Saturday, October 23, 2010
ရေးမိရေးရာ ကပေါက်တိကပေါက်ချာ၊
ခုတလော စိတ်တွေကယောက်ကယက် ဖြစ်နေတယ်။
ဒီတော့ စိတ်ထဲ စီကာပတ်ကုံးတွေးပြီး ရေးဖို့ရာက မလွယ်ဖူး။
ဒါပေမယ့် ခေါင်းထဲကို တွေးစရာတွေက တစ်ခုပြီးတစ်ခု တိုးဝင်လာနေတော့ စာနဲ့ချရေးမယ်လို့
ကြံလိုက်တယ်။ ကိုယ့်ဘလော့နဲ့ကိုယ်ပဲနော။
ကိုယ့်ဘလော့နဲ့ကိုယ်လို့ စပြောလိုက်တာနဲ့ တွေးစရာက စပေါ်လာပြီ။
ကိုယ်ပိုင်ဘလော့ (personal blog) မှာ ဘယ်လိုအတိုင်းအတာမျိုးထားပြီး ရေးသင့်သလဲ။
ကိုယ်ပိုင်ပဲဟာ ရေးချင်တင်ချင်တာတွေ အကုန်လုပ်မှာပေါ့လို့တော့ တွေးလို့ရတယ်။ ဒါပေမယ့်ဖြစ်ပါ့
မလား။ သေချာတာကတော့ စာမတင်လောက်တဲ့စာတွေ၊ တစ်နည်းအားဖြင့် သတင်းဝက်ဘ်ဆိုက်
သေးသေးကလေးတွေမှာတောင် တင်ပေးဖို့အဆင့်မမှီတာတွေကို တင်ချင်တိုင်း တင်လို့ရနေတယ်။
အဆင့်လို့ပြောလိုက်တော့ ထပ်တွေးရပြန်ရော၊ ဘာတွေနဲ့ အဆင့်ကို တိုင်းတာသတ်မှတ်မှာလဲ။ ယေဘု
ယျအားဖြင့် အသိအမြင်တချို့ပေးနိုင်ပြီး အများလည်းလက်ခံဖတ်ရှုလို့ကောင်းနိုင်မယ့် အနေအထားလေး
ပေါ့နော၊ ဆရာတော့ ဆက်မလုပ်ပါရစေနဲ့၊ ဒီခေတ်မှာ တော်ရုံလူတွေဟာ တစ်ယောက်နဲ့တစ်ယောက်
သိပ်ကွာလှတာ မဟုတ်ဖူးဆိုတော့ နားညီးရုံသာဖြစ်မယ်။
တခါ လူတွေ ကွာခြားမှုမရှိလှဖူးပြောပြန်တော့ တကယ်ပဲ မကွာလှဖူးလား တွေးမိပြန်တယ်။ ဟုတ်ပါ
တယ် မကွာလှပါဘူး၊ ဒါပေမယ့် ကွာတော့လည်း ကွာပါတယ်။ မကွာဖူးဆိုတာက ဥာဏ်ရည်ပါ၊ ကွာတယ်
ဆိုတာက စိတ်ပါဝင်စားပြီး လေ့လာလိုက်စားမှုနဲ့ အဲဒီအပေါ် ထပ်ဆင့်လေ့ကျင့်ကျွမ်းကျင်မှုတွေပါ။ အပို
ဆောင်းအနေနဲ့ကတော့ အလွယ်အားဖြင့် “ကံ” လို့ခေါ်ရမယ့် အခွင့်အရေးတွေပေါ့။ အခု ကျနော်တို့တတွေ
အများစုအနေနဲ့ ဖတ်လို့မှတ်လို့ မကုန်နိုင်တဲ့ စာပေတွေကို ဖတ်ရှုခွင့်ရနေတာဟာ ကံကောင်းတယ်လို့
မှတ်ပါတယ်။ ကိုယ့်လောက် အကြောင်းမလှသူတွေကို တနေ့နေ့ တချိန်ချိန်မှာတော့ လက်ဆင့်ကမ်းပေး
ဖို့ တတ်နိုင်ကောင်းပါရဲ့။
ကံတော့ကောင်းပါပြီတဲ့ ပညာရပ်ဆိုင်ရာ စာအုပ်တွေကို ဖတ်လို့ကော နားလည်နိုင်အုံးမှာလား။ အင်း..
