ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Wednesday, May 16, 2012

တစ်ယောက်ထဲ စကား



     အေးအေးလူလူ မနေနိုင်တော့ သစ်ထူးလွင်ဝက်ဘ်ဆိုက်မှာ သွားဖတ်ပြီး မှတ်ချက်နည်းနည်း
ပေးဖြစ်တယ် ။ အဲဒီက မှတ်ချက်အတိုချုပ်နဲ့ ထပ်ပေါင်းအနည်းကျဉ်းကို ပို့စ်တစ်ခု လုပ်တင်လိုက်
ပါတယ် ။ နည်းနည်းတိုအောင်လုပ်ပြီး ပြင်ထားတာတွေလည်းပါလို့ အပြည့်ဖတ်ချင်ရင် လင့်အတိုင်း
လိုက်သွားပြီး ဖတ်ကြလို့ ရပါတယ် ။ နောက်နေ့တွေမှာလည်း စိတ်ထဲပေါ်လာတာအချို့ကို ထပ်
ဖြည့်ဦးမှာမို့ နားနားနေနေ လာဖတ်လို့ ရပါသေးတယ် ။


 *  တရာရေး  (သတင်းလင့်) 

     အပေါ်က မှတ်ချက်အချို့မှာ ပြည်သူတွေ ထိတ်လန့်အောင် ထိခိုက်အောင်လုပ်သူမို့ သေ
ဒဏ်ပေးဖို့ ပြောတာတွေ တွေ့ရပါတယ် ။ မြင်တာကတော့ ဒီလို သူတစ်ပါးအကြောင်း ဂဃ
နဏမသိပဲ ဒုက္ခရောက် စေချင်သူတွေနဲ့ အာဏာရှိသူတွေရဲ့ လူတွေအပေါ် ဒုက္ခပေးချင်တဲ့
စိတ်အခြေခံတွေဟာ မတိမ်းမယိမ်းပါပဲ ။ သူမကောင်းလို့ ကိုယ်မကောင်း ၊ စနစ်မကောင်းလို့
လူမကောင်း ၊ လူမကောင်းလို့ စနစ်မကောင်းဆိုသလို ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဖြစ်စဉ်ကြီးမှာ
ကျနော်တို့တွေ မျောပါနေကြတာပါ ။ ဒါတွေကို မမြင်နိုင်ရင် ဒုံရင်းဒုံရင်း ဘဝကနေ တက်ဖို့
မလွယ်ပါဘူး ။ ခုကိစ္စမှာ “တရားရေး”ဟာ “တရာရေး”ဆိုပြီး တင်စားရမလို ဖြစ်နေတယ် ။

     “တရာရေး” လို့ ပြောရတာက - အမှုအခင်းဖြစ်ရင် သက်သာဖို့ လွတ်ဖို့ ဒေါ်လာတစ်ရာ
လောက်ရှိမှ အဆင်ပြေပြီး ၊ ပြစ်ဒဏ်ကျဖို့မှာလည်း လူ ၁၀၀ လောက်ရဲ့အမြင်နဲ့ ပြီးပြတ်သွား
ရတာမျိုး ဖြစ်သွားနိုင်တယ်လို့ တင်စားတာပါ ။ တစ်နည်းအားဖြင့် ငွေများတရားနိုင် ၊ ဓါးစာခံ
ရှာတဲ့အကျင့် ၊ မတရားစွပ်စွဲပြီး အပြစ်ပုံချ တတ်တဲ့ အလေ့တွေ ရှေ့တန်းရောက်လာနိုင်တာ
ကို ပြောတာပါ ။ အမှန်တော့ ဖြစ်လည်း ဖြစ်နေတာပါပဲ ။

