ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Monday, December 24, 2012

ယုတ္တိဆိုင်ရာ အတွေးမြင်မှားများ (Logical Fallacies) - မိတ်ဆက် (၄)




(၈)  တစ်ဖက်သားငြင်းခုံချက်ကို ထင်ယောင်မှားစေခြင်း (Straw man)

     တစ်ဖက်လူရဲ့ ငြင်းခုံချက်ကို ပုံပျက်ယွင်းအောင် မမှန်မကန် လိုရာဆွဲပြီး တိုက်ခိုက်ဖို့လွယ်ကူ
အောင် လုပ်တာမျိုး ဖြစ်ပါတယ်။

“ရန်ကုန်တိုင်း ဘော်လုံးအသင်းဟာ ရှမ်းပြည်နယ် ဘော်လုံးအသင်းထက် ပိုကောင်း
တယ်လို့ ဦးလှမင်းက ဆိုနေပါတယ်။ တကယ်တော့ ရှမ်းပြည်နယ် ဘော်လုံးအသင်း
ဟာ ဘော်လုံးရာသီတိုင်းမှာ အမှတ်အများဆုံးရတဲ့ အသင်းတွေထဲ အမြဲတမ်း ပါဝင်
နေခဲ့တာပါ ။ ဒါကိုကြည့်မယ်ဆိုရင် ဦးလှမင်းဟာ သူဘာပြောနေသလဲဆိုတာ သူ့ဘာ
သူတောင် သိပုံမရပါဘူး” - ဆိုတဲ့ ပြောဆိုချက်ကို ကြည့်ရအောင်။

   ဦးလှမင်းဟာ ရှမ်းပြည်နယ် ဘော်လုံးအသင်းကို မကောင်းဘူးလို့ မပြောခဲ့ပါဘူး။ ရန်ကုန်တိုင်း
က ပိုကောင်းတယ်လို့သာ ပြောခဲ့ပါတယ်။ ဒီနေရာမှာ ဦးလှမင်းရဲ့အမြင်ကို တလွဲပုံဖေါ်ခြင်းအား
ဖြင့် သူ့ရဲ့ တင်ပြပြောဆိုချက်ကို အားနည်းသွားအောင်၊ ယုတ္တိပိုင်း လျော့နည်းစေတဲ့ ဒီစာပိုဒ်ဟာ
Straw man fallacy နဲ့ ညိစွန်းနေတယ်လို့ ပြောနိုင်ပါတယ်။

   ဒီလိုညိစွန်းမှုတွေဟာ နိုင်ငံရေးဇာတ်ခုံမှာ အလျှံပယ် တွေ့ရနိုင်ပါသေးတယ်။
“လွတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးနေမျိုးဟာ အကြမ်းဖက်မှုနဲ့ လိင်မှု
ကိစ္စတွေ အများကြီးပါနေတဲ့ ရုပ်ရှင်တွေကို ကန့်သတ်ပိတ်ပင်နိုင်မယ့် ဥပဒေအ
ဆိုကြမ်းကို တင်သွင်းထားပါတယ်။ ဒါဟာ စာအုပ်စာပေနဲ့ ရုပ်ရှင်ရိုက်ကူးမှုတွေ
အပေါ် ဗဟိုအစိုးရကနေ လုံးဝဥဿုံ ဆင်ဆာပိတ်ပင်ဖို့ရာ မျက်နှာသာပေး လမ်း
ကြောင်းနေတာ သိသာပါတယ်။ ကျနော့်အနေနဲ့ လွတ်တော်ထဲမှာ ဒီလိုတင်ပြမှု
တစ်ခု ရှိလာခဲ့တာကို အင်မတန် အံသြတုန်လှုပ်မိပါတယ်။ ကျနော်တို့နိုင်ငံရဲ့ ဒီမို
ကရေစီစနစ်ဆီ လျှောက်လှမ်းလာခဲ့တာနဲ့ ဆန့်ကျင်ဖက်ကို ဦးတည်စေတဲ့ အ
ဆိုပြုချက်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် လွတ်တော်ကိုယ်စားလှယ် ဦးလှမင်းရဲ့ အဆို
ပြုတင်ပြချက်ကို လေးလေးနက်နက် သဘောမထားသင့်ပါဘူး။”

