အောက်မှာ မဇ္ဈိမသတင်းဋ္ဌာနက ဆောင်းပါးကလေးတစ်ပုဒ်ကို ပြန်ထည့်ပေးထားပါတယ်။ ရည်ရွယ်
ချက်ကတော့ အချို့သူတွေ ဒီဆောင်းပါးကိုဖတ်ပြီး စိတ်မကောင်းဖြစ်သွားကြပေမယ့် လေးလေးနက်နက်
မတွေးမိတာတွေကို ဖေါ်ထုတ်မိအောင်၊ အနာဂါတ်အတွက် အကောင်းဖက်ကို ဦးတည်မယ့်လမ်းစကလေး
တွေ ခင်းမိအောင်ရယ်လို့ ဖြစ်ပါတယ်။ လူအတော်များများကတော့ ဖတ်ပြီးသားမို့ ပျင်းစရာကောင်းရင်
တော့ အပေါ်ယံလျှပ် ဖတ်သွားပြီး ဆောင်းပါးအောက်ဆီကို ကျော်သွားနိုင်ကြပါတယ်။
ပြည်သူကို ရန်မူမှု
စိုးနေလင်း
ဗုဒ္ဓဟူးနေ့၊ စက်တင်ဘာလ ၀၈ ရက် ၂၀၁၀ ခုနှစ် ၂၁ နာရီ ၀၁ မိနစ်
စစ်အစိုးရက တပ်မတော်သာလျှင်အမိ တပ်မတော်သာလျှင်အဖလို့ ကြွေးကြော်ထားတဲ့ တပ်မတော်
သားတွေပါ။ သူတို့ဘာဖြစ်လို့ ဒီလောက်ရက်စက်ရိုင်းစိုင်းသွားကြ၊ လူစိတ်ကင်းမဲ့သွားကြသလဲ။ ပဲခူး
ဇိုင်းကနိုင်းမှာ စက်တင်ဘာ ၄ရက်က ဖြစ်သွားတဲ့ အရပ်သား လူငယ်နှစ်ယောက်ကို စစ်သားတွေ
သေနတ်နဲ့ပစ်သတ်မှုအကြောင်း အားလုံးသိကြပြီးပါ။
ရှင်းပါတယ်။စစ်အာဏာရှင်တစုက စစ်သင်တန်းကျောင်းတွေ စစ်တက္ကသိုလ်တွေမှာ ရိုက်သွင်းခဲ့တဲ့
သင်ခန်းစာတွေ အတွေးအခေါ်တွေကြောင့်ပါပဲ။
စစ်အာဏာရှင်တွေ တိုင်းပြည်အာဏာကို လုယူသိမ်းလိုက်ကတည်းက ဒီလိုဖြစ်ရပ်တွေ နေရာအနှံ့
ဖြစ်ခဲ့ဖူးပါတယ်။ အညိုရောင် အမည်းရောင်သတ်မှတ်ထားတဲ့နေရာတွေမှာဆိုရင်တော့ အထူးပြောစရာ
မလိုပါဘူး။
၁၉၈၉ မှာ စစ်ခုံရုံးက ချမှတ်တဲ့ မတရားပြစ်ဒဏ်နဲ့ အကျဉ်းကျနေချိန် တခါသား ကျနော်တို့ နိုင်ငံရေး
အကျဉ်းသားတိုက်တွေကို စစ်တပ်က အသွင်ပြောင်း အကျဉ်းထောင် ဝန်ထမ်းတွေ အစောင့်တာဝန်ကျ
လာပါတယ်။ သူ့အဆင့်နဲ့သူ တပ်ကြပ်ကြီး၊ တပ်ကြပ်၊ ဒုတပ်ကြပ်တွေ ဖြစ်လာကြတာပေါ့။ ကျနော်တို့ဆီ
တာဝန်ကျလာတဲ့အချိန်မှာ ကျနော်တို့က ကိုယ့်ညီတွေလိုပဲ သဘောထား ကောင်းကောင်းမွန်မွန် ဆက်
ဆံပြီး ကိုယ့်ရှိတဲ့ အစားအစာလေးတွေ ချကျွေး မိတ်ဖွဲ့ခဲ့ကြပါတယ်။
တချို့ဆို အတော်ကြီး ခင်မင်လာပြီး ပွင့်ပွင့်လင်းလင်းလည်း ပြောဆိုလာကြတယ်။ အဲဒီတုန်းက