အလွယ်တကူနားလည်နိုင်ကြရင်တော့ တက္ကသီလာတွေလည်း စီးပွားပျက်ကြတော့မယ် ထင်ပါတယ်။
ဒီတော့ ကျောင်းတက်ပြီး တတ်သိသူတွေရဲ့ လမ်းညွှန်ပြပေးတာကို ခံရတဲ့ အခွင့်အရေးရရင်တော့ နောက်
တစ်ဆင့် ကံကောင်းပြီပေါ့ (ကံကောင်းတာကော အဆင့်တွေရှိသေးသလား)။ ဒီလိုကံကောင်းပြီဆိုကြပါစို့။
ကံမကောင်းသူတွေကနေ မသိလို့ နားမလည်လို့ ပြောမိပြောလာတာတွေကိုကော သည်းခံခွင့်လွတ်သင့်
သလား၊ ညှာတာပြီး ရှင်းပြလမ်းညွှန်သင့်သလား။
တွေးမိပြန်တယ်လေ၊ တခါခါကျတော့ ကြည့်လိုက်ပြန်ရင် ထော်လော်ကန့်တို့ ဇွတ်မှဇွတ်တို့ ဆိုတာတွေ
လာလာလုပ်သူတွေမှာ လူငယ်တွေက အများစုဖြစ်နေတာကို တွေ့ရပြန်မယ်။ (လူကြီးတွေကတော့ ထား
လိုက်ပါတော့၊ ဘဝနောက်ခံမတူ ခံယူချက်တွေမတူရင် အမြင်ကိုညှိဖို့ဆိုတာ လွယ်တဲ့ကိစ္စမှ မဟုတ်ပဲ)။
လူငယ်တွေအပေါ် စိတ်ရှည်ဖို့ အနည်းဆုံး အချက်နှစ်ခုပြေးမြင်မိတယ်။ ပထမအနေနဲ့ သူတို့ရဲ့ နုနယ်တဲ့
အတွေ့အကြုံကြောင့် ဥပမာ ကျောင်းမှာသင်တဲ့ဟာတွေ မိဘနဲ့ စာနယ်ဇင်းကြီးတွေကပြောရင် အလွယ်
ယုံလိုက်ကြပြီး ဒါကိုစွဲကိုင်ထားတတ်ကြလို့ အချို့ပြင်ပေးဖို့ လမ်းညွှန်ဖို့လိုတာတွေအတွက် အချိန်ယူရပါ
မယ်၊ တနည်းအားဖြင့် စိတ်ရှည်ရပါမယ်။ နောက်တစ်ချက်က လူငယ်တွေရဲ့ ပြင်းထန်တတ်တဲ့ စိတ်နဲ့ ဇွဲ
ရှိတာတွေ၊ မမောမပန်းတတ်တဲ့ စွမ်းအားတွေဟာ အင်မတန် တန်ဖိုးရှိတဲ့ အရင်းအနှီးတွေ ဖြစ်နေလို့ပါ။
ဒါကိုလည်း အလွယ်တကူ မြင်နိုင်တာပါပဲ၊ အထူးသဖြင့် စစ်ဖက်မှာပေါ့။
ခေတ်အဆက်ဆက် ရှေ့ကနေ အသေခံခဲ့တာ လူငယ်တွေပါ။ ဒီတော့ ဒီလူငယ်တွေကို အသုံးချနိုင်ဖို့
စီမံသူလူကြီးတွေ၊ စိတ်အားတက်လာအောင် အထူးသဖြင့် အမျိုးသားရေးဝါဒ စိတ်ထားတွေကို ရိုက်သွင်း
ပေးတဲ့ (သိရက်နဲ့ လုပ်တဲ့) လူကြီးတွေကို လူလည်ကျတာ၊ လှည့်စားတာ၊ အသုံးချတာ စသည်ဖြင့် စွပ်စွဲ