     ဥပဒေပညာရှင်မဟုတ်လို့ အသေးစိတ် မပြောနိုင်ပေမယ့် ၊ သေချာတာက ဥပဒေနဲ့ တရား
စီရင်ရေး ကဏ္ဍမှာ အခြေခံကျတဲ့ အယူအဆ(concept)တွေ ရှိကြပါတယ် ။ သံသယ အရှိခံရ
သူတစ်ယောက်ကို အပြစ်ရှိတယ် လို့ သက်သေမပြနိုင်မချင်း အပြစ်မဲ့သူလို့ သဘောထားရ
မယ် ဆိုတာမျိုး ၊ လူတိုင်းရဲ့ မွေးရာပါ အခွင့်ရေးတွေကို အစိုးရကနေ အကြောင်းမဲ့ တားဆီး
ဖယ်ရှားပစ်တာမျိုး မလုပ်ရလေအောင် တရားရုံးကနေ ကာကွယ်ပေးရမယ် စသည်ဖြင့်ပေါ့ ။

     ဒါပေမယ့် အနည်းဆုံး မြန်မာပြည်အပါဝင် အိမ်နီးချင်းတွေမှာတော့ “သံသယ အရှိခံရသူ
ဟာ ၊ တရားခံ အလိုအလျောက် ဖြစ်သွားပြီး ၊ သူ့မှာ အပြစ်မရှိကြောင်း သက်သေပြနိုင်မှ
သက်သာမယ့် သဘော” ဖြစ်နေတာကြောင့် ရှေ့ခရီး အဝေးကြီး လျှောက်ကြရဖို့ ရှိနေတုန်း
ပါ ။ တလောက စိုင်းနော်ခမ်းကို လာအိုက တရုတ်လက်ထဲ လွဲပေးတဲ့ ဓါတ်ပုံတွေကိုကြည့်ပါ ၊
အပြစ် မစီရင်ရသေးတဲ့လူကို ဒူးထောက်ခိုင်းထားပြီး လူတစ်ယောက်ရဲ့ စိတ်ဓါတ်နဲ့ သိက္ခာ
တွေကို ရိုက်ချိုးတဲ့ အပြုအမူမျိုးလုပ်နေတာ တွေ့နိုင်ပါတယ် ။

     ဖွံ့ဖြိုးပြီးနိုင်ငံတွေက အတုယူစရာ အများကြီးရှိပါတယ် ။ ဥပမာ တရားသူကြီးဆိုရင် ဝါရင့်
ရှေ့နေကြီးတွေထဲက သိက္ခာသမာဓိ ရှိသူတွေကို တရားရေးဌာနက လခကောင်းကောင်းနဲ့
တရားသူကြီးလုပ်ဖို့ ဖိတ်ခေါ်တာမျိုးပါ ။ မြန်မာပြည်မှာတော့ အရည်သွေးမြှင့်ဖို့ ၊ သိက္ခာသမာဓိ
မြင့်လာဖို့ ၊ စားလောက် သောက်လောက်ဖို့နဲ့ အခွင့်လမ်းတွေ ဖန်တီးပေးဖို့ရော အများကြီး လို
နေပါသေးတယ် ။ အရေးကြီးတာတစ်ခုက လွတ်လွတ်လပ်လပ် တရားစီရင်နိုင်ဖို့နဲ့ ၊ ရဲတွေလို
လုံခြုံရေး ဝန်ထမ်းတွေက ဥပဒေဘောင်အတွင်း မျှမျှတတလုပ်နိုင်ဖို့ အနေထားတွေပါပဲ ။

     အချုပ်က ဥပဒေနဲ့ တရားရေးကဏ္ဍဟာ လူတွေကို အလုပ်ကျွေးပြု ကာကွယ်ဖို့အတွက်
ရှိနေရတာပါ ။ လက်နက်စင်္ကြာလို သုံးရတာမျိုး မဟုတ်ပါဘူး ။ လူတွေကိုမုန်းလို့ အပြစ်ရှာ
စီရင်နေတာ မဟုတ်တာကြောင့် အသက်သတ်ဖို့ဆိုတာ ရွေးစရာလမ်း မရှိတော့မှ သုံးရတာ
ပါ ။ ကနေ့ ကမ္ဘာမှာ “လူတစ်ယောက်ရဲ့ အသက်ကို အဆုံးသတ်ဖို့ရာ ဘယ်သူ ဘယ်အစိုးရက
ဘာအကြောင်းကြောင့် ဆုံးဖြတ်ခွင့်ရှိရမှာလဲ”လို့ မေးခွန်းတွေ ထုတ်နေကြပါပြီ ။ လူ့ကျင့်ဝတ်
နဲ့ ဆိုင်တယ်ဆိုပါစို့ ။ ဒီနေရာမှာ ဟနေတာတစ်ခုက - မြန်မာ ပြည်မှာ လူ့ကျင့်ဝတ်လို့ပြောရင်
လောကနီတိလောက်ပဲ ပြေးမြင်နိုင်ကြပါတယ် ။ နိုင်ငံတကာမှာတော့ ဘာသာရပ်တစ်ခုအနေနဲ့
သင်နေကြတာမို့ ဘယ်လောက်ကျယ်ပြန့်လဲဆိုတာ ခန့်မှန်းကြည့်လို့ ရမှာပါ ။ (တွေ့ခဲ့တဲ့ ကျင့်
ဝတ်ဆိုင်ရာ စာအုပ်တစ်အုပ်တင် တစ်ထွာလောက်ထူပါတယ်) ။