တပ်ကြပ်တယောက်က သူ ကရင်ပြည်နယ်ရှေ့တန်းတနေရာ ထိုးစစ်တခုမှာတုန်းက ကြုံခဲ့ရတဲ့
ကိုယ်တွေ့ဖြစ်ရပ်တခုကို ပြောပြတယ်။ သူက သံတိုင်တံခါးအပြင်က ကျနော်က သံတိုင်တံခါးအတွင်း
ကပေါ့လေ။ ကျနော်သူပြောတဲ့ဖြစ်ရပ်ကိုနားထောင်ရင်း ကြက်သီးမွေးညှင်းထ အံ့သြ ထိတ်လန့်တုန်လှုပ်
သွားခဲ့ရသလို ကျနော်တို့တိုင်းပြည်က စစ်တပ်ဆိုတာကိုလည်း အကြီးအကျယ် ရွံရှာသွားခဲ့ရတယ်။ သူ
ပြောပြတဲ့ဖြစ်ရပ်ကဒီလိုပါ။ ကရင်ပြည်နယ်က ရွာပုံးတခုကို သူတို့တပ်ခွဲက ဝင်ရောက်စီးနင်းခဲ့တုန်းက
ရွာက ကြိုတင်သတင်းရထားပုံ ရတယ်တဲ့၊ ရွာထဲရောက်တော့ ဘယ်သူမှ မရှိကြတော့ဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် အလောတကြီးထွက်ပြေးသွားကြပုံပေါ်တယ်။ ဆန်ရွေးလက်စဆန်ကောတွေ ချက်လက်စ
ထမင်းအိုးတွေ ဒီတိုင်းကျန်နေခဲ့သလို စပါးကျီထဲမှာလည်း စပါးတွေ တွေ့ရတယ်။ အိမ်မွေးတိရိစ္ဆာန် တချို့
လည်းရှိနေဆဲလို့ဆိုပါတယ်။သူတို့စစ်ကြောင်းလည်း ရွာထဲကို ပိုက်စိတ်တိုက်ရှာကြတယ်။ တဲတလုံးထဲက
ပုခက်တခုထဲမှာ အခါလည်သားအရွယ်လောက် ယောက်ျားလေး တယောက် ကိုမမျှော်လင့်ပဲ တွေ့ခဲ့ကြ
တယ်။ ကလေးလေးက လာပြီးပွေ့တဲ့စစ်သားတွေကို မျက်လုံးလေးပြူးပြီး ကြည့်နေပေမယ့် မငိုဘူးတဲ့။
ရဲဘော်တွေလည်း ကလေးလေး ကိုပွေ့ချီပြီး သူတို့တပ်ခွဲမှူးဆီကို သွားသတင်းပို့ရပါတယ်။ တပ်ခွဲမှူးက
ရွာကိုမီးရှို့ရမှာမို့ကလေးကိုခေါ်ခဲ့ဖို့ အမိန့်ပေးပါတယ်။
နောက်တရွာလုံးက အိမ်တွေစပါးကျီတွေကို မီးတိုက်ပြီး သူတို့တပ်ခွဲလည်း ရွာက ထွက်ခဲ့ကြတယ်။
ကလေးချစ်တတ်တဲ့ ရဲဘော်တွေက တယောက်တလှည့် ကျောမှာအဝတ်နဲ့ပိုးပြီး ကလေးလေးကို သူတို့
တပ်ခွဲနဲ့ခေါ်ခဲ့ကြတယ်။ ကံကောင်းချင်တော့ သူတို့တပ်ခွဲကို ဆက်ပြီး နယ်မြေရှင်းလင်းရေးမလုပ်ခိုင်း
တော့ပဲ နောက်ထပ်အရေးကြီးတဲ့တာဝန်တခုပေးဖို့ ရှေ့တန်း တပ်ရင်းတပ်စွဲထားရာကို ပြန်ဝင်ဖို့အမိန့်ရ
လာတယ်။ ရဲဘော်တွေလည်း အားရဝမ်းသာပြန်ကြဖို့ပြင်ဆင်ကြတယ်။ဒီအချိန်မှာတပ်ခွဲမှူးက ကရင်ရွာ
