ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Thursday, October 21, 2010

အင်း .. ခက်ပြီ



   ဘားအံမြို့ရဲ့ နံက်ခင်းတစ်ခုမှာ ဖြစ်ပါတယ်။
   ဗိုလ်ချုပ်လမ်းမကြီးရဲ့ဘေးမှာ အဒေါ်ကြီးတစ်ယောက် မုန့်တီရောင်းနေပါတယ်။
   ရောင်းလာတာကြာပြီမို့လို့ အနီးအနားက မြို့သူမြို့သားတွေကော တောကတက်လာတဲ့ (အထူးသဖြင့်
မနက်ပိုင်းဈေးလာရောင်းကြတဲ့ ရွာကလူတွေ) နဲ့ စည်ကားနေပါတယ်။


   အဲဒီအချိန်မှာပဲ တောသားတစ်ယောက်က လမ်းလျှောက်လာရင်း မပြောမဆို ဆိုင်နဲ့မလှမ်းမကမ်းမှာ
လမ်းဘေးဆင်းပြီး သေးထိုင်ပန်းနေပါတော့တယ်။

   “ဟဲ့ ဟဲ့ နင်သေးကို ဝေးဝေးကလေးသွားပေါက်ပါလား”
လို့အဒေါ်ကြီးက လှမ်းပြောလိုက်ပါတယ်။ စားနေသောက်နေတဲ့သူတွေကို မျက်နှာထောက်ရဦးမှာ
မဟုတ်လား။

   ဒါပေမယ့် သေးပေါက်နေတဲ့သူ ပြန်မေးလိုက်တဲ့စကားကြောင့် အဒေါ်ကြီးမှာ စိတ်ဆိုးရလည်းခက်
မဆိုးရလည်းအခက် ဖြစ်သွားပါတယ်။

   ဟုတ်တယ်လေ အဲဒီလူ ပြန်ပြောလိုက်တာက ..
ငါ့ရွာကနေ ဒီအထိ(သေး)လာပေါက်တာ မဝေးသေး ဖူးလား” တဲ့။

===============================

   ဒီလိုပြန်ပြောလိုက်သူကတော့ ဘားအံ(ဖားအံ)မြို့ကနေ သုံးမိုင်ခွဲလောက်ဝေးတဲ့ “ခလောက်နို့ရွာ”
က ရွာသားတစ်ယောက် ဖြစ်ပါတယ်။ မြို့နဲ့နီးနီးနားနားနေပေမယ့် ဗမာစကားက မရည်လည်၊ မြို့က
ဓလေ့ထုံးတမ်း ယဉ်ကျေးမှုပုံစံတွေနဲ့ အကျွမ်းတဝင်မရှိတဲ့သူရဲ့ ရိုးရိုးသားသား တုံ့ပြန်ချက်တစ်ရပ်ပါ။
အထက်အညာမှာ လှတောနဲ့ ပခန်းသားတွေ စကားကြွယ်တယ်ဆိုပြီး ဟာသပုံပြင်တွေနဲ့ နာမည်ကြီး
တာ လူသိများပေမယ့် အောက်ပြည်က ဒီရွာကလေးအကြောင်းကိုတော့ လူသိနည်းပါလိမ့်မယ်။ သူတို့ရဲ့
ပုံပြင်တွေဟာ အထက်သားတွေအတွက် နည်းနည်းကြမ်း သို့မဟုတ် နည်းနည်းကြောင်နိုင်ပါတယ်။  
ဘားအံနဲ့ ကရင်ပြည်နယ်သား အတော်များများအတွက်တော့ သူတို့ရဲ့ ပုံပြင်ကလေးတွေနဲ့ပဲ ကြမ်းတမ်း
တဲ့ စစ်တံပိုးအောက်မှာ အပန်းဖြေကြရပါတယ်။