     တွဲပြောချင်တာတစ်ခုက မင်းမဲ့စရိုက် ဆိုတဲ့စကားပါ ။ မြန်မာပြည်မှာ အများစုကတော့ ဒါ
ကို ခွေးချေးတုံးထက် ရွံစရာကောင်းတယ်လို့ ထင်ကြတာများပါတယ် ။ သို့သော် ကမ္ဘာပေါ်မှာ
မင်းမဲ့ဝါဒီ(anarchism) ဆိုတာ ခိုင်ခိုင်မာမာ တည်ရှိနေပြီး  ယုံကြည်သက်ဝင်သူတွေ အများ
ကြီးရှိပါတယ် ။ အချို့ဆိုရင် တကယ့်ပညာတတ်တွေပါ ။ လွတ်လပ်ခြင်းနဲ့ ညီမျှခြင်းတွေကို
အခြေခံပြီး နိုင်ငံဆိုတာနဲ့ နိုင်ငံရေးအာဏာတွေကို လက်မခံသူတွေ ဖြစ်ပါတယ် ။ ဆန့်ကျင်
ဖက်ကိုတွေးကြည့်ရင် မင်းမဲ့ဝါဒကို မကြိုက်သူတွေက မင်းရှိဝါဒီတွေပေါ့ ။ မင်း=ဘုရင်=အစိုး
ရရှိမှုကို ယုံကြည်သူတွေဟာ ကိုယ့်ခြေပေါ် ကိုယ်မရပ်နိုင်သူတွေလား ၊ လွတ်လပ်မှုကို မြတ်
သူတွေ မဟုတ်လို့လား ၊ ဖိနှိပ်ချုပ်ချယ်မှုတွေကို ကြိုက်နှစ်သက်သူတွေလား ၊ အကျွမ်းတဝင်
မရှိသူတွေအတွက် မေးစရာတွေ အများကြီး ပေါ်လာနိုင်ပါတယ် ။

     ဒါကို လက်ခံယုံကြည်ဖို့ တိုက်တွန်းတာ မဟုတ်ပါဘူး ။ ဒီဝါဒမှာ ချွတ်ယွင်းချက်တွေ အ
များကြီးရှိပါတယ် ။ ဒါပေမယ့် ပြောချင်တာက - မြန်မာပြည်မှာ တစ်သက်လုံး တစ်ဖက်သတ်
ခေါင်းထဲ ရိုက်သွင်းခံလာခဲ့ရတဲ့ အတွေးအမြင်တွေဟာ အကန့်အသတ်ရှိပြီး လေ့လာဖြည့်စွက်
စရာ အများကြီး လိုနေသေးတယ် ဆိုတာကိုပါ ။ ဒါက လူမှုသိပ္ပံ ပညာပိုင်းတွေလို့ ဆိုနိုင်ပါ
တယ် ။ ခုထိတော့ အာဏာပိုင် အစိတ်ပိုင်းအတော်များများက လူတွေသိမှာစိုးနေတဲ့ ကဏ္ဍ
ဖြစ်ပါတယ် ။ ကျနော့် တစ်ယောက်ထဲသဘောကတော့ မသိသေးသူတွေအနေ နဲ့ ပိုသိလာ
အောင် ပညာနယ်ပယ် ချဲ့သင့်ကြပါတယ် ။ အားလုံးအကျိုးအတွက်ပါ ။ (မှတ်ချက်အဆုံး)