ထဲက အခါလည်သားလောက်ကလေးတယောက် တွေ့လို့ခေါ်လာခဲ့ရတဲ့အကြောင်း ဗျူဟာမှူးဆီကို
သတင်းပို့ရတယ်။ ဗျူဟာမှူးရဲ့တုန့်ပြန်အမိန့်ကတော့ “ အသက်ရှင်ရက် ဘယ်သူမှ ခေါ်မလာနဲ့ အပြတ်
ရှင်းခဲ့”တဲ့။အမိန့်ကို တပ်ခွဲမှူးက သူ့တပ်သားတွေကိုပြန်ပြောပြတဲ့အချိန်မှာ တပ်သားတွေမျက်စိမျက်နှာ
ပျက်ပြီး ဘာတခွန်းမှ ပြန်မပြောနိုင်ကြတော့ပါဘူး။
အချိန်တန်လို့တပ်ခွဲပြန်ခေါက်တဲ့အခါ ကလေးလေးက ရဲဘော်တယောက်ရဲ့နောက်ကျောမှာ ပါလာ
ခဲ့တာပါ။ တပ်ခွဲမှူးက ကလေးကို သတ်ပြီးထားခဲ့ဖို့ဘယ်သူတာဝန်ယူမလဲလို့ မေးတဲ့အချိန်မှာ ဘယ်သူမှ
အဲဒီတာဝန်ကို မယူခဲ့ဘူးလို့ဆိုပါတယ်။တပ်ခွဲမှူးကလည်းဗျူဟာမှူးရဲ့အမိန့်ကို မလိုက်နာလို့မဖြစ်တဲ့
အတွက် တယောက်ယောက်က တာဝန်ယူဖို့အမိန့်ပေးပါတယ်။ တပ်ခွဲတပ်ကြပ်ကြီးက ဘယ်သူမှ
တာဝန်မယူတဲ့အတွက် တာဝန်ယူမယ့်သူကို တခြားသူတွေရတဲ့ အာမီရမ် (Army Rum) ကို ပေးမယ်
လို့မက်လုံးပေးသတဲ့။ နောက်ဆုံး တပ်ခွဲကလည်း အတော်ခရီးပေါက်လာတဲ့အချိန်မှာ တပ်ခွဲမှူးက
ကလေးကိုအပြတ်ရှင်းခဲ့ဖို့အမိန့်ပေးလာတယ်။
ဒီအချိန်မှာ တပ်ခွဲထဲက ခပ်ပေပေရဲဘော်တယောက်က ပေးမယ်ဆိုတဲ့ ရမ်ကိုပေးဖို့တောင်းတယ်။
တပ်ခွဲတပ်ကြပ်ကြီးက အရက်ပုလင်းကို ပေးလိုက်တော့ အဲဒီရဲဘော်ဟာ ပုလင်းတဝက်လောက် နီးပါးကို
တခါတည်း မော့သောက်ပစ်လိုက်တယ်။ နောက်ခဏကြာတော့ ကလေးကိုသူ့ ကိုပေးခဲ့ဖို့ပြောပြီး သူ့ကို
ခဏထားခဲ့ဖို့ပြောပါတယ်။ တပ်ခွဲလည်း အဲဒီရဲဘော်နဲ့ ကလေးလေးကိုထားခဲ့ပြီး ခရီးဆက်ထွက်ခဲ့တယ်။
အတော်ကြီးကြာမှ ခုနက တာဝန်ယူခဲ့တဲ့ရဲဘော်ဟာ တပ်ခွဲနောက်ကို အမောတကြီးပြေးလိုက်လာတာ
တွေ့ရတယ်။ တပ်ခွဲတပ်ကြပ်ကြီးက သူ့ကိုပေးတဲ့တာဝန်လုပ်ပြီးပြီလားလို့မေးတဲ့အချိန်မှာ အဲဒီရဲဘော်ဟာ
တခြားရဲဘော်တွေကြားမှာ ဒူးထောက်ချပြီး ချုံးပွဲချ ရှိုက်ကြီးတငင် ငိုချလိုက်ပါတယ်။ ဘာစကားမှမပြော
နိုင်ဘဲ အကြာကြီးငိုပြီးတော့မှ သူအရက်ပုလင်းကို ကုန်အောင်သောက်ပြီး ကလေးလေးကို သစ်ပင်တပင်နဲ့