   ခလောက်နို့ရွာရဲ့ ပုံပြင်တွေဟာ တစ်ချိန်က သားသမီးနဲ့ မြေးမြစ်တွေကို ရိုက်နှက်ဆုံးမမယ့်အစား
ပုံပြင်ကလေးတွေပြောပြီး ဆုံးမတတ်တဲ့ ဦးပန်းမွှေးဆိုသူကနေ စခဲ့တယ်လို့ ဆိုပါတယ်။ စာအုပ်
တစ်အုပ်အနေနဲ့လည်း ထွက်ဖူးပါတယ်။ အဲဒီစာအုပ်ဟာ လွန်ခဲ့တဲ့ဆယ်နှစ်ဝန်းကျင်လောက်က
ထွက်ခဲ့တာပါ။

   ကိုယ်တွေ့ကြုံသူများ အပြောအရ စာအုပ်မထွက်ခင် ဆယ်နှစ်ကျော်ဝန်းကျင်လောက်မှာ ရန်ကုန်
မြို့က စာရေးဆရာတစ်ယောက် ရောက်လာခဲ့ပြီး ရွာကလူကြီး ၃-၄ ယောက်နဲ့အတူ ဘုန်းကြီး
ကျောင်းမှာ မေးမြန်းမှတ်သွားခဲ့တယ်လို့ ဆိုကြပါတယ်။ နှစ်ရက်လောက် တနေကုန် တဟားဟားနဲ့
ပြောကြရယ်ကြတာ ဘုန်းကြီးကျောင်းနား နေသူဖြတ်သွားသူတွေ ကြားနေခဲ့ရပေမယ့် စာရေးဆရာ
ပြန်သွားကတည်းက စုပ်စမြှုပ်စပျောက်သွားလိုက်တာ မေ့လောက်မှ စာအုပ်တစ်အုပ်အနေနဲ့ ပြန်
ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

   နောင်ကို အခန့်သင့်သလို ခလောက်နို့ပုံပြင်တွေထဲက အဆင်ပြေနိုင်မှာတွေ မှတ်မိသလောက်
ရေး သွားပါမယ်။ စိတ်ဖိစီးမှုများတဲ့ ကျနော်တို့မြန်မာပြည်သူ ပြည်သားတွေအတွက် စိတ်ပြေလက် ပျောက်ပေါ့ဗျာ။ “ရယ်သောသူသည် ပါးရေတွန့်၏၊ စိတ်ကို ကြည်လင်စေ၏၊ အာပေါဓါတ်ကို ကဲစေ၍
မိတ္တဗလကို အားပေး၏” ဆိုလားပဲ စတုဒီသာကျမ်းထဲမှာ ပြောထားတဲ့အတိုင်းပေါ့ဗျာ။


(မှတ်ချက် ၁ - ဘားအံမှာ မုန်းဟင်းခါး ဆိုတဲ့စကားလုံးထက် မုန့်တီလို့ပဲ အပြောများကြပါတယ်။)
၂၂၊ ၁၀၊ ၂၀၁၀ - (မှတ်ချက် ၂ - မသေချာလို့ ပုံပြင်စာအုပ်ထွက်တာနဲ့ ပတ်သက်ပြီး မှတ်မိသမျှ အမှန်
အတိုင်း ရေးမိလိုက်တာ facebook ကနေ ကိုယ့်ကို ကန်ထုတ်ခံလိုက်ရတယ်ထင်တာပဲ၊ မိတ်ဆွေတစ်
ယောက်ရဲ့လင့် ပျောက်သွားတယ်။ မန်းကိုကို ရိုးရိုးသားသား ရေးမိပါတယ်ဗျာ၊ ကြောက်ပါပြီဂျ။)

4 comments:

  1. ကိုမန်းရေ..

