ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Sunday, March 27, 2011

တိုတိုရှုပ်ရှုပ်



     မအားမလပ်မို့လို့ တိုတိုတုတ်တုတ်ပဲ ရေးတော့မယ် ။

     မြန်မာပြည်မှာ ငလျင်လှုပ်ပြန်ပြီ ၊ ရာနဲ့ချီပြီးသေကြတယ် ၊ မြေအက်ကြောင်းတွေက (ဖို့မြေတွေ
ထင်ရပေမယ့်) တစ်သက်မှာ မြန်မာပြည်ထဲတွေ့ဖူးတဲ့ အပြင်းဆုံးငလျင်လို့ပြောရမယ် ။ ခုထိ အာ
ဏာပိုင်လုပ်နေသူတွေရဲ့ အားကြိုးမာန်တက်လှုပ်ရှားမှုတွေက ထုံးစံအတိုင်းပါပဲ ၊ နားကွဲမတတ်တိတ်
ဆိတ်နေတုန်းပါ ။ ဖွံ့ဖြိုးပြီးနိုင်ငံတွေနဲ့ ယှဉ်လို့မရနိုင်တာသိပါတယ် ၊ ဒါပေမယ့် လူတွေကိုတန်ဖိုးသိပ်
မထားတဲ့ နိုင်ငံတချို့နဲ့တောင် လုပ်ကိုင်မှုတွေမှာ ယှဉ်လို့မရတာက ပြဿနာ ။

     မြန်မာပြည်က ရေလုပ်သားနဲ့ဖေါင်သမား ထောင်နဲ့ချီပြီးပျောက်နေတုန်းပဲ ။ မိဘဆွေမျိုးမောင်နှမ
တွေ ဘုရားနဲ့ပိုနီးအောင်နေရုံကလွဲပြီး ဘာမှမတတ်နိုင်ကြတာ ရင်နာစရာ ၊ လူအများစုသာ စက်လှေ
တွေဝယ်နိုင်လောက်အောင် စီးပွားအခွင့်အလမ်းတွေရှိနေခဲ့ကြရင် ပင်လယ်ထဲလှေအုပ်လိုက်ထွက်ပြီး
ဝိုင်းရှာကြမယ်လို့ယုံတယ် ၊ ခုတော့ ....

     လစ်ဗျားမှာ အမေရိကန်ဝင်ပါပြန်ပြီ ၊ ထွက်လမ်းမမြင်ရတဲ့လုပ်ရပ်နောက်တစ်ခု ၊ စိတ်မကူးရဲလောက်
တဲ့ကြွေးတွေနဲ့နိုင်ငံ အခုလည်းနောက်တစ်ထစ်ထပ်ဆင်းပြန်ပြီ ၊ ထည့်တွက်စရာတွေများပေမယ့် လိုရင်း
အနေနဲ့ကတော့ - သူတို့ရဲ့အနာဂါတ်ဟာ ဝေဝါးဝါး ....

     ဆီးရီးယားမှာ ဆန္ဒပြတဲ့သူတွေကို ပစ်ပြီ ၊ ဆယ်ကဏန်းနဲ့ချီပြီးသေကြပြန်ပြီ ။
     လွန်ခဲ့တဲ့အချိန်တုန်းကတော့ မကြေနပ်သူတွေကို သောင်းနဲ့ချီပြီးသတ်ပစ်ခဲ့တဲ့နိုင်ငံ ၊ ခုတော့ ဆယ်
ကဏန်းနဲ့တင် လှုပ်လာပြီ ၊ ခေတ်ကမတူတော့ဘူးလေ ၊ သတင်းခေတ်ကိုရောက်နေပြီ ။