   ဒီဆွေနွေးငြင်းခုံချက်ကိုကြည့်ရင်လည်း ဦးနေမျိုးရဲ့ ရပ်တည်ချက်မဟုတ်တဲ့ "လုံးဝဥဿုံ ဆင်
ဆာပိတ်ပင်ဖို့" ဆိုတဲ့ လိုရာဆွဲပြီး လွဲချော်ကိုယ်စားပြုတဲ့ အချက်ကို တိုက်ခိုက်သွားတာ မြင်နိုင်
ပါတယ်။ ဒီလို တိုက်ရိုက် ကျိုးကြောင်းသက်ဆိုင်မှု မရှိတာတွေနဲ့ ထောက်ပင့်ပေးထားတဲ့ လုပ်
ရပ်မျိုးကို Straw man fallacy မှာ တွေ့ရနိုင်ပါတယ်။

(၉)  မဆိုင်သည်ကိုတင်ပြ၍ လမ်းလွဲစေခြင်း (Red herring / smoke screen)

     ဒီ fallacy မှာတော့ ဆွေးနွေးငြင်းခုံသူကနေ နားထောင်နေသူတွေကို ဘေးချိတ်ပြီး မသက်
ဆိုင်တဲ့ အချက်တစ်ခုကို တင်ပြပါတယ်။ ဒီနောက် အသစ်တင်ပြလာတဲ့ အချက်ဟာ ရှေ့က
ဆွေးနွေးငြင်းခုံ နေကြတဲ့ အချက်ကို ဖြေရှင်းပေးပြီးဖြစ်တယ်လို့ တင်ပြတောင်းဆိုတာမျိုး ဖြစ်
ပါတယ်။

     ဒီ fallacy ရဲ့ နာမည်ဟာ အင်္ဂလန်မှာ အပျော်တန်း မြေခွေးလိုက်ရာမှာသုံးတဲ့ အမဲလိုက်ခွေး
တွေကို အနံ့ပြင်းတဲ့ ငါးညှီနံ့တွေ အသုံးပြုပြီး လမ်းလွဲမှားယွင်းမှုမရှိအောင် လေ့ကျင့်ပေးရာက
နေ ရရှိလာခဲ့တာ ဖြစ်ပါတယ်။

“လူအတော်များများဟာ သောမတ်ဂျက်ဖာဆင်ကို ကျွန်တွေ ပိုင်ဆိုင်ခဲ့တဲ့အတွက်
 အပြစ်တင်ကြပါတယ်။ ဒါပေမယ့် ဂျက်ဖာဆင်ဟာ အကြီးမြတ်ဆုံးသော အမေရိ
ကန် သမ္မတတွေထဲ တစ်ယောက်အပါဝင် ဖြစ်ခဲ့ပါတယ်။ ဒါ့ပြင် သူ့ရဲ့ လွတ်လပ်ရေး
ကြေငြာစာတမ်းဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် အကောင်းဆုံး လမ်းပြရှေ့
ဆောင် တောင်းဆိုချက်ဖြစ်တယ်။ ဒါကြောင့် သူ့ကို ပြစ်တင်ရှုတ်ချမှုတွေဟာ တ
ကယ့်ကို မဖြစ်သင့်တာတွေပါ။”