ကိုင်ရိုက်သတ်ပစ်ခဲ့ကြောင်း အထစ်ထစ်အငေါ့ငေါ့နဲ့ပြန်ပြောပြသတဲ့။
ကျနော်ခုတင်ပြလိုက်တဲ့အဖြစ်အပျက်က စိတ်ကူးယဉ်မဟုတ်ပါဘူး။ အဲဒီတုန်းက အဲဒိတပ်ခွဲမှာ
ကိုယ်တိုင်ပါဝင်ခဲ့တဲ့ တပ်ကြပ်တယောက်က စိတ်မကောင်းခြင်းကြီးစွာနဲ့ကျနော့ကိုပြန်ပြောပြခဲ့တဲ့
ဖြစ်ရပ်မှန်ပါ။ ရဲဘော်တွေက ဘယ်သူမှ မသတ်ချင်ကြဘူး။ ဒီအမိန့်ကိုပေးရက်ခဲ့သူက ဗျူဟာမှူးတယောက်
ပါ။
လူမိုက်သားကတော့ ရမ်းကားသထက်ရမ်းကားနေပါပြီ။ကျနော်တို့ပြည်သူ တဦးချင်းအနေနဲ့ မိမိ
ကိုယ်ကို ကာကွယ်စောင့်ရှောက်ဖို့ မိမိတို့ရဲ့ရင်သွေး သားသမီးတွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်
ရှိသလို အမှန်တရား နဲ့လူမျိုး ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်ဖို့လည်း တာဝန် ရှိပါတယ်။
နိုင်ငံရေး ပါတီတွေ နိုင်ငံရေးသမားတွေကိုပဲ အားကိုးပြီး တို့ကဘာတတ်နိုင်မှာလဲ ဆိုတဲ့ အညံ့ခံ အရှုံး
ပေးရေး အတွေးအခေါ်ကို ကိုင်စွဲထားကြမယ်ဆိုရင်တော့ ကျနော်တို့ လူထုတရပ်လုံး မျိုးဆက်နဲ့ချီပြီး
စစ်ကျွန် ဖြစ်နေကြရမှာပါ။
အကြောက်တရားတွေ ဖယ်ရှား ထိန်းချုပ်ပြီး မတရားတဲ့စစ်အာဏာရှင်စံနစ်ကို တညီတညွတ်တည်း
တွန်းလှန်ကြရအောင်ပါ။ ။
========================
အပေါ်က ဆောင်းပါးကို အသေချာဖတ်ရင် ကရင်အပါအဝင် တိုင်းရင်းသားတွေရဲ့ လက်တွေ့ကြုံတွေ့ နေကြရတဲ့ ဘဝကို မှန်းဆနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ လူသားဆန်တဲ့ စိတ်ဓါတ်ရှိသူတွေအားလုံး
စိတ်မကောင်းဖြစ်ကြလိမ့်မယ် ဆိုတာလည်း ယုံမှားသံသယ ရှိစရာလိုမယ်မထင်ပါဘူး။ ဒါပေမယ့် စိတ်
မကောင်းဖြစ်ရုံနဲ့ ပြီးသွားကြမယ့်သူတွေက အများစုဖြစ်မယ်ဆိုတာလည်း လက်ခံကြမယ်လို့ နားလည်
မိပါတယ်။
ဒီနေရာမှာ ကျနော်လုပ်ချင်တာက ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်တာမဟုတ်ရင်တောင် ဆောင်းပါး
မှာ ပါတဲ့အချက်တွေကို ဆင်ခြင်စဉ်းစား ဆွေးနွေးကြည့်ဖို့ပါ။
အချို့ကလည်း ဒီလူကတော့လုပ်ပြီ၊ လူမျိုးရေးကိစ္စတွေ တင်ချလာပြီလို့ ပြောကြပါမယ်။