     ကမ္ဘာတစ်ဝှမ်းမှာ ဒီမိုကရေစီ အမည်ပဲခံခံ တကယ်ပဲလုပ်လုပ် ရှုပ်ထွေးလာနေတာတော့အမှန် ။
     နောက်ပြန်လှည့်လို့မရတော့တဲ့ ခေတ်တစ်ခုထဲ လှမ်းဝင်နေပြီ ။ စကားတစ်ခွန်းသတိရတယ် ၊ ဦးဘို
(ဘိုဘိုကျော်ငြိမ်းရဲ့ စကားပါ) အာဏာရှင်တွေဟာ ဆွေးနွေးညှိနှိုင်းတယ်ဆိုတဲ့စကားကို နားမလည်ကြ
ဘူး တဲ့ ။ တကယ်မှန်တယ် ၊ အာဏာရှင်တွေတင်မကပါဘူး ၊ သူတို့ရဲ့ လက်ဝေခံနဲ့ အုပ်ချုပ်မှုကိုခံယူနေ
ကြသူတွေ (အထူးသဖြင့် လက်နက်ကိုင်) အဖွဲ့စည်းတွေလည်း နားမလည်ကြပါဘူး ။ လက်နက်မဲ့တွေကို
လက်နက်အားသုံးပြီး တိုက်ခိုက်ရတဲ့ခေတ်မဟုတ်တော့ဘူးဆိုတာ နားမလည်ကြသေးဘူး ။ ခုတော့ သေ
ကြပြီ ၊ ပိုဆိုးလာပြီ ၊ ဒီတင် ရာစုနှစ်နဲ့ချီပြီးသည်းခံလာကြသူတွေက အသေခံတက်ကြပြီ ၊ အာဏာရှင်
တွေအတွက် ချက်ချင်းအဆုံးသတ်ချင်မှ အဆုံးသတ်ပါလိမ့်မယ် ။ ဒါပေမယ့် လမ်းကြောင်းနဲ့ ဦးတည်
ရာကတော့ တဖြည်းဖြည်းရှင်းလာပြီ ။

     မြန်မာပြည်လည်း ခုချိန်မှာ (အာဏာဆုပ်ကိုင်ထားကြသူတွေကနေ) လမ်းကြောင်းပြောင်းနိုင်ကြရင်
ကောင်းမှာပါပဲ ။ နောက်ကျမှ တလောက ဆော်ဒီအာရေဗျဘုရင်လို ပြည်သူလူထုကို လက်ဆောင်နဲ့
အခွင့်အရေးတွေသုံးပြီး လာဟ်ထိုးရတဲ့အနေအထားဆီ ရောက်မှဆိုရင်တော့ အချိန်မှီချင်မှမှီတော့မယ် ။

     အပေါ်ကပြောခဲ့တာတွေက လူလုပ်တာနဲ့ပတ်သက်တာ ။
     လူလုပ်တာမဟုတ်တဲ့ ငလျှင်တွေနဲ့ အခြားသဘာဝဘေးဒဏ်တွေက ကိုယ်တွေနဲ့နီးလို့လားတော့
မပြောတတ်ဖူး ၊ ခပ်စိပ်စိပ်ဖြစ်လာသလား ထင်မိတယ် ၊ ကမ္ဘာကြီး တစ်ခုခုပြောင်းလဲချင်နေပြီလား ။
ပြင်ဆင်ထားနိုင်ကြရင်လည်း မမှားဖူးလို့ထင်တယ် ။