     ဒီကိစ္စမှာ အဓိက ဆွေးနွေးငြင်းခုံမှုက - ဂျက်ဖာဆင်ဟာ ကျွန်တွေ ပိုင်ဆိုင်ခဲ့မှုအတွက် ပြစ်
တင်ရှုတ်ချဖို့ သင့်မသင့်ဆိုတာပါ။ သူဟာ အကြီးမြတ်ဆုံးသမ္မတ ဖြစ်ခဲ့မဖြစ်ခဲ့ (သို့မဟုတ်) လွတ်
လပ်ရေး ကြေငြာစာတမ်းအတွက် အသိမှတ်ပြုဖို့ သင့်မသင့် မဟုတ်ပါဘူး။ ဒီတော့ မူရင်းအငြင်း
ခုံကို မဆိုင်တဲ့ တင်ပြချက်တွေနဲ့ ချေပဖို့ကြိုးစားတဲ့ ဒီစကားစုမှာ ပြောဆိုသူဟာ Red herring
fallacy မြောက်ပါတယ်။

   တစ်ခါ နိုင်ငံရေးဖက်မှာ ကြည့်ရင် -
“အပြစ်ပြောချင်သူတွေက ကျနော့်ရဲ့အစိုးရဟာ လယ်သမားတွေ လယ်ပိုင်ဆိုင်မှုကို
ကာကွယ်ပေးဖို့ လုပ်ဆောင်မှုတွေ အင်မတန်နည်းနေတယ်လို့ ဆိုကြပါတယ်။ သူတို့
မေ့နေတာက ကျနော်ဟာ လယ်သမားမိသားစုက ပေါက်ဖွားလာတာကိုပါ။ ကျနော်
ဟာ လယ်သမားတွေရဲ့ မိုးထဲရေထဲက ကြမ်းတမ်းတဲ့ဘဝကို ကောင်းကောင်း သိနား
လည်သူတစ်ယောက် ဖြစ်ပါတယ်။ ဒီတော့ ကျနော့်ရဲ့ လယ်ယာဆိုင်ရာ မူဝါဒတွေကို
အပြစ်တင် ထောက်ပြနေသူတွေဟာ သူတို့ဘာပြောနေသလဲဆိုတာ ဘာမှ မသိကြ
ဘူးဆိုတာ ထင်ရှားပါတယ်။”

   အပေါ်ကကိစ္စမှာ ပြောဆိုနေတဲ့ နိုင်ငံရေးသမားရဲ့ အစိုးရအဖွဲ့ကနေ လယ်သမားတွေရဲ့ လယ်
ယာပိုင်ဆိုင်မှုကို ကာကွယ်ပေးမှုနဲ့ပတ်သက်လို့ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ ပြောဆိုနေတဲ့
 နိုင်ငံရေးသမားရဲ့ လယ်ထဲမှာ ကြီးပြင်းလာတယ်ဆိုတာဟာ လက်ရှိကိစ္စကနေ အာရုံလွဲသွားစေ
ဖို့ မီးခိုးကန့်လန့်ကာသာ ဖြစ်တယ်ဆိုတာ ရှင်းရှင်းကြီးပြောလို့ရပါတယ်။

   ဒါဆို Red herring fallacy မဖြစ်တဲ့အခါတွေ ရှိသလားဆိုရင်၊ ရှိပါတယ်လို့ ပြောနိုင်ပါတယ်။
အထူးသဖြင့် ပြောဆိုဆွေးနွေးချက်တွေကနေ ရှောင်ကွင်းသွားတဲ့ အခါမျိုးတွေမှာ ဖြစ်ပါတယ်။

ပြိုင်ဖက် - “ဒီမှာ အမတ်မင်း၊ ခင်ဗျားဟာ တရားရုံးမှာ လာဟ်စားမှု၊ လိမ်လည်မှု၊ ခိုးယူမှုတွေနဲ့
              ပြစ်မှုထင်ရှားခဲ့ပြီ။ ခုချိန်ဟာ ဒီလွတ်တော်ကနေ နှုတ်ထွက်ဖို့ အကောင်းဆုံးအချိန်
              လို့ မယူဆဘူးလား။”
အမတ် - “ခုလက်ရှိ ဘောလုံးအသင်းကြီးတွေက ဘယ်လိုတုံးဗျ၊ သူတို့ ခေါက်ဆွဲစားတာ တိုင်း
             သိပြည်သိပဲ။ ခင်ဗျားတို့ ဘယ်လိုထင်သလဲ။”

