ဍုဂ်ပါင်လာ.ဆာ် - (ဒေါင်ပိုင်လားဆိုင်ဒ်) - ပြည့်စုံပါစေ

Saturday, July 28, 2012

လ္ဘက်ရည်ချောဝိုင်း



  တစ်ယောက်ထဲပြောမယ့် စကားဝိုင်းမှာ ကိုယ်က လ္ဘက်ရည်ကြမ်း သောက်နေပေမယ့် ၊ ဖတ်သူတွေထဲ
မှာ ကော်ဖီသောက်သူ ၊ အချိုရည်သောက်သူ ၊ သက်သတ်လွတ်ဘောင်ထဲဝင်တဲ့ အရက်ပျံသောက်သူ
တွေလည်း ပါမှာမို့ ကိုယ့်အကြမ်းနဲ့ရောပြီး အချောလို့ လိုချင်ရာ သမလိုက်တာပါ ။ ဒါပေသိ စာကတော့
စိတ်ထဲဝင်လာသလို အစဉ်လိုက် ရေးသွားမှာမို့ ချောချင်မှ ချောပါလိမ့်မယ် ။ ကိုယ်ဖတ်ချင်တာနဲ့ မကိုက်
ရင် ပိုတောင်ကြမ်းတယ်လို့ ထင်ချင်ထင်ဦးမှာ ။

□  မျက်မှန် ပဒေသာ

   “နေကာမျက်မှန်လေးနဲ့ လေးနှမရယ်ကွယ် …. တစ်ပြေတစ်ရွာစီ ဆက်ဆံရေးမို့ ဝေးကြရမယ် ထင်ပါ
တယ် …..”  ဆိုတဲ့ ရေဒီယိုက သီချင်းလေးကို အဖိုးကြီးအဖွားကြီး မဖြစ်တဖြစ်တွေ မှတ်မိကြမှာပါ ။

  ခုလည်း အွန်လိုင်းမှာ ရောင်စုံမျက်မှန်တွေသာမက တစ်ခါတစ်ရံ စိတ်ပါရင်ပါသလို မျက်မှန်မည်းမည်း
ကြီးတွေ တပ်ထားကြတာ မပြတ်မလပ် တွေ့နေရတယ် ။ အဲဒီထဲမယ် မျှမျှတတ စဉ်းစားတတ်မယ်လို့
ယူဆရတဲ့ သက်လတ်ပိုင်းတွေ ၊ အချို့များလည်း လူသိများသူ သို့မဟုတ် အပေါင်းသင်း အများကြီးလိုက်
ချိတ်ထားသူတွေလည်း ပါတာမို့ ၊ သက်ပြင်းများပဲ အခါခါ ချမိတယ် ။ ကိုယ်ကြားချင်တဲ့ သတင်းတွေ ပါ
လာတဲ့အခါ ဇွတ်ကိုကို ဇွတ်မမများဖြစ်ပြီး အတင်းရောကာရော ထောက်ခံနေကြတာမြင်ရင် ရင်ကလည်း
လေးသပေါ့ ။ မလေးဘဲလည်း နေမလားဗျာ ၊ ဒီလိုသာဆို မျက်မှန် နီဝါပြာစိမ်းတွေကျွတ်ပြီး သာမန် ရင့်
ကျက်တဲ့ လူသားကိုယ်စီတွေ ဖြစ်လာဖို့ အချိန်တွေ အများကြီး ယူရဦးမယ်ဆိုရင် ကျနော့်အဒေါ်တစ်
ယောက်ပြောတဲ့ “မူလီကလီစီ” ခေတ်ကြီးဆီကို ခရီးက မနီးနိုင်သေးဘူး မဟုတ်လား ။

□  “က”ကြီး

  ဟုတ်ပါတယ် “က”ကြီးအစစ်ပါ ။ “က”ကြီးလို့ မြင်ကြတယ် မဟုတ်လားဗျ ၊ အဲ … ဒါဆို မဆိုးဘူး ၊ ဆက်
ပြောလို့ ရလောက်ပြီ ။