ရင် မှားတယ်လို့ ငြင်းဖို့က ခပ်ခက်ခက်။ ဒါကိုမြင်ခဲ့တဲ့ ကနေဒါစစ်သားလေး တစ်ယောက်ကတော့ စာအုပ်
တစ်အုပ်တောင် ရေးခဲ့သေး၊ generals die in bed တဲ့၊ အချို့နိုင်ငံတွေမှာ ဝေါသရင်းဟိုက် တို့လို ကျောင်း
သုံးစာအုပ်တောင် ဖြစ်နေသေး။
ဒါနဲ့ လူကြီးတွေကော အစွဲတွေ ဘာတွေနဲ့ လွတ်သလားဆိုတော့ အဲ.. မလွတ်ပါဘူး။ သူတို့လည်း ငယ်
ရာက ကြီးလာတာပဲလေ။ ငယ်ငယ်က သိမြင်ကြားသင်ခဲ့ရသမျှ လူကြီးဘဝမှာ ခံယူထုတ်သုံးကြတာပါပဲ။
နမူနာလား၊ အလွယ်လေးပါ၊ မြန်မာပြည်အလံသစ်ကိစ္စကိုကြည့်။ ကိုယ်သိဖူး ကြားဖူး လေ့လာဖူးတာတွေ
အပေါ်မူတည်ပြီး လူငယ်တွေကို ပြောပြကြတယ်။ ခုအလံသစ်ကို လက်မခံကြဘူး။ တွေးကြည့်မိပြန်တယ်။
အလံမှာ ဘာသင်္ကေတတွေပါပြီး ဘာအရောင်တွေက ဘာကိုကိုယ်စားပြုတယ်ဆိုပြီး အဓိပ္ပါယ်ဖွင့်ကြတယ်။
ကဲ သင်္ကေတတဲ့၊ ကိုယ်စားပြုတာတဲ့၊ ဘာတွေလဲ။ လူတွေ အတ္တအခြေပြုပြီး ကိုယ်ပိုင်သင်္ကေတတွေ သတ်
မှတ်ချင်နေကြတာလား။ လူကြီးတွေက ဓလေ့ဟောင်းနဲ့ အတွေ့ကြုံတွေအပေါ်မူတည်တဲ့ အမြင်တွေ
ဖေါ်ထုတ်လာတယ်။ (အထူးသဖြင့်) ပြည်တွင်းလူငယ်တွေက နှုတ်တိုက်အသင်ခံရတဲ့ စကားတွေနဲ့ ပြန်ပြီး
ပြောဆိုကြမယ်။ အချို့နေရာမှာ ဆရာပြန်လုပ်တယ်လို့တောင် ပြောလို့ရနိုင်မယ်။
ယေဘုယျ ကြည့်လိုက်ရင် အလံသစ်က စစ်တံဆိပ်နဲ့ သိပ်တောင်မသဲကွဲဖူး။ စစ်တပ်သာလျှင် အဓိပဓိ
နေရာမှာ ရှိတယ်ဆိုတာ ပြဋ္ဌာန်းဖို့ ကြိုးစားတဲ့သဘောလို့ ယူဆလို့မရဖူးလား။ (ဖက်ဒရယ်ဆိုတာ မရှိတော့
ဖူး၊ စတုတ္ထမြန်မာ အင်ပါယာကို တစ်သွေး တစ်သံ တစ်မိန့်အောက်မှာ ထူထောင်လိုက်ပြီလို့လည်း အဓိပ္ပါယ်
ကောက်လို့ရပါသေးတယ်၊ အချို့သူတွေရဲ့ ဖြစ်ချင်တဲ့ဆန္ဒပေါ့လေ၊ ရေရှည်ကိုတော့ စောင့်ကြည့်ရအုံးမှာပါ။)
ဆက်စပ်ပြီးတွေးကြည့်ရင် အစွဲတွေကြောင့် တိရစ္ဆာန်တွေကို အထွတ်အမြတ်ထားပြီး သို့မဟုတ် သင်္ကေတ
