ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Tuesday, June 29, 2010

အမြောက်ကြီးတွေလည်း အဆစ်ပါ၊

သတင်းတွေထဲ မြန်မာပြည် ဒုံးကျည်တင်ကားတွေ ဖြန့်ကျက်အပြီးမှာ အမြောက်ကြီးတွေပါ တင်သွင်း
လာတာကို ဖတ်ရပြန်ပါတယ်။ ရင်မောပေမယ့် ရေးမိပြန်ပါတယ်။ ဒီတစ်ခါလည်း မိတ်ဆက်သဘောပဲ
ရေးသွားပါမယ်။


အမြောက်ကြီးတွေရဲ့ အရွယ်အစားက ၁၅၅ မီလီမီတာ လို့ဖတ်ရပါတယ်။ ဒီတစ်ခါလည်း သိထားတာ
တွေ မမှားဖူးဆိုရင် ဒီလက်နက်တွေဟာ အဆင့်အမြင့်ဆုံး ဖြစ်ချင်မှဖြစ်မှာလို့ သံသယထားနိုင်ပေမယ့်
သေချာတာကတော့ မြန်မာပြည်လို ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံ အတွက်ကတော့ ခုနောက်ပိုင်းမှထုတ်တဲ့၊
ခေတ်မှီလက်နက်ကြီးဆိုပြီး ခေါ်ဆိုလို့ ရနိုင်ပါလိမ့်မယ်။

အမြောက်ကြီးများကို မှတ်မှတ်ရရ သတိပြုမိခဲ့တာကတော့ ၁၉၈၀ ပြည့်နှစ်များက လက်ဘနွန်စစ်ပွဲ
အပြီး ဘေရွတ်မြို့တော်ကို ငြိမ်းချမ်းရေးတပ်များ ရောက်ရှိနေစဉ်က ဖြစ်ပါတယ်။ ပြင်သစ်တပ်များ
စခန်းချရာကို ဟစ်ဇ်ဘိုလာ ပြောက်ကျားများကနေ မော်တာနဲ့ လာရောက်ချောင်းမြောင်းပစ်ခတ်
ရာမှာ ပြင်သစ်အမြောက်တပ်က ၁၂၀ မီလီမီတာ ဟောင်ဝစ်ဇာအမြောက်နဲ့ သုံးချက်ပြန်ပစ်ခဲ့တယ်
လို့ သတင်းထဲဖတ်ခဲ့ရပါတယ်။ ရန်သူရဲ့ပစ်ခတ်မှုအသံကို အာရုံခံတွက်ချက်တဲ့ ကရိယာရဲ့အကူအ
ညီနဲ့ ပြန်လည်တုံ့ပြန်ခဲ့တာဖြစ်ပြီး စမ်းသပ်ထားမှုများအရ ပစ်မှတ်နဲ့ မီတာ ၅၀ အတွင်းကျရောက်
အောင် ပစ်ခတ်နိုင်တယ်လို့လည်း ဆိုပါတယ်။ အမြောက်ကျည်ဆံရဲ့ သက်ရောက်မှုက မီတာ ၁၀၀
ကနေ၂၀၀ အတွင်းဖြစ်လို့ လာရောက်ပစ်ခတ်ခဲ့တဲ့ ဟစ်ဇ်ဘိုလာ ပြောက်ကျားတွေသာ သူ့တို့နေ
ရာမှာ ဆက်ရှိနေပြီး အကာအကွယ်ကောင်းကောင်း မရှိခဲ့ရင်တော့ အရိုးတခြားအသားတခြား ဖြစ်
သွားစရာရှိပါတယ်။