  တလောက ကိစ္စတချို့ကို ရေနှူးကြည့်ရအောင် ။
  သဘာဝနဲ့ ဆန့်ကျင်နေတဲ့ဟာလေး တစ်ခုနှစ်ခုလောက်ပဲ ပြောပါမယ်ဗျာ ။ ပထမတစ်ချက် ၊ မြန်မာပြည်
မှာ စူပါမင်း မမွေးသေးဘူးနော် … သေချာအောင် ပြောထားတာပါ ။ ဆိုတော့ကာ ကျနော်တို့ ကချင်မှာ
ကရင်မှာ တိုက်ပွဲတွေဖြစ်တယ် ။ ပြည်မစစ်တပ်က အထိနာတာများတယ် ၊ ဒါဟာ အမှန်တရား ။ ဒါပေ
မယ့် မမေ့ရမှာက တိုင်းရင်းသားလက်နက်ကိုင်တွေဟာ စူပါမင်းတွေ မဟုတ်ကြ ၊ ဒီတော့ သူတို့လည်း
ထိကြခိုက်ကြ သေကြေကြတာပဲ ။   သို့ပေမယ့် ရခိုင်မှာတော့ တစ်ဖက်သတ်ကို ခံနေကြရတဲ့ပုံစံ သရုပ်
ဖေါ်နေကြတယ် ။ လျှပ်စစ်နဲ့ ထ္မင်းချက်တဲ့ ကျနော့်မျက်စိတွေ မီးခိုးမွန်နေတာတော့ မဟုတ်တန်ရာဘူး
ထင်တာပါပဲ ။ ဘယ်ဖက်ရဲ့ အကြမ်းဖက်မှုကိုမှ အားမပေးပေမယ့် စူပါမင်းတွေ မွေးနေပြီလို့ အဓိပ္ပါယ်
ပေါက်တဲ့ စကားတွေ ရေးလာပြောလာတာတွေမြင်ရင် ကျနော် မျက်စိနည်းနည်း စပ်တယ်ဗျာ ။

  တစ်ဆက်ထဲ ယုတ္တိယုတ္တာနဲ့ယှဉ်ပြီး တစ်ခုမြင်မိသေးတယ် ။ တည့်တည့်တော့ မပြောတော့ဘူးဗျာ ၊ မိတ်
ဆွေတွေကိုလည်း အားနာလို့ပါ ။ ဥပမာ ထားပါတော့ဗျာ ၊ ကျနော်တို့ကရင်နဲ့ မြန်မာမွတ်ဆလင်တွေ ပြ
ဿနာဖြစ်တယ် ၊ သူတို့က ဘူဒိုဇာတွေနဲ့ ကရင်အိမ်တွေကို လိုက်ထိုးဖြိုနေတယ် ဆိုကြပါစို့ ။ ကျနော်
ဘာလုပ်မလဲ ၊ ခြံရှေ့အိမ်ရှေ့မှာ “ကရင်အိမ်” လို့ရေးပြီး ဘူဒိုဇာကြီးကို ဖိတ်ခေါ်မလား ၊ ဒါမှမဟုတ် “မွတ်
ဆလင်အိမ်” လို့ရေးပြီး အိမ်အဖြိုမခံရအောင် လုပ်မလား ။ တွေ့ခဲ့တဲ့ ဓါတ်ပုံအချို့အပေါ် မူတည်ပြီး ပေါ်
လာတဲ့ အတွေးပါဗျာ ၊ ဘာမှမဟုတ်ဘူးထင်ရင်လည်း ဘာမှမဟုတ်ပါဘူး ။ ယောင်တိယောင်နနဲ့ ဓါတ်ပုံ
လိုက်ရိုက်ပြီး ဟိုအပေါ်ဒီအပေါ် လိုက်တင်သူတွေကိုသာ အပြစ်တင်သင့် တင်ရတော့မှာပဲ ။

□  ငတုံး နိုင်ငံခြားသားတွေ

  မြန်မာပြည်ပေါက်မဟုတ်ရင် မြန်မာပြည်အကြောင်း ဘာမှမသိတာကြောင့် ဘာဖြစ်တယ် ညာဖြစ်တယ်
အပြောခံရတဲ့ နိုင်ငံခြားသားတွေကို မြင်ပြန်တယ် ။ တစ်နေ့က Aljazeera အင်တာဗျူးတစ်ခုကို နား
ထောင်ဖြစ်တယ် ။ ဒေါ်စုအကြောင်း စာအုပ်တစ်အုပ်ရေးခဲ့တဲ့သူကနေ မြန်မာပြည်ရဲ့ နောက်ဆုံးပြဿနာ
တွေမှာ အလွှာတွေအဆင့်ဆင့် ရှိနေတယ်ဆိုတာ အတိုချုပ်ပြောသွားတယ် ။ သဘာဝကျတယ်လို့ မြင်မိ
တယ် ။ ဒါပေမယ့် သူတို့လိုလူတွေကို အပြစ်မြင်တဲ့ ကိုယ့်ဖက်ကလူတွေမှာတော့ ဒါတွေကို လက်ခံနိုင်ကြ
ပုံမရ ။ ဒီတော့ ၈၈ ကျောင်းသားမျိုးဆက် ကိုမြအေးတို့လိုလူတွေလည်း ပြေလည်ရာပြေလည်ကြောင်း စ
ကားတွေပြောရတော့တယ် ။ သူ့စကားတွေကို မမောမပမ်း ကိုးကားကြရတာလည်း အမော ။ ပြောစရာ
တစ်ခုတော့ရှိလာတယ် ။ လူနည်းစု အစုအဖွဲ့ဝင် ကိုယ်တိုင်ဖြစ်ဖူးကြရင်တော့ “ငါးခူပြုံးလေးတွေ ပြုံးနေမိ
ကြမယ်” လို့ပါ ။ စာရင်းချုပ်ရင် ဘေးလူတွေက ပိုမြင်သလား ၊ ကိုယ်ပဲ မျက်မှန်မည်းကြီးတွေ တပ်ထားမိ
သလား ၊ ကိုယ့်ကို အကျိုးပြုခဲ့တုန်းကတော့ မိတ်ဆွေ ၊ သဘောမမျှတော့မှ ပြည်ဖျက်မိစ္ဆာကြီးတွေလို မြင်
ဖို့ ပုံဖေါ်ဖို့ ကြိုးစားနေကြသလား ။ စဉ်းစားကြည့်တာပါ ။