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

      အပေါ်က ကိုယ်ကျင့်တရား (ethic)ဆိုတာကို ပြန်ကောက်ပြီး ပြောချင်တယ် ။
      ကျနော်ကတော့ ဒေါက်တာဇာနည်နဲ့ သွားပြီးတွဲမြင်မိတယ် ။ သူဟာ (ပညာတတ်တွေရဲ့)
ကျင့်ဝတ်ပိုင်းကို အင်မတန် စောင့်ထိန်းနေသူတွေထဲက တစ်ယောက်လို့ နားလည်တယ် ။
Academics လို့ခေါ်တဲ့ ပညာရှင်တွေ အသိုင်းဝိုင်းမှာ (အထူးသဖြင့် လူမှုသိပ္ပံဖက်မှာ) ဒီလို
စံပြကျင့်ဝတ် စောင့်စည်းတာတွေဟာ ဒီအသိုင်းအဝိုင်းရဲ့ ဓလေ့ ၊ တန်ဖိုး ၊ လမ်းစဉ်တွေပါပဲ ။
ဒါတွေကို သုတေသနပိုင်း အတွေးခေါ်ပိုင်းတွေနဲ့ ပေါင်းစပ်ပြီး ပညာသိက္ခာ ၊ အများကနေ
ဒီဘာသာရပ်မှာ ပြောဆိုပိုင်ခွင့်ရှိတဲ့ ပညာရှင်တစ်ယောက်အဖြစ် အသိမှတ်ပြုလာဖို့ရာတွေကို
တည်ဆောက်ယူရပါတယ် ။ ဒါကို နားမလည်သူ အတော်များများက ဒေါက်တာဇာ နည်ကနေ
လူမျိုးဘာသာ ခွဲခြားသူတွေကို ရှုတ်ချလိုက်တာနဲ့ မျိုးချစ်စိတ်ခေါင်းထောင်လာပြီး ဝိုင်းဆော်
ကြတော့တာပါပဲ ။ နောင်တစ်ချိန်မှာ သူတို့သားသမီးခေတ်မှာ ပညာတတ်ဖြစ်ချင်ရင် ဒေါက်
တာဇာနည်ဆီမှာ မျက်နှာချို သွားသွေးရမှာတွေ ၊ အာဏာပိုင်ဆိုသူတွေ သူ့ဆီမသွားမေးရင်
တောင် သူပြောတာတွေကို တလေးတစားနဲ့ ထည့်စဉ်းစားရမှာတွေ ရှိလာမယ်ဆိုတာ တွေးမိ
ကြပုံ မရပါဘူး ။

     တစ်ဆက်ထဲ ဆက်စပ်စရာတစ်ခုက - မနေ့က ဖေ့ဘွတ်မှာ လူငယ်လေးတစ်ယောက်ပြော
သလို “နိုင်ငံခြားက အော်နေသူတွေကို အထင်သေးတယ်” ဆိုတဲ့စကားမျိုးပါ ။ နှိုင်းပြရင်တော့
လွန်ကာကျကောင်း ကျနေပါမယ် ၊ ဘာကို သွားသတိရမိလဲဆိုတော့ ဘာသာရေးမှာ ဘုရား
ကနေ လူတွေကို “ကြင်နာသနားတယ်” ဆိုတာကိုပါ ။ တစ်ထွာတစ်မိုက် သိတာလေးတွေနဲ့
ပြောချင်ရာပြော လုပ်ချင်ရာ လုပ်နေသူတွေကို အတုမရှိဘူးလို့ ယုံကြည်ရတဲ့ ဘုရားက ကြင်
နာသနားတယ်ဆိုတာ တကယ့်ကို သဘာဝကျတယ်လို့ ခံစားမိတယ် ။ ပြည်တွင်းမှာ မတွေ့
ဖူးတဲ့ မရနိုင်တဲ့ အသိပညာတွေကို သင်ခဲ့ရသူတွေ ၊ အထူးသဖြင့် ထဲထဲဝင်ဝင် လေ့လာခဲ့ရ
သူတွေလည်း ပြည်တွင်းက မျက်စေ့မှိတ်ပြောနေသူတွေကို ဒီလိုပဲ သဘောထားကြမှာပါပဲ ။
ဒါကိုသိတဲ့ ဦးသိန်းစိန်တို့လည်း ဦးမြင့်လိုလူတွေကို နိုင်ငံခြားကနေပြန်ခေါ် ၊ အနည်းဆုံး နိုင်
ငံခြားအတွေ့ကြုံရှိသူ အများစုကို အကြံပေးဆိုပြီး ဆွဲစေ့ရတာပေါ့ ။ မြင်တာကို ပြောတာပါ ၊
အမှန်မှာ အချို့လူတွေရဲ့ မာနကို ထိခိုက်မယ့် စကားတွေကို အတတ်နိုင်ဆုံး ရှောင်ချင်ပါ
တယ် ။ မပြောရင်လည်း မပြီးပြန်တော့ ..... ။