     ဖေ့ဘွတ်မှာ နိုင်ငံခြားမှာပညာသင်နေတဲ့ စစ်အရာရှိလေးတစ်ယောက် ဗိုလ်ချုပ်အောင်ဆန်းအ
ကြောင်း ရေးထားတာတွေ့မိတယ် ။ အင်း .. မြန်မာပြည်စစ်တပ်အတွက် မျှော်လင့်ချက်အချို့တော့
ထားလို့ရဦးမယ်ထင်ပါတယ် ။ ပညာသင်ထွက်လာပြီး နိုင်ငံကိုအပြောင်းအလဲလုပ်ဖို့လိုတယ်ဆိုတာ
သဘောပေါက်လို့ အတိုက်အခံတွေနဲ့ ပူးပေါင်းချင်သူတွေလည်းရှိတာပဲ ။ စဉ်းစားပေးရမှာက အနည်း
ဆုံး သူတို့ရဲ့စားဝတ်နေရေးနဲ့ ရပ်တည်နိုင်ရေး ၊ စစ်ဆိုရင် ရေစစ်တောင်မသုံးချင်သူတွေ အတော်များ
နေတာကတော့ ရင်လေးစရာ ။ Celebrity ဖြစ်နေတဲ့ ဗိုလ်မှူးစိုင်းသိန်းဝင်းရဲ့အင်တာဗျူးမှာ သူ့ရဲ့ဘာ
ကြောင့်လဲ (why) လို့ သူ့ကိုယ်သူမေးခွန်းပြန်ထုတ်ပြီး လုပ်သင့်တာကိုဆုံးဖြတ်ချက်ချခဲ့တယ်ဆိုတာ
ဖတ်ရတော့ သဘောကျတယ် ။ စစ်တပ်ထဲတင်မကဖူး ၊ မြန်မာတစ်ပြည်လုံးမှာ ဒီလိုစဉ်းစားတဲ့သူတွေ
အများကြီးလိုတယ် ။

     သတင်းတစ်ခုမှာတွေ့တယ် ၊ လွတ်တော်ကအပြောအရတစ်နှစ်ကို ပညာသင်စရိတ်တွေ ကျောင်း
သား ၁၅၀၀ အတွက် ပေးနေတယ်ဆိုပဲ ။ နိုင်ငံခြားပညာတော်သင်အရေအတွက်ဖြစ်ပါစေပဲ ဆုတောင်း
ပါတယ် ။ မြန်မာပြည်တွင်းအတွက်ဆိုရင်တော့ ပညာရေးဝန်ကြီး “နောက်တာ” ဖြစ်မှာပါ ။ တဆက်ထဲ
စဉ်းစားမိတယ် ၊ အခု လွတ်တော်မှာပြောဆိုမေးမြန်း ဥပဒေပြုဖို့ လုပ်နေကြတယ် ၊ ဝန်ကြီး ဝန်ကလေး
နေရာတွေလဲ ခွဲဝေနေရာယူထားကြတယ် ။ မေးတဲ့သူလည်းမေး ၊ ဖြေတဲ့လူကလည်းဖြေနဲ့ဆိုတော့
ဒီလူတွေက တကယ်အာဏာရှိ တာဝန်ရှိပြီး လုပ်နေကြတဲ့သူတွေလား ။ ဒါမှမဟုတ်လည်း ဘာလုပ်ရ
မလဲ ၊ ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာတွေကနေစပြီး ဘာမှမသိပဲ စမ်းတဝါးဝါးရောယောင်လိုက်
လျှောက်နေကြရတဲ့လူတစ်စု စုဝေးစကားပြောနေကြတာလား စသည်ဖြင့်ပေါ့လေ ....

     နည်းနည်းရှည်လာပြီ ၊ တော်ပြီ အားမှရေးဦးမယ် ။

မန်းကိုကို
၂၆၊ ၀၃၊ ၂၀၁၁

3 comments:

  1. အင်္ဂါဟူးMarch 28, 2011 at 2:34 PM

    မကြေနပ်သူတွေကို သောင်းနဲ့ချီပြီးသတ်ပစ်ခဲ့တဲ့နိုင်ငံ ၊ ခုတော့ ဆယ်
    ကဏန်းနဲ့တင် လှုပ်လာပြီ ၊ ခေတ်ကမတူတော့ဘူးလေ ၊ သတင်းခေတ်ကိုရောက်နေပြီ ။

    ReplyDelete
  2. ကျော်ထင်March 30, 2011 at 2:09 AM

    ဒီလို စုံစီနဖာ အတိုလေးတွေ စုရေးတာလဲ ကောင်းတာပဲ။ မအားတဲ့ကြားက ရေးနိုင်ဖို့ ကြိုးစားအားထုတ်မှုကို အသိမှတ်ပြုပါတယ်ခင်ဗျ။

    ReplyDelete
  3. အားလုံးပဲ ကျေးဇူး .. ။

    ReplyDelete