ဒီနေရာမှာ မှတ်သားမိတာတစ်ခုရှိပါတယ်။ မြန်မာပြည်က ဗြိတိသျှတော်လှန်ရာမှာ ပါဝင်ခဲ့ဖူးသူ
တစ်ဦးရဲ့ ပြောပြခဲ့ဖူးချက်အရ သင့်တော်အောင် ရေးပြရရင် - “ငါတို့က အင်္ဂလိပ်တွေကို သွားချောင်း
ပစ်ဖူးတယ်ကွ၊ သူတို့များ ထွက်လာမလားလို့၊ ဘယ်ဟုတ်မတုန်း အမြောက်နဲ့ပဲ လှမ်းထုလို့ ထွက်ပြေး
ခဲ့ရသကွ” တဲ့။ ဒီကနေ့ခေတ်လို ယန္တယားတပ်တွေနဲ့ အမြန်စစ်လှုပ်ရှား တိုက်ခိုက်ကြရာမှာတော့
ဒီအမြောက်ကြီး တွေရဲ့ အခန်းကဏ္ဍဟာ မေးခွန်းထုတ်စရာတော့ ရှိလာပါတယ်။ တစ်ခုရှိတာက
ပြင်သစ်တပ်တွေကို ဗီယက်နမ်တပ်တွေကနေ အမြောက်များနဲ့ စုစည်းပစ်ခတ်မှုတွေအသုံးချကာ
ဒိန်ဘင်ဖူးခံတပ်မှာ အနိုင်ယူပြီး ပထမဆုံးသော အာရှသားတွေ သိက္ခာတက်စေခဲ့တဲ့ အောင်ပွဲ
တော့ ရှိခဲ့ဖူးပါတယ်။ ဒါကလည်း ရာစုနှစ်တစ် ဝက်ကျော်က ပြန်တမ်းတနေကြရတဲ့ သမိုင်းတစ်ခုပါ၊
ဒီခေတ်မှာတော့ နှစ်ခါပြန် ပြန်တွေးစရာပါ။

အဖြစ်နိုင်ဆုံးကတော့ တိုင်းရင်းသားတွေရဲ့ ခံစစ်အမာခံစခန်းတွေကို ပစ်မှတ်ထားဖို့ပါပဲ။ ၁၉၈၀
ပြည့်နှစ်များမှာ တိုင်းရင်းသားအမာခံစခန်းတွေကို မြေပြင်ထဲ ၇-၈ ပေ ထိုးဖောက်ပြီးမှ ပေါက်ကွဲတဲ့
အမြောက်တွေနဲ့ ကျည်ဆံတွေကို အသုံးပြုခဲ့ရာမှာ အောင်မြင်မှုအင်မတန်နည်းခဲ့တယ်လို့ သိမှတ်
ရပါတယ်။ ၁၉၉၀ ပြည့်နှစ်ပိုင်းမှာတော့ ၁၂၀ မီလီမီတာ ဟောင်ဝစ်ဇာ အမြှောက်တွေသုံးပြီး ကွန်
ကရိနဲ့ ဆောက်ထားတဲ့ ခံကတုတ်တွေကိုတောင် ဖြိုချနိုင်ခဲ့ကာ ထိရောက်မှုရှိခဲ့တယ်လို့ ကိုယ်တွေ့
ကြုံခဲ့ရသူတွေရဲ့ ပြောပြချက်အရ သိရပြန်ပါတယ်။ အခုချိန်မှာ ၁၅၅ မီလီမီတာ အထိကြီးမားတဲ့
လက်နက်ကြီးတွေတော့ ထပ်မံဖြည့်တင်းရောက်ရှိလာတော့မှာပါ။ ရွှေ့ပြောင်း သယ်ယူမှုမှာ ခက်ခဲ
နှေးကွေးပေမယ့် ၁၀ ကီလိုမီတာကနေ၊ ကီလို ၃၀ အကွာအဝေးလောက်အထိ ထိရောက်ပြီး ပေါက်
ကွဲစွမ်းအားကောင်းကာ မြေပြန့်မှာ အမြှောက်ကျည် ကျရောက်ရာကနေ မီတာ ၁၀၀ လောက် အ
တွင်း ထိရောက်မှုရှိတယ်လို့ ဆိုပါတယ်။ ဒီလိုစွမ်းရည်မျိုးဟာ ရှူံးနိမ့်ချိန်မှာ “လက်နက်အင်အား
လူအင်အားမမျှပဲ ရွပ်ရွပ်ချွံချွံ တွန်းလှန်တိုက်ခိုက်တယ်” လို့ပြောပြီး၊ မတန်တဆ အင်အားတွေနဲ့
အနိုင်ရတဲ့အခါ “စွမ်းရည်ပြောင်မြောက်စွာဖြင့် ချေမှုန်းတယ်” ဆိုတတ်တဲ့ မြန်မာပြည် စစ်တပ်
အတွက်တော့ မက်မောစရာပါ။