တော်သေးပြီ ၊
၁၆ ၊ ၀၅ ၊၂၀၁၂



* ချီးကျုးစကားနဲ့ သတင်းတစ်ခုအပေါ်အမြင် (သတင်းလင့်) 

     သစ်ထူးလွင်ဝက်ဘ်ဆိုဒ်ဟာ နှစ်တိုအတွင်းလေးမှာ အောင်မြင်အောင်လုပ်နိုင်ခဲ့တာ ချီးကျူး
ချင်ပါတယ် ။ တည်ထောင်လုပ်ကိုင်သူ(တွေ)ဟာ ဘယ်သူတွေပဲဖြစ်ဖြစ် စိတ်ကူးနဲ့ သင့်တင့်တဲ့
ကြိုးပမ်းမှုတွေပါမှ ခုလို အောင်မြင်မယ်ဆိုတာယုံလို့ ချီးကျူးတာပါ ။ လက်ရှိ ဝက်ဘ်ဆိုက်ပေါ်မှာ
စာတစ်ပြိုင်ထဲ ဖတ်နေသူ ၁၀၀၀ ကျော်တာဆိုလို့ မဇ္ဈိမတစ်ခုထဲ သတိထားမိလို့ မြင်တဲ့အတိုင်း
ပြောတာပါ ။ အနာဂါတ်ကို မသိပေမဲ့ လက်ရှိ အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ခဲ့တဲ့ ဒီဝက်ဘ်ဆိုဒ်
ဟာ သိက္ခာရှိရှိနဲ့ ရေရှည်အောင်မြင် တည်တံ့သွားဖို့ ဆန္ဒပြုလိုက်ပါတယ် ။

     အပေါ်ကသတင်းနဲ့ ဆိုင်တာလေး နည်းနည်းဆက်ပြောချင်ပါတယ် ။
     ကျနော်တို့ဟာ ငယ်စဉ်ထဲက ကိုယ်ကျင့်ကောင်းဖို့ ၊ သူတပါးကို ကူညီစောင်မဖို့ ၊ ရိုသေသင့်
တာ စောင့်ထိန်းအပ်တာတွေကို ရိုသေ စောင့်ထိန်းဖို့ ၊ ကိုယ်ချင်းစာတရား ပွားများကြဖို့ ၊ မတရား
မှုကို ရှောင်ကြဉ်ဖို့ ပုံပြင်တွေ ၊ သာဓက ဥပမာတွေ ၊ အသွန်အသင်တွေနဲ့ ကြီးပြင်းလာခဲ့ ကြရသူ
တွေက အများစုပါ ။ ဒါတွေကပဲ ကျနော်တို့ရဲ့ လူနေမှု ပတ်ဝန်းကျင်ကို အခြေခံ တည်ဆောက်
ထားတယ် ။ ဒါတွေကတဆင့် ကိုယ်ကျင့်အသိနဲ့ ယဉ်ကျေးမှုတွေ ဖြစ်တည် ထိန်းသိမ်းတာတွေ
ထပ်ဆင့်ဖြစ်လာတယ် ။ အချို့က ဂုဏ်ယူသလို ၊ အချို့မတော့ မမြင်မိတာ ရှိကြပေမယ့် ကုန်ဆုံး
လျော့ပါး ပျောက်မသွားပါဘူး ။ ရင်ထဲ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး တလွဲတွေမြင်လာရင်
နှုတ်ကမပြောဖြစ်ပေမဲ့ အတွင်းစိတ်က လက်သင့်မခံသလို ခံစားမိကြတာပါပဲ ။