မမှားပါဘူး။ ဒါပေမယ့် အားလုံးအကျိုးရှိအောင် မတွေးမိတာတွေကို ဖေါ်ထုတ်ကြည့်ပြီး အနာဂါတ်
မှာ အတူနေသွားကြရမယ့် ကျနော်တို့အားလုံးအတွက် မျှော်လင့်ချက်နဲ့ အဖြေတွေကို အစပြုမိအောင်လို့
ရည်ရွယ်ရင်း ဖြစ်ပါတယ်။ မပြောမပြီး မတီးမမည်ပါ၊ ဒါတွေကို ပင်မသတင်းဋ္ဌာနတွေက လုပ်ပေးမှာမဟုတ်
ပါဘူး။ မြန်မာပြည်တွင်း အတူနေပြီး စိတ်နေဝေးရုံမက အားနည်းသူတွေကို ကိစ္စတုံးပြစ်နေတဲ့အရာကို
ခင်ဗျားတို့ ကျနော်တို့ ဝိုင်းပြီးမဖြတ်တောက်ပေးကြရင် ဘယ်သူ့ကိုမှ မျှော်လို့လည်း ရမယ်မထင်ပါဘူး။
အဓိကကျမယ်အချက်တချို့ကို မေးခွန်းထုတ်ကြည့်မယ်ဗျာ။
(၁) ရွာပုန်းရွာရှောင်တွေ တကယ်ပဲရှိသလား။
မရှိဖူးလို့ ဖြေရင်တော့ ဆက်ပြောစရာ မလိုတော့ပါဘူး။ ပြောလည်း လက်ခံမယ့်သူမဟုတ်ဖူးလို့
နားလည်တာမို့ အချိန်ကုန်ခံမနေပါနဲ့လို့ ကန်တော့ဆွမ်းလုပ်ရတော့မှာပါပဲ။ ရှိတယ်လို့ လက်ခံရင်တော့
ဆက်စပ်မေးခွန်းကလေးတွေ ပေါ်လာပါမယ်။
- လူတွေ ဘာလို့ပုန်းရှောင်နေရတာလဲ၊ နိုင်ငံတော်ရဲ့ စေတနာကို နားမလည်ကြလို့လား။
- ရုပ်ရှင်ထဲကလို မဟုတ်ရင်လည်း အိန္ဒိယက ဇာတ်ခွဲထားတဲ့ဓလေ့ကြောင့် ဒမြလုပ်စားရတဲ့ လူမျိုးစုတွေ
လို ဖြစ်နေတာလား။
- ဒီလူတွေဟာ လူဆိုးသူခိုး မဟုတ်ရင်လည်း သူပုန်မိသားစုဝင်တွေလား။
- သူပုန်တွေဆိုရင် ဘာလို့မခုခံတာလည်း။ (သတင်းကြိုတင်ရထားတယ်လို့ ထင်တာမှန်ရင်၊ သူပုန်တွေသာ
ဆိုရင် ခြုံခိုတိုက်ရင် စွမ်းရည်ပြောင်မြောက်ပါတယ်ဆိုတဲ့ တပ်မတော်ကြီးက အောင်ပွဲတွေခံနိုင်ပါ့မလား။)
(၂) စစ်တပ်ကကော ဘာလို့ ရွာပုန်းရွာရှောင်ကို လိုက်ရှာရတာလည်း။
ဒါက အခြေခံတွေးတာ။ ပြီးရင် လိုက်ရှာတာဟာ -
- သူပုန်တွေဆိုပြီး ခြေမှုန်းမလို့လား။
- သူပုန်တွေနဲ့ ပတ်သက်နေသူတွေမို့ ခြေချစရာမရှိအောင် လိုက်နေတာလား။
- တွေ့ရင် မိရင်ကော ကိုယ့်ရွာကိုယ် ပြန်လာကြပါလို့ စကားနဲ့တင်ပြောမှာလား။
- ဒီလုပ်ဆောင်ချက်ဟာ တရားဝင်ပေါ်လစီအရလုပ်တာလား၊ နှုတ်မိန့်နဲ့ လုပ်တာလား။