□  ဒေါ်ပု

  စစ်တိုက်ရင် ငွေတွေနဲ့ ပစ်ပေါက်ကြရသလိုပဲ ။ လက်နက်ခဲယမ်း ၊ လူသူယန္တယား ၊ ကျွေးမွေးလစာ ၊
သယ်ယူပို့ဆောင်ရေးတွေကအစ ငွေလိုလာတယ် ။ နောက်ဆုံး ရန်ကုန်အစိုးရလို့ နာမည်ရတဲ့ အနေထား
မှာ အဲဒါကို ပြောင်းပြန်ဖြစ်အောင် စွမ်းဆောင်ပေးခဲ့သူတွေထဲမှာ ငွေတွေ ရအောင်ရှာပေးခဲ့သူ တစ်
ယောက်ကတော့ “ဟာဂျီမ ဒေါ်ပု” ပါ ။ ကျောက်မျက်ရတနာအကြောင်း နားလည်တဲ့သူ့ရဲ့ ပြည်ပမှာ လေ
ယာဉ်နဲ့သွားပြီး နိုင်ငံပိုင်ရတနာတွေကို အောင်အောင်မြင်မြင် ထုခွဲပေးနိုင်ခဲ့တာကို ဗမာမျိုးချစ်သားကောင်း
ဆိုသူများ မမေ့သင့်ပါ ။ မြန်မာမွတ်ဆလင်တွေအားလုံး ပုတ်တစ်ခုထဲမှာ ရောထည့်ပြီး တိုက်ခိုက်နေတာ
တွေကို ကူတားသင့်ပါတယ် ။ ခုလို နွားရှေ့ထွန်ကျူးပြရတာ ကျနော့်လို ကရင်တစ်ယောက်အနေနဲ့ လွန်
လှပါပြီ ၊ ကိုယ့်ဘာသာ ဆက်တွေးကြပါ ။

□  ၂၁ နဲ့ ၅

  ဦးဘိုဘိုကျော်ငြိမ်းရဲ့ ဆောင်းပါးတွေဖတ်ကြည့်တော့ ပြည်တွင်းစစ်မှာ ရန်ကုန်ကို ကာကွယ်နေကြတဲ့
ပြည်မတပ်တွေလက်ထဲ တစ်ယောက်မှ ကျည်ဆံ ၂၁ တောင့်ပဲ ရှိကြတော့တယ်လို့ သိရပါတယ် ။ ခုခေတ်
အမြင်နဲ့ကြည့်ရင် အင်မတန်မှ သွေးပျက်စရာပါ ။ ကျနော်လည်း လက်ခံပါတယ် ။

  တစ်ခုပဲ ရှိတယ်ဗျာ ၊ ကရင်စစ်သားအိုကြီးတွေရဲ့ ပြောစကားတစ်ခွန်းကို သတိရတယ် ၊ “ငါတို့ စစ်တိုက်
တာ ကျည်ဆံ ၅ တောင့်နဲ့ တိုက်လာတာကွ” တဲ့ ။ အဲ … ပြီးရော ၊ ဘယ်လိုပြောရမှန်း မသိတော့ဘူး ၊
ကျည်ဆံ ၂၁ တောင့်နဲ့ ၅ တောင့် ဘယ်လိုကွာလဲဆိုတာတော့ ဆက်သာတွေးကြပါဗျာ ။ ကျနော်ကတော့
သာတယ်နာတယ် မပြောလိုပါဘူး ။

