ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, October 30, 2010

လက်တည့် မတည့်၊ ချက်ကျ မကျ၊



     ဖိနပ်နဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ပေါက်တာဟာ အစဉ်အလာသစ်တစ်ခုလို ဖြစ်လာခဲ့ပါပြီ။

     မြန်မာပြည်သားတွေ အသိများဆုံးတွေကတော့ -

(၁) အီရတ်မှာ အမေရိကန်သမ္မတ ရှူးဖိနပ်နဲ့ အပေါက်ခံရတာနဲ့
(၂) အမေရိကန်မှာ နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းကား ဖိနပ်နဲ့အပေါက်ခံခဲ့ရတာတို့ ဖြစ်မှာပါ။


     ခုနောက်ဆုံး ဖြစ်ခဲ့တာကတော့ သြစတြေးလျ ဝန်ကြီးချုပ်ဟောင်း ဂျွန်ဟောင်းဝပ် (John Howard) ကို
(အောက်တိုဘာ၂၅ နေ့ည) တီဗီအမေးအဖြေ အစီအစဉ်တစ်ခုမှာ activist တစ်ယောက်ကနေ ဖိနပ်ချွတ်ပြီး
ပေါက်ခဲ့တာပဲ ဖြစ်ပါတယ်။

     ဘာထူးလို့တုန်းလို့မေးရင် ထူးပါတယ်လို့ ဖြေလို့ရနိုင်တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်။

(၁) ပစ်သူက ထိအောင်ပစ်ခဲ့တာ မဟုတ်သလို မိန်းကလေးပစ်သလို ဖြည်းဖြည်းလေးပစ်ခဲ့တယ်ဆိုတာကို
     လည်း သူကဝန်ခံခဲ့ပါတယ်။
(၂) ဝန်ကြီးချုပ်ဟောင်းက အမေးအဖြေလုပ်သူကို “မေ့လိုက်ပါ၊ မေ့လိုက်ပါ” လို့ပြောပြီး အစီအစဉ်ဆက်
     လုပ်ခဲ့ပါတယ်။
(၃) ပစ်သူက အီရတ်စစ်ပွဲကိစ္စကို သူဆန္ဒပြတဲ့အနေနဲ့ ပစ်တယ်ဆိုတာ သိအောင်လုပ်ခဲ့တာဖြစ်ပြီး ပစ်ပြီး
     တာနဲ့ အစောင့်တွေ ဆွဲခေါ်စရာမလိုပဲ အပြင်ထွက်သွားခဲ့ပါတယ်။ သူ့အဖေါ်တစ်ယောက်ကိုလည်း
     ကျန်တဲ့ပရိသတ်တွေက (စကားနဲ့) မောင်းထုတ်ခဲ့ပါတယ်။
(၄) ဒီအဖြစ်အပျက်မှာ ဘယ်သူမှ မထိခိုက်ခဲ့သလို ဘယ်သူမှလည်း အရေးယူတာ မခံခဲ့ရပါဘူး။

     ဒါက အတိုချုပ်ပါ။ ကျနော်တို့လို မြန်မာပြည်သူ ပြည်သားတွေအတွက်တော့ အံ့ချီးဘွယ်ရာပဲလို့ပြော
ရင် လွန်မယ်မထင်ပါဘူး။ အီရတ်ဖိနပ်ပစ်သမား အနှိပ်စက်ခံခဲ့ရတာနဲ့ ဦးဥာဏ်ဝင်းတို့ ဖိနပ်နဲ့အပစ်မခံ
ရခင်ကတည်းက လူရွယ်တစ်ယောက်ထွက်လာပြီး ဆန္ဒပြသူတွေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်သွားတာ
youtube မှာ ကြည့်ဖူးသူတွေ သတိထားမိကြမှာပါ။ “မင်းတို့ ငါတို့လက်ထဲများ ရောက်လာခဲ့လို့ကတော့
လားကွာ” လို့မပြောရုံတမည်ပါပဲ။

     ဒီတော့ ဒီနေရာမှာလိုရင်းက ဒီမိုကရေစီအနှစ်သာရတွေ ဆွေးနွေးဖို့မဟုတ်ပါဘူး။ ထင်သာမြင်သာတဲ့
အဖြစ်နဲ့ နောက်ခံတွေကို ယှဉ်ထိုးကြည့်ရုံပါ။

     ဥရောပမှာတော့ ကြက်ဥပုပ်၊ ခရမ်းချဉ်သီးအပါအဝင် ဟင်းသီးဟင်းရွက်ပုပ်တွေနဲ့ အုပ်ချုပ်သူလူတန်း
စားအဖွဲ့ဝင်တွေကို ပစ်ပေါက်ပြီး သာမန်လူထုရဲ့ သဘောထားကို ဖေါ်ထုတ်တာ ရာစုနှစ်နဲ့ချီခဲ့ပါပြီ။ ဥပမာ -

