစ်တော့မယ်။ ထန်းလျက် ဘာကြောင့်မထွက်သလဲ ဆိုတာ
ဖက်ကို ပြန်လှည့်ရအောင်ဗျာ။

   ကဲ ဘာကြောင့်ထန်းလျက်မထွက်သလဲ ခန့်မှန်းလို့ ရပြီလား။
   အကြောင်းရင်းကတော့ ကျုပ်တို့ ဘားအံသားတွေက ထွက်သမျှထန်းရည်တွေကို ထန်းလျက်ချက်တဲ့
အိုးတွေထဲမထည့်နိုင်အောင် ဝိုင်းတားကြလို့ပေါ့၊ အဲ တနည်းအားဖြင့် သောက်ပစ်ကြတာပေါ့ဗျာ။

   ဒါတောင် သိပ်မလောက်ချင်လို့ အချို့နေရာတွေမှာ ဆန်ဆေးရေတွေ ရောရသေးသဗျ။ မရောရင် အပင်
ကိုပါ ညှစ်ပြီးသောက်ကြမှာစိုးလို့နဲ့ တူပါတယ်။ ကျုပ်တို့ အောက်ပြည်သားတွေ ထန်းရည်ကိုအချဉ်လောက်ပဲ
ဖေါက်သောက်ပြီး အညာကလူတွေလို အခါးမဖေါက်သောက်ကြတာတော့ ထန်းရည်အကုန်များရခြင်း
အကြောင်းရင်းတစ်ခုလို့ မြင်မိပါတယ်။ ဒါပေမယ့် သောက်စားပြီး ခိုက်ရန်အဖြစ်နည်းတာကိုတော့ ဝမ်းသာ
ရမှာပေါ့လေ။

   ငယ်ငယ်တုံးက ဘားအံဂုဏ်ဆောင် ဇွဲကပင်တောင်ခြေနဲ့ မနီးမဝေး ရွာတစ်ရွာမှာ မင်္ဂလာဆောင်ပွဲကို
လိုက်သွားရာက အိမ်လှေကားအတက်နားမှာ အင်တုံကြီးနဲ့ ခွက်တစ်ခွက်ချထားလို့ အဖေ့ကို မေးကြည့်
တော့ ဧည့်သည်တွေအတွက်ထန်းရည်တဲ့၊ ကောင်းရော။ နောက်တစ်ခါကျတော့ အမေ့ရွာပြန်လည်ရင်းနဲ့
လူတစ်ယောက်ဖိတ်လို့ အုပ်စုလိုက် ထန်းရည်သွားသောက်ဖူးတယ်။ ဖိတ်တဲ့လူရဲ့ အိမ်ခြံထဲမှာ ထန်းပင်
ရှိတော့ ချက်ချင်းတက်၊ ထန်းရည်ကျဉ်တောက်ကြီး အုပ်စုအလယ်မှာချပြီး ခွက်လှည့်သောက်ခဲ့ရင်း မေး
ကြည့်မိတယ်။ ပိုင်ရှင်ကဧည့်သည်တွေရောက်တုန်း ပျော်ပျော်ပါးပါးဝိုင်းသောက်ဖို့ ဖိတ်တာပါတဲ့၊ ဘယ်သူမှ
မရှိရင် ထန်းရည်ကြိုက်လွန်းလို့ ကိုယ့်ထန်းပင်ကိုယ်တက်ပြီး ကိုယ့်ဘာသာအိမ်မှာ သောက်တာပါတဲ့။
ကိုယ့်ကရင်တွေအတွက် ဂုဏ်ပဲယူရတော့မလိုလို တော်တော်ခွကျတဲ့ ကိစ္စကြီးပါပဲဗျာ။

   အဲဒီအိမ်မှာ ထန်းရည်သောက်ရင်း မှတ်မှတ်ရရလည်း ကြုံခဲ့ရပါသေးတယ်။
   သောက်ကောင်းတုန်းမှာ “ပေါ်တာ” ဆိုတဲ့ အော်သံကြားလို့ တစ်ရပ်လောက်မြင့်တဲ့ လှေကားကို ဘေး
ကနေ ခုန်ဆင်းပြီး ဝါးလုံးတန်းသုံးတန်းနဲ့ကာထားတဲ့ နောက်ဖေးခြံစည်းရိုးကို တန်းစီပြေးရင်း မခုန်ကျော်
နိုင်ကြတော့ပဲ ရှေ့လူတွေက ခွကျော် တက်နင်းရင်း ဝါးတန်းတွေပြုတ်ကုန်လို့ ကိုယ့်အလှည့်ကျတော့
လမ်းဖြောင့်ဖြောင့် ပြေးလို့ရခဲ့တဲ့ အတွေ့အကြုံကလေးပါ။ အကျိုးဆက်အနေနဲ့ လှေကားမသုံးပဲ ခုန်ချလို့
ကရင့်ရိုးရာလျော်ကြေး (“အရှောင်”) ပေးခဲ့ရတာပါပဲ။ များတော့ မများပါဘူး။ ငွေတစ်မတ်၊ ကွမ်းသီး၊
ကွမ်းရွက်၊ ဆေးနဲ့ အခြားတိုလီမိုလီလေးတွေပါ။ ရွာခံသူငယ်ချင်းတွေက ကိုယ်စားပေးလိုက်တာမို့ ဘာတွေ
ပါလဲဆိုတာတောင် အတိအကျ မသိလိုက်ရပါဘူး။