□  လယ်ဟင်

  ဆက်စပ် သတိရတာတစ်ခု ပြောပြချင်လွန်းလို့ပါဗျာ ။
  ကျနော်ငယ်ငယ်က “ဝိုင်”လို့ခေါ်တဲ့ စစ်သင်္ဘောပေါ် ရောက်ဖူးတယ် ။ ဘားအံ မော်လမြိုင်ဖက်မှာတော့
သင်္ဘောအမှတ် ၃၀၁ ၊ ၃၀၂ ၊ ၃၀၃ စသည်ဖြင့် ရှိကြပါတယ် ။ အဲဒီထဲက တစ်စီးပေါ် ရောက်ခဲ့ဖူးတာပေါ့
ဗျာ ။ အဲဒီသင်္ဘောတွေမှာ တပ်ထားတာက Bofor အမျိုးအစား လေယာဉ်ပစ် စက်အမြောက်တွေပါ ။ တစ်
လုံး သို့မဟုတ် သုံးလုံးတွဲတွေ ဆက်တိုက်ပစ်နိုင်ပြီး သုံးမိုင်အထိ ထိရောက်မှုရှိတယ်လို့ ဆိုပါတယ် ။ လေ
ကွဲကျည် ၊ မြေကျပေါက်ကျည် ၊ ဖေါက်ထွင်းကျည် စသည်ဖြင့် အမျိုးစုံ သုံးလို့ရပါတယ် ။

  ဒီလိုနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ အနာဂါတ်သားကောင်းကျနော် ရန်ကုန်ရောက်ဖြစ်တယ် ။ တပ်
မတော်ခန်းမရှေ့မှာ အဲသည်လို အမြောက်ကြီးကို သွားတွေ့တယ် ။ အင်းစိန်တိုက်ပွဲမှာ သုံးခဲ့တယ်လို့ ရေး
ထားတယ် ။ တစ်ဆက်ထဲ အင်းစိန်တိုက်ပွဲကို ပြန်သရုပ်ဆောင်ပြထားတဲ့ ရုပ်ရှင်တွေကိုလည်း ကြည့်ရ
တယ် ။

  အဲဒီမှာ အတူလက်တွဲခဲ့ကြတဲ့ ဗမာနဲ့ ကရင်စစ်ဗိုလ်နှစ်ယောက် စကားပြောခန်းပါတယ် ။ ကရင်စစ်ဗိုလ်
က ဗမာစစ်ဗိုလ်တားတာကို လက်မခံပဲ “စစ်မြေပြင်မှာ သူရဲကောင်းတွေလို ရင်ဆိုင်ကြတာပေါ့”လို့ ပြော
တယ် ။

  ဒီလိုနဲ့ အင်းစိန်စစ်မြေပြင်ကို ရိုက်ပြပြန်တယ် ။ ကရင်စစ်သားတွေ လယ်ကွင်းထဲမှာ တက်လာကြတာကို
ပြည်မတပ်က အပေါ်ကပြောတဲ့ လေယာဉ်ပစ်အမြောက်ကြီးနဲ့ ထုသဗျ ။ အမလေးဗျာ .. လယ်ကွင်းထဲမှာ
လေယာဉ်ပစ်အမြောက်နဲ့ အထုခံရတာ ဘယ့်နှယ် သူရဲကောင်းလို ရင်ဆိုင်ဖြစ်မှာတုန်း ၊ အတုံးအရုံး သေ
ကြတာပေါ့ ။ ပြီးတော့ ရိုင်ဖယ်ကျည်ဆံက ၅ တောင့်ထဲနဲ့ တိုက်ပွဲမှာ ထိရောက်မှုက “ရိုင်ဖယ်:လေယာဉ်
ပစ်အမြောက် - ၁:၃ မိုင်” ဆိုတာလည်း ထည့်တွက်ဦးလေ ။

  ကျနော်ဆိုချင်တာက ဖြစ်စရာရှိတာတွေ ဖြစ်ခဲ့ကြတယ် ။ အဲဒီအထဲမှာ နိုင်ငံရေးက အရေးပါခဲ့သလို ၊
ဥာဏ်အပြင် ငွေအားနဲ့ ကျားကန်ထားတဲ့ လက်နက်လူသူတွေဟာလည်း အများကြီး သက်ရောက်မှု ရှိခဲ့
တယ် ဆိုတာပါ ။ ဒါကိုထောက်ရင် အချို့ကရင်တွေ ပြောကြသလို နိုင်ငံရေးအရ လှည့်စားခံရတယ် ဆို
တာတစ်ခုထဲကို အပြည့်ဝ ပုံချလို့ မရသလို ၊ လက်နက် လူသူအင်အားမမျှပဲ ရန်ကုန်ကို စွမ်းစွမ်းတမံ ခုခံ
ကာကွယ်ခဲ့ကြရတယ်ဆိုတဲ့ အမွမ်းတင်ထားတာတွေဟာလည်း အတိအကျ မဟုတ်ဘူးလို့ ပြောနိုင်ပါ
တယ် ။ ကျနော့်တစ်ကိုယ်စာ အမြင်ပါ ။

□  နွား ၊ ကျွန် ၊ ကြက်

  ဆက်စပ်ပြီး သမိုင်းနောက်ခံတစ်စ တင်ပြချင်တယ် ။ သင်္ခန်းစာယူချင်ရင် ယူလို့ရတယ် ၊ အကြောင်း
ကြောင့် အကျိုးတွေ ဘယ်လိုဖြစ်လာတယ်ဆိုတာ ခြေရာခံဖို့ အသုံးဝင်နိုင်တယ် ၊ စာနာပေးဖို့ စိတ်တစ်
မျှင်လောက် ရှိကောင်းရှိရင်လည်း စာနာနိုင်တယ် ။ မုန်းဖို့ အဆင်သင့်ဖြစ်နေသူတွေအတွက်တော့ ကျနော်
လည်း ဘာမှ မတတ်နိုင်ပါ ။