- ဒီနှစ်ဇွန်လ ၉ ရက်နေ့ကတောင် အင်္ဂလန်မှာ အောင်မြင်မှုရလာတဲ့ လက်ယာစွန်းပါတီ (British
  National party) ကခေါင်းဆောင်ကို ကြက်ဥတွေနဲ့ပစ်တာ ခံခဲ့ကြရပါတယ်။
- သြဂုတ်လ ၁၆ ရက်နေ့မှာတော့ အမေရိကန်သမ္မတ အိုဘားမားကို ဆန္ဒပြတဲ့လူတွေထဲက တစ်ဒါဇင်
  လောက်ဟာ ရိုင်ဖယ်အပါအဝင် သေနတ်မျိုးစုံကို ဗြောင်သယ်ဆောင်လာခဲ့ကြပါတယ် (သူတို့ ဥပဒေအရ
  တရားဝင်ပါတယ်)။
- များမကြာခင်ကပဲ သြစတြေးလျဝန်ကြီးချုပ်မလည်း ကြက်ဥနဲ့အပစ်ခံရရာမှာ လုံခြုံရေးယူထားတဲ့ ရဲမေ
  ကိုသွားထိလို့ ဝန်ကြီးချုပ်က ရဲမေကိုတောင်းပန်တယ်လို့ ဆိုပါတယ်။

     မြန်မာပြည်အပါအဝင် အာရှလိုနေရာမှာဆိုရင်တော့ (အထူးသဖြင့် အာဏာရှင်တွေ ဆိုရင်တော့)
ဘုရင်ခေတ်ကိုတောင် သွားသတိရမိတယ်။ ပြည်သူတွေနဲ့ အတွေ့ခံဖို့ ဝေလာဝေး၊ တွေ့ချင်ရင်တောင်
မလွယ်တာနဲ့ တွေ့ပြန်ရင်လည်း ဒူးထောက်ရမလိုလို လက်အုပ်ချီရမလိုလိုနဲ့ ကွာတာလေးတွေ သွားတွေး
မိတယ်။ တူရကီမိတ်ဆွေတစ်ဦး ပြန်ပြောပြတာက တစ်ချိန်ကသူတွေ့ခဲ့ဖူးတဲ့ သြစတြေးလျ နိုင်ငံခြားရေး
ဝန်ကြီးအလက်ဇန္ဒား ဒေါင်းနာ (Alexander Downer) အကြောင်းပါ။ မြို့တစ်မြို့ကို သွားလည်ရင်း လမ်း
ကွေ့တစ်ခုမှာ ကြွပ်ကြွပ်အိတ်ကို လက်တစ်ဖက်တစ်လုံးဆွဲပြီး လာတဲ့လူတစ်ယောက်နဲ့ တိုက်မိမလိုဖြစ်
လို့ကြည့်လိုက်တော့ .. လားလား .. နိုင်ငံခြားရေးဝန်ကြီး ဖြစ်နေတော့သကိုး ဆိုပဲ။ ကိုယ်ရံတော်မပါ၊
ကိန်းခန်းမကြီးပဲ သူလိုကိုယ်လို လျှောက်သွားနေတာ နိုင်ငံရဲ့အဓိကကျတဲ့ အစိုးရအဖွဲ့ဝင်တစ်ယောက်
လို့ပြောရင် ယုံနိုင်စရာမရှိဖူးလို ဖြစ်နေပါတယ်။

     ဒါကတော့ နိုင်ငံတစ်နိုင်ငံရဲ့ နောက်ခံယဉ်ကျေးမှု၊ ဓလေ့နဲ့ (အကျိုးဆက်တစ်ခုဖြစ်တဲ့) အခြေခံစိတ်ထား
တွေနဲ့ဆိုင်တယ်လို့ ပြောကြပါတယ်။ (နောင်ကြုံရင်တော့ ယဉ်ကျေးမှုအပါအဝင် အခြားသက်ရောက်မှုတွေ
ကြောင့် နတ်သမီးပုံပြင်တွေမှာပါ ဆင့်ကဲပြောင်းလဲမှုတွေရှိတာကို ထည့်ရေးပါအုံးမယ်။) ယဉ်ကျေးမှုလို့
ဆိုပြန်ရင် ကျယ်ပြန့်တာမို့ သိသလောက်ကို နောင်မှပဲ ခွဲပြီးထပ်တင်ပါအုံးမယ်။ ခုချိန်မှာတော့ ဖိနပ်ပစ်တာ
လေးနဲ့ဆိုင်တာပဲ ဆက်တွေးပြီး အဆုံးသတ်လိုက်ကြရအောင်။