တကယ့် အကျိုးဆက်နဲ့ ထိရောက်မှုကတော့ ပါဝင်ကပြသူတွေအပေါ် အနည်းနဲ့အများ မူတည်
ကောင်း မူတည်ပါလိမ့်မယ်။ ပုဂ္ဂလိကအမြင်အနေနဲ့ကတော့ တိုင်းရင်းသားတွေအနေနဲ့ ဝါဒရေးပါ
ပါတဲ့ ပြည့်သူ့စစ်ပွဲလို့ခေါ်ဆိုနိုင်မယ့် ပျောက်ကျားစစ်ပွဲလမ်းတစ်လမ်းပဲ ရွေးစရာမြင်မိပါတယ်။ ဒါကို
ကြိုမြင်တဲ့ မြန်မာပြည် စစ်တပ်ကလည်း “ဖြတ်လေးဖြတ်၊ သတ်လေးသတ်” နဲ့ အရပ်သားကော၊
ပုန်ကန်သူတွေကိုပါ ရောပြီး မြေလှန်စနစ်ကို ကျင့်သုံးနေတာပါ။ မြန်မာပြည်ရဲ့ ကံကြမ္မာဟာ စစ်ရေး
တစ်ခုတည်းအပေါ် မူတည်တာ မဟုတ်တဲ့အတွက်ကြောင့် တိုင်းရင်းသား အဖွဲ့များရဲ့ အခြေအနေ
အပေါ်မူတည်ပြီး စစ်ရေး၊ နိုင်ငံရေး ပြောင်းလဲ လှုပ်ရှားမှုတွေဟာလည်း အဆုံးအဖြတ်ပေးနိုင်တဲ့
အချက်တစ်ချက် ဖြစ်ပါကြောင်း။





source : http://www.army-guide.com/

မန်းကိုကို
၂၉၊ ၀၆၊၂၀၁၀


**နောက်ဆက်တွဲ

ပြီးပြီဆိုပြီး ဂူဂယ်မှာ လက်ဆော့လိုက်ကာမှ သျှမ်းသံတော်ဆင့်မှာတွေ့တဲ့ မြန်မာပြည်က အမြောက်
တွေဝယ်ယူတဲ့ တရုတ်ကုပ္မဏီ အကြောင်းတစ်သီကြီး ထွက်လာပါတယ်။ အတိုချုပ် အမြည်းသဘော
လေး ထည့်ပေးထားပါတယ်။ စိတ်ဝင်စားသူများ ကတော့ ပေးထားတဲ့လင့်တွေအပြင် Google မှာ
သွားရောက်ခြေဆန့် ရှာဖွေနိုင်ကြပါတယ်။

• လက်နက်ရောင်းချပေးတဲ့ NORINCO (China North Industries Corporation) ဟာ ပီကင်းမှာ
  အခြေစိုက်ပြီး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီရဲ့ တိုက်ရိုက်ထိန်းချုပ်မှုအောက်မှာ ရှိတဲ့ ကာကွယ်
  ရေးနဲ့ စက်မှုလုပ်ငန်း ကော်ပိုရေးရှင်း ဆယ်ခုထဲကတစ်ခု ဖြစ်ပါတယ်၊
• ၁၉၉၆ မှာ အမေရိကန်နိုင်ငံကို မောင်းပြန်သေနတ် အလက် ၂၀၀၀ တရားမဝင် တင်သွင်းခဲ့ တာကို
  FBI ရဲ့ဖေါ်ထုတ်ခြင်း ခံခဲ့ရပါတယ်၊
• ၂၀၀၃ ခုနှစ်မှာ အီရန်နိုင်ငံကို ကန့်သတ်ထားတဲ့ ဒုံးပျံနည်းပညာတွေ ရောင်းချလွဲပြောင်း ပေးမှုနဲ့
  အမေရိကန်နိုင်ငံက ပိတ်ပင်မှုတွေလုပ်တာခံခဲ့ရပြီး ဂျပန်ကတော့ သတိထားရမယ့် ကုပ္မဏီတွေစာ
  ရင်းထဲ ထည့်သွင်းထားခဲ့ပါတယ်၊
• ဒီကုပ္မဏီဟာ မြန်မာပြည်က ကြေးသတ္တုထုတ်လုပ်ဖို့လည်း ဒီလအစောပိုင်းမှာ သဘောတူလက်
  မှတ် ထိုးခဲ့ပါတယ်၊