     ဒါပေမယ့် လက်တွေ့ဘဝမှာ မတရားမှုတွေကို မျက်နှာလွဲ ၊ ကိုယ်ချင်းစာစိတ်တွေ ခေါင်းပါး ၊
ကိုယ်ပဲမှန်ပြီး သူများခံစားရတာကျ အသိမှတ်မပြုတာမျိုးလို လူသားမဆန်တဲ့ အပြုမူတွေဟာ
ကျနော်တို့တွေ သိလျက်နဲ့ လက်ခံအားပေးသင့်လား ၊ ဆိတ်ဆိတ်နေသင့်လား ၊ ကိုယ့်အလှည့်
ပန်မရောက်တော့ဘူးလား ။ ပေါ့ပေါ့နေဘဝမျိုးအတွက် မထောင်းတာပေမယ့် လေးနက်တဲ့ဘဝ
လိုလားသူ ၊ ရိုးသားဖြောင့်မတ် တန်ဖိုးရှိလိုသူတွေအတွက်တော့ နှစ်ခါပြန်တွေးဖို့ လိုပါမယ် ။ အ
ထူးသဖြင့် ဘာသာတရားရဲ့ အဆုံးမကို နာယူသုံးစွဲလိုချင်သူတွေအတွက် ပိုတွေးသင့်ပါတယ် ။

     လိုရင်းကို ဆက်ပြောပါရစေ ။
     အပေါ်က သတင်းခေါင်းစီးကိုကြည့်ပါ ၊ တကယ့်ရှင်းရှင်းလေးပါ ၊ တိုင်းရင်းသားတွေကနေ
ဗမာတွေကို ဘယ်လိုထင်မလဲ ။ ဒီလိုပြောတော့ ကျနော်က တိုင်းရင်းသားတွေနဲ့ ဗမာကို ခွဲပြော
သူလို့ စွပ်စွဲကြမှာပါ ။ ကျနော့်အဖြေက ရှင်းပါတယ် ၊ ကျနော့်ကို မပြောပါနဲ့ တိုင်းရင်းသားဒေသ
တွေမှာသွားပြီး ကြိုးစားရှင်းပြကြပါ ။ ကျနော်တစ်ယောက်ထဲ မတတ်နိုင်ပါဘူး ။ တိုင်းရင်းသား
စည်းလုံးညီညွတ်ရေးဆိုတာ ရွှေမှုန်မကြဲပဲ လက်တွေ့အကျိုးရှိမှ မှန်တယ်လို့ ပြောလို့ရပါမယ် ၊
အလုပ်နဲ့ သက်သေပြရပါမယ် ။ 

စဉ်းစားကြည့်ရင်  -              မြန်မာပြည် အင်္ဂလိပ်လက်အောင် ရောက်သွားစဉ်က
ဘယ်လာက်ကြာကြာ ခုခံတိုက်ခိုက်ခဲ့ကြသလဲ ။ ကိုယ့်အချင်းချင်းကျမှ ဘာကြောင့်
နှစ်ပေါင်း ၆၀ ကျော် တိုက်ခိုက်နေကြရသလဲ ။ အရင်နယ်ချဲ့တွေက လက်ရှိ ညီအစ်
ကိုဆိုသူတွေထက် ပိုကောင်းနေသလား ။
     ဘယ်လောက်တိုက်ခဲ့တိုက်ခဲ့ ပြည်မက နည်းနည်းလျှော့လိုက်ရုံနဲ့ အပစ်ခတ်ရပ်စဲရေးတွေ
၁၉၉၀ ကျော်တွေမှာ ချက်ချင်းရခဲ့တာတွေကိုကြည့်ရင် အဖြေက သိပ်မဝေးလှပါဘူး ။ သေချာ
တာက ဘယ်သူမှတော့ အပြန်ပြန် အလိမ်မခံချင်ကြပါဘူး ။ ဖြေဆေးအနေနဲ့ စိတ်တွေကို ဖွင့်
ထားကြဖို့ ၊ နားလည်မှု ပေးနိုင်ကြဖို့ ၊ ဦးဆောင်သူတွေက စေတနာမှန်မှန်နဲ့ လုပ်ကြဖို့တော့ လို
ပါတယ် ။ သူများကို လည်ပင်းညှစ်ပြီး ယုံကြည်မှု တည်ဆောက်လို့ မရသလို ဒါကိုသိရင် သိတဲ့
အတိုင်းလည်း လက်တွေ့ကျင့်ကြံရပါမယ် ။