(က) ဖိနပ်နဲ့ပေါက်ခဲ့သူရဲ့ လုပ်ရပ်ဟာ မှန်သလား၊ အနောက်တိုင်း ယဉ်ကျေးမှုလို့ ခေါ်လို့ရတဲ့ ဒီအမူအကျင့်
       မျိုးကို လက်ခံအတုယူသင့်သလား။
(ခ) ဖိနပ်နဲ့ ပေါက်ခဲ့သူဟာ အရေးယူမခံရတဲ့အပြင် နောက်တစ်နေ့မှာ တီဗီဋ္ဌာနကနေ သူ့ဖိနပ်ကို ပြန်
      တောင်တောင်းခဲ့ပါတယ်။ (ရတော့မရခဲ့ပါဘူး၊ ရရင် လေလံတင်ပြီး အီရတ်မှာ သေဆုံးခဲ့ရသူတွေ
      အတွက် လှူတန်းမယ်လို့ ဆိုပါတယ်။) ဒီကိစ္စမှာ အာဏာပိုင်တွေ၊ တာဝန်ရှိသူတွေရဲ့ တုန့်ပြန်မှုက
      လုံလောက်ရဲ့လား။ ဥပဒေတွေက သိပ်လျော့ရဲလွန်းသလား။
(ဂ) ဝန်ကြီးချုပ်ဟောင်းရဲ့ တုန့်ပြန်မှုကို အရေထူတယ်ခေါ်မလား၊ သဘောထားကြီးတယ် ပြောမလား။
(ဃ) လုံခြုံရေးနဲ့ပတ်သက်လို့ (အပေါ်က နိုင်ငံခြားရေးဝန်ကြီး ကိစ္စတို့လိုအပါအဝင်) ဘယ်လို ယူဆကြ
       သလဲ။ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာနဲ့ အမျိုးသားစိတ်ဓါတ် အခြေခံတွေနဲ့ကော သက်
       ဆိုင်တယ်လို့ ထင်သလား။
(င) မြန်မာပြည်လို နိုင်ငံမျိုးမှာကော ဘယ်လိုဖြစ်သင့်၊ ဖြစ်စေချင်သလဲ။


မန်းကိုကို
၃၀၊ ၁၀၊ ၂၀၁၀

3 comments:

  1. ကေအယ်မှာ ကျနော် နဲ့ ခဏခဏ ဆုံဖြစ်တဲ့ ဂျာမန် အဖိုးကြီး တစ်ယောက်ရှိတယ်။ ကျနော် က ကျနော့် အလုပ် ကို ၁၅ မိနစ်လောက်ခရီးမို့ လမ်းလျှောက် ပြီး သွားတယ်။ သူက သူ့ရုံးနဲ့ ၁၀ မိနစ် စက်ဘီး ခရီးလို့ပြောတယ်။ သူစက်ဘီးနဲ့ ရုံးတက်တာ နှစ်အနည်းငယ်ကြာ ပြီပြောတယ်။ ဆီကုန်၊ အချိန်ကုန်သက်သာတယ်၊ ကျန်းမာ ရေးနဲ့ညီညွတ်တယ် ပြောတယ်။ နောက် မှ သတင်းစာထဲ မှာ ပါလာတယ်။ သူက ဂျာမနီ နိုင်ငံက အာဏာကုန် လွှဲ အပ်ခြင်း ခံရတဲ့ ဂျာမန်သံ အမတ်ကြီး ခင်ဗျ။ သူ့သတင်းဖတ် ကြည့်ချင်ရင် http://envdevmalaysia.wordpress.com/2009/10/30/germany-gets-it-going-green/

    ReplyDelete
  2. ဆရာပြောတာက အမျိုးသားစိတ်အခြေခံနဲ့ သွားဆိုင်မလားပဲ။ (စကားအဖြစ်သုံးတာနော်၊ အမျိုးသမီးတွေလည်း ပါတယ်။)
    ဥရောပနဲ့ တိုးတက်ပြီးနိုင်ငံတွေမှာ သူတို့သိ၊ တတ်တာတွေများလာတော့ လုပ်သင့်တယ်ထင်တာတွေကို အဆီးအတားမရှိ ဆုံးဖြတ်ပြီးလုပ်ကြတာပါပဲ။ ဒီလိုပြောလို့ ရှုပ်သွားမလားမသိဖူး၊ ကျနော်ရေးတာ လောသွားတယ်၊ ကမ္ဘာမှာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်း အနောက်နိုင်ငံမှာ သတိပြုမိလာကြတာ နှစ် ၄၀ လောက်ရှိတော့မယ်ဗျ။ ဒီတော့ တနိုင်တပိုင် တတ်နိုင်သလောက်လုပ်ကြတာကို အာရှမှာတော့ အထူးအဆန်းပေါ့ဗျာ။