အောက်မှာ NORINCO ကုပ္မဏီက ထုတ်လုပ်တဲ့ လက်နက်အချို့ရဲ့ ပုံတွေပါ။


source : - http://www.army-guide.com/

အောက်မှာက ပိုသိလိုသူများအတွက် သွားကြည့်စရာကလေးတွေပါ၊ အတိုချုပ်သာ ဖြစ်ပါတယ်။

- http://www.norinco.com/c1024/english/index.html
-  http://www.nti.org/db/china/norinco.htm
- http://www.iranwatch.org/suppliers/records/china-norinco.html
- http://www.army-guide.com/eng/product4175.html
- http://www.intellasia.net/news/articles/resources/111297732.shtml
- http://en.wikipedia.org/wiki/Norinco
(ဝီကီပီဒီယာဟာ လမ်းညွှန်အဖြစ်အသုံးပြုရန်သာ ဖြစ်ပါတယ်၊ ရည်ညွှန်းဖို့ရာ မသင့်တော်ပါဘူး။)

မှတ်ချက် - ၁၂၀ မီလီမီတာ ဟောင်ဝစ်ဇာအမြောက်လို့ ဆိုရာမှာ ၁၂၂ မီလီမီတာ အမြောက်လည်း
              ဖြစ်နိုင်ပါတယ်။ ကျနော် စစ်ရေးကျွမ်းကျင်သူတစ်ဦး မဟုတ်ပါ၊ စာဖတ်သူသည်သာ မိမိ
              ဘဝရဲ့ စစ်ဗိုလ်ချုပ်ဖြစ်လို့ ကိုယ်ပိုင်အသိနဲ့ယှဉ်ပြီး ချင့်ချိန်ယုံကြည်ဖို့လည်း တိုက်တွန်းလို
              ပါတယ်။ အောင်မြင်ကြပါစေ။

2 comments:

  1. အမြှောက်ကတော့ ကိုယ်လည်း ကျွမ်းကျင်တဲ့ အပိုင်းမဟုတ်တော့ အော်ဒီလိုလား ဆိုပြီးတော့ပဲ ဖတ်သွားပါတယ် ဆရာရေ..

    ReplyDelete
  2. စစ်ဖြစ်လျင်
    သခင်မဲ့သော အိမ်နှင့်
    အိမ်မရှိသောသခင်ကို တွေ့မည်။

    စစ်ဖြစ်လျင်
    ခင်ပွန်းမရှိသော ဇနီးနှင့်
    ဇနီးမရှိသော ခင်ပွန်းကို တွေ့မည်။

    စစ်ဖြစ်လျင်
    အဖေမရှိသောသားနှင့်
    သားမရှိသော အဖေကိုတွေ့မည်။

    စစ်ဖြစ်လျင်
    ခြေထောက်မရှိသော ခန္ဓာကိုယ်နှင့်
    ခန္ဓာကိုယ်မရှိသော ခြေထောက်ကိုတွေ့မည်။

    စစ်ဖြစ်လျင်
    ကျွဲနွားမရှိသော စားကျက်နှင့်
    စားကျက်မရှိသော ကျွဲနွားတို့ကိုတွေ့မည်။

    စစ်ဖြစ်လျင်
    ယမ်းငွေ့တွေဝေ၍
    ကပ်ရောဂါများနှင့် ၀မ်းနည်းကြေကွဲမှုကို ကြုံမည်။

    ငါတို့ စစ်ကို နှိပ်ကွပ်ကြပါစို့။

    ငါတို့ စစ်ကို မဖြစ်ကြပါစို့။ ။

    ReplyDelete