   ဒီဖြစ်ရပ်မှာ မျက်နှာပြောင်တိုက်ပြီး မဆိုင်တဲ့ကိစ္စတစ်ခုကို ဖေါ်ထုတ် လမ်းကြောင်းလွဲခဲ့တာ
မှန်ပေမယ့် ပြောဆိုသူကနေ သူမမှားဘူးလို့ မငြင်းဆိုခဲ့တဲ့အပြင် ဘာအကြောင်းပြချက်မျိုးနဲ့မှ ချေ
ပခဲ့တာ မဟုတ်တဲ့အတွက် Red herring fallacy နဲ့ မညိစွန်းပါဘူး။

(၁၀)  ကွဲပြားသော အဓိပ္ပါယ်များကို အသုံးချခြင်း (Equivocation)

     ဆွေးနွေးငြင်းခုံမှုတစ်ခုမှာ အဓိကကျတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကွဲတွေထဲက လိုချင်တာကို ဆွဲ
ယူပြီး အသုံးပြုတဲ့အခါ ဖြစ်တတ်တဲ့ fallacy ပါ။ ဥပမာတွေ ပေးရရင် -

“ကဲ ငါ့ကို ဝိုင်းထိုးကြစမ်းကွာ” လို့ ဖဲဒိုင်ကိုညိုရဲ့ ပြောစကားကို ကျနော့်နားနဲ့ ဆတ်
ဆတ်ကြားခဲ့ရပါတယ်။ ထိုးတယ်ဆိုတာဟာ လက်သီး၊ ဒါးနဲ့ထိုးတာလို့ အဓိပ္ပါယ်ရ
ပါတယ်။ ဒါကြောင့် ကိုညိုဟာ သူ့ကို လက်သီးတွေ၊ ဒါးတွေနဲ့ ဝိုင်းထိုးခံရတာကို
နှစ်သက်သူတစ်ယောက် ဖြစ်ပါတယ်။"
"ဘယ်ဥပဒေမဆို သင့်လျှော်လျောက်ပတ်တဲ့ ဥပဒေဆိုင်ရာ အာဏာပိုင်တွေကနေ
ပယ်ဖျက်လို့ ရပါတယ်။ ကမ္ဘာ့ဆွဲအားဥပဒေဟာလည်း ဥပဒေတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် ကမ္ဘာ့ဆွဲအားဥပဒေကို သင့်လျှော်လျောက်ပတ်တဲ့ ဥပဒေဆိုင်ရာ အာ
ဏာပိုင်တွေကနေ ပယ်ဖျက်လို့ ရပါတယ်။"

   ဒီနမူနာတွေကိုကြည့်ရင် အဓိပ္ပါယ်ကွဲတွေ ယူလို့ရနိုင်တဲ့ “ထိုး” “ဥပဒေ” ဆိုတဲ့ အဓိက စကားလုံး
တွေကို ဆီလျော်သက်ဆိုင်မှု မရှိတဲ့ဖက်ကနေ ယူငင်သုံးစွဲထားတာ ဖြစ်ပါတယ်။ ဒီ Equivocation
fallacy မျိုးတွေဟာ ကျိုးကြောင်းကျပုံ ရတာကြောင့် တစ်ခါတစ်ရံ မမြင်ပဲ ကျော်သွားမိတတ်ပါတယ်။