  ‘ဗမာပြည်တွင် စုစုပေါင်း လူဦးရေ၏ ၁၀%မျှရှိသော ကရင်လူမျိုးသည် အကြီးဆုံးလူမျိုး
စုငယ်ဖြစ်သည် ။ …. ဗမာပြည်တွင်း ဗြိတိသျှတို့ ရောက်ရှိလာခြင်းသည် ကရင်များအတွက်
သေချာသော အကျိုးကျေးဇူးကို တွေ့ရှိစေခဲ့သည် ။ ၁၈၂၆ အင်္ဂလိပ်-ဗမာစစ်ပွဲတွင် ဗြိတိ
သျှတို့သည် အင်းဝကိုရင်ဆိုင်ရန် စေလွှတ်ခဲ့သည့် စစ်ဆင်ရေးများတွင် ကရင်များကို လမ်း
ပြများအဖြစ် အသုံးပြုခဲ့သည် ။ စစ်ပွဲအပြီးတွင် ဗမာဘုရင်မှ သူတို့ အား နိုင်ငံခြားသားများ
နှင့် ထိတွေ့ဆက်သွယ်မှုများကို လုံးဝဥသုံ တားမြစ်ပိတ်ပင်ခဲ့သည် ။ ၁၈၅၁ တွင် ရန်ကုန်
ရှိ ဗမာဘုရင်ခံမှ စာဖတ်တတ်သော ကရင်တစ်ဦးတစ်ယောက်ကိုတွေ့လျှင် ထိုနေရာတွင်
ပင် ပစ်ခတ်မည်ဟု ကြိမ်းဝါးခဲ့သည် ။ ဒုတိယ အင်္ဂလိပ်-ဗမာစစ်ပွဲတွင်လည်း ကရင်များသည်
ဗြိတိသျှတို့ထံတွင် လမ်းပြများအဖြစ် ထမ်းရွက်ခဲ့သည် ။ ဤသည်ကို လက်တုန့်ပြန်သော
အားဖြင့် ရန်ကုန်တစ်ဝိုက် အချင်းမိုင် ၅၀ ပတ်လည်ရှိ ကရင်ကျေးရွာများအားလုံးကို ဗမာများ
က မီးရှို့ဖျက်ဆီးခဲ့သည် ။ နောက်ပိုင်း ခုနှစ်များတွင် ပူးပေါင်းပါဝင်လုပ်ဆောင်တတ်သော
သဘောထားနှင့် အနောက်တိုင်းပညာရေးအပေါ် စိတ်အားထက်သန်ခြင်းအားဖြင့် ကရင်
များသည် ဗြိတိသျှ အုပ်ချုပ်ရေးယန္တယားထဲတွင် အရေးပါသော နေရာများကို ရရှိခဲ့ကြသည် ။
မည်သို့ပင်ဆိုစေ ၊ ကရင်များ၏ ဗြိတိသျှတို့နှင့် ပူးပေါင်းပါဝင်လုပ်ဆောင် မှုများအပေါ် ဗမာ
များမှ မနှစ်မျို့သောအကြည့်များဖြင့် ရှုမြင်ခဲ့ကြသည် ။’
(၁၉၆၄ ထုတ် Journal of Southeast Asian History, Vol.5, No. 1, စာမျက်နှာ ၁-၁၆ မှ George A. Theodorson ရေးသော Minority Peoples in the Union of Burma ကို ထုတ်နှုတ်ပြန်ဆိုပါသည် ။)


မန်းကိုကို
၂၇ ၊ ၀၇ ၊ ၂၀၁၂



(အားလုံးရေးပြီးမှ တစ်ခုသတိရလို့ ထပ်ဖြည့်ထားတာပါ ။ ရခိုင်ကိစ္စမှာ ကိုယ်ကြားချင်တာ လိုက်ရှာဖတ် ၊
သတင်းတွေကို ကိုယ်လိုသလိုပြင် ၊ ကောလဟာလတွေဖြန့် ၊ မျက်နှာမပြပဲ လက်သီးလက်မောင်းတန်း ၊
လိုတာထက် ထွန့်ထွန့်လူးပြနေခဲ့သူတွေရဲ့ စွမ်းဆောင်ချက်တွေဟာ တစ်ပတ်ပြန်လည်လာတဲ့ အသီးအပွင့်
တွေလို အကျိုးခံစားရဖို့ အလားအလာတွေ ရေးရေးလေး မြင်လာရပါပြီ ။ အဲဒီ အလားအလာတွေကိုမှ
တန်ပြန် သဲသဲလှုပ်ပြ နေကြသေးရင်တော့ မည်သူမပြု မိမိမှုမို့ တာဝန်ရှိတဲ့သူတွေအတွက် မပူပင်လှပေ
မယ့် ၊ ဘုမသိ ဘမသိနဲ့ မဆီမဆိုင်သူတွေပါ ထိခိုက်လာတော့မှာကို စိတ်လေးတာတော့အမှန်) ။