- ဗျူဟာမှူးကခိုင်းလို့ လုပ်ရတာဆိုတော့ မခိုင်းရင် မလုပ်ဖူးလို့ အဓိပ္ပါယ်ကောက်ရမလား။
- မလိုအပ်ပဲ လူမသတ်ချင်ရင် အခြားနည်းလမ်းတွေ မရှိတော့ဖူးလား။
(၃) နောက်ဆုံး ကဏ္ဍကတော့ စာနာမှု နဲ့ပတ်သက်ပြီး ကြံဖန်စဉ်းစားကြည့်တာပါ။
- အကယ်၍များ အဲဒီရွာဟာ ဗမာရွာဖြစ်ပြီး စစ်တပ်က ကချင်၊ ရှမ်း၊ ကရင် တစ်မျိုးမျိုးဖြစ်နေရင်ကော
ဘယ်လိုများ စိတ်ထဲရှိကြမလဲ။
ဆက်စပ်ပြီး ထပ်တွေးကြည့်ရင် -
- တိုင်းရင်းသားတွေကနေ ကိုယ်ပိုင်စာပေ ယဉ်ကျေးမှုတွေကို လေ့လာသင်ကြားဖို့ အခွင့်တောင်းတာဟာ
လူမျိုးရေးအမြင်ကျဉ်းမြောင်းတာလား၊ မဟုတ်ရင်လည်း ဖြစ်သင့်တဲ့ သာမန်ဖြစ်စဉ်တစ်ခုလား။
- တိုင်းရင်းသားတွေရဲ့ သမိုင်းတွေကို ဖေါ်ထုတ်လေ့လာဖို့နဲ့ တရားဝင်လုပ်ခွင့်ရှိဖို့ လုပ်ကိုင်ကြတာဟာ
အစွန်းရောက်တာလား။ (ဒီမေးခွန်းကတော့ သမိုင်းနောက်ခံ အားနည်းသူတွေအတွက် အခက်အခဲ
ရှိနိုင်ပါတယ်။ ချင်းလူမျိုးတွေ ဘာမှမသိလိုက်ပဲ လွတ်လပ်ရေးအရမှာ မြန်မာပြည်ထဲ နယ်တစ်နယ်
အနေနဲ့ ပါလာတာ၊ ကယားနဲ့ ရှမ်းတွေလို ဒီကနေ့ခေတ် နိုင်ငံလို့ ခေါ်နေကြတဲ့ နယ်ပယ်တွေအောက်မှာ
အတိအလင်းမပါခဲ့တာ၊ လွတ်လပ်ရေးယူစဉ်က ထားခဲ့ကြတဲ့ ကတိကဝတ်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း
မရှိတော့လို့ ကတိတည်စရာ လိုမလို၊ ဒါတွေက ရေခဲတောင်ထိပ်စွန်းကလေးသာသာ တွေးစရာလေး
ချပြတာပါ။)
တိုက်ခိုက်ပြောနေတယ်လို့ ထင်ချင်လည်း ထင်နိုင်ပါတယ်။ အပြန်အလှန် အနုလုံပဋိလုံ စဉ်းစားကြည့်ဖို့
လမ်းရှာကြည့်တာပါ၊ အမြင်လွဲနေရင်တော့ စိတ်မကောင်းပါဘူး။ ၁၉၉၀ နှစ်လွန် တစ်နှစ်တုန်းက ဘားအံက
ကချင် ၂ တပ်ရင်းကို KNU တွေ တပ်ပြင်ကဝိုင်းပြီး စစ်သည်အိမ်ယာတွေရှိတဲ့ တပ်ထဲကိုပြစ်ခတ်သတိပေး
ခဲ့ဖူးပါတယ်။ တော်တော်ဆိုးတယ်လို့ ထင်နိုင်ပါတယ်။ အမှန်က စစ်သားတွေအားလုံး ရှေ့တန်းထွက်သွား
တာ KNU ကသိလို့ အဝေးကြီးကနေ ထိုးဖေါက်ဝင်လာပြီး ပျော့ကွက်ကို ထောက်ပြရုံလုပ်ခဲ့တာပါ။ အဲဒီ