   ဒါကို ရှင်းရရင် အထက်က သက်သေပြချက်မျိုးတွေဟာ အောက်ကပုံစံမျိုး ပေါ်လွင်နေပါတယ်။

(a) “က” ဟာ “ခ” နဲ့ သက်ဆိုင်တယ်။ (ဘယ်ဥပဒေမဆို သင့်လျှော်လျောက်ပတ်တဲ့ ဥပဒေဆိုင်
      ရာ အာဏာပိုင်တွေကနေ ပယ်ဖျက်လို့ ရတယ်။)
(b) “ဂ” ဟာ “က” နဲ့ ညီမျှတယ်။ (ကမ္ဘာ့ဆွဲအားဥပဒေဟာလည်း ဥပဒေတစ်ခုဖြစ်ပါတယ်။)
(c) ဒါကြောင့် “ဂ” ဟာ “ခ” နဲ့ သက်ဆိုင်တယ်။ (ဒါကြောင့် ကမ္ဘာ့ဆွဲအားဥပဒေကို သင့်လျှော်
     လျောက်ပတ်တဲ့ ဥပဒေဆိုင်ရာ အာဏာပိုင်တွေကနေ ပယ်ဖျက်လို့ ရတယ်။)

   ဒီနေရာမှာ အဓိပ္ပါယ်ကို အလေးမထားပဲ၊ ရှင်းပြချက် လမ်းကြောင်းအတိုင်း (a) ကနေ (c) ကို
ကြည့်ရင် မှန်တယ်လို့ ဆိုနိုင်ပါတယ်။

   သို့သော် တိကျမှန်ကန်တဲ့ အနေထားနဲ့ အဓိပ္ပါယ်ကို သုံးစွဲမယ်ဆိုရင်တော့ တကယ်တန်းမှာ ခု
လိုပုံစံမျိုးနဲ့ သက်သေပြထားတယ်ဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။

(a) “က” ဟာ “ခ” နဲ့ သက်ဆိုင်တယ်။ (လူသားတွေရဲ့ လုပ်ဆောင်မှုတွေကို ကန့်သတ်တဲ့ ဘယ် 
     ဥပဒေမဆို သင့်လျှော်လျောက်ပတ်တဲ့ ဥပဒေဆိုင်ရာ အာဏာပိုင်တွေကနေ ပယ်ဖျက်လို့ ရတယ်။)
(b) “ဂ” ဟာ “ဃ” နဲ့ ညီမျှတယ်။ (ကမ္ဘာ့ဆွဲအားဥပဒေဟာ သဘာဝဖြစ်စဉ် ဥပဒေသတစ်ခုဖြစ်
     ပါတယ်။)
(c) ဒါကြောင့် “ဂ” ဟာ “ခ” နဲ့ သက်ဆိုင်တယ်။ (ဒါကြောင့် သဘာဝဖြစ်စဉ် ဥပဒေသတစ်ခုဖြစ်
     တဲ့ ကမ္ဘာ့ဆွဲအားဥပဒေကို သင့်လျှော်လျောက်ပတ်တဲ့ ဥပဒေဆိုင်ရာ အာဏာပိုင်တွေကနေ
     ပယ်ဖျက်လို့ ရတယ်။)

   ဒါကိုကြည့်ရင် အဓိပ္ပါယ်အရ၊ နံပါတ် (a) နဲ့ (b) ဟာ လုံးဝကွဲပြားသွားတာ တွေ့ရပါမယ် ။ ဒါ
ကြောင့် ဒီသက်သေပြမှု ဖြစ်စဉ်မှာ အကြောင်းပြချက်ဟာ အဆုံးသတ်အဖြေကို လုံလောက်သက်
ဆိုင်တဲ့ ထောက်ပင့်ပေးမှု မရှိဘူးလို့ ဆိုနိုင်ပါတယ်။ Equivocation fallacy နဲ့ ညိစွန်းပါတယ်။

(၁၁)  အဆိုပြုချက်ကို အဖြေအဖြစ် သုံးစွဲခြင်း (Begging the question)

     ဆွေးနွေးငြင်းခုံသူကနေ သူ့ရဲ့ အကြောင်းပြချက်ကိုပဲ အဖြေအဖြစ်နဲ့ ပြန်အဆုံးသတ်ဖို့ ကြိုး
စားတဲ့အခါတွေမှာ ဖြစ်တတ်တဲ့ fallacy ဖြစ်ပါတယ်။ ဖြစ်နေကျ နှစ်လမ်းရှိပါတယ်။