     ပြောတာလည်း ရှည်ပြီ ။ နားလည်လက်ခံထားတဲ့ ကိုယ်ပိုင်သဘောထား အကျဥ်းလေးပါ ။
စိတ်ပါရင် ကျနော့်ကို သူပုန်လို့ ခေါ်ချင်လည်း ခေါ်ကြပါ ။

 ~~~~~~~~~~~~~~~~~~~~~~~~~~~~


 ဒလန်တွေကြားမှာ (သတင်းလင့်)

     ပြည်တွင်းစစ်သတင်းတွေဖတ်တိုင်း ရင်မောရပါတယ် ။
     ထပ်ဆင့်မောရတာကတော့ စကားနိုင်လိုစိတ် တစ်ခုထဲနဲ့ မှန်မမှန် ၊ သင့်မသင့်ဆိုတာတွေ
ဘေးချိတ်ပြီး ကိုယ့်စိတ်ရင်းမှန်တွေကို (ကိုယ့်ကိုတော့ လူသိမခံဝံ့ပဲ) ဖွင့်ပြနေကြတာကိုပါ ။

     တစ်ခါခါလည်း ခိုင်လုံတဲ့ အချက်လက်တွေ (သို့) ကျိုးကြောင်းသင့်တဲ့ အပြန်အလှန် ဆွေး
နွေးပြောဆိုတာတွေကို မျှော်လင့်တယ် ။

     တကယ်တော့ စကားအကြောရတာ အနိုင်ရတာ မဟုတ်ပါဘူး ။
ကိုယ့်နဲ့ သဘောသဘာဝ မတူသူတွေတချို့ကို အောင်အောင်မြင်မြင် သတ်ဖြတ်နိုင်တာဟာ
လည်း ကျန်တဲ့သူတွေရဲ့ စိတ်ထဲက အကြိတ်ခဲကို မဖျောက်နိုင်ပါဘူး ။ ပိုပြီးတော့တောင် ခိုင်
မာလာပြီး ၊ အနိုင်ကျင့်ခဲ့သူ အနေနဲ့လည်း ငါ့အလှည့်အတွက် မလုံလဲ ကာလရှည်ကြာ ခံစား
ရမယ့် အဖြစ်ပါ ။

     ဗူးလေးရာ ဖရုံဆင့်စေတာက တမင်အမြင်မှားအောင် ရေးတဲ့မှတ်ချက်နဲ့ မခိုင်လုံပဲ တီထွင်
ထားတဲ့ သတင်းတွေကို စုပြုံပြီး လာထည့်တဲ့လူတွေပါ ။ ဘယ်သူတွေလဲဆိုတာ မစွပ်စွဲလိုပါဘူး ၊
ဒါပေမယ့် ဖတ်သူတွေရဲ့အမြင်ကို မသိမသာ အဆိပ်ခတ်ဖို့ ကြိုးစားနေတာ မြင်ပါတယ် ။ ရာစုနှစ်
တစ်ဝက်ကျော်ကျော် သမိုင်းကို လိုရာကွေးပြီး ဖြန့်ဝေနေခဲ့ကြတာတောင် မတော်နိုင်ကြသေး
တာတော့ တိုင်းပြည် အင်မတန်နာပါတယ် ။

     ဝင်ပြောပြန်တော့ ကိုယ်လည်း မကောင်းမကောင်း ဖြစ်တယ် ။ အပြောကျွံရင်လည်း ဆရာ
လုပ်တယ် ဖြစ်ပြန်တယ် ။ တစ်ဖက်မှာက အတွေးအဆိပ်ခပ်တဲ့ စာတွေကို လက်လွတ်စပယ်
ထားရင် သတိမရှိသူတွေ ရေရှည်မှာ အမြင်ကွေးပြီး သွယ်ဝိုက်ဆိုးကျိုးတွေ ပေးနိုင်လို့ မနေနိုင်