အချိန်က အကာအရံတောင် ခနော်နီခနော်နဲ့ဖြစ်နေတဲ့ တပ်ထဲဝင်ပြီး ကြမ်းလိုက်ရင် ဘာဖြစ်သွားနိုင်မလဲ
တွေးကြည့်နိုင်ပါတယ်။
လိုရင်းချုပ်ရရင် ဘာဖြစ်လို့များ အပေါ်ကဆောင်းပါးထဲက အနေအထားမျိုး ဖြစ်နေရတာလဲလို့ မေးခွန်း
ထုတ်ချင်ပါတယ်။ (၂၁ ရာစုမှာ ဒါတွေရှိနေသေးတုန်းလားလို့ မေးလာရင် ဖြေရအတော်ကြပ်တဲ့အနေ
အထားပါ။ ဒါပေမယ့် ဒီအနေအထားက ဒေသတစ်ခွင်လုံးမှာ ဖြစ်နေကြတယ်ဆိုတာတော့ မြင်မိပါတယ်။)
ခုနေခါများ တိုင်းရင်းသားတွေကနေ အမျိုးသားရေးပြင်းပြင်းထန်ထန် နိုးကြားလာပြီး သခင်မျိုးဟေ့
တို့ကချင်၊ တို့ချင်း၊ တို့ရှမ်း၊ တို့ကရင်တွေဆိုပြီး ထလုပ်ကြရင် အထူးသဖြင့် ဗမာတွေဘယ်လို တုန့်ပြန်ကြ
မလဲ။ ဒါပေမယ့် ဗမာတွေတင် မဟုတ်ပါဘူး။ လူမျိုးစုတွေထဲမှာလည်း မျိုးကွဲတွေအပေါ်ထားတဲ့ စိတ်တွေကို
မေးခွန်းထုတ်စရာတွေ ရှိနေပါသေးတယ်။ ဥပမာ ကျနော်တို့ မြို့မှာနေစဉ်က အရိုင်းတွေလို့ လူတွေပြော
နေကြတဲ့ မျိုးကွဲတစ်စုက နောက်တစ်နေရာမှာ ခေါင်းဆောင်ပိုင်းကို လက်ဝါးကြီးအုပ်ထားကြပြန်ရော။
ဆိုချင်တာက မတရားမှုတွေကို သတိနဲ့ဆင်ခြင်သလို ကျနော်တို့ သိထားရတဲ့ သမိုင်းနဲ့ အခြားအသိတွေ
ဟာကော ပြုပြင်ထားတဲ့ လိုရာဆွဲပြောထားတဲ့ တပိုင်းတစ အမှန်တွေများဖြစ်နေသလားဆိုတာ မေးခွန်း
ထုတ်ကြည့်ကြဖို့ပါ။ သမိုင်းလို့ဆိုပြန်ရင်လည်း တိုင်းရင်းသားတွေရဲ့ သမိုင်းကို သိနိုင်ခွင့်က အတော်နည်း
နေတာ မြင်ကြရမှာပါ။ သိချင်စိတ် ရှိမရှိနဲ့ သမမျှတတဲ့ အမြင်တွေပေါ်ထွန်းလာဖို့ဟာ အင်မတန်ကြီး
ကျယ်တဲ့ စိန်ခေါ်မှုတစ်ရပ်ပါ။
မတရားတာကို လျစ်လျူရှုတာဟာလည်း မတရားလုပ်တာနဲ့ အတူတူပဲလို့ ဆိုထားတာတော့ ရှိပါတယ်။
ကျနော်ကတော့ အဲဒီလိုစကားနဲ့ မဖိချင်ပါဘူး။ သာမန်အသိအမြင်ကိုသုံးပြီး တဦးအပေါ်တဦး စာနာနိုင်ကြ
ရင်ပဲ အတော်ခရီးပေါက်ပြီလို့ ယုံကြည်ပါတယ်။
ဒါပဲလားဆိုတော့ မဟုတ်သေးဖူးလို့ ပြောပါရစေ။ ကျနော်အပါအဝင် မှားနေတာ၊ ရှေ့နောက်မညီတာ
တွေကို ထောက်ပြအကြံပေးတာမျိုးဟာလည်း တနိုင်အင်အားနဲ့ ပါဝင်ကြတာပါပဲ။ အဲ .. အနည်းဆုံးတော့