   အသိသာဆုံးတစ်မျိုးက အကြောင်းပြချက်ကို စကားလုံးပြင်ပြီး အဆုံးသတ်တာမျိုးပါ။
ဆိုင်ကယ်ပြိုင်တာဟာ အန္တရာယ်မကင်းတာကြောင့် အန္တရာယ်ရှိတယ်။
သေစားသေစေဥပဒေဟာ စောင့်ထိန်းသင့်တဲ့ လူသားတွေရဲ့ ကျင့်ဝတ်အရ ခွင့်မပြုသင့်
   တာကြောင့် လူ့ကျင့်ဝတ်နဲ့ မကိုက်ညီဘူး။ - ဆိုတာမျိုးတွေ ဖြစ်ပါတယ်။

   နောက်တစ်မျိုးက ချာလပတ်လည်ငြင်းခုံခြင်း ဖြစ်ပါတယ်။

မောင်နီ ။   ။ ဘုရားကိုယ်တိုင် ကျမ်းစာကို ရေးသားခဲ့တယ်။
မောင်ဝ    ။ ခင်ဗျား ဘယ်လိုသိသလဲ။
မောင်နီ    ။ ကျမ်းစာထဲမှာ ဒီလိုပဲ ပြောထားတယ်။ ကျမ်းစာထဲမှာ ရေးထားတာတွေဟာ အမှန်ပဲ။
မောင်ဝ   ။ ဒါဆို ကျမ်းစာထဲမှာ ရေးထားတာတွေဟာ အမှန်ပဲလို့ ခင်ဗျား ဘယ်လိုသိသလဲ။
မောင်နီ    ။ ဘုရားကိုယ်တိုင် ကျမ်းစာကို ရေးသားခဲ့လို့ပါ။

   ဒီလို ရိုးရှင်းတဲ့ အငြင်းခုံစက်ဝန်းမျိုးကို သိမြင်ဖို့ လွယ်ကူပေမယ့်၊ ပိုရှုပ်ထွေးလာတဲ့ အငြင်းခုံတွေ
မှာတော့ အချက်လက်တွေကို ရှာဖွေတွေ့ရှိဖို့ ခက်ခဲတတ်ပါတယ်။ ပမာပြုရရင် -

မြင်းခြံကောလိပ်ဟာ ဘားအံကောလိပ်ထက် ပိုကောင်းတယ်။
ဒါ ဘာကြောင့်လဲဆိုတော့ မြင်းခြံကောလိပ်မှာ ပိုကောင်းတဲ့ ကျောင်းသားတွေ ရှိလို့ပဲ။
ဒီလို ပိုကောင်းတဲ့ကျောင်းသားတွေ ရှိရတာဟာ ပိုကောင်းတဲ့ ဘာသာရပ်ဌာနတွေ ရှိလို့ပဲ။
အဲဒီ ပိုကောင်းတဲ့ ဘာသာရပ်ဌာနတွေ ရှိရတာဟာ လစာပိုကောင်းလို့ပဲ။
ဒီ လစာပိုကောင်းရတာဟာ ကျောင်းဝင်ငွေပိုရလို့ဖြစ်တယ်။
အဲသည် ဝင်ငွေပိုရရတာဟာ သစ္စာရှိပြီး ရက်ရောတဲ့ ကျောင်းသားဟောင်းတွေ ရှိလို့ဖြစ်တယ်။
သူတို့ဆီမှာ ဒီလို သစ္စာရှိပြီး ရက်ရောတဲ့ ကျောင်းသားဟောင်းတွေ ရှိရခြင်းက မြင်းခြံကောလိပ်
   ဟာ ဘားအံကောလိပ်ထက် ပိုကောင်းလို့ဖြစ်တယ်။

   ဒီအကြောင်းပြချက်စက်ဝန်းမှာ အစနဲ့အဆုံးစာကြောင်း တစ်နည်းအားဖြင့် အကြောင်းပြချက်နဲ့
အဆုံးသတ်အဖြေဟာ အတူတူပဲဆိုတာ မြင်တတ်မယ်ဆိုရင် Begging the question fallacy
ကို သတိထားမိနိုင်ပါလိမ့်မယ်။

မန်းကိုကို
၁၈ ၊ ၁၂ ၊ ၂၀၁၂

Reference 
Bassham G, Irwin W, Nardone H & Wallace J 2008, Critical Thinking: a student’s introduction, 3rd edn, McGraw-Hill Higher Education, New York.