ပဲ ဝင်ရှည်တာပါ ။

     နမူနာ တစ်ခု ပြပါမယ် ။ အပေါ်က maungmin ဆိုသူရဲ့ မှတ်ချက်မျိုးကို ကြည့်လိုက်ပါ ။

   "... ဖြစ်မှာပဲ .."
   "... သိမယ့်ပုံမပေါ်ဘူး .."
   "... လောက်ပဲရှိမှာပဲ .."
   "... မထင်ပါဘူး .."
   "... ဖြစ်သွားမှာပါ .." စသည်ဖြင့် မှတ်ချက် တစ်ခုထဲမှာတင် မရေမရာ အတွန်းစကားတွေ ပွစာ
                             ကျဲနေတာ တွေ့နိုင်တယ် ။

     သာမန် တွေးခေါ်နိုင်သူ တစ်ယောက်အနေနဲ့ပဲ တွေးကြည့်ပါ ၊ အထင် အတွန်းတွေနဲ့ ရေးတဲ့
စာကို အတည်ယူလို့ ရနိုင်မလား ။ စာလာဖတ်သူ အတော်များများဟာ တွေးတတ်တဲ့အရွယ် ၊
စိတ်အလို မလိုက်တတ်တော့တဲ့အရွယ်နဲ့ ပညာတတ်သူတွေ အမျိုးမျိုးပါတာကြောင့် အလွယ်
တကူ လက်ခံမယ်မထင်ပေမယ့် နုနယ်ပြီး သတိလွတ်တတ်သူ တစ်ယောက်မဟုတ်တစ်ယောက်
ရှိတတ်တာကြောင့် ၊ အထူးသဖြင့် လူငယ်တွေကနေ ဘက်စုံ သတင်းစုံကို ဖတ်ပြီးမှ ချင့်ချိန်ဖို့
သတိတရ ပြောချင်ပါတယ် ။

     ခုလို မှတ်ချက်ရေးပြီး အတွေးအမြင် အသိနဲ့ ဗဟုသုတတွေ ဖလှယ်လို့ ရတဲ့နေရာမှာ ၊ ရတဲ့
အခွင့်ရေးကို သုံးနိုင်ကြဖို့ကိုလည်း အားပေးချင်ပါတယ် ။ အများအားနဲ့က ခရီးပိုတွင်နိုင်ပါတယ် ။

(အချို့အတွက်လည်း ဖတ်ရတာ ပျင်းစရာကောင်းမယ် ၊ အပ်ကြောင်းထပ်တာတွေ ပါမယ် ၊ တစ်ဖက်မှာကလည်း
လူဖတ်များတဲ့ဆိုက်ဒ်မှာ တစ်ချက်နှစ်ချက်တော့ ဝင်ထောက်သင့်တယ် ထင်လို့ပါဗျို့) ။

[သတိထားမိတာက ကျော်ထူးတစ်ယောက်လည်း ဗလိုင်းကြီး အခွပ်ခံရသကိုး ၊ ဗကပအောက်
ဆွဲ ကချင်သူပုန်ဆိုပဲ ။ တော်ကြာနေ မုပပ်ပလပ်နဂဲ (မပု ပုလဲနားကပ်) လို့ပြောမိရင် မွန်သူပုန် ၊ 
အန်းတယ်ထီလန်းနယ် (ထ္မင်းစားပြီးပလား) ဆိုရင် ပအို့သူပုန် ဆိုပြီးလုပ်မလားပဲ  :-)  ]


မန်းကိုကို
၁၅ ၊ ၀၅ ၊ ၂၀၁၂

No comments:

Post a Comment