   အဲ ပို့စ်အစက “လမ်းခွ” ဆိုတဲ့နေရာကနေ ပြန်ကောက်ရအောင်ဗျာ။
   အဲဒီ လမ်းခွ ပတ်ပတ်လည်မှာ ထန်းတောတွေရှိရာမှာ ကားလမ်းအနောက်ဖက်အခြမ်းက ထန်းတောနဲ့
တဆက်ထဲမှာတော့ ဇွဲကပင်တောင်ကြီးရဲ့အဆက် ခုနှစ်ဆူတောင်ဆိုတာရဲ့ ခပ်ပြေပြေတောင်ခြေနဲ့ ထိစပ်
နေသဗျ။ အဲဒီလို ဆက်စပ်နေတဲ့ ထန်းတောမှာ တချိန်တုန်းက ဘားအံသားရယ်၊ ယက္ကန်းထည်တွေထွက်တဲ့
ကော့ကရိတ်လမ်းပေါ်က အိန္ဒုရွာသားရယ်၊ စကားကပ်သပ်တဲ့ ခလောက်နို့ရွာသားရယ် သူငယ်ချင်းသုံး
ယောက်ဆုံပြီး ထန်းရည်သောက်ခဲ့ကြဖူးပါတယ်။

   သောက်ရင်းစားရင်း အရှိန်တက်လာရာက တောင်ပြောမြောက်ပြောနဲ့ အိန္ဒုသားက စကားတစ်ခု စလိုက်
ပါတယ်။

“ဟေ့ကောင်တွေ ငါ့အဖိုးတုန်းက အခုငါတို့ထိုင်သောက်နေတဲ့ဘေးက ထန်းပင်လောက်ကို အရပ်မြင့်ခဲ့တာ
ကွ၊ ငါတို့ကျမှ ဂျပုတွေလာဖြစ်နေတာ”

   ဒါနဲ့ ဘားအံသားက “အင်း ဒီကောင်တော့ စလာပြီ” လို့ စိတ်ထဲပြောရင်း စိတ်ကူးထဲပေါ်လာတာနဲ့ ပြန်ပြီး
ချေပဖို့ စကားစလိုက်တယ်။

“ဟကောင်ရ ငါ့အဖိုးကမှ ဟောဟိုမှာ မင်းတွေ့နေရတဲ့ ခုနှစ်ဆူတောင်လောက်ကို မြင့်တာကွ” လို့ မတန်
တဆပြောပြီး ဦးချိုးလိုက်ပါတယ်။ ခလောက်နို့သားကတော့ သူ့အတွက် ထန်းရည်နဲ့ ပဲကြီးလှော်က ပို
အရေးကြီးတာမို့ ကျန်နှစ်ယောက်ကို မစောင့်ပဲ ခွက်ကျော်ပြီး ဆက်သောက်နေပါတယ်။ ကျန်တဲ့ နှစ်
ယောက်ကတော့ ငြင်းခုံတဲ့ဖက်မှာ အရှိန်တက်နေကြတုန်းပါ။

“ဟေ့ကောင် မဖြစ်နိုင်ဖူးကွ၊ မင်းအဖိုးက ဒီတောင်လောက် မြင့်ရတယ်လို့ကွာ”
“ဟာ မင်းအဖိုးက ထန်းပင်လောက်ပဲမြင့်လို့ မနာလို မဖြစ်ပါနဲ့ကွ”
“မဖြစ်နိုင်တာကွာ”
“ဖြစ်လွန်းလို့ ဟိုးဖက်တောင်လွန်နေသေး”

   ဆက်ငြင်းရင်မဖြစ်နိုင်တော့တာသိလို့ အိန္ဒုသားက ခလောက်နို့သားဖက် လှည့်လာပါတယ်။

“ဟေ့ ခလို၊ ဒီမှာပြောစမ်းပါအုံးကွာ၊ သူ့အဖိုး အဲဒီတောင်လောက် မြင့်လို့တဲ့”