ကျနော့်တစ်ယောက်အတွက် ဒီစကားဟာ မှန်နေမှာပါပဲ။
ချမ်းသာကိုယ်စိတ် မြဲနိုင်ကြပါစေ၊
မန်းကိုကို
၂၄၊ ၁၀၊ ၂၀၁၀
ထင်ထားတဲ့အတိုင်းပါပဲ။ ဘယ်သူမှ စိတ်မဝင်စားဖူးလို့ ပြောရလောက်အောင် မဟုတ်ပေမယ့် စိတ်ပါဝင်စားမှု အတိုင်းအတာနဲ့ တုန့်ပြန်မှုတွေဟာ စောင့်ကြည့်စရာ မလိုလောက်အောင်ပါပဲ။ ဘာမှ မရှိဘူးဆိုတာ တွေ့တဲ့အတိုင်းပါပဲ။ ဘယ်သူ့ကိုမှတော့လည်း အပြစ်မတင်ပါဖူး။ ဒါကို မျှော်လင့်ထားပြီးဖြစ်လို့ ရင်ထဲ ရှင်းရှင်းလင်းလင်းပဲ ထားကြပါ။
ReplyDeleteဒီလိုကြုံတိုင်းလည်း ကိုယ်ငယ်ငယ်က ဖြစ်ခဲ့တာကို ပြန်တွေးပြီး ကိုယ်ချင်းလည်း စာပါတယ်။ ကျနော့်အမေ အစာအိမ်ခွဲစိပ်ရလို့ ဆေးရုံမှာ နှစ်ပတ်လောက် နေခဲ့ရစဉ်ကဖြစ်ပါတယ်။ မှတ်မှတ်ရရ တစ်ခါပဲ နေ့လည်ကျောင်းအားချိန်မှာ ခဏလောက်သွားတွေ့ဖြစ်ခဲ့ပါတယ်။ စိုးရိမ်ရကောင်းမှန်း၊ စာနာရကောင်းမှန်းလည်း နားမလည်ခဲ့မိဖူး။
ကြီးလာတဲ့အခါကျတော့ တစ်ရက်လောက် နေမကောင်းဖြစ်လိုက်ရင်ပဲ ဘယ်အရာမှ ကိုယ့်အတွက်အရေးမကြီးတော့ သလိုပဲ။ ခြေလက်ချောင်းကလေးများ တူနဲ့ထုလိုက်မိရင်၊ နည်းနည်းလေးခြစ်မိရင်၊ အလုပ်မှာ တစ်ချက်လောက် ညှပ်သွားတာမျိုးတွေ ဖြစ်တဲ့အခါကျတော့ သိလာပါပြီ။ ကိုယ်နာပြီ၊ ခံစားရပြီ မဟုတ်လား။
အတ္တကို အခြေခံပြီး တည်ဆောက်ထားတဲ့ ခင်ဗျားတို့ ကျနော်တို့ ဖြစ်လေ့ဖြစ်ထရှိတာတွေဟာ အတူတူမို့ အပြစ်မတင်ဖူးလို့ပြောတာ နားလည်နိုင်ကြမယ်တော့ ထင်ပါတယ်။ ဒါပေမယ့် နောက်ပွင့်မယ့်ဘုရားတွေထဲမှာ မပါတာသေချာတဲ့ ကျနော်ကတော့ တခါတရံ စိတ်ထဲ မရှင်းမရှင်းတော့ ဖြစ်မိတယ်ဗျ။ အခြားတော့ မဟုတ်ပါဘူး။ ချစ်တယ်ချစ်တယ်လို့ပြောပြီး အာလူးတွေပဲ ကျွေးကျွေးနေတဲ့ အချို့သော(မျိုးချစ်)ချစ်ကိုကိုများနဲ့ ပတ်သက်လို့ပါ။ ဆဲရလည်းခက်ခက်၊ ရင်ဆိုင်အနိုင်ယူရလည်းခက်ခက်နဲ့ အင်း ....
အင်း .. ဆိုတော့လည်း အဲ ..... အင်း....... ပေါ့ဗျာ၊ ဘာမှဆက်မပြောတာပဲ ကောင်းမယ်ထင်ပါတယ်။
ဖတ်ပြီး စိတ်မကောင်းဖြစ်ငမိပါတယ်
ReplyDelete