4 comments:

  1. ဆရာမိုကန်းကန်း...
    ဦးလှမင်းက ဘောလုံးအကြောင်းပြောရင်းနဲ့ လွတ်တော်ကိုယ်စားလှယ်များ ဖြစ်သွားလေရော့သလားလို့
    စောကြောနေမိတယ်။း)

    နောက်ပြီးတော့..

    ဦးလှမင်းတော့ ဘယ်သူမှန်းမသိဘူး။ ဘောလုံးအကြောင်းပြောရင်တော့ ဟို.. "အဲဒါပြောတာပေါ့ခင်ဗျာ.. ကိုယ့်လူဘယ်မှာရှိမှန်းမသိ.. ဘောလုံးကို ဘယ်ထိုးပေးရကောင်းမှန်းမသိ.." စသဖြင့် အားမလိုအားမရ ကွန်မင်တေတာ လုပ်တဲ့ ဦးလှဝင်းကြီးကို မြင်ယောင်မိသေးတော့။း)

    ReplyDelete
    Replies
    1. ဟုတ်ပါဘူး သူကြီးရယ် ၊ တစ်ခါလာလည်း မောင်ဘ မောင်ဝ မောင်လှ မောင်က-ခ တွေချည်းဆိုတော့ တစ်ခါတစ်လေ မတူအောင် စိတ်ကူးထဲပေါ်ရာ နာမည်တချို့ကို လက်တန်းထည့်လိုက်တာပါ :)

      ဒါနဲ့ သူကြီးရဲ့ ဦးလှဝင်းကြီးကိုတော့ မသိဘူးခင်ဗျ ။
      ကျနော်တို့လို အဖိုးကြီးပေါက်စတွေအတွက်တော့ လျှာခြေချော်မတတ် မြန်မြန်ပြောနိုင်တဲ့ "မြန်မာ့အသံ ဦးကျော်ဆန်း"လို လူမျိုးနဲ့ ပိုရင်းနှီးတယ် ။ ဒါပေမယ့် သတိနည်းလို့ မှတ်မထားမိတာလည်း ဖြစ်နိုင်ပါတယ်ဗျာ ။

      ပြီးတော့ သူကြီးက "မိုကန်းကန်း"လို့ နာမည်တပ်ထားလို့ ပြောရဦးမယ် ။
      ကျနော့် cbox မှာ မိုကန်းကန်းဆိုပြီး ရေးထားတာတွေထဲမှာ အတုလည်း ပါတယ်ဗျို့ ။
      ကြော်ငြာတစ်ခါတည်း ဝင်ထားလိုက်တယ် :)

      Delete
  2. မေးသူ။ ။ဘာကြောင့် Equivocation fallacy နဲ့ ငြိရတာလဲ။
    ဖြေသူ။ ။ Equivocation fallacy နဲ့ ငြိနေလို့ဖြစ်ပါတယ်။
    မေးသူ။ ။ ဟင်.. အေးအေး.. ရှင်းသွားပါပြီ။
    ဖြေသူ။ ။ ဘာကြောင့်ရှင်းသွားတာလဲ။
    မေးသူ။ ။ ရှင်းသွားလို့ပါ။

    ReplyDelete
    Replies
    1. "ချက်"ဆိုရင် နားခွက်က မီးတောက်တဲ့ ၊ မတစ်ထောင် တစ်ကောင်ဘွားတွေ လောကမှာ ရှိမှန်းသိပေမယ့် ၊ ခုမှပဲ ကိုယ်တွေ့ကြုံရတော့တယ် ။ ထက်ပါပေ့ ။

      Delete