အနေနဲ့ ယူငင်သုံးစွဲသင့်သလား။ အစွဲဆိုလို့ ဥပမာ ဦးပုနှင့်သားများအထည်ဆိုင် ဆိုတာမျိုးတွေကို သတိရ
တယ်၊ ခုတော့ ခေတ်ပြောင်းလာပြီမို့ နည်းသွားပြီ။ အရင်က အမည်းရောင်ဆိုရင် ကိုယ်ခန္ဓာရင်းနှီးရောင်း
ချသူတွေ ဝတ်တဲ့အရောင်၊ ခုတော့ ဖက်ရှင်အရောင်။ အချိန်နဲ့အမျှ ယဉ်ကျေးမှုနဲ့ လူမှုခံယူချက်တွေ ပြောင်း
လဲနေကြတယ်။ မြန်မာပြည်မှာ အသင့်အတင့် တန့်နေတာကတော့ ကံဆိုးသလား ကံကောင်းသလား
ဆိုတာ ကြည့်မြင်တဲ့သူအပေါ် မူတည်လိမ့်မယ်ထင်ရဲ့။
ကဲ တော်ပြီ၊ ခေါင်းလည်းပူလာပြီ။ ဆက်ရေးရင် ဖတ်တဲ့သူပါ ထပ်တူဖြစ်သွားနိုင်တယ်။
မန်းကိုကို
၂၃၊ ၁၀၊ ၂၀၁၀
မှတ်ချက်။ ။ နောက်မှ တွေးထားတာတွေထပ်ရေးမယ်။ လူမျိုးရေးအကြောင်းတွေလည်း ပါမယ်။ အမှန်
အတိုင်း ပြောလို့ရသမျှပြောမယ်။ ကိုယ့်လူမျိုးထဲက ကိုယ့်ကိုမုန်းသူလည်း ပေါ်လာမှာပဲ။
အခြားလူမျိုး (အထူးသဖြင့်ဗမာ) တွေကလည်း ကိုယ့်ကို ယုံကြည်လာဖို့တော့ မရှိပါဘူး။
ဂရုစိုက်စရာမလိုဖူးလို့ ပြောလို့မရပေမယ့် အမှန်အတိုင်း မပြောကြ မပွင့်လင်းကြရင် ဘယ်
တော့မှ သံသယတွေ၊ အထင်လွဲတာတွေ၊ အမြင်စောင်းတာတွေ၊ ကိုယ်မှားနေတာတွေ
မြင်နိုင် ပြင်နိုင်ကြတော့မှာ မဟုတ်ဖူး။ မှန်တာပြောရင် သစ္စာ၊ မှန်တာကို ပြောရဲတာ သတ္တိ
လို့ ဆိုကြတယ်။ ဒါကလည်း လိုတဲ့အခါ ဆွဲသုံးဖို့နဲ့ ကိုယ့်လိပ်ပြာကိုယ်လုံအောင် ဖန်တီးပေး
ထားတဲ့ ရဲဆေးတွေပါ။ အဲ သတ္တိဆိုတာ ဘာလဲတို့ မှန်တယ်မှားတယ်ကို ဘယ်လိုသတ်မှတ်
မလဲဆိုတာတွေ ဆက်ပြောမိတော့မယ်။ ကဲ ဒါပဲ။
Labels:
My Thought
Subscribe to:
Post Comments (Atom)
မြန်မာပြည်အလံဆိုရင်တော့ ဒီမှာဗျို့ -
ReplyDelete- http://thawthikho.blogspot.com/2010/10/blog-post_3958.html
- http://taungoo.blogspot.com/2010/10/lithuania-bolivia-guyana-ghana-ethiopia.html
- http://en.wikipedia.org/wiki/Flag_of_Burma