5 comments:

  1. Facebook မှာ ဒီလို ရေးဖြစ်ခဲ့တယ် ။
    ~~~~~~~~~~~~~~~~~~~~~~~~~~

    မီးဆိုတာ လောင်တတ်တဲ့အပြင် ရှို့သူကိုလည်း အလွှတ်မပေးဘူး ။ ဒါကို စကားနည်းရန်စဲ မပြောပဲ နေခဲ့တယ် ။ ခု တစ်ရွာလုံး မီးဝိုင်းနိုင်တဲ့ အနေထားမှာတော့ ဥပေက္ခာကို လက်ကိုင်ထားဖို့ မသင့်တော့လို့ ဒီစာတိုကို ရေးဖြစ်တယ် ။

    ပထမ ဖြစ်တတ်တာလေးအချို့ စီကြည့်မယ် ။
    ◊ လူတိုင်း စွမ်းဆောင်နိုင်ရည် မတူပဲ ၊ လူသိများသူ ၊ လူလေးစားသူ ၊ အပေါင်းသင်းများသူ ၊ အသင်းပင်း ဖွဲ့စည်းနဲ့ ဆက်စပ်မှုတွေကိုလိုက်ပြီး ခြေလက် ပိုဆန့်နိုင်သူတွေ ရှိတယ် ။
    ◊ စာရေးကောင်းသူ ၊ သက်ကြီးသူ ၊ အစဉ်လာရှိသူ ၊ ခေါင်းဆောင်အရည်သွေး ပြနိုင်သူတွေ စသဖြင့် လူအတော်များများ လေးစား အထင်ကြီး ၊ နားထောင်ဖတ်ရှု လိုက်လျှောက်ကြတဲ့ သူတွေရှိတယ် ။
    ◊ လူ့သဘာဝအရ ကိုယ်စိတ်ထဲ ကောင်းတာများများသွင်းရင် ကောင်းတာတွေ ပြန်ထွက်လာတတ်တယ် ။ မကောင်းတာလည်း သဘောတရား အတူတူပဲ ။
    ◊ လောင်ဇူ ပြောခဲ့သလို လူတွေရဲ့ အတွေး ၊ စကား ၊ အလုပ် ၊ အလေ့ကျင့် ၊ သရုပ်သကန် ၊ အဲဒီကမှ တဆင့် လူ့ကြမ္မာဆိုပြီး ဆင့်ကဲသက်ရောက်မှုတွေ ရှိတယ် ။ ဒီနေရာမှာ မီဒီယာက လူတွေရဲ့အတွေးကို ပုံဖေါ်တတ်တယ် ။

    ◊ စိုက်တဲ့အတိုင်း ရိတ်ရမယ်ဆိုတာ လူတိုင်းနီးပါး သိပြီးသားသဘာဝ ။
    ◊ လူတစ်ယောက်ဟာ ယုံကြည်ချက်တစ်ခု စိတ်ထဲစွဲမြဲသွားရင် ပြင်ရခက်တတ်သလို အဲဒီယုံကြည် ချက်ကို အကောင်ထည်ဖေါ်တဲ့အခါ နေရာ ၊ ဒေသ ၊ လူမျိုး ၊ ဘာသာ ၊ ယဉ်ကျေးမှု အပေါ် မူတည်ပြီး မတူဘူး ။ ပြီး လူ့စိတ် အတိမ်အနက် အပြင်းအပျော့ တွေအရလည်း ကွာတတ်တယ် ။
    ◊ မြန်မာပြည်အပါဝင် ဘယ်နိုင်ငံမှာမှ မအို ၊ မနာ ၊ မသေ ၊ ကိုယ်စိတ် မထိခိုက်တတ်တဲ့ စူပါမင်းတွေ မမွေးသေးပါ ။ ကိုယ့်အလှည့်ပြီးရင် သူ့အလှည့်လည်း ပေါ်လာတတ်တယ် ။
    ◊ အသံကြောင့် ဖားသေသလို ၊ ကိုယ့်ကြောင့်လည်း မဆီမဆိုင်သူ ၊ အားနည်းသူ ၊ မမျှော်လင့်သူတွေဆီ မှာ သက်ရောက်မှုတွေ ရှိတတ်တယ် ။