    ပထမဦးစွာ ကျေးဇူးတင်ပါကြောင်း...။

    ရယ်ရတယ်..အဲလိုမျိုးတွေ အများကြီး ဖတ်ချင်တယ် သူများကိုလည်း ပြန်ပြောပြချင်ပါရဲ့.. နဂိုကတည်းက အရယ်သန်တော့ အတော်ပဲ ရယ်ပေတော့ပဲ..။

    ကရင်တွေ စကားပြောရင် နင် ငါ ကတော့ ပြောမနေနဲ့တော့ မဗေဒါ က ရင်းနှီးပြီးသား.. အရမ်းသဘောကျပါ့..။ စကားမစပ် တော်လှန်ရေးတုန်းက အကိုလိုချစ် ခင်ရတဲ့ သူတယောက်ရှိခဲ့တယ် (အခုတော့ ဆုံးရှာပြီ.. သူကတော့ ဘားအံသားပဲ.. ရယ်စရာ အရမ်းပြောတက်တယ်..) ။ သူက ခလောက်နို့ရွာက ဟုတ် မဟုတ်တော့ မသိဘူး..။


    နောက်အားရင် ထပ်တင်ပေးအုံးနော်..။

    မဗေဒါ (၈၈)

    ReplyDelete
  2. လာလည်တဲ့သူ ပျော်တော့လည်း ကျွန်ုပ်လည်း ပျော်မိတာပါပဲ။
    အပေါ်က ဒိုင်နိုဆောလေးလို ဖြစ်မသွားဖို့သာ ထိန်းသိမ်းကြအောင် မေတ္တာရပ်ခံရတော့မှာပေါ့။

    မဗေဒါပြောတဲ့သူကို ကျနော်သိကောင်းသိမှာပါ။ ၈၈ မှာ ထွက်သွားပြီး ဘယ်တော့မှ မတွေ့ရတော့တဲ့ သူငယ်ချင်းနဲ့ အခြားအသိတွေ အသင့်အတင့် ရှိပါတယ်။

    ReplyDelete
  3. ကိုမန်းရေ..

    အချိန်နည်းနည်း (not နဲနဲ) ရတာနဲ့ ကိုယ်ဖတ်သွားတဲ့ ခေါင်းစဉ်ကို မေ့ပြီး အသစ်တင်တယ်ထင်ပြီး ပြန်လာဖတ်တာ ခုနကပဲ ဖတ်သွားတဲ့ အဟောင်းဖြစ်နေတယ်.. တပါတည်း ကိုမန်းရဲ့ အပြောလေးလည်း ဖတ်သွားမိတော့လေသတည်းပါ..။

    ကိုသန့်ဇင် (မမူမူထွေး) ချစ်ချစ်ပါ.. သိလောက်မယ် ထင်ပါရဲ့.. မဗေဒါ အင်မတန်လေးစားခဲ့ရတဲ့ လူတယောက်ပါ..(ဆိုလိုတာက အဖွဲ့အစည်းထဲမှာ သူလုပ်ပေးခဲ့တဲ့.. အနစ်နာခံမှုတွေ အတွက်..)..။


    မှားပြီး နောက်တခေါက်တော့ မလာဖြစ်တော့ဘူး ထင်ပါတယ်.. ကိုမန်းရေ

    မဗေဒါ

    ReplyDelete
  4. အဲ မသိဖူးခင်ဗျ၊ ဒါပေမယ့် လူတွေ့(ဓါတ်ပုံတွေ့) ရင်တော့ မပြောတတ်ဖူး။
    မှန်တာဝန်ခံရရင် နာမည်ကို အမှတ်သညာနည်းမိတာကြောင့် သူငယ်ချင်းတွေ ပြန်တွေ့ရင်တောင် ပြုံးပြီးပဲ နှုတ်ဆက်နေရတယ်။ ပြီးမှ ရှေ့မျက်နှာနောက်ထား နာမည်မေးရတော့တယ်။

    ဘယ်လိုပဲဖြစ်ဖြစ် အနစ်နာခံတတ်သူတွေကိုတော့ လေးစားပါတယ်ဗျာ။ လူကောင်းတစ်ယောက် ဆုံးရှူံးရတာပေါ့။

    ReplyDelete