ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, April 20, 2010

ကျွန်တော်ကရင် မြင်တာပြောပါမည် (၁)၊

“အင်္ဂလိပ်အခက် ဗမာ့အချက်” ရယ်လို့ မြန်မာ့သမိုင်းထဲမှာ သင်ယူခဲ့ဖူးပါတယ်။

သမိုင်းဟာ တစ်ပတ်လည်တတ်တယ်လို့ ဆိုပါတယ်။ ခုချိန်မှာ “နအဖ အခက်”
ပြန်ဖြစ်နေပါပြီ။ ပြဿနာက နောက်ဆက်တွဲရမယ့်စကား “တိုင်းရင်းသားတွေ
အချက်” ဆိုပြီး ဖြစ်သင့်တာ ဖြစ်မလာပဲ “နအဖအခက် တိုင်းရင်းသားတွေလဲခက်”
ပဲ ပြန်ဖြစ်နေလို့ပါပဲ။

တိုင်းရင်းသားတွေလို့ဆိုတာနဲ့ ရိုးသားတယ်၊ အေးအေးချမ်းချမ်း တသီးတသန့်
နေတတ်တယ်၊ သူတစ်ပါးကို ဒုက္ခမပေးတတ်ဖူး ရယ်လို့ ဂုဏ်ပုဒ်တွေအတပ်ခံရပြီး
ဒီစကားတွေနဲ့ ကျေနပ်ကြည်နှူး နေတတ်တဲ့ ညီနောင်ဘွားတွေကို ပြေးမြင်ကြမှာ
ပါ။ အများစုဟာ မြန်မာပြည်ထဲကို ဗမာတွေထက် အရင်ရောက်ရှိအခြေချခဲ့ကြလို့
လည်း တိုင်းရင်းသားတွေရယ်လို့ ခေါ်တွင်ခံလာရပေမယ့် ကိုယ်အစဉ်အဆက်
နေလာခဲ့တဲ့ မြေပေါ်မှာနေပြီး အင်္ဂါဂြိုလ်ကနေ မကြာခင်ကမှ ရောက်လာခဲ့ကြ
သလို အဆက်ဆံ ခံနေကြရတာ (ကိုယ်ကိုယ်တိုင်လည်း ပါနေတော့) ဘာတွေများ
မှားနေသလဲဆိုတာ ပြန်ဆန်းစစ်ကြည့်သင့်ကြပြီလို့ ယူဆမိပါတယ်။

ပထမဆုံး အနေနဲ့ တိုင်းရင်းသားတွေရဲ့ ဂုဏ်ပုဒ်တွေဖြစ်တဲ့ “ရိုး”တယ်ဆိုတာ “အ”
တာများ ဖြစ်နေသလား၊ “အေးအေးချမ်းချမ်း သီးသန့်နေတတ်” တာဟာ “လူတော
မတိုး” တာလား၊ “သူတပါးကို ဒုက္ခမပေး”တတ်တာဟာ “ကိုယ့်အချင်းချင်းပဲ ဒုက္ခ
ပေးမယ်” လို့များ အဓိပ္ပါယ်ထွက်နေသလားလို့တောင် တွေးမိပါတယ်။ ကိုယ့်ပေါင်
ကိုယ်လှန်ထောင်းတာလည်း ခံရတော့အခက်သားပါပဲ။

တဆက်ထဲ ဆက်တွေးကြည့်တော့ ခုအခြေအနေမှာ လူများစုအတွက် ချဉ်ဖတ်
ဖြစ်နေတဲ့ နအဖဟာ အရှူးမီးဝိုင်းနေတယ် ပြောလို့မရရင်တောင် သူ့တို့အတွက်
ပြဿနာတွေက ဆိုင်းဝိုင်းထဲကဗုံတွေလို ပတ်လည်ဝိုင်းနေတာတော့ သေချာ
ပါတယ်။ ရွေးကောက်ပွဲ၊ အပစ်ရပ်အဖွဲ့တွေနဲ့ နိုင်ငံတကာဖိအားတွေဟာ သူတို့
အတွက် အရေးကြီးနေသလို၊ သူတို့အလေးမထားတဲ့ တိုင်းသူပြည်သားတွေရဲ့
စားဝတ်နေရေးနဲ့ အထွေထွေကိစ္စတွေကလည်း အခန့်မသင့်လို့ အကိုင်အတွယ်
မတတ်ရင်ထပေါက်နိုင်တာ သာဓကတွေရှိပြီးသားပါ။ ဒါဆို တိုင်းရင်းသားတွေရဲ့
အခွင့်အရေးတစ်ရပ် မဟုတ်ဖူးလား၊ ကိုယ့်အခွင့်အရေးရတုံး အားတိုက်အင်တိုက်
လုပ်ကြ၊ ယူကြပါတော့လားလို့ မချင့်မရဲဖြစ်မယ့်သူတွေလဲ ရှားမယ်မထင်ပါ။

ဒါပေမယ့် နေကြပါအုံး၊ ကျွန်တော်တို့လည်း NLD လိုဘဲ ဘာမှအဆင်သင့် မဖြစ်
သေးပါဘူးဆိုပြီး မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်နဲ့ ပြောရမလိုဖြစ်နေပါတယ်။
နအဖကို ရင်မဆိုင်ခင်ကတည်းက ကိုယ်တွေဆီမှာ့ အားနည်းချက်ကိုယ်စီ ရှိနေ
ကြတာကိုး။ ဘယ်လိုပဲဆိုဆို တာဝန်ကတော့ စာရေးသူအပါဝင် အားလုံးဆီမှာ
ခွဲဝေတည်ရှိနေတယ်လို့ အဆိုပြုလိုက်ချင်ပါတယ်။

ကိုယ့်အမှား၊ ကိုယ့်အားနည်းချက်တွေကို ကိုယ်ပြန်မြင်ဖို့၊ သူတပါးပြောပြတာ၊
ထောက်ပြတာ ခံယူချင်၊ ခံယူနိုင်ဖို့ အဆင်သင့်ဖြစ်မှ နောက်တစ်ဆင့် အတွက်
စဉ်းစားလုပ်ကိုင်ကြဖို့ လက်တွေ့ကျလိမ့်မယ် ထင်ပါတယ် ...

(မကြာခင် နအဖနဲ့ DKBA တို့တတွေ နယ်ခြားစောင့်တပ်ကိစ္စ ဆွေးနွေးကြမယ်
ဆိုတာ သိလိုက်ရလို့ ဒီပို့စ်ကို နည်းနည်းလောပြီး တင်လိုက်ပါတယ်။ DKBA နဲ့
နီးစပ်သူတွေ နိုင်ငံရပ်ခြားကို ရောက်နေကြတာ အများကြီးရှိတယ်လို့ နားလည်
မိပါတယ်။ ဒီပို့စ်ဟာ တိုက်ရိုက်မရေးထားပေမယ့် သူတို့လက်ထဲရောက်အောင်၊
သတိထားမိအောင် ကူညီလက်ဆင့်ကမ်းပေးနိုင်မယ့်သူတွေ ရှိခဲ့မယ့်ဆိုရင်တော့
ရေးရကျိုးနပ်ပြီး အတိုင်းထက်အလွန် ဝမ်းသာမိမှာပါပဲ။ ကိုယ့်ထမင်း ကိုယ်စားပြီး
ကြီးတော်နွား ဝိုင်းဝန်းကျောင်းကြဖို့ ဆန္ဒရှိသူတွေကို ဖိတ်ခေါ်ပါတယ်။)

No comments:

Post a Comment