    ဒါတွေကိုထောက်ပြီး လူတချို့ကို မေတ္တာရပ်ခံချင်တယ် ။ တစ်စုံတစ်ခု မလုပ်ခင် ၊ မပြောခင် ၊ အကောင် ထည် မဖေါ်ခင် ၊ လက်ဆင့် မကမ်းခင် ၊ မတင်ပြခင်မှာ … အချိန်နည်းနည်းယူပြီး သင့်တင့်မယ့် ဆင်ခြင်မှု ကလေးတွေနဲ့ ချိန်ဆပေးကြဖို့ပါ ။

    ဒီမေတ္တာရပ်ခံချက်ကို လက်လှမ်းမီသလောက် လူသိများသူ အချို့ထဲက ကို Hmuu Zaw ၊ ကို Maung Maung Wann ၊ ကို Cho Tu Zal တို့ကို ထပ်ဆင့်ကမ်းပေးဖို့ ဦးတည်ရွေးချယ် အကူညီတောင်းချင်တယ် ။
    အပေါင်းသင်းမိတ်ဆွေ များသူတွေထဲကတော့ ကို MrMaung KoThet (မစ္စတာမောင်ကိုသက်) ၊ ကို Hlaing Bwa (လှိုင်ဘွား) တို့ကို ထည့်ထားပါတယ် ။ အကန့်သတ်နဲ့ သိထားသမျှ လက်လှမ်းမီသမျှ နာမည်တွေထဲကပဲ ရွေးထားတာပါ ။ နာမည်ပါလို့ မပါလို့ ဆိုပြီး အတွေး မချော်စေချင် ။

    ဒီစာတိုရဲ့ ဦးတည် ရည်ရွယ်တာက ရခိုင်ကိစ္စပါ ။
    ဒါပေမယ့် ဒါဟာ သမိုင်းတစ်ဆစ်စာပါ ။ ရှေ့မှာ အများကြီး ကြုံရပါဦးမယ် ။
    သံသရာ မရှည်သင့်တာ မရှည်ဖို့ရာ ၊ ကြမ်းပိုးကလိပ်နဲ့ အမှိုက်ကစ ပြဿဒ်မီးမလောင်ဖို့ ၊ မနစ်နာသင့်သူ မနစ်နာဖို့ ၊ ကိုယ့်အသိုင်းဝန်းရဲ့ အေးချမ်းသင့်တင့်ပြီး ရသမျှ ကောင်းကျိုးတရားတွေ မျှဝေခံစားနိုင်ဖို့ ၊ ပြီး ကြီးငယ်လတ်နဲ့ လူတန်းစားအပါဝင် ကွဲပြားခြားနားမှုမရွေး အကောင်းဆုံး အဖြစ်သင့်ဆုံး အနေထား တစ်ရပ်ဆီကို ဦးတည်စေချင်လို့ပါ ။

    ReplyDelete
    Replies
    1. ပြတော့ ပြဿနာပဲ ….
      အချို့လူတွေမှာ .. ပြောလေ ကဲလေ .. မန်းလေ ပြဲလေ .. လို့ ပြောရမလား ….

      ဘယ်လို ခြိမ်းခြောက်ခြောက် တို့ မကြောက်ဘူး … တို့ ..
      ဗမာ့သတ္တိ ပြလိုက်မယ် … တို့ ..
      အစွန်းရောက်တွေကများ .. စော်စော်ကားကား … တို့ ..
      ကိုယ် .. လုံခြုံတယ်လို့ .. ထင်တဲ့ နေရာကနေ .. ခင်ဗျားတို့ .. အော်နေလို့ .. ရတယ် …

      ဒါပေမယ့် …
      ကင်ညာမှာ .. အလည်ခရီးသွားရင်း .. ပြန်ပေးဆွဲခံရ .. အသတ်ခံရတာ .. ဂျော့ဒဘလျူဘုရှ်တို့လို .. မူဝါဒ ချမှတ်သူတွေ .. မဟုတ်ပါ …
      ဘာလီမှာ .. ဗုံးခွဲခံရလို့ .. သေသွားသူတွေဟာ .. အီရတ် .. အာဖဂန်နဲ့ .. ပါကစ္စတန်နဲ့ .. ဘာမှ မဆိုင်ပါ …
      နိုင်တကာမှာ .. အသက်ပေးသွားရတဲ့ .. သာမန် အရပ်သားတွေဟာ .. သူတို့အစိုးရနဲ့ .. သဘောထား တင်းမာသူတွေအတွက် .. ပေးဆပ်သွားကြရသူတွေပါ …

      အကြမ်းဖက်မှုကို .. ကြောက်တယ် မကြောက်ဖူး ..တို့ ..
      ရင်ဆိုင်ရဲတယ် .. မရဲဘူး .. တို့ …
      ဘယ်သူက မှန်တယ် … ဘယ်သူက မှားတယ် … တို့ဆိုတာ ..
      ဖြစ်လာပြီးရင် .. ဘယ်သူမှ .. ဘာမှ .. မပြောနိုင်တော့ပါ …
      မတားနိုင်တော့ပါ …

      ကိုယ့်အနား .. နှစ်ရှည်လများ .. အတူနေခဲ့ကြ သူတွေကို .. မုန်းတီး တွန်းထုတ်ကြလို့လည်း .. ရန်သူ တိုးရုံ .. အကြမ်းဖက်လမ်း ရွေးသူတွေ .. တိုးလာရုံ .. အကျိုးထက် .. အပြစ် ဖြစ်ရုံ .. ငြိမ်းချမ်း ဝပြောတဲ့ .. ဘဝတွေကနေ .. ဝေးရုံကလွဲပြီး .. ဘာမှ ဖြစ်မလာပါ …..