   အသောက်ပျက်သွားတဲ့ ခလောက်နို့သားကတော့ သူ့အတွက် သိပ်အရေးမကြီးတာကို မြန်မြန်ပဲ ပြီးသွား
စေချင်ပါတယ်။

“ဘားအံသား၊ မင်းအဖိုးက ဘယ်လောက်မြင့်လို့တုံး”
“ဟောဟို ခုနှစ်ဆူတောင်လောက်ပေါ့ကွ၊ ဘာလဲ မင်းက မယုံဖူးလား”

   ခလောက်နို့သား မျက်နှာက မချိုမချဉ်ဖြစ်နေလို့ ဘားအံသားက နောက်တစ်လုံးထပ်ပစ်သွင်းလိုက်တယ်။

ဘားအံသား      ။     ။ “ဟေ့ကောင် ငါ့အဖိုးက တိမ်တွေကိုတောင် ကိုင်လို့ထိတယ်ကွ”
ခလောက်နို့သား ။     ။ “ဟုတ်လား၊ ဒါဆိုတိမ်တွေက ဘယ်လိုနေသတုံး”
ဘားအံသား      ။     ။ “မှတ်ထား၊ ပျော့စိစိနဲ့ကွ”
ခလောက်နို့သား။     ။ “ဟေ အခုမှ တရားခံပေါ်တော့တယ်
                             ငါ့အဖိုးက ငါ့ကိုပြောဖူးတယ်
                             အရင်က သူ့ဝှေးဥကို အောက်ကနေ ခဏခဏလာလာကိုင်နေတာ
                             လက်စသတ်တော့ မင်းအဖိုး ဖြစ်နေတော့တာကိုး။
ဘားအံသား      ။     ။ “ဟိုက်”


မန်းကိုကို
၁၂၊ ၁၁၊ ၂၀၁၀

- ခလောက်နို့သားတွေကို “ခလို” လို့ ကရင်လို အတိုကောက် ခေါ်တတ်ကြပါတယ်။
- ကရင်စကားကို ဗမာလိုလှယ်ထားတာကြောင့် အခြားကြားဖူးတာတွေနဲ့ ထပ်တူမကျရင် ခွင့်လွတ်ကြပါ။

2 comments:

  1. ကိုမန်းရေ..

    ညကတည်းကလာသွားတာပါ.. စာရိုက်လို့မရတာမို့.. အခုမှ ပြန်လာဖြစ်တာပါ..။။

    ၃ ကြိမ်လောက်ပြန်ဖတ်မှ အဆင်ပြေသွားတယ်..ကိုယ့်ဘာသာ နားမလည်လို့ဖြစ်တာပါ.. အမှားတွေ မသိမသာရော သိသိသာသာပါ ပြောပြလို့လည်း ကျေးဇူး..။

    ဒီရယ်စရာလေး သဘောကျပါတယ်.. ဟိုတခေါက်ကလည်း အိမ်ကလူတွေကိုပြောပြလို့ သဘောကျနေတယ်..။

    မဗေဒါ (၈၈)

    ReplyDelete
  2. လာလည်တာ ကျေးဇူးဗျာ။
    ကျနော်ကိုယ်တိုင်လည်း ကိုယ်ရေးတာ ကိုယ်ပြန်ဖတ်ပြီး သိပ်တော့ အားမရလှဖူး။ စာရေးဆရာ မဟုတ်တော့လည်း ဒီလောက်တော့ ရှိမှာပေါ့လို့ပဲ ဖြေသိမ့်ရမှာပါပဲ။

    အမှန်တော့ ကျောင်းစာတွေနဲ့ မအားလို့ သွက်သွက်နဲ့လွယ်လွယ် ရေးလို့ရတဲ့ အတွေ့အကြုံလေးတွေကို စကားလုံးတွေအဖြစ် ပြောင်းကြည့်တာပါ။ ဒီဇင်ဘာလလောက်မှ မှီးငြမ်းတွေနဲ့ ဗဟုသုတတွေ တင်နိုင်ဖို့ ရည်မှန်းထားပါတယ်။ ကိုယ်ပိုင်ဓါတ်ပုံလည်း အသစ်တင်ဖို့ ရည်ရွယ်ထားပါတယ်။ ကိုယ်ဘယ်သူလဲဆိုတာ ရိုးရိုးသားသားပဲ ချပြသင့်တယ် ထင်လို့ပါ။

    လာဖတ်တဲ့သူတွေ အပန်းပြေ စိတ်ရွှင်နိုင်ကြရင် ကျနော်လည်း ပျော်မိတာပါပဲ။

    ReplyDelete