    ဒါတောင် တစ်မျိုးပဲ ရှိပါသေးတယ်။ ကျနော်လည်း နောင်ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သဘာဝသမိုင်း၊ နိုင်ငံသားပညာရေး (Citizenship Education)၊ Critical Thinking ၊ နိုင်ငံရေးအယူဝါဒ နဲ့ ယဉ်ကျေးမှုဆိုင်ရာ မိတ်ဆက်တွေကို ပို့စ်လုပ်ရေးသွားဖို့ တွေးထားတာတွေရှိပါတယ်။ အမှန်ကတော့ အများစုက Liberal Arts သင်ရိုးတွေမှာ ပါတဲ့ဟာတွေပေါ့ဗျာ။ ခင်ဗျားတော့ မပြောတတ်ဖူး ကျနော်ကတော့ ပိုသိလာတာနဲ့အမျှ မျက်လုံးလေး ကလယ်ကလယ်နဲ့ကို ဖြစ်နေရတယ်။ လောကမှာ အလွယ်တကူ သိနိုင်ရက်နဲ့ ကိုယ့်မျက်စိအောက် ရောက်မလာတာတွေ အများကြီးရှိနေသေးပါလားလို့ နားလည်လာတယ်။

    ဆရာလုပ်ချင်တယ်လဲ မထင်နဲ့အုံးနော၊ ပြီးရင် သိပြီးသားတွေ ပါလာတာဆိုလည်း ထောက်ပြပေးဖို့ မမေ့ပါနဲ့။ အပြန်အလှန်အနေနဲ့ ဌက်တွေကို ကြော်ချက်စားနည်းတွေ ပြန်ပြောပြမယ် :-)

    ------------------------------

    ရေးပြီးမှ ပြန်စဉ်းစားကြည့်တော့ မဆိုင်တာတွေ ရှောက်ပြောမိနေပြီလို့ သတိထားလိုက်မိတယ်။ သံအမတ်တစ်ယောက် ဟိတ်ဟန်မရှိပဲ စက်ဘီးနဲ့ သွားလာနေတာကို ပြောချင်တာထင်ပါရဲ့။

    အရင်ဆုံး တွေးမိတာက “အင်း .. ဒီလူကို ကုလားတွေ လမ်းကနေ ဒါးပြတိုက်လိုက်မှ ကောင်းပေ့ဖြစ်နေအုံးမယ်” လို့။ ဆရာက Kuala Lumpur (ရွှံ့မြစ်ဝ) မှာ အေးချမ်းပါတယ်လို့ ငြင်းချင်ရင်တော့ “အင်းလေ၊ ဘာမှမဖြစ်သေးရင်တော့ ဘာမှမဖြစ်သေးဖူးပေါ့” လို့ပဲ ပြန်ပြောရလိမ့်မယ် :-)

    အေးဗျာ၊ စကားမစပ်၊ မလေးရှားက အင်္ဂလိပ်သတင်းစာတွေလည်း မဖတ်ဖြစ်တာ ကြာပါပြီဗျာ။ အစတုံးကတော့ မသိလို့ သတင်းစာမှာ အထွေအထူးသတင်းတွေ သိပ်မရှိလှဖူးပဲ နားလည်မိတာ၊ ခုနောက်ပိုင်းမှ ဆင်ဆာတွေ အတော်များတဲ့ကိစ္စကို ပိုကြားဖူးလာတယ်။ ထူးတာလေးတွေ ရှိရင်လည်း ပြောပြ ညွှန်ပြပါအုံး ဆရာရယ်၊ မလေးရှားနဲ့ ပတ်သက်လို့ ဆရာတင်ပါတယ်။

    ReplyDelete
  3. ကျနော်ပြောချင်တာက သံအမတ်ကြီးတယောက်ဖြစ် ပြီး ဟိတ်ဟန်မရှိပဲ စက်ဘီး နဲ့ ရုံးတက်တာ ကိုပါခင်ဗျ။ မလေးရှား ကသတင်းစာ တော့ တခါမှ ၀ယ် မဖတ်ဖူးဘူးခင်ဗျ။ မနက် ပိုင်းထုတ် သည်ဆန်း တို့ ညနေပိုင်း သတင်းစာ မလေးမေးလ် တို့ပဲဖတ်ဖြစ် တယ် သရာ။

    ReplyDelete