      ဒါ့ပြင် .. ဖြစ်လာပြီ ဆိုရင်လည်း .. အကြမ်းဖက် … အစွန်းရောက် သမားတွေထဲ .. ဘယ်သူ့ကိုမှ .. ခင်ဗျားတို့ ကျနော်တို့ .. မဖျောင်းဖျနိုင်ပါ …
      ဆေးခါးခါး .. မစားကြရခင် .. ဗမာလို နားလည်တဲ့ .. ခင်ဗျားကို .. မလိုလားအပ်တာတွေ .. မဖြစ်အောင် .. အသိပေးတာပါ …

      ခင်ဗျားအနေနဲ့ .. သိပ်မသေချာဘူးလို့ ထင်တဲ့ .. ဆေးခါးခါးကို .. မျှော်လင့်နေပေမယ့် ..
      ခင်ဗျားမှာ .. မိဘ .. မောင်နှမ .. ဆွေမျိုး .. မိတ်ဆွေ .. အသိုင်းဝိုင်း .. တွေ ရှိသေးတယ် …

      ကိုယ့်တိုင်းပြည်နဲ့ .. အသိုင်းဝိုင်းရဲ့ .. အနာဂါတ်ကို .. ရိုက်မချိုးကြပါနဲ့ ….
      ခင်ဗျားတို့ကို .. မှားတယ်လို့ .. ပြောနေတာ မဟုတ်ပါ …
      မေတ္တာရပ်ခံနေတာပါ ……..

      (စိုးရိမ်တတ်တဲ့ မိဘ ၊ အိမ်သူ ၊ မိတ်ဆွေတွေနဲ့ အတိုက်ခံလုပ်ပြီး ပြောနေရတာပါ ၊ အားလုံးအတွက်မို့ပါ ၊ ခင်ဗျားတို့ ကျနော့်ကို အားပေးထောက်ခံဖို့ မဟုတ်ပါ ၊ မဖြစ်သင့်တာတွေ ဖြစ်မလာဖို့ ထောက်ပြနေတာပါ ၊ အကျိုးအပြစ် ချင့်ချိန်ပေးကြပါ) ။

      Delete
  2. ၊ ကောလဟာလတွေဖြန့် ၊ မျက်နှာမပြပဲ လက်သီးလက်မောင်းတန်း ၊
    လိုတာထက် ထွန့်ထွန့်လူးပြနေခဲ့သူတွေရဲ့ စွမ်းဆောင်ချက်တွေဟာ တစ်ပတ်ပြန်လည်လာတဲ့ အသီးအပွင့်
    တွေလို အကျိုးခံစားရဖို့ အလားအလာတွေ ရေးရေးလေး မြင်လာရပါပြီ ။ အဲဒီ အလားအလာတွေကိုမှ
    တန်ပြန် သဲသဲလှုပ်ပြ နေကြသေးရင်တော့ မည်သူမပြု မိမိမှုမို့ တာဝန်ရှိတဲ့သူတွေအတွက် မပူပင်လှပေ
    မယ့် ၊ ဘုမသိ ဘမသိနဲ့ မဆီမဆိုင်သူတွေပါ ထိခိုက်လာတော့မှာကို စိတ်လေးတာတော့အမှန်
    Deer Ko Mahn,I also worry about that.You made a good point.Thank you.

    ReplyDelete
  3. က၇င်မဲဆိုတာဒီလူကို၊ခေါင်းမီးခြုံထားတဲ.က၇င်မလင်ကပြောသွားတာ၊သူက၊က၇င်မဲလူမျိုးဆိုဘဲ။

    ReplyDelete
  4. ရခိုင်ကိစ္စကို ပြောဖြစ်တာ များခဲ့ပြီ ။
    ပြောဖြစ်ခဲ့သမျှ အားလုံးကို သွယ်ဝိုက် အနှစ်တစ်မျိုး ချုပ်ကြည့်ရင် ...

    ကျနော့် စကားတွေဟာ အခြားသူတွေနဲ့ ...

    "လွတ်လပ်စွာ သဘောကွဲနေတာ မဟုတ်ပါ ။
    ရှေ့မှာ 'ချောက်ကြီး' လို့ ပြောနေတာပါ" ။

    ReplyDelete